Showing posts with label ဇေယျာဦး. Show all posts
Showing posts with label ဇေယျာဦး. Show all posts

Saturday, August 15, 2009

အချစ်ကို ကြောက်တဲ့ သူငယ်ချင်း

ဒီစာလေးဟာ ကျွန်တော် ခင်မင်ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက် (လူကြီးလေး) ကို ရေးပေးခဲ့တဲ့ စာလေးကို အခြေခံပြီး နည်းနည်းအကျယ်ချဲ့ရေးလိုက်တာပါ။ တစ်ခါ ကိုစေတနာကလည်း အချစ်အကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း လောက် ရေးကြည့်ပါလားဆိုတာနဲ့ ကျွန်တော် သိသလောက်လေး ရေးကြည့်လိုက်တာပါ။ ဒီစာလေး ပေးစာသဘောမျိုး ရေးထားတာပါ။
လူကြီးလေး
ပျော်ရွှင်ပါစေ။ လူကြီးလေးက ကျွန်တော့်ကို ခဏခဏ မေးတတ်တယ်နော်။ အချစ်ဆိုတာကို နားမလည်ဘူး။ အချစ်ကို ကြောက်တယ်ဆိုတာလေ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို စွန့်ပစ်သွားမှာကိုလည်း ကြောက်တယ်လို့ လူကြီးလေးက ခဏခဏ ပြောတတ်တယ်နော်။ အချစ်အကြောင်းမေးတိုင်း ကျွန်တော်ကလည်း ခဏလေးအတွင်းမှာ မဖြေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးလေးသိချင်နေတဲ့ ´အချစ်´ ဆိုတာက တခဏလေးအတွင်းမှာမှ ပြောပြလို့မှ မရတာ။ ခဏခဏ မေးတော့လည်း ကျွန်တော် သိသလောက် ပြောပြမယ်နော်။ လူကြီးလေးနဲ့ အမြင်အယူအဆချင်း တူချင်မှ တူမှာနော်။ အချစ်ဆိုတာက လူအများ သိကြတဲ့အတိုင်း ချိုချဉ်လိုပဲတဲ့။ ချိုလည်း ချိုတယ်။ ချဉ်လည်း ချဉ်တယ်။ အချိုချည်းပဲ မရနိုင်ဘူးနော်။ အချဉ်လေးပါ တွဲပါပြီးသားဆိုတော့ အကောင်းချည်းပဲ မဖြစ်နိုင်သလို အဆိုးတွေချည်းပဲလည်း မရှိပါဘူး။ အဲဒါက အချစ်ဆိုရင် လူကြီးလေး ဘယ်လိုလုပ်မလဲ။
ကမ္ဘာလောကထဲမှာရှိတဲ့ သတ္တ၀ါတွေဟာ ခံစားမှုရှိတာချည်းပါပဲ။ ခံစားမှုနည်းတာနဲ့ များတာပဲ ကွာတာလေ။ အဲဒီအထဲမှာမှ လူသားတွေက ခံစားမှုအမြင့်ဆုံးသတ္တ၀ါလို့ သတ်မှတ်ထားကြတယ်။ ခံစားမှု အမြင့်ဆုံးတဲ့။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ တမ်းတခြင်း၊ မျှော်လင့်ခြင်း စတာတွေဟာ လူသားတွေရဲ့ ခံစားမှုအပိုင်းမှာ တိုင်းတာလို့မရတဲ့အရာတွေပါ။ ဒီခံစားမှုတွေဟာ ချစ်သူတွေကြားမှာမှ ရှိကြတာ မဟုတ်ဘူးလေ။ မိသားစု၊ သူငယ်ချင်း၊ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း ရှိကြတာပဲ။ အစကတည်းက ပြောထားသားပဲ။ လူတွေဟာ ခံစားမှုအမြင့်ဆုံး သတ္တ၀ါပါလို့။ ချစ်ခြင်းမေတ္တာကို ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားတတ်ကြတယ်။ မိသားစု၊ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာကို ၅၂၈ နဲ့ သတ်မှတ်ကြပြီးတော့ ၁၅၀၀ (၅၂၈ + ၉၇၂) မေတ္တာကိုကျ တော့ သမီးရည်းစား၊ ချစ်သူချင်းအကြားမှာရှိတဲ့ မေတ္တာလို့ သတ်မှတ်ကြတယ်။ သံယောဇဉ်ဆိုတာဟာလည်း တွဲတာနှောင်ဖွဲ့တတ်တဲ့ အရာတစ်ခုပဲလေ။ ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲဖြစ်စေ သူတို့မှာ သူတို့ပတ်ဝန်း ကျင် (မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်း) အပေါ် သံယောဇဉ်အနည်းအများတော့ ရှိတတ်ကြတာပဲ။ သူတို့နဲ့အတူ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ၊ မျှော်လင့်ခြင်းတွေကို အတူခံစားကြတာပဲလေ။ ဒါကြောင့် သံယောဇဉ် အ၀န်းအ၀ိုင်းထဲက လွတ်ကင်းနိုင်တဲ့သူဆိုတာ မရှိပါဘူး။ ဗုဒ္ဓတောင်မှ ဘုရားလောင်းဘ၀မှာ သံယောဇဉ်အနှောင်အဖွဲ့က မလွတ်ကင်းနိုင်ခဲ့ပါဘူး။ တောထွက်ခါနီး သားတော် ရာဟုလာကိုတောင် သံယောဇဉ်မပြတ်ဘဲ တိတ်တဆိတ် ရပ်ကြည့်ခဲ့မိသေးတာပဲ။ ဒါတောင် သူက ပါရမီရှင်နော်။
ဆိုတော့.... သာမန် လူသားတွေအတွက်ကတော့ သံယောဇဉ်အ၀န်းအ၀ိုင်းထဲက ရုန်းထွက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်ပတ်ဝန်းကျင်အတွက် သူတို့နဲ့အတူ တစ်ခါတရံ ခံစားရတာ (ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း) တွေလည်း ရှိတာပဲလေ။ ဒါဟာ သံယောဇဉ်ပါပဲ။ ချစ်ခြင်းမေတ္တာမှာကျတော့ အဲဒီထက်ပိုတာလေးတွေ ရှိလာတယ်။ လူတွေဟာ အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ခြင်းဆိုတဲ့ အတ္တကနေ သူတစ်ပါးဆီက ရယူပိုင်ဆိုင် လိုတာတွေ ပေါ်ပေါက်လာတတ်ကြတာပါပဲ။ လူတိုင်းမှာ ငါ့အတွက်ဆိုတဲ့ အတ္တဆိုတာ ရှိကြစမြဲပါ။ အတ္တမရှိဘူးလို့ ပြောတဲ့သူရှိရင် အဲဒါဟာ လိမ်လည်တာပါပဲ။ အတ္တရှိတာမှာ နည်းတာနဲ့ များတာပဲ ကွာပါတယ်။ လူဆိုတာ အတ္တရှိကြစမြဲပါ။ ပြီးတော့ ကျွန်တော်တို့ဟာ လူ့အသိုင်းအ၀န်းထဲမှာ တစ်ယောက်ထဲ နေလို့မရပါဘူး။ ကျွန်တော်တို့အတွက် ပတ်ဝန်းကျင်ဆိုတာ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘ၀အတွက် ပတ်ဝန်းကျင်ကို အမှီသဟဲပြုကြရလို့ ပါ။ အဲဒီပတ်ဝန်းကျင်ထဲကမှ ကျွန်တော်တို့အတွက် အကျိုးပြုမယ့်သူတွေကို ရှာဖွေပေါင်းသင်းကြရတယ်။ ရင်းနှီးမှုယူကြရတယ်။ အတူလက်တွဲကြတယ်။ ဒီလူတွေဟာ မိန်းကလေးတွေလည်း ဖြစ်နိုင်သလို၊ ယောက်ျားလေးတွေ လည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့နဲ့အတူ ကာလတစ်လျှောက် လက်တွဲကြတဲ့သူတွေအပေါ် ကျွန်တော်တို့တွေ သံယောဇဉ်ထားတတ်လာကြတာ မထူးဆန်းပါဘူး။ သက်ရှိမပြောနဲ့ သက်မဲ့ပစ္စည်းလေးတွေကိုတောင်မှ ကျွန်တော်တို့တွေ သံယောဇဉ်ထား၊ ချစ်တတ်ကြသေးရင် သက်ရှိလူသားတွေအပေါ် ကျွန်တော်တို့ သံယောဇဉ်ရှိကြတာ၊ ချစ်တတ်ကြတာဟာ မှားယွင်းတဲ့လုပ်ရပ်မှ မဟုတ်တာ။ ပြီးတော့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူဖန်တီးတာ မဟုတ်ဘဲနဲ့ အလိုအလျောက် ပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုပါ။ ပြီးတော့ အချစ်ဆိုတာဟာ လူတွေရဲ့ မတူညီတဲ့ဘ၀နှစ်ခုကို အတူလက်တွဲပြီး ရင်ဆိုင်ပြီး ဘ၀တစ်ခုကို တည်ဆောက်ချင်တာကြောင့်လည်း ပါပါတယ်။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တာ၊ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်တာဟာ မမှားယွင်းပါဘူး။ အပြစ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ကို တမင် ဖန်တီးယူတာမျိုး မဖြစ်ဖို့တော့ လိုတာပေါ့။ အချစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်အနှောင်အဖွဲ့ထဲကနေ အတင်းရုန်းထွက်ဖို့ မကြိုးစားသင့်ပါဘူး။ ဒီချစ်ခြင်းမေတ္တာ သံယောဇဉ်တွေကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ပဲ လိုတာပါ။ (ရှေးပါရမီရှိလို့ အချိန်ကာလတစ်ခုမှာ သံယောဇဉ်အနှောင်အဖွဲ့ထဲက လွတ်ကင်းနိုင်ခဲ့ပြီး လောကုတ္တရာလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကောင်းမွန်တဲ့ လမ်းစဉ်တစ်ခုပါပဲ။)
တစ်ချို့လူတွေဟာ ချစ်ခြင်းမေတ္တာ သံယောဇဉ်အနှောင်အဖွဲ့က ကင်းလွတ်လိုကြတယ်။ အဲဒီမှာ အကြောင်းပြချက်နှစ်ခု ရှိတယ်။ တစ်ခုက မိမိဘ၀ (ယခုလက်ရှိဘ၀နဲ့ နောင်ဘ၀)အတွက် ဘာသာရေးကို အမှီသဟဲပြုပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ချင်တာကြောင့်ရယ်၊ နောက်တစ်ခု ဒီသံယောဇဉ်အနှောင်အဖွဲ့ထဲက ဒုက္ခတွေကို မခံစားလိုတာကြောင့်ရယ်ပေါ့။ လူ့ပတ်ဝန်းကျင်မှာ နေထိုင်ရင်းနဲ့ ကိုယ့်ဘ၀အတွက် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူသွားလို့ ရနိုင်ပါတယ်။ ဗုဒ္ဓတောင်မှ လူ့အသိုင်းအ၀န်းထဲမှာ နေထိုင်ရင်းနဲ့ သူ့ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားတာပါ။ ဘယ်အရာကိုပဲဖြစ်ဖြစ် တစ်ဖက်စွန်းရောက်သွားတာဟာ မကောင်းပါဘူး။ နောက်တစ်ခုက သံယောဇဉ်ကြောင့်၊ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာမယ့် ဒုက္ခတွေကို မခံစား၊ မလိုချင်ဘူးဆိုရင် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကနေ ဖြစ်ပေါ်လာတဲ့ သုခတွေကြတော့ ဘာလို့ လိုချင်ကြတာလဲ။ ဒါဟာ မိမိစိတ်ကို မိမိကိုယ်တိုင် လှည့်စားနေတာပါ။ ပြီးတော့ လူတွေဟာ ထီးတည်းနေလို့ရတဲ့ သူတွေမဟုတ်ပါဘူး။ လူ မပြောနဲ့၊ တိရစ္ဆာန်တွေတောင်မှ ထီးတည်းနေလို့မှ မရတာ။ လူမှုအသိုင်းအ၀န်းထဲမှာနေရင်း ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက် သွားနိုင်ရင် ဒါဟာ လူတော်တွေရဲ့အလုပ်တစ်ခုပါ။ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း လူမှုရေး၊ စီးပွားရေးတွေနဲ့ အမြဲတမ်း ရောထွေးယှက်တင်နေကြရတာပါ။ အဲဒီလိုနေကြရင်းနဲ့ ကိုယ့်ဘ၀အတွက် အကောင်းဆုံးအဖော်မွန် ဆိုတာ ရှာတတ်ကြစမြဲပါ။ လက်တွဲဖော်ဆိုပါတော့။ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ဟာ ကိုယ့်အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ဖို့တော့ လိုတယ်။
နောက်တစ်ခုက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကျွန်တော်အပေါ်မှာ ရေးခဲ့ တဲ့ ၁၅၀၀ ချစ်ခြင်းမေတ္တာမှာ ၅၂၈ နဲ့ ၉၇၂ နှစ်ခုကို ပေါင်းထားတာကို လူကြီးလေး သတိပြုမိလား မသိဘူး။ ဘာကြောင့်လဲဆိုတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာမှာ ၅၂၈ မေတ္တာဟာ ပါနေပြီးသားကို ပြောချင်လို့ပါ။ အခု ပြောနေတာ က လူကြီးလေးကို ချစ်သူထားပါလို့ ပြောနေတာ မဟုတ်ဘူးနော်။ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာအပေါ် ဘယ်လိုသဘောထားသင့်သလဲဆိုတာကို ပြောပြနေတာ။ အဲဒါကို သေချာနားလည်တော့မှ ကိုယ့်ဘ၀အတွက် လက်တွဲဖော် ဆိုတာကို စဉ်းစားဖို့ ပြောချင်တာ။ ကျွန်တော်တို့ ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ Definiation လေးတစ်ခုကို မှတ်မိသေးလား။ စွမ်းအင်ဆိုတဲ့ Definiation လေ။ ``စွမ်းအင်ဆိုတာ ဖန်တီးယူလို့ မရပါဘူး။ ဖျက်ဆီးလို့လည်း မရပါဘူး။ လောကကြီးထဲမှာ သူ့ ဘာသာအလိုအလျောက် ရှိနေတတာပါ´´ တဲ့။ အချစ်ဆိုတာလည်း ဒီလိုပါပဲ။ တမင် ဖန်တီးယူလို့ မရပါဘူး။ တမင် ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ သူ့ဘာသာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု တစ်ခုပါ။ အချစ်ကို ဖန်တီးယူလို့ရတယ်ဆိုရင် ဒါဟာ အချစ်စစ်တစ်ခု မဟုတ်တော့ပါဘူး။ အတုအယောင် အချစ်တစ်ခုသာ ဖြစ်လိမ့်မယ်။ ဖျက်ဆီးပစ်မယ်ဆိုရင်လည်း သူ့ဟာ ပျောက်ကွယ်မသွားဘဲ နောက်ထပ် အမုန်းတစ်ခုသာ ထပ်မံပေါ်ပေါက် လာတာပါ။ ကျွန်တော် နားလည်ထားတာက အချစ်ဆိုတာ ယုံကြည်မှု၊ နားလည်မှု၊ သစ္စာတရားတို့နဲ့ ဖွဲ့စည်းပေါင်းစပ်ထားတာပါ။ ဒီသုံးချက်မပါဘဲနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို မရနိုင်ပါဘူး။ ကျွန်တော့်ရဲ့ gtalk notes လေးမှာလည်း ဒီစာသားလေးအတိုင်း တင်ထားတာပါ။ ဒါဟာ အချစ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ယုံကြည်ချက်လေးတစ်ခုပေါ့။ နောက်တစ်ခုက အချစ်က ´´မီး´´ နဲ့ တူတယ်လို့ ကျွန်တော် ထင်တယ်။ ပူလောင်မှုကို ပြောချင်တာ မဟုတ်ပါဘူး။ မီးကို သုံးတတ်သူတွေအတွက်ဆိုရင် ကာယကံရှင်အတွက်ရော၊ ပတ်ဝန်းကျင်က လူတွေအတွက်ပါ အသုံးဝင်ပြီး သေသေချာချာ ဂရုမစိုက်ဘဲ ပေါ့ပျက်ပျက်နဲ့ သုံးမယ်ဆိုရင် ကာယကံရှင်အတွက်ရော သူ့ပတ်ဝန်းကျင်အတွက်ပါ အရမ်းအန္တရာယ် ဖြစ်နိုင်ပါတယ်။
ချစ်ခြင်းမေတ္တာအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ကောင်မလေးကို ပေးတဲ့စာတွေထဲမှာ အများကြီး ရေးပေးတတ်တယ်။ ဒီအတိုင်းသာ ပြန်ရေးရမယ်ဆိုရင် ဒီစာလေးဟာ လူကြီးလေးကို ပေးတဲ့စာမဟုတ်တော့ဘဲ ရည်းစားစာ ဖြစ်သွားလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ဟာ လောကီလူ့လောက လူ့ပတ်ဝန်းကျင်ထဲမှာ နေနေကြသ၍ သံယောဇဉ် ချစ်ခြင်းမေတ္တာတွေနဲ့ မကင်းနိုင်ကြတာမို့၊ အဲဒီက ရုန်းထွက်ဖို့ ခဲယဉ်းကြတာမို့ တကယ်လို့ အချစ်နဲ့ တွေ့ဆုံကြုံတွေ့လာခဲ့ကြမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး အရင်ဆုံး နားလည်ထားသင့်တယ်လို့ ထင်လို့ လူကြီးလေးကို ရေးပေးလိုက်တာပါ။ လူကြီးလေး ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် နားလည်သလောက် လူကြီးလေးကို ရှင်းပြပေးတာပါ။ ကျွန်တော်ကိုယ်တိုင် လောကကြီးအကြောင်းကို သင်ယူနေတုန်းပါ။ သင်ယူလို့ရသမျှတော့ သင်ယူနိုင်အောင် ကြိုးစားနေတုန်းပါပဲ။ လူကြီးလေးလည်း လောကကြီးထဲက သင်ယူလို့ရသမျှ သင်ယူပေါ့။ ပြီးလို့ရှိရင် တခြားသူတွေကိုလည်း ပြန်ပြီးဝေမျှပေါ့။

