Friday, May 14, 2010
တူတူရေ ........
ငယ်ငယ်တုန်းက တူ တူ ရေ .. ၀ါး ဆိုပြီး ကစားခဲ့ကြဖူးမယ်လို့ ယုံကြည်ပါသည်။ ထို့နည်းတူစွာပင် နေစိုးနိုင် အပါအ၀င် ပေးဆပ်သူ အဖွဲသူ ၊ အဖွဲ့သားများမှာလည်း တူတူ ပုန်းတမ်း ကစားနေသည့် အလား အထင်မှား ရလောက်အောင် ကို ပျောက်ချက်သားကောင်းခဲ့ကြပါသည်။ ဘလော့ဂါ သူငယ်ချင်း အပေါင်း က မေ့လောက်တဲ့ အချိန်ရောက်မှာ ၀ါး....... ဆိုပြီး ကဗျာတစ်ပုဒ် ၊ စာတစ်ပုဒ်ဖြင့် ထထ အော် တတ်ပါသည်။ ထိုနည်းဖြင့် ပေးဆပ်သူ ဘလော့ ကလေးမှာ အသက် ငွေ့ငွေ့ ဖြင့် ချီတက်နေရပါတော့သည်။
အရင်းကို စစ် တော့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်လုပ်မနေတော့ပါဘူး ။ ကျွန်တော် အပြစ်တွေလို့ပဲ ပြောပါရစေတော့ သူငယ်ချင်း တွေက စာတွေရေးပို့ ကျွန်တော် က မေးမစစ်ဖြစ် ၊ စစ်ပြန်တော့ ကော်နက်ရှင်ကမကောင်း ..ဒီဇာတ်လမ်းအဟောင်းကြီးကိုလည်း ပြန်မပြောချင်တော့ဘူး .. ဒါတွေပြော .. ဒေါ က ပါလာတော့မယ်။
ကဲ .. ကဲ .. (သိပ်တော့မကဲနဲ့ပေါ့ဗျာ .. ထိုက်သင့်သလောက်ပေါ့ ) အခုတော့ ကျွန်တော် လည်း ဘလော့ ဂါ တိုင်းပြည် တရိုး သဝေထိုးနိုင်ဖို့ ခြေလှမ်းတွေ ပြန်ပြင်နေပါပြီ။
ဘာ တဲ့ .. သီချင်းလေးတစ်ပုဒ်ရှိပါတယ်..
စင်ပေါ်ရောက်တဲ့တနေ့ ..
အောင်မြင်ခဲ့တဲ့တနေ့
စိတ်ရှည် လက်ရှည်နဲ့ မင်းစောင့်မျှော် ဆိုလားမသိ ( ရှေ့နောက် အမြီး အမောက် တည့်မည်မထင်ပါ)
အဲဒူဘိုင်းနေတုန်းကတော့ ... ဒီသူချင်း သံစဉ် ကလေးကိုပဲ စာသားပြောင်းပြီး
အိမ်ပြန်ရမယ့်နေ့ ...
ရာထူးတက်တဲ့ တစ်နေ့
စိတ်ရှည်လက်ရှည်နဲ့ မင်းစောင့်မျှော် .. ဆိုပြီး ဆိုခဲ့ပြန်ရော ..
အခုတော့ တဖန် ဆိုချင်ပြန်တာက .. ဒီလိုပါဗျ (ဇာတ်သံတောင်ပေါက်လာသလိုပဲနော် ;) )
ကော်နက်ရှင်ကောင်းတဲ့တနေ့
ကျော်လို့ရတဲ့နေ့
စိတ်ရှည်လက်ရှည်နဲ့မင်းစောင့်မျှော် ... ဆိုပြီး စိတ်ထဲမှာ အော်ဆို .. ပျော်သလိုလို တော့ ဖြစ်မိသား ကလား ။
ကျွန်တော် တို့ ပေးဆပ်သူ က လူတွေ အပေါ်မှာ စာရေးရေး မရေးရေး အားပေးတော်မူကြကုန်သော ဘလော့ဂါ စာရေးသူ ၊ ဖတ်သူ သူငယ်ချင်းမိတ်ဆွေ များအားလုံးကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။
ထို့ကြောင့် ၊ ထို့ကြောင့် ထိုထို့ကြောင့် ပင် ကျွန်တော်တို့ ပေးဆပ်သူမှ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း မောင်းကြေးနင်း ခတ်လိုက်ပါတယ်ခင်ဗျား...
