Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, January 14, 2011

လွမ်းတယ်

၁၉၈၆-၈၇ ကာလများ
ခုထိစိတ်ကူးတွေ ပျံသန်းနေမိ

အမိကျောင်းတော်ကြီးရင်ခွင်မှာ
ပျော်ခဲ့ရတဲ့ရက်တွေဆီကိုလေ။

ခုချိန်များမတော့
ဘယ်မြို့ ဘယ်ရွာ ဘယ်ကမ္ဘာရောက်ရောက်
နာရီစင်ကြီးတွေ မြင်တိုင်း

နာရီစင်ကြီးနဲ့ အလုံလေးဆိုတဲ့
တို့ရဲ့ကျောင်းတော်ကြီးကို
သတိရတတ်တဲ့ အလွမ်းစိတ်တွေ ပေါ်လာတယ်။
၁၉၉၅ ပတ်ဝန်းကျင်ကာလများ

အမိ စီးပွားရေးတက္ကသိုလ်မှာ
ပညာရည်နို့ ဆက်လက်သောက်စို့
အလွန်နာမည်ကြီးတဲ့ မာလာဆောင်ဆိုမှ
ချက်ချင်း ပြန်တမ်းတမိရ
သီရိ ဇေယျာ မာလာ
တို့အမိကျောင်းရဲ့ အဆောင်တွေဆီကိုလေ။
ဆရာဦးမိုးဇက်ချစ် အိမ်ရှေ့ဆင်ဝင်အောက်
မုန့်စားဆောင်နောက်က လမ်းကြားလေး
ဘောလုံးကွင်းကို ဖြတ်သွားရတဲ့ ရတနာဆောင်
ဘုရားကျောင်းလေး နောက်က အိမ်တန်းလေးတွေ
ခုရော ဟိုတုန်းကလိုပဲလား
ခုထိ အိပ်မက် မက်နေတတ်တယ်။
ခုလို နှင်းတွေကျတတ်တဲ့ ဒီဇင်ဘာဆိုရင်ပေါ့
ဘုရားကျောင်းလေးထဲက ခေါင်းလောင်းသံချိုချို
ပြီးတော့ ခင်ရတဲ့ သူငယ်ချင်းတွေရော
ခုထိ ရှိနေသေးသလား
ခရစ်မတ်နီးတိုင်း တွေးနေတတ်တယ်။
တက္ကသိုလ်ဝင်တန်းဆို
အမြဲပဲ အောင်ချက်ကောင်းတတ်တဲ့တို့ကျောင်း
တို့တွေနှစ်မှာလည်း အောင်ချက်ကောင်းခဲ့
ကျောင်းဂုဏ်ဆောင်ခဲ့တဲ့ တို့သူငယ်ချင်းတွေ
သူတို့ရော ခု ဘယ်ဆီမှာလဲ
လေးဖြူရဲ့ စာမျက်နှာ ၁၅ သီချင်း
တို့အတွက်တော့ သံယောဇဉ်တမ်းချင်းပေါ့။
သင်္ချာသိပ်ညံတဲ့ အကောင် နင်အချိန်ပိုတတ်ရမတဲ့
ဆရာမ ဒေါ်ကြည်ကြည်ညွှန့် ဒေါ်ခင်မေဦး
အီကိုရောက်မှ ကျေးဇူးတွေ သိလာရ
ဒီကဗျာနဲ့ပဲ ကျေနပ်ပါ ဆရာမတို့ရယ်

ပထ၀ီမှာ လူတိုင်းရတဲ့ လက်တွေ့ပိုင်း တွက်ချက်မှု
နင်ဘယ်တော့မှ မရတဲ့ကောင် နင်အဒေါ်နဲ့ တိုင်မယ်တဲ့
ပထ၀ီဆရာမ ချစ်ရတဲ့ ဒေါ်ခင်ပြုံးရီ
အီကိုကို ဂုဏ်ထူးထွက်အောင် သင်ပေးခဲ့တဲ့ ဆရာဒေါ်စီစီလှ ဒေါ်ရှုကြည်
သမိုင်းဂုဏ်ထူးထွကအောင်သင်ပေးတဲ့ ဆရာမ ဒေါ်ခင်အုန်း
အားလုံးအားလုံးကို အလွမ်းတွေနဲ့ ကန်တော့မယ်။
လာမယ့် ဒီဇင်ဘာ ၂၆ အရောက်လာခဲ့ပါတဲ့
သူငယ်ချင်းတွေ လှမ်းပြောပေမယ့်
ကဗျာလေးနဲ့ပဲ အလွမ်းဖြေရ
မြန်မာပြည်ထဲမှာ နေရပေမယ့်
ရန်ကုန်မြေနဲ့ ဝေးနေဆဲလေ။

အောင်စည်ဟိန်း

Thursday, September 30, 2010

ခါချဉ်တစ်ကောင်၏ တီးတိုးစကားသံလေးများ

ခါချဉ်တစ်ကောင်…
တောင်စဉ်ရေမရ ပြောနေကျစကားသံတွေ
ဘယ်သူတွေများ ကြားလေမလဲ….

ရေကိုသားလို့ အကြားမထင်တဲ့
အများကို မြင်ပြတတ်ကြသမျှ
ကိုယ့်ကိုယ်ကိုကျတော့ လုံးဝမှလုံးဝ
မပြုံးပြတတ်တာလား…အသုံးမချတတ်တာလား..