လူကြီးလေး ..... ပျော်ရွှင်ပါစေ

ဇေယျာဦး

Wednesday, July 29, 2009

ပင်လယ်ပြာနဲ့ ရွက်လှေငယ်

အို... အသင် ရွက်လှေငယ်

လှိုင်းတံပိုးကြား ရွက်စုံဖွင့်လို့

မုန်တိုင်းရန်မကြောက်

မာန်ဝံ့ကြွားလို့

အဘယ်သို့များ ဦးတည်နေသလဲ။

ကျွန်ုပ်သည်

သင့်ကို ၀ါးမြိုနိုင်၏

အသင့်ဘ၀ ကြေပျက်သွားအောင်

လက်တစ်ဖျစ်ကာလ စွမ်းဆောင်နိုင်၏

အသင် ရွက်ငယ် ကြေပျက်စေရန်

နောင်တော် မုန်တိုင်း စွမ်းဆောင်နိုင်၏

ကျွန်ုပ်အလိုကျ ဆောင်ရွက်နိုင်၏

အသင် မကြောက်ရွံ့သလော။



အို... ပင်လယ်ပြာ

အသင် မကြားဖူးရော့သလား

ရယ်စရာ ကောင်းလိုက်ပါဘိ

လှိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက်

စကားရှိခဲ့ပါ၏လော

ယုံကြည်ချက်ပန်းတိုင် အရောက်လှမ်းဖို့

မကြောက်မရွံ့ ယုံကြည်မှုနဲ့

ခရီးဆက်ရာ

တစ်ဝက်ခရီး ကျော်လွန်ခဲ့ပြီ

လှိုင်းလေမုန်တိုင်း ဒုက္ခမျိုးစုံ

ကြုံတွေ့လာသော် ငါ မမှုပြီ

ယုံကြည်ရာပန်းတိုင်ငါ့ခရီးကို

င့ါရွက်ထိန်းရင်း ဆက်သွားဦးမည်။



နွေးထွေးစွာဖြင့်

ဇေယျာဦး

Monday, July 27, 2009

သဲတစ်ပွင့်စာ ပေးဆပ်ခွင့်ရသော်လည်း

တကယ်တော့ ကျွန်တော်ဟာ စာရေးတဲ့သူတစ်ယောက် မဖြစ်ချင်ပါဘူး။ ကျွန်တော် အဖြစ်ချင်ဆုံးက စာဖတ်တတ်သူတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ Reader ဆိုတဲ့ စကားလုံးကို နှစ်သက်မြတ်နိုးသူတစ်ယောက်ပါ။ ´စာဖတ်ခြင်းဖြင့် သင့်ရဲ့ ခံတွင်းကို သန့်စင်ပါ´ ဆိုတဲ့ အဆိုလေးတစ်ခု နှစ်ခြိုက်ခဲ့မိသူပါ။ ဆရာမြသန်းတင့်ရဲ့ ´လမင်းကို ထရံပေါက်မှ ကြည့်ခြင်း´ ဆိုတဲ့ စာအုပ်ထဲကလို လမင်းကိုပဲ သေသေချာချာ ကြည့်ချင်သူ တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ စာဖတ်ခြင်းနှင့်အတူ ဘ၀ကို ရှင်သန်ရပ်တည် နေချင်သူတစ်ယောက်ပါ။ စာပေတွေကို ဖတ်ရှုလေ့လာရင်းနဲ့ပဲ ဘ၀ကို အကောင်းဆုံး တည်ဆောက်ပြီး စာပေတွေနဲ့ကို ဖတ်ရှုလေ့လာရင်းနဲ့ပဲ ဘ၀ကို အဆုံးသတ်သွားချင်သူ တစ်ယောက်ပါ။အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် စာရေးရမှာ အရမ်းကြောက်တဲ့သူတစ်ယောက်ပါပဲ။ ဒါပေမယ့် ရင်ထဲမှာ မျှဝေချင်တာလေးတွေ ပြင်းပျလာတဲ့အခါ အဲဒီအကြောက်တရားကို ရင်ဆိုင်ရင်း ရေးတတ်သလောက် ရေးမိနေခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ ´ငါ´ စွဲ အတ္တတွေ ရှိကြပါတယ်။ အတ္တ ဆိုတာဟာ လူတိုင်းမှာ ရှိကြပါတယ်။ အနည်းနဲ့ အများပဲ ကွာခြားကြတာပါ။ ပုထုဇဉ်မှန်ရင် အတ္တ လုံးဝမရှိဘူးဆိုတဲ့သူ အခုလက်ရှိ ကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အတ္တကြောင့် ကျွန်တော်တို့ဟာ လက်ရှိပတ်ဝန်းကျင်မှာ ရှင်သန်ခွင့်ရနေကြတာပါ။ နောက်တစ်ခုက လူတိုင်းရဲ့ မသိစိတ်မှာ ဦးဆောင်သူတစ်ယောက် ဖြစ်ချင်ကြတဲ့ စိတ်ကလေးတွေ ရှိနေတတ် ကြပါတယ်။ ဘာကြောင့် အဲဒီလို ပြောရသလဲဆိုတော့ ကျွန်တော့်တို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရင် လူတိုင်းဟာ မိမိရဲ့ အလိုဆန္ဒအတိုင်း ပြောဆိုလုပ်ကိုင်တာကို တခြားတစ်ယောက်အနေနဲ့ လိုက်လျောစေချင် လိုတဲ့ ဆန္ဒရှိတတ်ကြတယ်။ မိမိပြောဆိုတဲ့ အကြောင်းအရာ၊ အပြုအမူတွေကို နာခံလိုစိတ် ရှိစေချင်ကြတယ်။ ဒါဟာ သဘာဝပဲ။ ငါ ပြောတာ အမှန်၊ ငါ လုပ်တာ အမှန်လို့ ကာယကံရှင်ကိုယ်တိုင်က လက်ခံတယ်။ ပတ်ဝန်း ကျင်က လူတွေက မှားနေတယ်လို့ ပြောရင်တောင် လက်မခံတဲ့သူတွေက အများကြီးရှိတတ်ကြတယ်။ ´ငါ´ ဆိုတဲ့ မာန်မာနနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်တတ်ကြတယ်။ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်တဲ့ အရေးကြီးတဲ့လူတွေဆိုတာ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ ပြောတဲ့ စကား၊ ကျွန်တော်တို့ လုပ်တဲ့ အပြုအမူဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ ဆိုးတာရော ကောင်းတာရောပေါ့။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ပတ်ဝန်းကျင်အတွက် အရေးကြီးတဲ့လူတစ်ယောက်လို့ သတ်မှတ်လိုက်ရင် ကျွန်တော်တို့မှာ ဘယ်သူမှ မပေးဘဲ ရလိုက်တဲ့ တာဝန်တစ်ခု ရှိလာပါပြီ။ ဒီတာဝန်ဟာ ဘာလဲဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကား၊ ကိုယ်လုပ်တဲ့ အပြုအမူအပေါ် တာဝန်ယူမှုပါပဲ။ ကျွန်တော်တို့ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့် ပတ်ဝန်းကျင်က လူတစ်ယောက် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သူ့ဘ၀အတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်စွမ်းရှိတယ်ဆိုရင် ကျွန်တော်တို့ စကားကို လွယ်လွယ်နဲ့ ပြောရဲကြပါ့မလား။ အပြုအမူတစ်ခုကို လွယ်လွယ်နဲ့ လုပ်ရဲကြပါ့မလား။