ဂွမ် ... ဟွမ် .. ဟွမ် .. ( မောင်းက ကြေးနဲ့ မလုပ်နိုင်တော့ ဒံနဲ့လုပ်ထားလို့ ကြေးသံမပေါက်တော့တာပါ ။ ကြေးတွေ ဘယ်ရောက်ကုန်တုန်း မမေးနဲ့ ကျည်ဆံလုပ်လို့ ကုန်ပြီ လို့ သေတောင်မပြောဘူး ... အင်္ဂလိပ်၊ ဂျပန် ခေတ် ကပြောပါတယ် )
ကျွန်တော် တို့တွေက ဘာမှမဟုတ်ပေမယ့် ။ အားလုံး က ၀တ်တရား မကင်းတဲ့ ဖွတ် ကျားမင်း တွေဖြစ်နေတော့ စာရေးတာ ၊ စာတင်တာ က ကျဲသွားတာပါ။
လေးစားစွာဖြင့်
နေစိုးနိုင်
Thursday, April 8, 2010
ငုပန်း နှင့် လူတို့၏စရိုက်များ
နွေရာသီရဲ့ ပူပြင်းလှတဲ့နေရောင်အောက် ၊ အယ်နီညို ကြောင့် ဆိုပြီး ပိုတိုးလာတဲ့ အပူချိန် တွေရဲ့ အလယ်မှာ ရွှေဝါရောင်
အပွင့်အဖူးတွေနဲ့ လမ်းမတစ်လျှောက်မှာ အလှဆင်ထားတဲ့ ပန်းတွေပေါ့ ။
သူတတ်နိုင်တဲ့ အားနဲ့ လောက ကို အလှဆင်နေတာပါပဲ ။ ဒါပေမဲ့လည်း လူတွေကတော့ သူ့ တန်ဖိုးနဲ့ သူ့ ပါဝင်မှုကို
အသိအမှတ်မပြုကြပါဘူး ။ ပင်လုံးဝေအောင်ပွင့်ခဲ့ပေမဲ့လည်း သူ့ အလှ သူ့ သဘာဝကို အသိမှတ်ပြုသူ ရှားပါးလွန်းလှပါတယ်။
သူဟာ သူ့ကိုယ်ပိုင် ရွှေဝါရောင်တွေနဲ့ လော ကကြီးကို လှပအောင် အစွမ်းကုန်ကြိုးစားပေးခဲ့တယ် ။ ကြိုးစားပေးနေဆဲ
ဖြစ်တယ်ဆိုတာ ကို ကျွန်တော် တို့တွေ မငြင်းနိုင်ကြပါဘူး။
သူ့မှာ အားနည်းချက် ကလေး ရှိတာက စွဲမက်လောက်တဲ့ ရနံ့မရှိတာပါပဲ ။ ရနံ့ဆိုတာက လည်းဗျာ ကြိုက်တဲ့ သူ
ရှိသလိုမကြိုက်တဲ့လူလည်း ရှိတာပဲ ။ သူ့အတွက် အရမ်းကောင်းတယ်ပြောတဲ့ အနံ့ကို တခြား တစ်ယောက် က လုံးဝ
အနံ့မခံနိုင်တာမျိုးတွေလည်းဖြစ်တတ်တာပဲ။ ဒါကြောင့် ရနံ့မရှိတာ ဟာ သူ့ အပြစ်လို့တော့မပြောလိုပါဘူး။
ငုပန်းလို့ ပြောလိုက်တာနဲ့ လူတွေက ပိတောက် နဲ့ ယှဉ်ပြီးကြည့်ကြတယ်။ သင်္ကြန် ရဲ့ သင်္ကေတ အဖြစ် ပိတောက်ပန်းကို
ပဲသတ်မှတ်ကြတယ်။ ပိတောက်ပန်း ဆိုတာ ကတော့ အချိန်ပိုင်း ခဏ သာ ပွင့်ပြီး ရနံ့နဲ့ပြည့်စုံတော့ လူတွေ စုံမက်ကြတယ်ပေါ့။
ပိတောက်မှာရှိတဲ့ အရည်အသွေးတွေကြောင့် သူ့ကို ဦးစားပေးတာ မထူးဆန်းပေမဲ့ ပိတောက်ရဲ့ရှေ့မှာ လောကကြီးကို လှပအောင
ရက်ပေါင်းများစွာ အစွမ်းကုန် အလှဆင်ပေးထားတဲ့ ငုပန်းကတွေကိုတော့ မစော်ကားသင့်ပါဘူး။
အခုတော့ အစွမ်းကုန် ပွင့်ဖူးနေတဲံ ငုပန်းပင်ဘေး ကနေပြီး ဘယ်ဆီမှန်း မသိသေးတဲ့ ၊ ဘယ်တော့များမှ ပွင့်ဖူးမယ်မှန်းမသိသေးတဲ့
ပိတောက်ပန်းရဲ့ဂုဏ်တွေကို ချီးကျူး ၊ အရုးမူး ဖြစ်နေကြတာတော့ မကောင်းပါဘူးဗျာ။
မပွင့်သေးတဲ့ ပိတောက်ပန်း ဟာ ပွင့်လန်းလာခဲ့ရင် အဆင်း ၊ အနံ့နဲ့ ပြည့်စုံပြီး လောကအလယ် လွန်တင့်တယ် ဆိုသလို
ဖြစ်မယ်ဆိုတာ ငြင်းစရာတော့မရှိပါဘူး။
ပိတောက်ပန်းမပွင့်သေးခင်မှာ ပွင့်လန်းနေရှာတဲ့ ငုပန်းလေးကိုလည်း မမေ့စေချင်ပါဘူး . . .