အစကတော့ ရေကြည်
မြေဆီနဲ့ စည်းတားကြလေတော့
ဟိုဖက်လည်းမဲ ဒီဖက်လည်း မဲ
ကျွန်တော်တို့မှာတော့ အသည်းကွဲနေသည်…

မြတ်နိုးစွာသော ခေါင်းစဉ်တွေကို
အတ္တတစ်ဖက် အာဃာတတစ်ဖက်
သပ်လျှိုလာဘ်ထိုးထားခံရတဲ့ ညဉ်ဆိုးတွေနဲ့
ရိုက်ချိုးဖျက်ဆီးနေကြတဲ့ လူနှစ်စု…
ကျွန်တော်တို့မှာတော့ အပူတွေ မိလို့ပေါ့ …

နာကျင်စွာနဲ့ မြင်နေမိတယ်..
မဲမဲမြင်တိုင်း ပစ်သတ်တတ်တဲ့ လက်တွေနဲ့
လွဲလွဲထင်တိုင်း ညစ်ရက်တတ်ကြတဲ့ ပါးစပ်တွေ
သဲသဲကွဲကွဲ မြင်တတ်ကြပါစေ…

အတ္တကို အတ္တနဲ့ပြိုင်
ဘယ်သူတွေက နိုင်မလဲ
ပိုင်ဆိုင်မှုနဲ့ ဖြစ်နိုင်ချေ
ဘယ်လို ဝေခွဲကြမှာလဲ…

စကားစကား ပြောပါများ
စကားထဲက ဇာတိပြသတဲ့
စကားက တရားဖြစ်သလို
စကားက ဓားလည်းဖြစ်နေပြန်သေးတယ်…

နွံနစ်တဲ့အဖြစ်
နစ်လို့ရုန်း ရုန်းလို့နစ်
ကြိုးပစ်ပေးတဲ့ အသိညဏ်
လူသားတွေထံမှာပဲ ရှိတယ်…

သြော်…ခါချဉ်တစ်ကောင်
တောင်စဉ်ရေမရ ပြောနေကျတီးတိုးစကားသံတွေ
ဘယ်သူတွေများ ကြားလေမလဲ…

စေတနာ
30.09.2010(22:07)

“တိမ်တစ်ကွက် လတစ်သက်”

ကောင်းကင်ပြင် ကြည်ရွှန်း
ထွန်းလမင်း သာသောခါ
ကမ္ဘာခွင် ကြည်နူး
အလှတွေထူးလို့ပေါ့…။

မြူးလို့ပျော်နေ
ဝေသော လမင်း
သင်းလေ…
အတင်းဇွတ်ရွတ်
တိမ်ကြားသို့ သွပ်သောခါ
ငါ့ကမ္ဘာမှာ…။

ကောင်ကင်ပြာတော့ လှပဆဲ….။

စေတနာ
08.02.2002

(အတ္တတစ်ချို့ကို မတောက်တစ်ခေါက် အဓိပ္ပါယ်ဖော်ကြည့်နေရင်း ကောင်းကင်ကိုမော့ကြည့်မိရာက ရေးဖြစ်သွားခဲ့တဲ့ကဗျာလေးပါ ။ ခွင့်နဲ့ အိမ်ပြန်တုန်း အိမ်မှာစာအုပ်တွေဖွရင်း ပြန်တွေ့မိတဲ့ ကဗျာလေးဆိုပါတော့ ..။)

Sunday, May 16, 2010

အမေ......သို့....လွမ်းချင်း(၃)

အလုပ်ပြီးလို့ ပြန်လာတဲ့အခါ
တံခါးဖွင့်ပြီး ကြိုနေမဲ့သူကို
ရှာကြည့်မိတယ်
ကိုကိုယ်တိုင်တံခါးဖွင့်ဝင်လို့
စောင့်ကြိုသူမဲ့တဲ့ ဒီအခန်းထဲမှာ
စိတ်ပျက်စွာထိုင်ချမိတယ်
အပြင်ကပြန်လာတိုင်း
ဆီးကြိုနေကျ အမေ့အသံနဲ့မျက်နှာလေး
အခုတော့ဝေးလို့နေခဲ့တယ်နော်
နောက်တော့မှပြန်သတိရ
စဉ်းစားမိတယ် အခုရောက်နေတာ
အမေ့အိမ်မှမပာုတ်တာ................။

စိတ်ထဲမှာလည်းအမြဲတမ်း
အလိုမကျဖြစ်နေခဲ့တယ်
ရင်ထဲမှာခေါ်ချင်တဲ့နာမည်
မခေါ်ရတာကြာနေပြီလေ
အနေဝေးလည်းစိတ်ချင်းနီးနေတာပဲ
ရင်ထဲကခေါ်သံတွေကို
အမေကြားမှာပါနော်...................။

အမေ့ မေတ္တာအရိပ်အောက်က
ခဏတာထွက်ခဲ့တဲ့အချိန်မှာ
အပြင်လောက က လောဘတွေနဲ့
ပူလောင်လိုက်တာ အမေရယ်
လောဘ မောပာ ကင်းတဲ့
နွေးထွေးမေတ္တာအပြည့်နဲ့
တည်ဆောက်ထားတဲ့ အမေ့ရင်ခွင်လောက်
မအေးချမ်းတာ အမှန်ပါပဲ......................။

စိတ်ထဲမှာဖြစ်ချင်နေတာ
တစ်ခုရှိတယ် အမေ
ခဏလောက်ပဲဖြစ်ဖြစ်
အမေ့အိမ်ကို ပြန်ခွင့်ရချင်ပါတယ်
ရင်ထဲက အမေ့ကို
အခုအရမ်းလွမ်းနေလို့ပါ အမေ..............။