ကျွန်တော်တို့ ကျောင်းပညာကို သူငယ်တန်းကနေစပြီး တက္ကသိုလ်အထိ နှစ်ပေါင်း ၁၅ နှစ်လောက် သင်ကြားခဲ့ကြရတယ်။ ၁၅ နှစ်လုံးလုံး သင်ခဲ့ရတဲ့ ကျောင်းစာတွေထဲကနေ ကျွန်တော်တို့ ဘယ်လောက်များ ရလိုက်ကြသလဲ။ ဘယ်သူဘက်ကပဲ အားနည်းနေသည်ဖြစ်ပါစေ တကယ်တမ်း ကျွန်တော်တို့ ရလိုက်တာက ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ ရှိကြမှာပါ။ မြန်မာစာ ဖတ်တတ်မယ်၊ အင်္ဂလိပ်စာ အနည်းငယ် သိမယ်။ သင်္ချာ ပေါင်း၊ နုတ်၊ မြှောက်၊ စား လုပ်တတ်မယ်။ သမိုင်းနဲ့ ပတ်သက်ပြီး နည်းနည်း သိမယ်။ ကျန်တာတွေကတော့ ကျောင်းပိတ်တာနဲ့ စာအုပ်ပါ ပိတ်သွားတတ်တဲ့ ဘာသာရပ်တွေအနေနဲ့ပဲ ရှိနေကြတုန်းပါ။ ကျောင်းပိတ်တာနဲ့ ကျောင်းစာတွေဟာ ကျောင်းကို ပြန်ရောက်သွားပြီလို့ ဟာသလုပ်ပြီး ပြောတတ်ကြတဲ့ မိဘအတော်များများ၊ ကျောင်းသားအတော်များများ ရှိပါတယ်။ သင်ကြားသူဘက်ကရော၊ သင်ယူသူဘက်ကပါ အားနည်းချက်တစ်ခု ရှိနေတတ်ကြတယ်။ အဲဒါက ဘာလဲဆိုတော့ ကျောင်းပညာ သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုပါ။ လူအတော်များများက ဒါကို မသိကြဘူး။ ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်မှတ်ခဲ့ဖူးတယ်။ ´´ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။´´ အဲဒါကို ကျွန်တော်က ထပ်ဖြည့်ပြောချင်ပါသေးတယ်။ ´´ဘွဲ့လက်မှတ်တစ်ခုကို ယူပြီး ဧည့်ခန်းမှာ ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ထားဖို့ မဟုတ်ပါဘူး´´ ဆိုတာပါပဲ။

နောက်တစ်ခုက ´´အနာဂတ်ကို လူငယ်တွေကသာ ပိုင်ဆိုင်သည်´´ တဲ့။ လူငယ်တွေအတွက်တော့ ဂုဏ်ယူစရာ စကားတစ်ခွန်းပေါ့။ ကျွန်တော်လည်း လူငယ်တစ်ယောက်ပါပဲ။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းဟာ ကျွန်တော့် အတွက်တော့ ဂုဏ်ယူစရာ မရှိပါဘူး။ အနာဂတ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ ကျွန်တော်တို့လို လူငယ်တွေဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် ဘာတွေကို လုပ်ကိုင်နိုင်စွမ်း ရှိနေကြပြီလဲ။ လူငယ်တွေ ကိုယ့်ကိုယ်ကို ပြန်မေးသင့် ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျွန်တော့်အသက် ၁၈ နှစ်၊ လူငယ်ဘ၀ အစပေါ့။ အခု ကျွန်တော့် အသက် ၂၈ နှစ်၊ လူလတ်ပိုင်းအစပေါ့။ နောင် ၁၀ နှစ်ကြာလာရင် ကျွန်တော့်အသက် ၃၈ နှစ် လူလတ်ပိုင်းအရွယ်ပေါ့။ ဆယ်စုနှစ် တစ်ခါကုန်သွားတိုင်း ကျွန်တော်တို့ အသက်တွေ ၁၀ နှစ်ကြီးလာတယ်။ အသက်တွေ ကြီးလာတာနဲ့အတူ ကျွန်တော်တို့တွေ ကျွန်တော်တို့ဘ၀အတွက်ရော၊ ကျွန်တော်ပတ်ဝန်းကျင်အတွက်ရော ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ကိုနေစိုးနိုင် ပြောသလိုပဲ ကိုယ့်ခြေရာကို ကိုယ် ပြန်ကြည့်ကြရလိမ့်မယ်။ ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာနဲ့ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ ခြေရာတွေကို ပြန်ဆန်းစစ်ရလိမ့်မယ်။

အခုချိန်မှာ Globalization ခေတ်ကြီးထဲကို ရောက်နေပြီလို လူအများက ပြောတတ်ကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေဟာ အံ့မခန်းအောင် ဖြစ်ခဲ့တယ်။ မိုင်ပေါင်းထောင်ချီဝေး ကွာနေတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို အင်တာနက်ကနေတစ်ဆင့် ခလုတ်ကလေးတွေ နှိပ်လိုက်နိုင်ရုံနဲ့တင် မိနစ်ပိုင်းအတွင်း သိရှိနိုင်နေပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နည်းပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘယ်အကြောင်းအရာကိုမဆို အလွယ်တကူ ရှာဖွေသိရှိနိုင်နေပြီ။ အင်တာနက်၊ ကွန်ပျူတာနဲ့ အလှမ်းဝေး နေတဲ့သူတွေအနေနဲ့ကလည်း မဂ္ဂဇင်း၊ ဂျာနယ်တွေကနေတစ်ဆင့် အထိုက်အလျောက် သိခွင့်ရနေကြပြီ။ အဲဒီလို စီးဆင်းနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ ဘယ်လောက်အတိုင်းအတာထိ ရယူပိုင်ဆိုင်နိုင်ကြပြီလဲ။

ယောက်ျားလေး လူငယ်အတော်များများဟာ နိုင်ငံတကာမှာ ကန်နေတဲ့ ဘောလုံးပွဲအကြောင်းနဲ့ ဘောလုံးသမား များအကြောင်းကို ကောင်းကောင်း သိကြ ပေမယ့် အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ပညာရေးအဆင့်အတန်း၊ လူမှုရေး၊ စီးပွားရေးတွေကို သေသေချာချာ သိကြတဲ့သူ စိတ်ဝင် စားကြတဲ့သူ မရှိသလောက် တွေ့နေရပါတယ်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်လို့ ပြောနေပေမယ့် ကျွန်တော်တို့ရဲ့ ပတ်ဝန်း ကျင်အခြေအနေဟာ လက်ရှိကာလမှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်နေတုန်းပါပဲ။ နောက်ကျတာမှ အကုန်လုံးပါပဲ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာ အကုန်ုလုံးပါပဲ။ ဒီလွတ်နေတဲ့ ကွက်လပ်တွေကို ဘယ်သူကိုမှ လက်ညှိုးမထိုးဘဲ ကျွန်တော်တို့ တတ်စွမ်းနိုင်သလောက် ဖြည့်နိုင်ဖို့ ကြိုးစားကြရမှာပါ။

အခုချိန်မှာ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာလူမျိုးအတွက် ကျွန်တော်တို့တွေ လုပ်စရာ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ တတ်စွမ်းနိုင်သလောက် လုပ်ကြရမှာပဲ။ ဒါပေမယ့် သတိထားစရာတစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့တွေ တတ်စွမ်းနိုင်သလောက် လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့ ပြောတဲ့ စကား၊ ကျွန်တော်တို့ ရေးတဲ့ အကြောင်းအရာတွေ၊ ကျွန်တော်တို့ရဲ့ အပြုအမူတွေကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင် အဆိပ်အတောက် မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ကိုယ်တိုင်လည်း အသိပညာဝမ်းစာ ပြည့်ဖို့တော့ လိုပါတယ်။ အသိပညာဝမ်း စာကိုတော့ အမြဲတမ်းရှာမှီးနေရမှာပါပဲ။ ကျောင်းပညာ ပြီးဆုံးအောင် တတ်တိုင်း ပညာတတ်တစ်ယောက် မဟုတ်သလို စာအုပ်စာပေတွေ များစွာဖတ်ပြီး ကိုယ်တိုင် တွေးခေါ်မစဉ်းစားရင်လည်း စာဖတ်တယ်လို့ မမည်ပါဘူး။ကျွန်တော်တို့တွေဟာ မသိသေးတဲ့သူတွေကို ကျွန်တော်တို့ သိသလောက်၊ နားလည်သလောက် ရှင်းပြပြောပြပေးနိုင်ရပါမယ်။ ဘက်မလိုက်ကြေးပေါ့။ မတတ်သေးတဲ့သူတွေကို တတ်အောင် နားလည်သလောက် သင်ပေးနိုင်စွမ်း ရှိရ ပါမယ်။ ဆရာစား မချန်ကြေးပေါ့။

နောက်ထပ် စကားတစ်ခွန်း လက်ဆောင်ပါးပါရစေ။ "Little Knowledge is Dangerous." ´´အသိပညာ ဗဟုသုတကို အပြည့်အစုံ မလေ့လာမသိရှိဘဲ တစ်ပိုင်းတစသိရှိခြင်းသည် အကျိုးမများ အန္တရာယ်များ၏´´တဲ့။အထက်မှာ ရေးခဲ့တဲ့ အကြောင်းအရာတွေကနေ ထပ်ပြီးတော့ ဆင့်ပွားစဉ်းစား စေချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးအတွက် သဲတစ်ပွင့်စာမျှ ပေးဆပ်ခွင့်ရတယ်ဆိုရင်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့လူမျိုးမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် အဲဒီလိုအပ်ချက်လေး တွေကို ကျွန်တော့်အမြင်နဲ့ ရေးသားဖော်ပြခြင်းသာ ဖြစ်ပါတယ်။

နွေးထွေးစွာဖြင့်

ဇေယျာဦး

Wednesday, July 15, 2009

စူပါ ပါဝါနိုင်ငံများရဲ့ မြေဇာပင်များ

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာ အားပြိုင်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အချို့နိုင်ငံငယ်များသည် ၎င်းနိုင်ငံများ၏ မြေဇာပင်များ ဖြစ်ခဲ့ကြရသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဥရောပနိုင်ငံများသည် မိမိတို့၏ စီးပွားရေး၊ နိုင်ငံရေးနှင့် နည်းပညာ လွှမ်းမိုးကြီးစိုးနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများဆီသို့ ခြေဆန့်ခဲ့ကြသည်။ ထိုနိုင်ငံငယ်လေးများအပေါ် မိမိတို့၏ သြဇာအရှိန်အ၀ါ ကြီးစိုးမှုရှိနိုင်စေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသည်။ အဓိကအားဖြင့် စီးပွားရေးနှင့် နည်းပညာပိုင်းများကို များစွာအသုံးချ၍ ချဉ်းကပ်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။