ပိတောက်ပန်းပွင့် ချိန်မှာလည်း ပိတောက်ရှေ့မှာ သူ့အစွမ်း ရှိသလောက် လောက ကြီးကို အလှဆင်သွား ရှာတဲ့
ငုပန်းကလေးတွေကို အောက်မေ့တသ သတိရနေကြမယ်ဆိုရင်ဖြင့် လောကကြီးက တရားတယ် လို့ဖြစ်သွားမယ်ထင်ပါတယ်။
သြော် … လောကကြီးမှာ ငုပန်းကလေးလိုပဲ သူ့အစွမ်းရှိသလောက် ကြိုးစားပြီး ငုပန်း ကလေးတွေလိုပဲ အမေ့ခံ ၊ အပယ်ခံဘ၀ ကို
ရောက်သွား ကြရှာတဲ့ ဘ၀တွေ ဘ၀တွေ ဆိုတာ ဘယ်လောက်တောင်များ နေပြီလဲ ။
ဘယ်တော့မှ တွေ့ရမှန်းမသိတဲ့ သူရဲကောင်းကို မျှော်ပြီး ကိုယ့်ရှေ့ က ၊ ကိုယ့်ဘေးက သူရဲကောင်းကို အသိမှတ်မပြုဘဲ ချောင်ထိုးဖို့
ကြိုးစားမိကြတဲ့ထဲမှာ ကျွန်တော် တို့ တွေများပါနေပြီလားမသိပါဘူးဗျာ။
နောင်တချိန်မှာ အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပိတောက်ပန်းတွေ ဝေနေအောင် ပွင့်တဲ့အချိန်မှာ ဒီပန်းမပွင့်ခင်က ဘ၀ နဲ့ရင်းပြီး
စတေးသွားကြတဲ့ .. ပန်း ကလေးတွေကိုမေ့သွားကြဦးမှာပါပဲ။
ပန်းနဲ့တူတဲ့လူ
လူနဲ့တူတဲ့ပန်း
မင်းစွမ်းသလောက်
လန်းခဲ့ပေမဲ့ ..
အခုတော့ . . .
သူတို့တွေ … ကျေးဇူးကန်း ကုန်ကြပြီ . .
ဘာပဲပြောပြော ..
လောကကြီးထဲမှာ မင်း
အစွမ်းကုန် ပွင့်လန်း ခဲ့တယ် ဆိုတာကို
ငါ . . ဂုဏ်ယူနေမယ် . . .
ဘ၀ နှင့် ရင်းပြီး လောကကို အလှ ဆင်သော ပန်းများ ၊ လူများ ကို စော်ကားသူများ မဖြစ်ကြစေဖို့ လေးစားစွာ သတိပေးချင်ပါသည်။
လေးစားစွာဖြင့်
နေစိုးနိုင်
Wednesday, March 24, 2010
အနာဂတ် သီချင်း
Thursday, March 11, 2010
စကားလုံးများမလို
နေညိုရင်ဘယ်ကိုလွမ်းရပါ့ . . .
ပြောပြပါအမေရယ် . . .
နေမညိုခင် အကြိုလွမ်းကြည့်ချင်လို့ပါ . . .
စကားလုံးများမလို
နေညိုရင် သားမောင်လွမ်းချင်သော်လည်း
လွမ်းခြင်း ဒဏ် သားမောင်သိသော်လည်း
ဖုံးဖိကား သိမ်းဆည်းထား . .