နွေး
(ပြည်ပမှာ အလုပ်စလုပ်တုံးကရေးထားတာပါ အမေ့ကိုသတိရပြီး အိမ်ပြန်ချင်နေလို့လေ
မိသားစုနဲ့ဝေးပြီး အလုပ်လုပ်နေရတဲ့အတွက် ပြန်လာရင်တွေ့နေကြ အမေ့ရဲ့ မျက်နှာကို
တွေ့ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ အမေလို့ ခေါ်ချင်ပေမယ့် ပြန်ပြီးဖြေမယ့် အမေကအနားမှာ
မရှိတာ မိဘရင်ခွင်လောက်ဘယ်ရင်ခွင်မှ မနွေးထွေးနိုင်သလို မအေးချမ်းနိုင်ပါဘူး)

Saturday, May 15, 2010

သစ္စာဖောက်တဲ့ မိုးနဲ့ပိတောက်

သစ္စာဖောက်တဲ့ မိုးနဲ့ပိတောက်

သစ္စာမပျက်
အချိန်မှန် ခစားတတ်ကြတဲ့
ရွှေဝါရောင် ပိတောက်တို့
ကျိန်စာ သင့်နေကြရော့သလား...
ဒါမှမဟုတ်
သစ္စာတရားမဲ့
အကျင့်ပျက် လောကကြီးထဲ
သစ္စာတွေ ပျက်ကြပြီလား...
တန်ခူးက ကဆုန်ပြောင်း..
နတ်သကြားတို့တောင်
ညောင်ရေသွန်းဖို့ ပျက်ကွက်လေတော့..
ရွှေမိုးမျှော် ပိတောက်တို့လည်း သစ္စာမဲ့ကြ
ကိုရွှေဖားတို့လည်း အာခေါင်ခြောက်ကြရပြီ။
ရွာမလို ရွာမလိုနဲ့
ပြိုတော့မဲ့မိုး
ဘယ်အညှိုးနဲ့များ တင်းခံနေသလဲ
သွေးစွန်းခဲ့ သင်္ကြန်အတွက်
ဝမ်းနည်းစွာ ငိုချပါတော့လား...
ဓါးစာခံ ဒဂုံသားတို့အတွက်
ပေါက်ကွဲ ပြလိုက်ပါတော့လား...
သူမတူ ပူပြင်းတဲ့ တလင်းပြင်အတွက်
မြေသင်းနံ့ ပေးစွမ်းပါတော့လား..
ရွှေစိတ်တော်ဆိုး ညှိုးတော်မူရက်တယ်.
သစ္စာဖောက်တဲ့ မိုးနဲ့ပိတောက်ရယ်..
မာနတွေ မြေချ တောင်းပန်ရင်း.
ဒီတစ်ခါ ...
ရွာချလိုက်ပါတော့...မိုးရယ်..
ရွှေစင်အိ(8.5.2010)1:00pm.

Friday, May 14, 2010

မှန်ကြည့်ပါ

ချစ်သူ…
တို့တွေနေတဲ့အိမ်
စိတ်တွေစိမ်ပြီး အကြိမ်ကြိမ်ဆောက်
အိမ်အရာမှ မမြောက်နိုင်သေးပါလား…

ချစ်သူ…
လမ်းလျှောက်ရင်း လမ်းပျောက်သတဲ့
လှမ်းသလောက် ခရီးမတွင်ဖြစ်ခဲ့ရင်
လမ်းစတွေ ဆင်ခြင်ရတော့မယ်…

ချစ်သူ…
ခရီးသွားခြင်းရဲ့ သဘော
လမ်း..
ကြမ်း၊မကြမ်းနဲ့ ခန့်မှန်းမလား ။
ခရီး..
အနီး၊အဝေး နဲ့တွေးယူမလား ။
လူ..
မော၊မမောနဲ့ စောကြောမလား ။

ချစ်သူ…
တို့သွားချင်တဲ့အရပ်
တို့ရောက်နေတဲ့နေရာ
အသေအချာကို တွက်ချက်ရတော့မယ်…

ချစ်သူ…
အားအားချင်းခြေတော့ ကြေတတ်သတဲ့
အားအားချင်းကောင်းမြတ်စွာ ပေါင်းတတ်ဖို့နဲ့
ပေါင်းနိုင်ဖို့ကို ကိုယ်မျှော်လင့်နေမိတယ်….

ချစ်သူ…
တစ်ယောက်နဲ့တစ်ယောက်အမြင်
မကြည်မလင်ဖြစ်ခိုက် သတိရလိုက်မိတယ်
“မိမိကိုယ်ကို အောင်နိုင်ခြင်း”ဆိုတဲ့စကား….

ချစ်သူ…
တို့တစ်တွေ
အပြန်အလှန်အသိရှိဖို့
မှန်ကြည့်ဖို့ လိုပါသည်…
နောက်…
မှန်ကြည့်ဖို့လည်း လိုပါသည်…

စေတနာ
12/5/2010(13း21)

Saturday, April 3, 2010

အဖြေ


သုည ဖြစ်နေတဲ့ ဘ၀မှာတောင်
ဝ လုံးကလေး တစ်လုံးရရင်
ဝိ ဖြစ်ပြီလို့ စိတ်ကူးနဲ့ ရူးနေတဲ့ကောင်

ရွှေဒင်္ဂါးတွေ ခင်းပြီးမှ လျှောက်လို့ရတဲ့လမ်းကို
ဘာအားကိုးနဲ့ မင်းလျှောက်ရဲနေတာလဲ။

ခြေဗလာနဲ့ ကန္တရခရီးကြမ်းကို ဖြတ်သန်းရဲတာ
သတ္တိလို့ ခေါ်ရမှာလား . . .