ယခုနောက်ပိုင်းတွင် နိုင်ငံကြီးများသည် မိမိတို့ တစ်နိုင်ငံထဲ ထီးတည်းရပ်တည်ရန် မဖြစ်နိုင်တော့သည်ကို နားလည်သဘောပေါက်ခဲ့ကြသည်။ နည်းပညာတိုးတက်မှု အရှိန်အဟုန်နှင့်အတူ အင်အားကြီးနိုင်ငံ များသည် လည်းကောင်း၊ နိုင်ငံငယ်လေးများသည်လည်းကောင်း များစွာပြောင်းလဲတိုးတက်ခဲ့သည်။ ဥရောပနိုင်ငံများသည်လည်း ထီးတည်းရပ်တည်မနေကြတော့ပေ။ ဥရောပသမဂ္ဂ (ယူရိုနိုင်ငံများ) ဟူ၍ ပူးပေါင်းဖွဲ့စည်းလာသကဲ့သို့ အာရှတိုက်ရှိ အရှေ့တောင်အာရှတွင်လည်း အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ) ဟူ၍ ပူးပေါင်းဖွဲ့စည်းလာကြသည်။ ယခင်အချိန်များက တစ်နိုင်ငံချင်းဆီ သီးခြားရှိနေသော အချိန်ကာလများတွင် ထိုနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာများမှာ ပြောပလောက်အောင်၊ ထင်သာမြင်သာရှိလောက်အောင် အရှိန်အ၀ါမရှိခဲ့သော်လည်း ယူရိုနိုင်ငံများအဖြစ်၊ အာဆီယံနိုင်ငံများ အဖြစ် ပူးပေါင်းတည်ရှိလာသောအခါ ဥရောပတွင်လည်းကောင်း၊ အာရှတွင် လည်းကောင်း ဂရုပြု အာရုံစိုက်စရာနိုင်ငံများ ဖြစ်လာခဲ့သည်။ ထင်သာမြင်သာရှိသော အချက်မှာ အာဆီယံနိုင်ငံများထဲသို့ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်တို့ လာရောက်ပူးပေါင်းခဲ့ခြင်းပင် ဖြစ်သည်။ ထိုနိုင်ငံကြီးများသည် သာမန်အားဖြင့် ကြည့်လျှင် အာရှတွင် အင်အားကြီးနိုင်ငံများအဖြစ် ရပ်တည်နေသော နိုင်ငံများဖြစ်ပြီး ထိုကဲ့သို့ ရပ်တည်ခဲ့သည်မှာလည်း ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် ယခုကဲ့သို့ ပူးပေါင်းမှုများ လုပ်ခဲ့ကြသနည်း။


အနာဂတ်တွင် ပေါ်ပေါက်လာမည့် ကမ္ဘာ့စူပါ ပါဝါနိုင်ငံများစာရင်းကို ကမ္ဘာကျော် ဒတ်ခ်ျဘဏ် (Goldman Sachs & JP Morgan) မှ ၂၀၀၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထိုနိုင်ငံများ၏ အသားတင်ထုတ်ကုန်ပမာဏ (GDP) အပေါ် အခြေခံ၍ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုနိုင်ငံများမှာ (၁) တရုတ်၊ (၂) အမေရိကန်၊ (၃) အိန္ဒိယ၊ (၄) ဂျပန်၊ (၅) ဘရာဇီးလ်၊ (၆) ရုရှား၊ (၇)၊ ဗြိတိန်၊ (၈) ဂျာမန်၊ (၉) ပြင်သစ်၊ (၁၀) အီတလီ တို့ဖြစ်သည်။ ထိုနိုင်ငံများထဲတွင် တရုတ်နှင့် အမေရိကန်မှလွဲ၍ ကျန်နိုင်ငံများ၏ GDP တိုးတက်မှုနှုန်းမှာ မသိသာသော်လည်း တရုတ်နှင့် အမေရိကန်တို့၏ ကမ္ဘာ့ဦးဆောင်သူနေရာလုပြိုင်ပွဲမှာ ယခုနောက်ပိုင်းတွင် စစ်အေးအသွင် ဆောင်လာခဲ့ သည်။ စစ်အေးအသွင် ဆောင်လာသည်ဆိုရာ၌ စစ်လက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ထိုထက်နူးညံ့ပျော့ပျောင်းသော Geopolitical, Ecopolitical, Technopolitical (GET) နည်းလမ်းများကို ဆွဲကိုင်လာခဲ့ခြင်း ဖြစ်သည်။


ထိုအင်အားကြီးနိုင်ငံများသည် သံတမန်ရေးရာအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ထို GET ကို လိုအပ်သလို ဆွဲကိုင်အသုံးပြုလာပြီး သြဇာခံနိုင်ငံများအပေါ် အရှိန်အ၀ါကို ချဲ့ထွင်လာခဲ့သည်။ ၎င်းနိုင်ငံများတွင် GET ကို အသုံးချ၍ ၎င်းနိုင်ငံလေးများထဲမှ GDP ကို ရနိုင်သလောက် ယူခဲ့ကြသည်။ သဘာဝရင်းမြစ်များဖြစ်သော သစ်တော၊ မြေအောက်သယံဇာတများ၊ ရေနံများ အစရှိသည်တို့ကို စုပ်ယူခဲ့ကြသည်။ ထို့ပြင် အင်အားကြီးနိုင်ငံများအချင်းချင်း နယ်မြေလုခြင်းများလည်း ရှိခဲ့သည်။ ဥပမာ အမေရိကန်နှင့် အဆင်မပြေသော နိုင်ငံငယ်လေးများအား တရုတ်မှ ၀င်ရောက်၍ နေရာယူသည်။ သြဇာအရှိန်အ၀ါ အခြေချသည်။ ထိုကဲ့သို့ဖြစ်စဉ်မျိုးများ ကို တခြားနိုင်ငံများအတော်များများတွင်လည်း တွေ့ရသည်။


ထင်ရှားမြင်သာသော နိုင်ငံကြီးများထဲမှ အမေရိကန်နှင့် တရုတ်တို့၏ အားပြိုင်မှုမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ တရုတ်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ်များမှ စတင်၍ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံ တိုးတက်အောင် ကြိုးစားခဲ့ကြသည်။ စစ်ဒဏ်ကြောင့် တိုင်းပြည်အကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ရပြီး ထိုစစ်ပွဲ သံသရာထဲသို့ ဆွဲနှစ်ခဲ့သော ဥရောပ၊ အမေရိကန်နှင့် ဂျပန်တို့အပေါ် နားကျည်းမခံချင်စိတ်ဖြင့် တိုးတက်အောင် ကြိုးစားခဲ့ကြ သည်။ ထိုကဲ့သို့ တိုးတက်အောင် ကြိုးစားခဲ့သော တရုတ်နိုင်ငံသည် ယခုအချိန်တွင် အမေရိကန်ကဲ့သို့သော နိုင်ငံမျိုးနှင့်ပင် ရင်ဘောင်တန်းနိုင်သော အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်တို့၏ တိုးတက်မှုသည် ဖြစ်ရိုးဖြစ်စဉ် စည်းကမ်းတကျ တိုးတက်မှုမျိုးမဟုတ်ဘဲ လေပူပေါင်းသကဲ့သို့ ရုတ်တရက် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ တရုတ် နိုင်ငံသည် မိမိတို့၏ တိုးတက်မှုအရှိန်အပေါ် မထိန်းနိုင်ဘဲ ဖြစ်နေလေသည်။ ထို့ပြင် တရုတ်နိုင်ငံ တိုးတက်လာသည့်နည်းတူ တရုတ်လက်အောက်ခံ နိုင်ငံများသည်လည်း များစွာပြောင်းလဲခဲ့သည်။


ယခင်က အမေရိကန်သည် ဆူဒန် အစ္စလာမ်အစိုးရကို ခရစ်ယာန်လက်နက်ကိုင်များအား သတ်ဖြတ်မှုဖြစ်ရာမှ ပြည်တွင်းစစ်ဖြစ်သဖြင့် ကျဉ်ထားခဲ့သည်။ ထိုကဲ့သို့ အမေရိကန်က ကျဉ်ထားသော နိုင်ငံများကို တရုတ်က နေရာဝင်ယူသည်။ ဆူဒန်နိုင်ငံမှ ရေနံအရင်းအမြစ်များကို ရယူသည်။ အီရန်နိုင်ငံမှလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ရေနံအရင်းအမြစ်များ ခမ်းခြောက်လာသည့်နည်းတူ အခြားသဘာဝရင်းမြစ်များသည် လည်း တစတစ ခမ်းခြောက်လာသည်။ ထိုခမ်းခြောက်လာသော ရေနံနှင့် သဘာဝရင်းမြစ်များကို ပြန်လည်အစားထိုးရန်အတွက် ဥရောပနှင့် အမေရိကန်နိုင်ငံများနှင့် အဆင်မပြေသော နိုင်ငံငယ်လေးများနှင့် တရုတ်တို့က ပူးပေါင်း သည်။ သူတို့၏ GET ဖြင့် သိမ်းသွင်းသည်။


ဆူဒန်အစိုးရသည် တရုတ်တို့၏ ရေနံလုပ်ကွက် ချဲ့ထွင်ရန်အတွက် ဒေသခံများအား ရေနံလုပ်ကွက်မှ မောင်းထုတ်ခဲ့သည်။ ထိုကိစ္စအား အမေရိကန်မှ ဦးဆောင်၍ ကုလသမဂ္ဂထံသို့ အရေးယူပေးရန်ဦးဆောင်အစီရင် ခံစာတင်ခဲ့သည်။ သို့သော် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲတွင် ပါဝင်သော တရုတ်နိုင်ငံ ထိုကိစ္စကို လေပြေထိုး အပြီးသတ်ခဲ့သည်။ ထိုကဲ့သို့ အခြားအခြားသော နိုင်ငံငယ်လေးများ၏ အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်က ကြားဝင်ခဲ့ သည်မှာလည်း များစွာရှိခဲ့သည်။

အီရန်အရေးကိစ္စတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အား ချိုးဖောက်ကာ နျူကလီးယားလက်နက် ထုတ်လုပ်ခဲ့သော အီရန်အား အရေးယူရန် အမေရိကန်က ကြိုးပမ်းခဲ့ရာတွင် တရုတ်က တရုတ်-တီဟီရန်စာချုပ်ဖြင့် အပြီးသတ်ခဲ့သည်။ ထိုစာချုပ်အရ တရုတ်တို့သည် အီရန်နိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၅၀၀၀ ကို နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် တင်သွင်းပေးမည် စာချုပ်တစ်ခုကို ရယူနိုင်ခဲ့သည်။ ထို့ပြင် ကျူဘား၊ ဥဇဘက်ကစ္စတန်၊ ဗင်နီဇွဲလား စသော အမေရိကန်နိုင်ငံနှင့် အဆင်မပြေသော နိုင်ငံများထံမှလည်း ထိုကဲ့သို့ သဘာဝရင်းမြစ် စုပ်ယူမှုများနှင့် ကုန်စည်ဖလှယ်မှုများ ရှိခဲ့သည်။


တရုတ်တို့၏ ၀ယ်လိုအားနောက်တစ်ခုမှ ပဲပိစပ် ဖြစ်သည်။ ပဲပိစပ်ကို ဘရာဇီးလ်နိုင်ငံမှ တင်သွင်းသည်။ တရုတ်တို့၏ ပဲပိစပ် ၀ယ်လိုအားကြောင့် ဘရာဇီးလ်တို့သည် ပဲပိစပ်ကို အကြီးအကျယ် စိုက်ပျိုးခဲ့ကြသည်။ စတုရန်းမီတာ ၄.၁ သန်းကျယ်ဝန်းသော အမေဇုန်တောကြီးကို ခုတ်လှဲကာ ပဲပိစပ် စိုက်ပျိုးကြသည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အမေဇုန်တောကြီးတွင် ၃၁ ရာခိုင်နှုန်းမျှ မှီခိုနေကြသော တိရစ္ဆာန်များ ဒုက္ခရောက်ခဲ့ကြရသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ သန်းတန်ပေါင်းများစွာ စုပ်ယူကာ ကမ္ဘာ့အောက်ဆီဂျင် သုံးပုံတစ်ပုံကို ထုတ်လွှတ်ပေးနေသော အဖိုးမဖြတ်နိုင်သော အမေဇုန်တောကြီးသည် တရုတ်တို့၏ ပဲပိစပ်ဝယ်လိုအားကြောင့် မကြာခင်နှစ်ပိုင်း များစွာ ပျောက်ကွယ်တော့မည် အခြေအနေ ဖြစ်နေသည်။


ထိုနည်းတူ တရုတ်နိုင်ငံနှင့် နယ်မြေချင်းဆက်စပ်နေသော နိုင်ငံငယ်လေးများထံမှလည်း ထိုကဲ့သို့ ရင်းမြစ်စုပ်ယူမှုများစွာ ရှိခဲ့သည်။ ထိုရင်းမြစ်များအတွက် တရုတ်မှ အဖိုးနည်းအိုးကွဲ ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ပေးခဲ့ သည်။ ဥပမာတစ်ခုအနေဖြင့် အစိုးရအဖွဲ့အစည်းတစ်ခုသည် တရုတ်နိုင်ငံမှ ချေးငွေ ချေးခဲ့ကြသည်။ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ ချီခဲ့သည်။ ချေးငွေစာချုပ်အရ တရုတ်တို့နှင့် သဘောတူညီမှု တစ်ခုပြုလုပ်ခဲ့ရသည်။ နိုင်ငံအတွက် လိုအပ်သော ကုန်ပစ္စည်းများနှင့် နည်းပညာများ ၀ယ်ယူလိုပါက တခြားနိုင်ငံများထံမှ မ၀ယ်ယူရဘဲ တရုတ်နိုင်ငံထံမှသာ ၀ယ်ယူရမည် ဖြစ်သည်ဟူ၍ ဖြစ်သည်။ ငါးကြင်းဆီနှင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းဖြစ်သည်။


ယခုအခါ တရုတ်သည် အာရှဒေသတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် ရပ်တည်နေနိုင်သော်လည်း မိမိ၏ GDP အပေါ် မိမိကိုယ်တိုင် ယုံကြည်စိတ်ချမှု မရှိဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ဥရောပ၊ အမေရိကန်၊ ဂျပန်တို့ကို ကျော်တက်ကာ ကမ္ဘာ့ဦးဆောင်သူနိုင်ငံနေရာကိုလည်း ရယူချင်နေသည်။ ထင်ရှားသည့် လတ်တလော သာဓကတစ်ခုမှာ ၂၀၀၈ ခုနှစ်ကုန် ၂၀၀၉ နှစ်ဦးပိုင်းကာလတွင် တစ်ကမ္ဘာလုံးတွင် စီးပွားရေးပျက်ကပ်နှင့် ကြုံခဲ့ရ သည်။ အချို့ စီးပွားရေးပညာရှင်များက အမေရိက၏ စီးပွားရေးကျဆင်းမှုနှင့် ဒေါ်လာဈေး မငြိမ်သက်မှုကြောင့် ဖြစ်ပေါ်လာရသည်ဟု ကောက်ချက်ဆွဲကြသည်။ ဒေါ်လာကို ကမ္ဘာ့သုံးငွေကြေးအဖြစ် စံထားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တရုတ်တို့က ဝေဖန်ပြောဆိုသည်။ ဒေါ်လာကို ကမ္ဘာ့သုံးငွေကြေးအခန်းကဏ္ဍက တရုတ်တို့က ပယ်ဖျက်လိုသည်။ ထို့နောက် ကမ္ဘာသုံး ဘုံငွေကြေး (ယူရိုငွေကဲ့သို့) တစ်ခု ပြုလုပ်လိုကြောင်း တရုတ်တို့က ပြောကြားခဲ့သည်။ ဒေါ်လာ ကို ကမ္ဘာသုံးငွေကြေးအဖြစ် ပယ်ဖျက်နိုင်ခဲ့ပါက တရုတ်တို့သည် မိမိတို့၏ ငွေကြေးကို တန်ဖိုးမြင့်တက်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် အမေရိကန်သမ္မတသစ် အိုဘားမားက အမေရိကန်ငွေကြေးသည် ယခုထိ ကမ္ဘာပေါ်တွင် အခိုင်အမာ ရပ်တည်နေနိုင်ကြောင်း၊ စိတ်အချရဆုံးဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းကြောင့် တရုတ်တို့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရသည်။


တရုတ်ကဲ့သို့ပင် အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း နိုင်ငံငယ်လေးများထံမှ ရင်းမြစ်များ စုပ်ယူနေကြဆဲပင် ဖြစ်သည်။ တောင်ကိုရီးယားသည် ဓာတ်ငွေ့တွင်းများကို အချို့သော နိုင်ငံငယ်များထံမှ တူးဖော်နေ သကဲ့သို့ အိန္ဒိယသည်လည်း ဆန်၊ စပါး၊ ပဲ စသော ရင်းမြစ်များကို ရယူနေကြဆဲပင် ဖြစ်သည်။ ရုရှားနိုင်ငံသည်လည်း မိမိသြဇာအာဏာအရှိန်အ၀ါ ကြီးမားရေးအတွက် နိုင်ငံငယ်လေးများအား သိမ်းသွင်းလျက် ရှိနေသေးသည်။ ထို့ကြောင့် နိုင်ငံငယ်လေးများအနေဖြင့် စဉ်းစားသုံးသပ်စရာ ရှိလာခဲ့သည်။ ထိုနိုင်ငံငယ်လေးများသည် -
- တရုတ်ကဲ့သို့ သဘာဝရင်းမြစ်များကို အကုန်သုံးစွဲကာ တိုးတက်အောင် ဆောင်ရွက်မည်လော။
- မိမိတို့၌ရှိသော သဘာဝရင်းမြစ်များကို ထိန်းသိမ်းစောင့်ရှောက်မည်လော။
- စူပါ ပါဝါနိုင်ငံကြီးများ၏ ရင်းမြစ်စုပ်ယူမှုကြောင့် လုံးပါး ပါးရသည့်အခြေအနေမျိုးကို ရောက်ရှိခံမည်လော။
ယှဉ်ပြိုင်မှု၏ နောက်ဆုံးတွင် သူရဲကောင်းသည် တစ်ယောက်ထဲသာ ကျန်ခဲ့သည်သာ ဖြစ်သည်။ မိမိတို့သည် ထိုယှဉ်ပြိုင်မှုများထဲတွင် အလိုအလျောက် ပါဝင်နေသူများ ဖြစ်သည်။ ထို့ကြောင့် GET ယှဉ်ပြိုင်မှုများကြားထဲ တွင် ပုန်းကွယ်နေ၍ မဖြစ်နိုင်သဖြင့် လိုအပ်သည်များကို ပြင်ဆင်နိုင်ခွင့်ရှိရန် ကြိုးစားကြရမည်သာ ဖြစ်သည်။


နွေးထွေးစွာဖြင့်
မောင်စိုးစံ၊ ဇေယျာဦး

Saturday, July 11, 2009

ဘာသာတရားတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း


(၀န်ခံအသိပေးခြင်း။ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်မဟုတ်သလို အတွေးအခေါ်သမား တစ်ယောက်လည်း မဟုတ်ပါဘူး။ ဘာသာရေးဝါဒီသမားလည်း မဟုတ်ပါဘူး။ သာမန်စာဖတ်သူ တစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်တော် သိထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဆက်စပ်ပြီး ကျွန်တော့်အမြင်ကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ အမြင်အယူအဆတစ်ခုကိုသာ ရေးသားထားခြင်းဖြစ်တဲ့အတွက် အယူအဆမတူသူများ များစွာရှိနိုင်ပါတယ်။ ထိုသူများအနေနဲ့ ဒီပို့စ်လေးနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးချင်ရင် zayarooo@gmail.com မှာ ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော် ကိုးကားထားတဲ့စာအုပ်တွေကို ဒီပို့စ်ရဲ့ အဆုံးမှာ ဖော်ပြထားပါတယ်။ )

မြန်မာနိုင်ငံ၌ ဘာသာတရားကိုးကွယ်မှုတွင် ဗုဒ္ဓဘာသာလူမျိုးက အများစု ဖြစ်ကြပါတယ်။။ ဗုဒ္ဓဘာသာမှာ အစဉ်အဆက် ဆင်းသက်လက်ခံလာသော၊ သက်ဝင်ယုံကြည်လာသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက အများစုဖြစ်ပြီး ဝေဖန်ဆန်းစစ် လေ့လာပြီးမှ သက်ဝင်ယုံကြည်လက်ခံသော လူများက အနည်းစု ဖြစ်ပါတယ်။ အစဉ်အဆက် လက်ဆင့်ကမ်းကိုးကွယ်မှုမှာ ဗုဒ္ဓဘာသာဝင်မှတင်မဟုတ်ဘဲ အခြားသော ဘာသာတရား များတွင်လည်း ရှိပေသည်။ မိဘလက်ဝယ်မှ သားသမီးများက လက်သင့်ခံ ကိုးကွယ်လာကြ သူများက အများစု ပါ။ မည်သည့်ဘာသာတရားကိုမျှ မကိုးကွယ်သော လူများက ကမ္ဘာပေါ်တွင် လူနည်းစုမျှသာ ရှိပါတယ်။

ယခုခေတ်ကာလ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစုဟာ ဘာသာတရားကို ကိုးကွယ်ရုံသက်သက်လို့ ယူဆတဲ့သူက အလွန်များပြားလာပါတယ်။ ဘာသာတရားတစ်ခုကို လက်ခံထားတယ်ဆိုတဲ့ အသိကလေးတစ်ခုလောက်ပဲ ထား ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဟာ ဘုရားရှေ့မှာ ဦးချတတ်ရုံ၊ ဘုရားသွားကျောင်းတက်လုပ်ရုံလောက်နဲ့ပဲ ကျေနပ်နှစ်သိမ့်နေတတ်ကြပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်နေရင် လုံလောက်ပါတယ်ဆိုတဲ့ အသိ ကလေးတွေဟာ လူအတော်များများရဲ့ ရင်မှာ ပြည့်နေကြပါပြီ။ ဘာသာတရားတစ်ခုကို လက်ခံပြီး ကိုးကွယ်ယုံကြည်တာဟာ မလုံလောက်ဘူးလားဆိုရင် မလုံလောက်ဘူးလို့ပဲ ကျွန်တော် ဖြေမိမှာပါ။ အများသိကြတဲ့ လွယ်ကူတဲ့ ဥပမာလေးတစ်ခုလိုပါပဲ။ ဥယျာဉ်မှူးတစ်ယောက်ဟာ သူ့ဥယျာဉ်မှာ အပင်လေးတစ်ပင်ကို စပျိုးခဲ့ပြီဆိုရင် အဲဒီအပင်ကလေးကို ရှင်သန်ကြီးထွားလာအောင်၊ အကိုင်းအခက်အလက်ဝေဆာလာအောင် အမြဲတမ်း ပေါင်းသင်ရှင်းလင်း ပျိုးထောင်နေရတာပါ။ အဲဒီလိုမဟုတ်ဘဲ အပင်စိုက်ပြီး ပြီးရောဆိုပြီး ထားခဲ့မယ်ဆိုရင် ဒီအပင်ကလေးဟာ အလွယ်တကူပဲ ညှိုးနွမ်းခြောက်သွေ့ပြီး မကြာခင်မှာ သေသွားမှာပါပဲ။ မိမိလက်ခံထားတဲ့ ကိုးကွယ်နေတဲ့ ဘာသာတရား တစ်ခုကိုလည်း ဒီသဘောအတိုင်း အမြဲတမ်း ရှင်သန်နေအောင်၊ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ အရေးကြီးတဲ့ တာဝန် တစ်ခုပါပဲ။ အဲဒီမထိန်းသိမ်းဘဲ ပစ်ပယ်ထားခဲ့မယ်ဆိုရင် တော့ ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ထင်ရှားခဲ့ပါစေ၊ တစ်ချိန်မှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘာသာတရားတစ်ခုကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ဟာ ဘုန်းကြီးဝတ်ဖို့ မလိုအပ်သေးပါဘူး။ တရားစခန်း အမြဲဝင်နေဖို့လည်း မလိုအပ်သေးပါဘူး။ ပထမဆုံးအချက်က ကျွန်တော်တို့ ကိုးကွယ်နေကြတဲ့ ဘာသာတရားကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာကို စဉ်းစားမိဖို့ပါပဲ။ မေးခွန်းရှိလာပြီဆိုရင် အဖြေအတွက် ကျွန်တော်တို့တွေ စဉ်းစား ကြရမှာပါပဲ။

လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလပိုင်းက မြန်မာနိုင်ငံ နေရာအတော်များများမှာ ဗုဒ္ဓဘာသာအခြေခံ သင်တန်းများ ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာအတွက် အလွန်ကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဒီဗုဒ္ဓဘာသာအခြေခံသင်တန်းများမှာ တစ်စတစ်စ ပျောက်ကွယ်သွားကြပါတယ်။ အခုနောက်ပိုင်း ဘုန်းတော်ကြီးကျောင်း တော်တော်များများမှာ ဘာသာရေးသင်တန်းထက် အခြားသော ခေတ်သိပ္ပံပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခဲ့ကြပါတယ်။ ဘာသာရေးထက် ခေတ်သစ်သိပ္ပံပညာကို အထူးအားပေးသင်ကြားခြင်းဖြစ်ခြင်း ကြောင့် လူငယ်အများစုဟာ ဘုန်းကြီးကျောင်းနယ်ပယ်အတွင်း ရောက်ခဲ့ပေမယ့် ဘာသာရေးကို လေ့လာခွင့် မရခဲ့ကြပါဘူး။ ဒီလိုနဲ့ ကလေးငယ်များ၊ လူငယ်များဟာ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အကြောင်းအရာလေးများကို သိခွင့်ရဖို့ တစ်စတစ်စ ကင်းဝေးခဲ့ကြရပါတယ်။ လူအတော်များများဟာ ဒါတွေကို သတိမထားမိခဲ့ကြပါဘူး။ ဘာသာရေးအတွေးအခေါ် နည်းလာတာနဲ့အမျှ ဘာသာရေးနှင့် ပတ်သက်သော ယုံကြည်မှုသက်ဝင်မှုမှာလည်း လျော့နည်း လာကြပါတယ်။ အချို့သော လူငယ်များက မိမိနှင့် နီးစပ်ရာအသိုင်းအ၀န်းကနေတစ်ဆင့် လေ့လာခွင့်ရဖို့ ကြိုးစားကြပါတယ်။ ဘာသာရေးစာပေများ လေ့လာဖတ်ရှုခြင်း၊ တရားပွဲများတွင် သွားရောက်၍ တရားနာယူခြင်းများ ပြုလုပ်ခဲ့ ကြသော်လည်း အားရစရာ ကောင်းလောက်အောင် လေ့လာမှု မပြုနိုင်ကြတာကို မြင်တွေ့ရပါတယ်။ ရိပ်သာ တရားစခန်းဝင်တာဟာလည်း ထိုနည်းတူပါပဲ။ တရားစခန်းဝင်နေတဲ့အချိန်ကာလအတွင်းမှာသာ ဘာသာတရားကို ပြုလုပ် နိုင်ကြပြီး တရားရိပ်သာက ပြန်အထွက် ရက်အနည်းငယ်အတွင်းမှာပဲ လောကီကိစ္စများစွာကြားမှာ မေ့ပျောက်သွားတတ်ကြပါတယ်။ ဒီမှာ စဉ်းစားစရာနှစ်ခု ရှိလာပါတယ်။ သင်ကြားပြသပေးသော ဆရာသမားများဘက်က သင်ကြား ပြသမှုပိုင်းမှာ အားနည်းကြလို့လား၊ ဒါမှမဟုတ် လက်ခံသင်ယူနေကြတဲ့သူများဘက်က စိတ်ဝင်စားမှုပိုင်း အားနည်းကြလို့လားဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။ နောက်တစ်ခုက ဘာသာရေးဆိုတာကို လက်ဆင့်ကမ်း သင်ကြားပြသ ပေးမယ့်သူများ မြန်မာနိုင်ငံမှာ အတော်ကို နည်းနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာ လောကီကိစ္စတွေကြား လုံးလည်ချာလည်လိုက်နေရင်း သိနားလည်သူများကလည်း ဘာသာရေး အသိကလေးတွေ ဖြန့်ဝေပေးဖို့ မေ့ပျောက်နေတတ်ကြပါတယ်။ မေးမြန်းလာခဲ့ကြသူများ ရှိခဲ့ရင်လည်း သူတို့၏ လမ်းညွှန်မှုမှာ ဘာသာရေးစာအုပ်များ ဖတ်ရှုခိုင်းစေခြင်းနှင့် ရိပ်သာများတွင် လေ့လာခိုင်းခြင်းပင် ဖြစ်ပါတယ်။ယခုနောက်ပိုင်းတွင် လူအတော်များများဟာ စီးပွားရေး၊ လူမှုရေးကိစ္စများနှင့် ရောထွေးရှုပ်ထွေးနေကြခြင်းကြောင့် ဘာသာရေးပိုင်းကို လေ့လာဖို့အတွက် အားနည်းလာကြခြင်းကိုလည်း တွေ့ရပါတယ်။ ထိုထိုသော အကြောင်းများ ကြောင့် ဘာသာရေးပိုင်းမှာ လူအတော်များများ အားနည်းလာတာဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။

ဘယ်အကြောင်းရာမှာမဆို ´အခြေခံ´ သဘောတရားဆိုတာ ရှိပြီသားပါ။ ဘာသာတရားတင်မှ မဟုတ်ပါဘူး။ အသိပညာ၊ အတတ်ပညာကအစ အခြေခံကို မသိဘဲ တစ်ဝက်ကစပြီး သင်တဲ့သူတွေ၊ အဆင့်ကျော်ပြီး သင်တဲ့သူတွေ ဟာ သူတို့ သင်ကြားရတဲ့ အသိပညာ၊ အတတ်ပညာ ဘာသာရပ်တွေအပေါ်ကို လုံးဝနားမလည်ဘဲ သိရုံလောက်ပဲ သိလိုက်ကြတာပါ။ ဘာသာရပ်တစ်ခုကို စပြီး သင်ကြားပြီဆိုကတည်း အခြေခံကစပြီး သင်ကြားကြရပြီး ပြီးတော့မှ တစ်ဆင့်ပြီးတစ်ဆင့် သင်သွားကြရတာပါ။ ယခုနောက်ပိုင်း ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓအကြောင်းအတော်များများကို မသိကြတော့ပါဘူး။ ဒါဟာ အလွန်စိတ်မကောင်း စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

ဗုဒ္ဓ၀ါဒ မပေါ်ခင် အယူဝါဒများယဉ်ကျေးမှု မထွန်းကားသောအချိန် ရှေးခေတ်ကာလ လူများသည် မိမိတို့ဘ၀အတွက် သစ်ပင်၊ တောတောင်၊ နေ၊ ရေ၊ လေ၊ မီး အစရှိသည်တို့ကို ကိုးကွယ်ကြသည်။ နောက်ပိုင်း ယဉ်ကျေးမှုတိုးတက်လာသည်နှင့်အမျှ လူတို့၏ ကိုးကွယ်ယုံကြည်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာကြပါတယ်။ သစ်ပင်၊ တော၊ တောင်များကို ကိုးကွယ်သည့်အဆင့်မှ နတ်ဘုရားများကို ကိုးကွယ်သည့်အဆင့်သို့ ပြောင်းလဲလာကြပါတယ်။ မမြင်မတွေ့ရသော နာမ်ပိုင်းဆိုင်ရာ ကိုးကွယ်မှုများကို အိန္ဒိယတွင် အများဆုံးတွေ့ရပါတယ်။ ထိုခေတ်လူများသည် နတ်ဘုရားများကို ကိုးကွယ်ကြရာတွင် ဝေဒကျမ်းများအလိုအရ ကိုးကွယ်ကြခြင်းဖြစပါတယ်။ ဝေဒကျမ်းများကို နတ်ဒေ၀ါများက ရေးသားထားခြင်း ဖြစ်သည်ဟု ယုံကြည်လက်ခံထားကြပါတယ်။ ပါဠိပိဋက စာပေများတွင် ဗေဒင်(ဝေဒ) သုံးပုံဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။ ဗေဒင် (ဝေဒ) သုံးပုံဆိုသည်မှာ (၁) ဣသျှူဝေဒ (နတ်ဘုရားများကို ချီးမွမ်းခြင်း)၊ (၂) သာမဝေဒ (သောမဒေ၀နတ်အကြောင်းကို ဖွဲ့ဆိုထားသော ကဗျာစု)၊ (၃) ယဇုဝေဒ (နတ်ဘုရားများကို ရည်စူး၍ ပြုလုပ်ရသော ယစ်ပူဇော်ပွဲများတွင် ရွတ်ဆိုသော ကဗျာစုများ) တို့ ဖြစပါတယ်။ နောက်ပိုင်းတွင် ဝေဒကျမ်းတစ်ခု ထပ်တိုးပွားလာ ပါတယ်။ ယင်းတစ်ခုမှာ အာတပ္ပနဝေဒ ခေါ် စုန်းကဝေ တစ္ဆေနှင့် နတ်မိစ္ဆာများကြောင့်ဖြစ်သော ရောဂါများနှင့် ရိုးရိုးသဘာဝရောဂါများကို ပျောက်ကင်းစေသည့် ဂါထာမန္တရားများနှင့် ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ စသော သိဒ္ဓိအမျိုးမျိုးပြီးစေ သည့် ဂါထာမန္တရားများ ပါဝင်သော ကျမ်းဖြစ်ပါတယ်။ ယင်းကျမ်းများကို နှောင်းလူများက ဗေဒင်ကျမ်းများဟု ခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဤကျမ်းများထက် ပိုမိုကောင်းမွန်သော ကျမ်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။

သိဒ္ဓတ္တ၊ ဂေါတမဗုဒ္ဓဘုရားလောင်းသိဒ္ဓတ္တမင်းသားသည် သေတကေတုနတ်သားဘ၀မှ စုတေ၍ မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၌ ပဋိသန္ဓေယူပြီး မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်သည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၅၆၇ ခုနှစ်တွင် ဖြစ်သည်။) ဘုရားလောင်းသိဒ္ဓတ္တသည် မဟာသက္ကရာဇ် ၉၇ ခု၊ သက်တော် ၂၉ နှစ်တွင် တောထွက်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားစင်စစ်ဖြစ်တော်မူသည်။ သက်တော် ၈၀ ၊ သက္ကရာဇ် ၁၄၀ ခုနှစ်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၄၈၇ ခုနှစ်တွင် ဖြစ်သည်။) ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီး ၇ ရက်ကြာပြီးနောက် ရှင်မဟာကဿပအပါအ၀င် သံဃာ ၅၀၀ ဟာ တခြားဒေသတစ်ခုသို့ ရောက်ရှိနေချိန်ဖြစ်ပါတယ်။ ဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားသိရတဲ့အခါ ရဟန်းတော်အများ အပြား ငိုကြွေးကြတယ်။ အဲဒီလို ငိုကြွေးနေတဲ့အချိန်မှာ သုဘဒ်အမည်ရှိတဲ့ ရဟန်းတစ်ပါးက ဗုဒ္ဓ မရှိတော့တဲ့နောက်ပိုင်း ၀မ်းနည်းပူဆွေးနေစရာမလိုဘဲ လွတ်လပ်စွာ စိတ်တိုင်းကျနေနိုင်ပြီလို့ ပြောတယ်။ အဲဒီလိုရဟန်းများ ရှိနေ တာကို ရှင်မဟာကဿပ သံဃာတော်အရှင်သူမြတ်တို့ကို လျှောက်ထားပြီး သင်္ဂါယနာတင်ဖို့ အကြံပြုပါတယ်။ ထိုသို့သော သံဃာတော်များကြောင့် သာသနာ မကွယ်ပျောက်စေရန် ဘုရားဟောကြားခဲ့သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တို့ဖြင့် သင်္ဂါယနာတင်ရန် အကြံပြုပါတယ်။ ထိုကဲ့သို့ သာသနာတော်အား ဖျက်ဆီးမည့် သံဃာအတု အယောင်များကို အဆက်ဆက် ဖယ်ရှားရှင်းလင်းခဲ့ရာ ၆ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သင်္ဂါယနာတင် ခဲ့သည့်အကြိမ်မှာ အောက်ပါ အတိုင်း မှတ်သားထားနိုင်ပါတယ်။
(၁) ပထမအကြိမ် သင်္ဂါယနာတင်ပွဲကို မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်မှ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး သုံးလတိတိအကြာတွင် သင်္ဂါယနာတင်ရာ ခုနစ်လတိတိ ကြာသည်။ အဇာတသတ်မင်း လက်ထက်တွင် ဖြစ်သည်။
(၂) ဒုတိယမြောက် သင်္ဂါယနာတင်ပွဲကို သာသနာ သက္ကရာဇ် ၁၀၀ ပြည့်မြောက်သောအချိန်တွင် ဝေသာလီပြည် ကာလာသောကမင်းလက်ထက်တွင် ရှင်မဟာယသကြီးမှူး၍ သင်္ဂါယနာတင်ရာ ရှစ်လတိတိကြာသည်။ (ခရစ်တော် မပေါ်မီ ၄၄၃ တွင် ဖြစ်သည်။)
(၃) တတိယသင်္ဂါယနာတင်ပွဲကို ပါဋလီပုတ်ပြည် သီရိသောကမင်းလက်ထက် သက္ကရာဇ် ၂၃၅ ခုနှစ်တွင် အသောကရာမကျောင်းတိုက်၌ သင်္ဂါယနာတင်ရာ ကိုးလကြာသည်။ (ခရစ်တော်မပေါ်မီ ၃၈၅ ခုနှစ်တွင် ဖြစ်သည်။)
(၄) စတုတ္ထမြောက် သင်္ဂါယနာတင်ပွဲကို သီဟိုကျွန်း မလယဇနပုဒ်၌ ၀ဂ်ဂါမဏိမင်းလက်ထက် သက္ကရာဇ် ၄၅၀ ခုနှစ်တွင် သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်မပေါ်မီ ၁၀၁ ခုနှစ်တွင် ဖြစ်သည်။)
(၅) ပဉ္စမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် မန္တလေးမြို့၌ သာသနာသက္ကရာဇ် ၂၄၁၅ ခုနှစ်တွင် သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်သက္ကရာဇ် ၁၈၄၁ ခုနှစ်တွင် ဖြစ်သည်။)
(၆) ဆဋ္ဌမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ ဦးနုလက်ထက် သာသနာသက္ကရာဇ် ၂၄၉၈ ခုနှစ်တွင် နောက်ဆုံး သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်သက္ကရာဇ် ၁၉၅၄ မှ ၁၉၅၆ ခုနှစ်အတွင်းဖြစ်သည်။)