လှေပေါက်နဲ့ ပင်လယ်ဖြတ် ကူးမယ်သူကို
သူရဲကောင်းလို့ ခေါ်ကြမှာတဲ့လား
အေးလေ ......
ရွေးစရာလမ်းမရှိတော့ဘူးဆိုရင်တော့

ဖောင်ပေါ်ရောက်နေတဲ့သူဆိုတာ
ရေငတ်တာ စမ်းတဲ့အရာမှ မဟုတ်ဘဲ။

အောင်စည်ဟိန်း

Tuesday, March 23, 2010

ရွှေလိပ်


လူလယ်ခေါင်ဆိုရင်များ...
ရွေ့ တာ လျှားတာက
နှေးသလားမမေးနဲ့ ...
ထစ်ကနဲ ဆိုရင် ခေါင်းကို ဝှက်...
ကြောက်တတ် ရှက်တတ်လိုက်တာကလည်း လွန်ပါရော.....

ဥတွေကတော့ ဥပါရဲ့....
ဒါပေမယ့်လည်း....
အကောင်ပေါက်ရတာက ခပ်နဲနဲရယ်....

မတော်တဆ
ပက်လက်လန် ရရင်တောင်
ယက်ကန် ယက်ကန် လောက်ပဲတတ်တဲ့ကောင်....

အင်း....တော်သေးတာပေါ့...
ဒီကောင်တွေ အခွံပါးရင်လည်း.
မျိုးတုန်းသွားတာကြာလှပြီ... ။ ။
လွင်မင်းခန့်  (23/03/10)
(ကျွန်တော့်ကဗျာများကို ကူးယူပါရစေလို့  ခွင့်တောင်းလာကြသူများ ကို လေးလေးစားစား ကျေးဇူးတင်စွာနဲ့  ပြောချင်ပါတယ်။ မည်သူမဆို ကျွန်တော့်ကဗျာတွေကို ကူးယူဖေါ်ပြခွင့် ရှိပါတယ်။ ပြန်လည်ဖေါ်ပြတဲ့အခါ အကြောင်းကြောင်းကြောင့် ကျွန်တော့်နာမည်လေး မတပ်ပေးခဲ့ရင်တောင် ကျွန်တော် ကြည်ဖြူပါတယ်။ ကျွန်တော်ကဗျာရေးတာ ကျွန်တော်ပေးချင်တဲ့ message လေးတွေ ရည်ရွယ်သူတွေဆီ ရောက်ဖို့ လောက်ပါပဲ။ ကျန်တာတွေ အများကြီး မမျှော်လင့်ထားပါဘူး။ လေးစားစွာဖြင့်... လွင်မင်းခန့် )

Thursday, March 18, 2010

ကျွတ်ခန်းတိုင်ပေါင်းပါ့မယ်

ကုဏ္ဍလာ ဒုမ္မာမြင့်
မုန်လာပွင့် ဖြစ်စေ
ယုံပါသင့် ချစ်ဆွေငယ်
ပစ်မသွေပါဘဲ။

ရွှေပဏ္ဍု ခေါင်ရမ်းရေငယ်
မှောင်သန်းစေ မည်းတော့မလွဲ။
ကျေးသူဝ မြကိုယ်ရောင်မှာ
လှခိုတောင်ဖြစ်လဲ။

ဟိုတိမ်တောင် ရိပ်ထဲက
လိပ်ဝဲလို့ပျံစေ ။

ပရွက်တောင် ငှက်ကောင်ဖြစ်စေတော့
ဖက်နှောင်ချစ် ဘုန်းကမသွေ ။

မြွေ ပု လို့ ခရု ရှည်စေ
သမုဆွေသာကီငဲ့
ပါရမီ့ သစ္စာခိုင်
ယိမ်းလို့မယိုင် ။

မေတ္တေယျ ထွတ်နန်းပိုင်တောင်
ကျွတ်ခန်းတိုင် ပေါင်းမယ် ပလေး . .။

ဦးပုည


ချစ်သူချင်း ၊ လင်မယား ချင်း ကြား မှာ သစ္စာ ကြီးစွာ ချစ်ခင်ကြသော စုံတွဲများအတွက် ရှေးစာဆိုတော်ကြီး ဦးပုည ရဲ့ သစ္စာထားဖွဲ့ တစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်ဗျာ။

လေးစားစွာဖြင့်
နေစိုးနိုင်

Tuesday, March 16, 2010

မစားကောင်းတဲ့ အသီး

ချစ်တတ်လို့ ပဲဖြစ်ဖြစ်....
ညစ်ပတ်လို့ ပဲဖြစ်ဖြစ်....
လွတ်လပ်တယ် ထင်တဲ့အခါ
ပျော်တာတော့ ပျော်
မလျော်ရင် မပျော်နဲ့ 
(သိထားရမှာက...)
မတော်တဲ့အခါ....
တစ်လှမ်းနဲ့ လည်း “ မှား ” တတ်တယ်...။
တစ်လုပ်နဲ့ လည်း “ ကား ” တတ်တယ်...။

ခု ဖြစ်နေတာက...
ရေကြည်ရာရှာရင်း
ရေညစ်တွင်းတွေထဲ ဆင်းချင်ကြတဲ့ပုံမျိုး.....
ပတ်ဝန်းကျင်က
အတုအပ ဆိုးတွေ ကိုခိုး...
အများ အချိုးတွေ လိုက်မချိုးနဲ့ 
တို့  အမျိုးက ... “ မြန်မာ ” လေ......။

မြန်မာဆို...
မြန်မာလို ကျင့်...
နဂို မြင့်မားတဲ့
ကိုယ်ကျင့်တရားတွေ ဘေးမှာထားလို့ 
သွေးသားကို အရာ အရေး ပေးရအောင်...
( ငါတို့ က......)
ခွါသေးသေး မှ မဟုတ်ဘဲ နော်.............။

ကဲ...
သုံးချင်လည်း သုံး....
မုန်းချင်လည်း မုန်း....
အားလုံးအတွက် သတိပေးလိုက်မယ်......