ယခုကဲ့သို့ ခေတ်အဆက်ဆက် သင်္ဂါယနာတင်ခဲ့ရခြင်းမှာ သာသနာအတွင်း သာသနာကွယ်ပျောက်စေမည့် ကိစ္စများစွာဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်များ၊ တရားတော်များ၊ ၀ိနည်းတော်များ အတိုင်း လိုက်နာကျင့်သုံးမှုမရှိဘဲ ထေရ၀ါဒနှင့် မသက်ဆိုင်သော တန္တရ၀ါဒများ၊ သာသာနအပဖြစ်သော နတ်ကိုးကွယ်မှုများ၊ မန္တန်ရွတ်ဖတ်များ တိုးပွားလာခြင်းကြောင့် သာသနာတော်ကို သန့်စင်အောင် အမြဲတမ်းရှင်းလင်းဖယ်ရှားခဲ့ ရပါတယ်။ ဗုဒ္ဓ ပွင့်ထွန်းခဲ့သော အိန္ဒိယနိုင်ငံသည် ထိုတန္တရ၀ါဒများ၊ မန္တန်ရွတ်ဖတ်မှုများ၊ နတ်ကိုးကွယ်မှုများ၊ အင်းအိုင်လက်ဖွဲ့များကြောင့် သာသနာမှေးမှိန်ကွယ်ပျောက်ခဲ့ရခြင်း ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည် ထေရ၀ါဒ နှင့် မသက်ဆိုင်သော အယူဝါဒများကို ရှောင်ရှားသင့်သည်။ ထိုအယူဝါဒများကို ဖော်ပြရလျှင်--
သံဃာဂိုဏ်းခွဲခြင်း-
နတ်ကိုးကွယ်ခြင်း၊
ဘိုးတော် မယ်တော် ကိုးကွယ်ခြင်း၊-
ဂါထာမန္တန်ရွတ်ဖတ်ခြင်း၊
ဗေဒင်ဟောခြင်း၊
အင်းအိုင်လက်ဖွဲ့ ယတြာပြုလုပ်ခြင်း၊ ယုံကြည်ခြင်း၊-
ဘုရားလောင်း ကိုးကွယ်ခြင်း.. စတာတွေဖြစ်ပါတယ်။

သံဃာဂိုဏ်းခွဲခြင်းအမှုသည် ထေရ၀ါဒဗုဒ္ဓဘာသာတွင် အလွန်အန္တရာယ်အကြီးဆုံးနှင့် အပြစ်အကြီးဆုံး အမှုကိစ္စဖြစ်သည်။ သံဃာဂိုဏ်းခွဲခြင်းသည်ပင် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ဗုဒ္ဓအလိုတော်အရ သံဃာတော်တို့သည် ကိစ္စများစွာကို ဆောင်ရွက်ကြရာတွင် ကွဲပြားခြားနားခြင်းမရှိစေရဘဲ စည်းလုံးညီညွတ်စွာ ပြုမူလုပ်ဆောင်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ သံဃာတော်အရှင်သူမြတ်တို့အား စည်းလုံးညီညွတ်မှုပျက်ပြား အောင် ပြောဆိုခြင်း၊ ရေးသားခြင်းသည် သံဃာဂိုဏ်းခွဲခြင်းပင် ဖြစ်သည်။
နတ်ကိုးကွယ်ခြင်း၊ ဘိုးတော် မယ်တော်ကိုးကွယ်ခြင်းသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာပြင်ပ အယူဝါ ဒများဖြစ်သည်။ နတ်ကိုးကွယ်ခြင်းသည် ဗုဒ္ဓလက်ထက်မတိုင်ခင်ကတည်းက ပေါ်ပေါက်ခဲ့သော အယူဝါ ဒပင်ဖြစ်သည်။ ဗုဒ္ဓသည် နတ်ကိုးကွယ်မှု အယူဝါဒကို ဝေဖန်ခြင်းမပြုခဲ့သော်လည်း ထိုအယူဝါဒကို လုံးဝလက်မခံခဲ့ချေ။ ဗုဒ္ဓသည် ထိုအယူဝါဒများနှင့် စပ်လျဉ်း၍ သီးသန့်ဟောကြားမှုမရှိခဲ့ပေမယ့် ရဟန်းသံဃာတော်များအား ဟောကြားတော်မူသောတရား တော်များတွင် ထိုအယူဝါဒများနှင့် ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချတော်မူသည်။
နတ်ကိုးကွယ်မှုသည် လူတို့တွင် အရိုးစွဲနေသော အယူဝါဒပင် ဖြစ်သည်။ နတ်ကိုးကွယ်မှုသည် ဗြဟ္မဏ၀ါဒမှ ဆင်းသက်လာပြီး ဟိန္ဒူဝါဒမှတစ်ဆင့် မြန်မာလူမှုရေးနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ဂါထာမန္တန်ရွတ်ဖတ်ခြင်း၊ ဗေဒင်ဟောခြင်း၊ အင်းအိုင်လက်ဖွဲ့ခြင်းများကို ဗုဒ္ဓသည် ကဲ့ရဲ့ရှုတ်ချတော်မူသည်။ ထိုအယူဝါဒများသည် ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်နေခြင်းကြောင့် ဖြစ်သည်။ ဗုဒ္ဓ၏ တရားဒေသနာတော်များသည် မဂ်ဖိုလ်၊ နိဗ္ဗာန်သို့ ဦးတည်၍ သံသရာမှ လွတ်မြောက်ရန် ဦးတည်သော အယူဝါ ဒဖြစ်သည်။ ဦးအေးမောင်၏ ဗုဒ္ဓအမြင် လူသားစွမ်းအင်စာအုပ်တွင် ဤသို့ ရေးသားထားသည်။ ´´ဗုဒ္ဓသည် အင်္ဂ၀ိဇ္ဖာ၊ ယတြာ၊ ဗေဒင်၊ ဓာတ်ရိုက်ခြင်း၊ မန္တန်မှုတ်ခြင်း၊ အိပ်မက် ဖတ်ခြင်း စသော လောကီအတတ်ပညာများကို ယုံကြည်သော လူတို့အား ကဲ့ရဲ့ပြစ်တင်တော် မမူချေ။ သို့ရာတွင် ရဟန်းတို့အား မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထိုလောကီပညာများကို လေ့လာခြင်း၊ သင်ကြားပို့ချခြင်းမပြုရန် တားမြစ်တော်မူခဲ့၏။ (သုတ္တနိပါတ် တုဝဋသုတ်နှင့် ၀ိနည်းစူဠ၀ါပါဠိတော်)´´ လူတို့သည် အသိပညာဗဟုသုတ ပြည်စုံသူဖြစ်ပင်သော်လည်း ထိုလောကီအယူဝါဒများကို စွန့်လွှတ်ဖို့ရန် အလွန်ခဲယဉ်းကြ သည်။ ထိုကြောင့် ဗုဒ္ဓသည် ထိုအကြောင်းကိစ္စ များနှင့် စပ်လျဉ်း၍ လူတို့အား အထွေအထူး ဟောကြားခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ထိုလောကီအယူဝါဒများကို ရှောင်ကျဉ်သင့်သည်။ လူပုဂ္ဂိုလ် ပင် မဆိုနှင့်၊ အချို့သော သံဃာတော်များထဲတွင်ပင် ထိုလောကီအယူဝါဒများနှင့် ရောထွေးလျက် ရှိသည်။ ထိုအယူဝါ ဒများကို ထိုကဲ့သို့သော သံဃာတော်များက ဘုရားဟော ဒေသနာတရားတော်များထဲတွင် ပါသယောင်ယောင် ဟောပြောတတ်ကြသေးသည်။ ထိုသူတို့သည် အင်းအိုင်လက်ဖွဲ့ပေးခြင်း၊ ဂါထာမန္တာန်ရွတ်ဖတ်ခြင်းများပင် ရှိတတ်သည်။ ထိုကဲ့သို့ သံဃာတော်များ သာသနာတော်အတွင်း ရှိနေခြင်းသည် ဗုဒ္ဓသာသနာတော် အနှောင့်အယှက်ပင် ဖြစ် သည်။
ဘုရားလောင်းကိုးကွယ်ခြင်းဝါဒသည် မဟာယာနဗုဒ္ဓဘာသာအယူဝါဒ ဖြစ်သည်။ ဘုရားလောင်းသည် ကိလေသာ မကင်းစင်သေးသော လူသားတစ်ယောက်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့ ကိုးကွယ်မှုမျိုးကို ဗုဒ္ဓသည် ကဲ့ရဲ့ရှုတ်ချတော်မူ သည်။ အချို့သော မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေရ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော အယူဝါဒများကို လက်ခံထားသည်။ မြန်မာနိုင်ငံတွင် ဘာသာရေးအပေါ် လေ့လာမှု အားနည်း သူများသည် ဘာသာတရားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဘဲ ရောထွေးနေတတ်သည်။ အချို့သော လူအများစုသည် ဗုဒ္ဓဘာသာချင်းအတူတူ ထေရ၀ါဒနှင့် မဟာယာန အတူတူပင်ဟု ထင်မြင်တတ်ကြသေးသည်။

တကယ်လေးစားကြည်ညိုထိုက်သော သံဃာတော်အရှင်သူမြတ်တို့သည်လည်း မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင် ရှိနေဆဲပင် ဖြစ်သည်။ ထိုဆရာတော် သံဃာတော်တို့သည်လည်း သာသနာတော်အတွက် အားကြိုးမာန် တက် ဟောပြောပို့ချနေကြတုန်းပင် ဖြစ်သည်။။ နားထောင်ကောင်းရုံသက်သက် ဟောပြောနေခြင်း မဟုတ်ပေ။ အဲဒီလိုမှမဟုတ်ဘဲ ``သာသနာဘက်မှာတော့ အစားချောင်၊ ပျင်းလို့ ပဉ္ဇင်းခံတဲ့ကောင် မဖြစ်ပါစေနဲ့´´ ဆိုတဲ့ အဆိုအမိန့်ထဲကလို သံဃာတော်များစွာလည်း ရှိနေပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူအများစုဟာ စီးပွားရေးကျဆင်းလာပြီး မနက်စာနဲ့ ညစာ ပုံမှန်စားရဖို့အတွက် ရုန်းကန်လှုပ်ရှား နေကြရတဲ့အချိန်မှာ သူတို့တွေဟာ အခါကြီးရက်ကြီးတွေကလွဲလို့ ဘုရားသွား ကျောင်းတက်လုပ်ကြတာ အတော်ကို နည်းသွားပါပြီ။ စီးပွားရေး ပြေလည်ဖို့၊ ရာထူးတက်ဖို့အတွက် ဗေဒင်လက္ခဏာမေးကြ၊ အဆောင်ယတြာလုပ်ကြတဲ့ သူတွေက များလာကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ ဒီလိုမျိုးကိစ္စတွေ ရောယှက်လာတာဟာ ထေရ၀ါဒဘာသာတရား ပျောက်ကွယ်ဖို့အတွက် အကြောင်းလမ်းစများပဲ ဖြစ်ပါတယ်။ အချို့သော ဆရာသမားကြီးများကလည်း သံယောင်လိုက် လုပ်တတ်ပါသေးတယ်။ ``ဘုရားသာသနာ ကုန်လို့ သိကြားသာသနာခေတ်ကို ရောက်လာပါပြီ´´ ဆိုတာပါ။ သီချင်းတောင် လုပ်ဆိုကြပါသေးတယ်။ ဘုရားသာသနာဟာ နှစ်ပေါင်း ၅၀၀၀ တည်တံ့မယ်လို့ ဘုရားရှင် က ဟောပြောခဲ့ပြီးသားဖြစ်ပါတယ်။။ အခုမှ နှစ်ပေါင်း ၂၅၀၀ ကျော်ပဲ ရှိပါသေးတယ်။ အဲဒီလို ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြုစုမပျိုးထောင်ဘဲနဲ့ တလွဲလုပ်နေကြတဲ့ သူတွေကြောင့် ဘာသာတရားအပေါ် လူအများစု အာရုံစူးစိုက်မှု နည်းပါးလာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။

ဗုဒ္ဓသာသနာကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာသူ ရှင်အရဟံနှင့် ပထမမြန်မာနိုင်ငံ ထူထောင်သူ အနော်ရထာပုဂံပြည့်ရှင် အနော်ရထာနဲ့ ရှင်အရဟံဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသူတွေပါ။ ဘယ်လောက်ထိ သူတို့တွေ ကြိုးပမ်းခဲ့သလဲဆိုတာကို လေ့လာချင်ရင် ဆရာ သော်တာဆွေ ဘာသာပြန် ရေးသားတဲ့ ``ပုဂံသူရဲကောင်းများ´´ ဆိုတဲ့ စာအုပ်ကို ရှာဖွေဖတ်ကြည့် စေချင်ပါတယ်။ မူရင်း စာရေးဆရာမက ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပါ။ ဆရာမကြီးက အင်္ဂလိပ်လို ရေးသားထားတာကို ဆရာ သော်တာ ဆွေက မြန်မာလို ဘာသာပြန်ထားတာပါ။ ဒါပေမယ့် အထင်ကရ ထင်ရှားတည်ရှိနေတဲ့ ရွှေတိဂုံဘုရားမှာတောင် အနော်ရထာနဲ့ ရှင်အရဟံတို့ရဲ့ အထိမ်းအမှတ် ရုပ်တုတွေ မရှိပါဘူး။ ဘုရားရှင်ရဲ့ တရားဒေသနာတော်တွေ၊ ကျမ်းဂန်တွေကို မြန်မာနိုင်ငံမှာ လေ့လာခွင့်ရနေတာဟာ အနော်ရထာနဲ့ ရှင်အရဟံ ကျေးဇူးကြောင့်ပါပဲ။ သူတို့ကြောင့် ကျွန်တော်တို့ အရည်းကြီးမဖြစ်ဘဲ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့် ရနေတာပါ။
ဒီပို့စ်လေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့ရဲ့ ဘာသာတရားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက် သင့်သလဲဆိုတာကို အကျဉ်းချုံးဖော်ပြထားခြင်း ဖြစ်ပါတယ်။ ပြီးပြည့်စုံသော် ဖော်ပြချက်များ မဟုတ်ပေမယ့် ဒီကမှတစ်ဆင့် ဆင့်ပွားအတွေးကလေးများ ရလာမယ်ဆိုရင် ကျေနပ်ပါတယ်။ ဘာသာတရားတစ်ခုကို လေ့လာတယ်ဆိုတာ အသက်အရွယ်အပိုင်းအခြားနဲ့ မသက်ဆိုင်ပါဘူး။ လေ့လာလို စိတ်နဲ့ပဲ ဆိုင်တာပါ။ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ တရားတော်များကို ဖတ်ရှုလေ့လာကြည့်ပါက ထိုသဘောတရားကို မြင်တွေ့နိုင်ပါတယ်။

နွေးထွေးစွာဖြင့်
ဇေယျာဦး

ကိုးကားသောစာအုပ်များနှင့် တရားတော်-
ဦးအေးမောင် - ဗုဒ္ဓအမြင် လူသားစွမ်းအင်-
ညိုသောင်း - ဘာသာကြီးလေးခု အနှစ်သာရများ-
မြသန်းတင့်- လာခြင်းကောင်းသောအရှင်-
ဆန်းလွင်- ရတနာသုံးပါး ယုံကြည်ကိုးကွယ်ဆည်းကပ်သူတစ်ယောက်အကြောင်း-
ဦးရွှေအောင်- အမြင်များ ပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ-
ဆရာတော် ဦးကောသလ္လ၏ နှလုံးသားဝယ် ဘုရားတည် တရားတော်

Tuesday, June 23, 2009

ကျွန်တော်တို့ မရှိတော့တဲ့နောက်



သို့ ပြီးတကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏

ဆရာဇော်ဂျီ

တစ်ချိန်က ဆရာဇော်ဂျီရဲ့ ´သင်သေသွားသော်´ ဆိုတဲ့ ကဗျာထဲက အပိုဒ်ကလေးတစ်ပိုဒ်ကို ကြိုက်တာနဲ့ ကူးယူထားမိတာပါ။ ဆရာဇော်ဂျီရဲ့ ကဗျာမှာပါတဲ့ စကားလုံးတိုင်းဟာ အလွန်ကိုတန်ဖိုးရှိပြီး မှတ်သားဖွယ် ကောင်းပါတယ်။ ကျွန်တော်တို့တွေ သေဆုံးသွားပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ ဘ၀၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ဘာတွေများ ပြောင်းလဲအောင် လုပ်ပေးနိုင်ခဲ့သလဲဆိုတာ သိစေချင်တာပါ။ ကျွန်တော်တို့က လူငယ်တွေပဲလေ။ လူကြီးတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ လက်ရှိအချိန်မှာ တတ်စွမ်းနိုင်သလောက် ပတ်ဝန်းကျင်အတွက် ကျွန်တော်တို့ ဘယ်လောက်များ ကောင်းအောင် လုပ်ပေးခဲ့သလဲ။ ကျွန်တော်တို့ ဘာတွေများ ဆုတ်ယုတ်အောင် လုပ်ခဲ့သလဲ။ ကျွန်တော်တို့တွေ ကျွန်တော်တို့လူမျိုးအတွက် ကြိုးစားကြရအောင်လား။
နောက်ကဗျာလေးတစ်ပုဒ်ကလည်း အပိုင်းအစလေးတစ်ခုပါပဲ။

ငါသေသွားရင်
ငါ့အသားကို ခွေးကျွေးလိုက်စမ်းပါ
ငါ့အသားကို ခွေးတောင်မှ မစားရင်ဖြင့်......

ဒီကဗျာလေးက မော်ဒန်ကဗျာလေးတစ်ပုဒ်ပါ။ ရေးတဲ့သူရဲ့ နာမည်ကိုတောင် မမှတ်မိတော့ဘူး။ ကျွန်တော် အရမ်းကြိုက်တဲ့ ကဗျာလေးပါပဲ။ ကျွန်တော်တို့ အသက်ရှင်နေသေးတဲ့ကာလအတောအတွင်းမှာ ကျွန်တော်တို့အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော ဘယ်တွေများ အသုံးကျခဲ့သလဲ။ ကျွန်တော်တို့ကိုယ်တိုင် ပတ်ဝန်းကျင်အတွက် အကျိုးပြုတဲ့သူ၊ အသုံးကျတဲ့သူရော ဖြစ်ပြီလား။ လမ်းဘေးမှာ လေလွင့်နေတဲ့ ခွေးက အလေအလွင့်တွေကို ရှာဖွေစားသောက်တတ်ပြီး ကျွန်တော်တို့ သေသွားတဲ့အခါ ကျွန်တော်တို့ ကိုယ်ခန္ဓာက ဘာမှ အသုံးမ၀င်တော့ပါဘူး။ အဲဒီ အသုံးမ၀င်တော့တဲ့ ခန္ဓာကိုယ်အလေအလွင့်ကြီးကို လမ်းဘေးမှာ လွင့်နေတဲ့ခွေးတောင်မှ စက်ဆုပ်တယ်ဆိုရင်...........

ဒီကဗျာလေးနှစ်ပုဒ်က ကျွန်တော့်ဘ၀ကို အများကြီး ပြောင်းလဲစေခဲ့ပါတယ်။ ကျွန်တော်တို့တွေ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘာတွေကိုများ အကောင်းဆုံး လုပ်နိုင် ခဲ့သလဲ။ ဘာတွေကိုများ ဆုတ်ယုတ်အောင် လုပ်ခဲ့သလဲ။ ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင် မကြိုးစားပါနဲ့ဦး။ ကျွန်တော်တို့ကိုယ်တိုင် ပတ်ဝန်းကျင်အတွက် ဘယ်လောက်အသုံးကျတဲ့သူဖြစ်နေပြီလဲဆိုတာကိုပဲ အရင်ဆုံး ကြိုးစားကြည့်ရမှာပါ။ ကျွန်တော်တို့ ပြောတဲ့စကားတစ်ခွန်း၊ ကျွန်တော်တို့လုပ်တဲ့ လုပ်ရပ်တစ်ခုဟာ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်အတွက် အဆိုးမဖြစ်ဖို့ လိုပါတယ်။ ကျွန်တော် စဉ်းစားမိတာလေးတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ´ဗုဒ္ဓက သူ့ပတ်ဝန်းကျင်ကို မပြောင်းလဲခဲ့ပါဘူး၊ ဗုဒ္ဓရဲ့ အတွေးအမြင်၊ အတွေးအခေါ်၊ သူ့ရဲ့ အပြုအမူတွေ၊ သူ ပြောခဲ့တဲ့ စကားတွေကြောင့်သာ သူ့ပတ်ဝန်းကျင်ဟာ ပြောင်းလဲသွားတာပါ။´ဒါကတော့ ကျွန်တော့်အမြင်ပေါ့။
အသက်သေဆုံးသွားပြီး နာမည်မသေဆုံးသေးခဲ့တဲ့ လူတွေဟာ သူ့ဘ၀ပတ်ဝန်းကျင်ကို အများကြီး ပြောင်းလဲအောင် လုပ်ခဲ့နိုင်စွမ်းရှိတဲ့သူတွေပါ။ အဆိုးတွေရော၊ အကောင်းတွေရောပေါ့။ ဂဠုန်ဦးစောလည်း အဆိုးနဲ့ နာမည်ကြီးခဲ့တာပဲ။ အခုထိ သူ့ကို လူတိုင်းသိနေတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းလည်း တိုင်းပြည်အတွက် အများကြီးလုပ်ခဲ့တာပဲ။ ဒါကြောင့် သူ့ကိုလည်း လူတိုင်း အမှတ်ရနေတာပါပဲ။ ကျွန်တော်တို့တွေ သူတို့လောက် မလုပ်နိုင် သေးရင်တောင်မှ ကျွန်တော်တို့ မရှိတော့တဲ့အခါ၊ ကျွန်တော်တို့ သေဆုံးသွားတဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို အမြဲတမ်း ကောင်းသောအမှတ်ရခြင်းမျိုးနဲ့ အမှတ်ရနေအောင် ကြိုးစားခွင့် ရှိနေကြပါသေးတယ်။ ကြိုးစားကြပါစို့ ။


နွေးထွေးစွာဖြင့်

ဇေယျာဦး