ညီလေးတို့ ရေ.... ဒါ.......
မသွားကောင်းတဲ့ ခရီး.......။ ။

ညီမလေးတို့ ရေ.... ဒီဥစ္စာ......
မစားကောင်းတဲ့ အသီး.......။ ။

လွင်မင်းခန့်  (16/03/10)

Friday, March 12, 2010

ပင်လယ်မှိုင်းမိနေတဲ့လူတစ်ယောက်

တမုဟုတ်ချင်း
အပြောင်းလဲကြီးပြောင်းလဲ
သာယာကြည်နူးမှုတွေကို
ရက်စက်ကြမ်းတမ်းမှုတွေနဲ့
ရုတ်ချည်း အစားထိုးသွား
မာယာတွေ များလှချည့် . . .။

အမုန်းလှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး
အသည်းနှလုံးကို အကြိမ်ကြိမ်ဖုံးအုပ်ကြပေါ့။
ရေပြင်ပြာပြာနဲ့ ရေလွှာပါးပါးတွေလည်း
အဝေးကို ပြေးထွက်ခဲ့။
ကြည်နူးမှုနဲ့ ကြမ်းတမ်းမှုကို
တစ်လှည့်စီများ ပေးမှာလေလား
တကယ်ပါ အဲသလိုအတွေးနဲ့ပဲ
ပင်လယ်ရဲ့မာယာမှာ စွဲမက်ရူးသွပ်ခဲ့ဖူးတယ်။

ဒါနဲ့များ . . .
နောက်တစ်ကြိမ်များ ကြည်နူးတွေ
ပြန်လာလေဦးမလားလို့ တမ်းတနေမိသေးတယ်။

အောင်စည်ဟိန်း
၉-၂-၂၀၁၀ နံနက် ၀၂း ၀၀ နာရီ

Tuesday, March 9, 2010

" မြန်မာ ကြက်ဥ "



တကယ်တော့...ဒါ......
မကြားဝံ့ မနာသာစကား...
ဒါပေမယ့်...ငါ..........
နှလုံးသားနဲ့  နာကြားခဲ့
အများကတော့.......
ဖဝါးနဲ့ သာ နာကြမယ့်စကားမျိုးလေ....။

ကြက်ဥလေးတွေရေ.......
ကိုယ်စိုက်ခဲ့လေသမျှ.....
ရိပ်သိမ်းရပါတယ်ဆိုတဲ့ လောကမှာတောင်.....
ဘယ် ပယောဂနဲ့  ကျကျ....
ပြုတ်ကျတာချင်းအတူတူ.....
တစ်ခြားသူတွေ မလဲပေမယ့်..
မင်းတို့ က ကွဲတတ်တယ်......။

မကွဲခင်တော့သာ...
မာန်လေးက တစ်ကြွကြွ
ဟန်ရေးက တစ်ပြပြ
အေး..........
ကွဲကြပြီလည်း ဆိုရော...
မိဘကစ...
လူမျိုးအထိပါ အရှက်ကွဲရ
ကဲ.....
ခင်ခင် နှမတို့ .....
ဆင်ခြင်ကြဖို့  ကောင်းပြီနော်....။ ။


လွင်မင်းခန့်  (09/03/10)

Wednesday, October 28, 2009

နောင်တ

လောကမှော်ရုံတော
ပြောမပြချင်အောင်
မောလျခြေကုန်လို့…
ဒေါသဆူလောင်မြိုက်၊
သောကပူမှောင်မိုက်မှာ
ငါ…ခေါင်းငိုက်စိုက်ချ။
ဟိုး…အဝေးကြီးက
မနက်ဖြန်အတွက်
ပူပန်နေတုန်း…။

အောင်မြင်မှုပန်းတိုင်
လှမ်းနိုင်ဖို့အရေး
အကွေ့နဲ့အကောက်
လမ်းမှန်သမျှလျှောက်
အမြန်ရောက်လိုဇော
မောမျှမဖြေနိုင်၊
လောဘတွေလှိုင်လျက်
မနက်ဖြန်အတွက်
ထက်သန်နေတုန်း…။

ဖြုန်းခနဲ…နဲ့
နောက်ဘဝဟာ
အနီးဆုံးလက်တစ်ဆန့်မှာလာငြိ


ဖြန့်ကြည့်မိတော့…

ဖြန့်ကြည့်မိတော့…

ငါ့လက်ထဲမှာ……………ဘာမှမရှိ။ ။


(ဘဝအောင်မြင်ရေးလမ်းကြောင်းပေါ်မှာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အခက်အခဲတွေကြားက လျှောက်လှမ်းနေဆဲ၊ ဖြုန်းခနဲ…ခွဲခွါသွားကြသူများကို အမှတ်ရမိလို့ ရေးလိုက်တာပါ။ အဲဒီလိုခွဲခွါသွားရတဲ့အခါ ကျွန်မတို့လက်ထဲမှာ ဆုပ်ကိုင်သွားနိုင်တာဆိုလို့ ကောင်းမှုသိုလ်ပဲရှိပါတယ်။ ကောင်းမှုတွေကို လက်ထဲအပြည့် ဆုပ်ကိုင်သွားနိုင်ဖို့ကတော့ နေ့စဉ်ဘဝကို ရုန်းကန်ရင်းက ကျွန်မတို့ကိုယ်တိုင်ပဲ အများကြီး ကြိုးစားကြရဦးမှာပါ။)

နှင်း

Wednesday, September 9, 2009

လောကတန်ဆောင်…အမေ

လက်ခြေကတုန်၊ မျက်မှုန်သီဝေ
ဆံဖြူသွားကြွေ၊ ပါးရေလည်းတွန့်၊
နှုတ်လည်းဆွံ့ဆွံ့၊ ဇရာလှိုင်းလွန့်တော့…
နံရိုးကပြိုင်း၊ ခါးကကိုင်း၊ နားကထိုင်းနဲ့…..
အိုချင်တိုင်းအိုနေတဲ့…………အမေ။

ဒါပေမယ့် အမေရယ်…….
အမေရဲ့ အကြင်နာမျက်လုံးတွေဟာ သောက်ရှူးကြယ်တောင်ရှုံးပါတယ်
အမေရဲ့ မုဒိတာအပြုံးတစ်ချက်အဝင့်မှာ လောကတံခါးတွေ အကုန်ပွင့်ပါတယ်
အမေရဲ့ ပြုံးရောင်သန်းတဲ့နှုတ်ခမ်းပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ လန်းနေပါတယ်
အမေရဲ့ သစ္စာစကားသံဟာ သားသမီးတွေအတွက်တော့ နပိုလီယန်ရဲ့ အဘိဓါန်ပါပဲ
အမေရဲ့ ကရုဏာနှလုံးသားကြောင့် တလောကလုံးက အမုန်းတရားတွေ သေဆုံးကုန်ပါတယ်
အမေရဲ့ ကိုယ်ကျင့်သိက္ခာဟာ သားသမီးတွေအတွက် လောကအဘိဓမ္မာရဲ့သင်ခန်းစာသစ်ပါအမေ…။

လောကရဲ့အကျည်းတန်ခြင်းတွေကို စွမ်းနိုင်သလောက်အားအင်နဲ့ အမေပယ်ဖျောက်လို့…
သားသမီးတွေအတွက် သာယာပြီးအားမာန်ပြည့်တဲ့လောကကို အမေတည်ဆောက်ပေးနိုင်ခဲ့ပါတယ်…
တောက်ပတဲ့အမေ့မေတ္တာရောင်လျှံဟာ တဖန်သူငါကူးသော်လဲ့ မြဲထိန်သာလျက်ပါပဲ…….

သားသမီးတွေရဲ့ မီးရှူးတန်ဆောင်အမေ…သက်တော်ရာကျော်ရှည်ပါစေ။ ။



လောကရှိအမေများအားလုံးကို ဒီကဗျာလေးနဲ့ မွေးနေ့အမှတ်တရ ကန်တော့ပါရစေ…အမေ

နှင်း

Thursday, August 13, 2009

လိုအပ်ချက်

နေရိပ်မှာ ခိုလှုံဖို့
နေပူကို ဖြတ်သန်းရဲရဦးမယ်…

စာသင်ဖို့
စာတတ်ထားရဦးမယ်….

စာရေးဖို့
စာဖတ်ထားရဦးမယ်…

သေနတ်မပစ်ခင်
ကျည်အရင်ရှာထားရဦးမယ်…

ဒါနမပြုခင်
ဓန အရင်ရှာရဦးမယ်…

မေတ္တာမပေးခင်
မေတ္တာအကြောင်းနားလည်ရဦးမယ်…

လွတ်လပ်ဖို့
လက်လွှတ်တတ်ရဦးမယ်….

အသေမြတ်ဖို့
ရှင်တတ်ရဦးမယ်…

အင်း…

ပေးဆပ်ဖို့
ရယူနိုင်စွမ်း ရှိရဦးမယ်လေ…

စေတနာ
01/08/2009 (23း07)

Saturday, August 1, 2009

သိက္ခါ

အကူအကပ်မပါ…
ဘဝကို ကိုယ့်အင်အားနဲ့ ကိုယ်တည်ဆောက်
ဒီလမ်းကိုလျှောက်လှမ်းရတာ
ကြမ်းတော့ကြမ်းတယ်…
ဒါပေမယ့်…ဇွဲမာန်ကိုတင်း
တို့တွေ…ဆက်လျှောက်ကြရမယ်သူငယ်ချင်း။

သိက္ခါဆိုတာ တံဆိပ်ပါသလို
လူမြင်သူမြင် ကပ်ထားလို့မရပေမယ့်
မင်းလည်းသိ၊ ငါလည်းသိ
မင်းတို့၊ ငါတို့မှာ…
ကိုယ်ပိုင်သိက္ခါ ရှိ၊…မရှိ
ဆင်ခြင်တုံတရားနဲ့ ညှိနိုင်၏။

မုန်တိုင်းထန်တဲ့ ဒီရေဆန်လမ်းမှာ
ဘယ်ဝဲဂယက်မွှေမွှေ
ဘယ်လေပွေရမ်းရမ်း
ဘယ်လှိုင်းကြမ်းနှောင့်နှောင့်…
ငါတို့ရဲ့ သိက္ခါလှေမမှောက်ဘဲ
ပန်းတိုင်ဆီအရောက်ချီကြစို့ရဲ့။ ။

နှင်း

(ရိုးသားစွာ ကိုယ်ပိုင်သိက္ခါစောင့်ထိန်းကာ ကြိုး ကြိုးစားစား အလုပ်လုပ်နေကြသော သူငယ်ချင်းများအတွက်)

Wednesday, July 29, 2009

ပင်လယ်ပြာနဲ့ ရွက်လှေငယ်

အို... အသင် ရွက်လှေငယ်

လှိုင်းတံပိုးကြား ရွက်စုံဖွင့်လို့

မုန်တိုင်းရန်မကြောက်

မာန်ဝံ့ကြွားလို့

အဘယ်သို့များ ဦးတည်နေသလဲ။

ကျွန်ုပ်သည်

သင့်ကို ၀ါးမြိုနိုင်၏

အသင့်ဘ၀ ကြေပျက်သွားအောင်

လက်တစ်ဖျစ်ကာလ စွမ်းဆောင်နိုင်၏

အသင် ရွက်ငယ် ကြေပျက်စေရန်

နောင်တော် မုန်တိုင်း စွမ်းဆောင်နိုင်၏

ကျွန်ုပ်အလိုကျ ဆောင်ရွက်နိုင်၏

အသင် မကြောက်ရွံ့သလော။



အို... ပင်လယ်ပြာ

အသင် မကြားဖူးရော့သလား

ရယ်စရာ ကောင်းလိုက်ပါဘိ

လှိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက်

စကားရှိခဲ့ပါ၏လော

ယုံကြည်ချက်ပန်းတိုင် အရောက်လှမ်းဖို့

မကြောက်မရွံ့ ယုံကြည်မှုနဲ့

ခရီးဆက်ရာ

တစ်ဝက်ခရီး ကျော်လွန်ခဲ့ပြီ

လှိုင်းလေမုန်တိုင်း ဒုက္ခမျိုးစုံ

ကြုံတွေ့လာသော် ငါ မမှုပြီ

ယုံကြည်ရာပန်းတိုင်ငါ့ခရီးကို

င့ါရွက်ထိန်းရင်း ဆက်သွားဦးမည်။



နွေးထွေးစွာဖြင့်

ဇေယျာဦး

ပေးဆပ်သူ......သို့ 

မမြဲခြင်းနိယာမ ဒီသင်္ခါရ
ဘယ်အရာမှ မတည်မြဲ
တည်မြဲခြင်း အလျင်းမရှိ
ဖြစ်လွယ် ပျက်လွယ်
ဆုံးရှုံးလွယ်၍
ပေးတိုင်းကိုမူ
ပြန်မမျှော်တဲ့
ရယူခြင်း
တောင်းတဲ့ဆုတိုင်း
ပြည့်ခဲ့မယ်ဆိုရင်
ဖြစ်လေရာ ဘဝ
ထိုတစ်ခဏ၌
ရယူသူမဟုတ်
ပေးဆပ်သူသာ
ဖြစ်ရပါစေဘုရား ....။ ။

နွေဦး

Monday, July 20, 2009

အမေ....သို့......တမ်းချင်းများ

(၁)
အခက်အခဲတွေရင်ဆိုင်
ရှုံးပွဲတွေဆက်တိုက်
အောင်မြင်မှုလမ်းမမြင်
ကမ်းမမြင် တဲ့ ဘ၀မှာ
အခါခါမော့ကြည့်
ကောင်းကင်တစ်ခုသို့ 
တမ်းတမိတယ်
အမေသာရှိခဲ့မယ် ဆိုရင်လေ...

ပေးတုန်းက ဂရုမစိုက်
ဝေးလိုက်တော့ မှ သိလာခဲ့
နွေးထွေးတဲ့ မေတ္တာ
အေးမြချမ်းသာတဲ့ အရိပ်
ခိုလုံရာ ဆိတ်သုဉ်းခဲ့ပြီ
ဩော်.......ဒီကမ္ဘာမှာ......
အမေမှ မရှိတော့တာ...

(၂)
သောက ဝေဖြာ
အပူပင်လယ်မှာကူးဖြတ်
လှော်ခတ် လှုပ်ရှားရုန်းကန်ရင်း
ဘ၀အမောတွေ
ချွေးသိပ်နိုင်ပြီလား အမေ...
ဘ၀တွေ အလီလီ ပြောင်း လည်း
ဆပ်မကုန်ကောင်းနိုင်တဲ့အရာ
အမေ့စေတနာ
အမေ့ မေတ္တာမဟာ...

ပေးဆပ်ဖို့သာ
စိတ်ထက်သန်စွာနဲ့ 
ရယူခြင်းလည်း အလျဉ်းမရှိခဲ့...

ဒီမေတ္တာ ကျေးဇူးတွေ
ဘယ်လိုဆပ်လို့  ကုန်နိုင်မှာလဲအမေ......

နွေဦး

Saturday, July 18, 2009

အမေ့ခံ ၊ အပယ်ခံ မဖြစ်စေရန် မည်သူ့မှာ တာဝန်ရှိသနည်း

အာဇာနည်နေ့ဟာဘယ်နေ့လဲ ၊ အာဇာနည်ဘယ်နှစ်ဦးလဲ ၊ ဘယ်သူတွေလဲ ၊ ဘယ်အချိန်မှာ အသတ်ခံခဲ့ရတာ လဲ ဆိုတဲ့ မေးခွန်းတွေကို မေးမယ်ဆိုရင် ဒိုးဒိုးဒေါက်ဒေါက်ပြန်ဖြေနိုင်တဲ့ သူ တဖြည်းဖြည်းနဲ့ နည်း လာပြီထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မှုန်ဝါးဝါးပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများဆိုတဲ့ စာအုပ် လေးထဲက ကဗျာဆရာ ထွဏ်းနေနွယ် ရေးထားတဲ့ ၁၉ ဇူလိုင်ဆိုတဲ့ ကဗျာ ကလေး ကိုတွေ့တော့ တော်တော်လေး သဘောကျသွားတယ်။ ဒီကဗျာကလေး ကိုသာ အလွတ်ရနေရင် အထက်ကမေးခွန်းတွေကို ဖြေနိုင်မယ် ၊ မဖြေနိုင်လောက်ဘူး ဆိုတာ ကို စာဖတ်သူတို့ ဆုံးဖြတ်ကြပါကုန်။ အဲ ကဗျာ မူရင်းမှာက ဦးအုန်းမောင်နဲ့ ရဲဘော်ထွေး တို့နာမည် မပါဘူးဗျ။ ဒါကြောင့် ကိုယ့်ဘာသာထည့်လိုက်တယ်။ မူရင်း ကဗျာ ဆရာကို မလေးစားလို့မဟုတ်ပါဘူး။ ဒီကဗျာ ကလေးကို ကျွန်တော့် တူမ အတွက် ကူးရေးပေးရင်းကနေ ဘလော့ပေါ်မှာ တင်ချင်စိတ်ဖြစ်လာလို့တင်ပေးလိုက်တာပါဗျာ။ ဒီကဗျာကလေးက စာဖတ်သူမေ့နေတာလေး တွေ ပြန်ဖော်ပေးနိုင်ပါစေဗျာ။ ကျေးဇူးပြုပြီး ဖြည်းဖြည်းမှန်မှန် ဖြင့် ကဗျာကို အစအဆုံး ဖတ်ပေးစေချင်ပါသည်။ခေါင်းစဉ်က မေးခွန်းကိုတော့ ကိုယ့်ဖာသာမေး ၊ ကိုယ့်ဖာသာ ဖြေကြဖို့ပဲ မေတ္တာရပ်ခံလိုပါတယ်ဗျာ . . .

လေးစားစွာဖြင့်
နေစိုးနိုင်

၁၉ ဇူလိုင်
ဇူလိုင် ၁၉ ၊ တပ်လှန့်နှိုးသည်
တို့မျိုးစဉ်ဆက်တိုင်သတည်း
၁၉ ဇူလိုင်မမေ့နိုင်တည့်

မိုးရက်မိုးခါ ဖြစ်လေပါလည်း
ရှူသာမြင်ကွင်းနံနက်ခင်းနှင့်
ယင်းသည့်စနေ ဂြိုလ်ဆိုးမွှေခဲ့
တွင်းဝန်ရုံးဆီ ၊ ဆယ်နာရီနှင့်
စွန်းသည်ဟိုဖက် ၊ နာရီဝက်တွင်
ပြည်တွက်ရေးရာ ၊ များဝန်တာကို
ဖြာဖြာတနည်း ၊ ခေါင်းဆောင်ကြီးတို့
စုစည်းတထွေ ၊ ဆွေးနွေးနေစဉ် . . . ။

ဂျစ်ကားစိမ်းမှ ၊ ဆင်းသက်ကြပြီး
လက်မှတော်မီ ၊ စတင်းချီ လျှက်
တပ်မည်နံပါတ် ၊ ၁၂ မှတ်သည့်
စစ်တပ်ဝတ်စုံ ၊ အရေခြုံတို့
စုပြုံတက်သွား မိနစ်ခြားဝယ်. . .။
နားကွဲမတတ် ဒလစပ်လျှင်
ပစ်ခတ်ဆူညံ ၊ သေနတ်သံတို့
မိုးယံကိုဖောက် ၊ လေ၀ယ်နှောက်သည်
ထက်အောက်ဝန်းကျင် တုန်သတည်း

ကျည်ပွင့်သံလည်း . . .
မိုးယံကိုဖွင့် ၊ လေ၀ယ်လွင့်သည်
ယမ်းပွင့် ယမ်းခိုး ဝေ သတည်း . . .

ဗိုလ်ချုပ်အောင်ဆန်း ၊ ပြည့် ချစ်ပန်းနှင့်
ခေါင်နန်းစာဆို ဦးဘချို ပြင်
ကြည်ညိုဆပွား ၊ ဒို့အားထားသည့်
စော်ဘွားမိုင်းပွန် ၊ လူရည်ချွန်လှ
သခင်မြ နှင့် . . .
တကွတူပြိုင် ၊ မန်းဘခိုင်
ကြိုင်လှိုင်သတင်း ၊ ဦးဘ၀င်း
(ထူးထူးဂုဏ်ဆောင် ဦးအုန်းမောင်
အသက်ကိုပေး ၊ ရဲဘော်ထွေးနှင့်)
ပျံ့သင်းဂုဏ်ဒြပ် ၊ ဦးရာဇာတ်တို့
ပစ်ခတ်ခံရ ၊ ဆောင်ခန်းမ၀ယ်
လဲကျသေဆုံး ၊ သွေးနီဖုံးသည်
ဆုံးရှုံးခဲ့ရလေပြီတကား . . . ။

ဒီသတင်းလျှင် ၊
ချက်ချင်းပြန့်သွား ၊ ပြည်သူ့နား သို့
သိကြားမကြာ၊ ပြည်လုံးမှာလည်း
သည်းညှာပျက်ပြုန်း ၊ ကြိမ်မီးအုံးသို့
ယူကျုံးမရ ၊ မျက်ရည်ကျခဲ့
တသနှမြော အသေစောဟု
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ
ရက်ကိုလစား ၊ ချိန်တွေများသည်
ခုကား ( ) နှစ်တိုင်ခဲ့ပြီ

ပြည့်လွတ်လပ်ရေး ၊ အသက်ပေးကာ
စတေးခံသွား ၊ ခေါင်းဆောင်များတွက်
ဒို့ကားတဖန် ၊ ဆောင်ရွက်ရန်ကား
မိမြန်အတွက် ၊ စွမ်းသည့်ဘက်မှ
ဆထက်ကြိုးကုတ် ၊ အားမာန်ထုတ်ခါ
ဗိုလ်ချုပ်ချမှတ် ၊ လမ်းစဉ်မြတ်ကို
ကျင့်အပ်လိုက်နာ ၊ သွားရန်သာတည်း

ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်

ဇူလိုင်ဆယ်ကိုး တပ်လှန့်နှိုးသည်

ဒို့မျိုးစဉ်ဆက် တိုင်စေသတည်း . . .။

ထွဏ်းနေနွယ်