ဝေးရောက်တဲ့သားပါ အမေ . . .
မွေးမေကို သားငယ်လွမ်း သော်လည်း . . .
လွမ်းတေးမသီ ... စာ မစီခဲ့ . . .
သားအလွမ်းတွေ .. အမေ မသိစေချင်ဘူး အမေ . . .
စကားလုံးများမလို
နေညိုရင် သားမောင်လွမ်းချင်လဲ
အမေသိ မှာ စိုးတယ် အမေ . . .
တကယ်ဆို စကားလုံးများ မလို ပါဘူး . .
နေမညိုခင် လွမ်းပါရစေ ... အ မေ
လေးစားစွာဖြင့်
နေစိုးနိုင်
Thursday, October 1, 2009
ရွှေရောင်စဉ်ကို မျှဝေခြင်း
Friday, August 7, 2009
ခွဲထွက်တဲ့ အတွေး
ကျွန်တော်တို့ အညာ အမရပူရ တစ်ဝိုက် နဲ့ တောင်ပြုံး ဘက်တွေမှာ ဘဲ မွေးမြူရေးတွေလုပ်ကြတယ်ဗျ ။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေး အတိုင်းပေါ့ တနိုင်တပိုင် မိသားစု
မွေးမြူရေး ကနေ စီးပွားဖြစ် မွေးမြူကြတာအထိပါတာပေါ့ဗျာ။
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က ဘဲအကောင်ရေ ၉၀၀၀ ( ကိုးထောင် ) လောက် ကို မွေးထားသူပါ။ ဘဲ ဆိုတဲ့ အမျိုး က အမြဲ ဥ နေတာမှမဟုတ်ဘဲဗျာ။ မဥခြောက်လ ၊
ဥခြောက်လ လို့ ဆိုရိုးရှိသကိုးဗျ ။ တစ်နှစ်မှာ ၆ လပဲ ဥတယ်ဆိုပြီး ယေဘုယျ မှတ်ထားနိုင်တာပေါ့ဗျာ။ ဒီခြောက်လ တောင်မှ အစာ ဆေး ရာသီဥတု စတာတွေ ကိုက်ညီမှပါ။
အဲ .. အစာ ၊ ဆေး ဆိုတဲ့ နေရာမှာ အဓိက က အစာ ဗျ ။ ဘဲ ဆိုတဲ့ အမျိုး က ဥတဲ့ အခါ မှာ အစာ စား တာ နည်း သွားတယ် ။ မဥတဲ့ အခါမှာဆိုရင်တော့ စား သလား
မမေးနဲ့ ဗျို့ သူ( ၆ လ) ဥ ထားလို့ ရထားတဲ့ ငွေယား လေးက သူမဥ ဘဲ ၆ လ စားတဲ့ စရိတ်နဲ့တင် ကုန်ရတာပေါ့။
ပြီးခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ကလည်းဖြစ်တော့ ထွက်ကုန်ဈေးတွေကကျ ၊ အစာဈေး ၊ ဆေး ဈေးတွေက မကျ တာကြောင့် သူလည်း ဒီဘဲကောင်ရေ အများကြီးကို ဆက်လက်မွေးမြူထား
နိုင်ဖို့ မတတ်နိုင်တော့ဘူးပေါ့။ ဒါကြောင့် သူ ဘဲအကောင်ရေ ထက်ဝက်လောက်လျှော့ချပစ်လိုက်တယ်။ အခုလက်ရှိတော့ ဘဲအကောင်ရေ ၄ ထောင်ကျော်လောက်ပဲရှိတော့တာပေါ့ဗျာ။ အဲဒါလည်း ၀င်ငွေနဲ့ ထွက်ငွေက မကိုက်လာဘူးပေါ့ဗျာ။
ဒီအစားအစာ အခက်အခဲ ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သူတော်တော် တွေးဟန်တူပါတယ်။ တောင်ပြုံး တစ်ဝိုက်က လယ် စိုက်တယ်ဆိုတော့ လယ်တွေထွန်ယက်ချိန် မှာ သူ့ဘဲတွေကို သူကျောင်းတယ် ထွန်ယက်ထားတဲ့ လယ်ကွက်တွေထဲမှာပေါ့။ နောက် စပါးတွေ ရိတ်သိမ်းချိန် မှာလည်း ရိတ်သိမ်းပြီးသား လယ်ကွက်တွေထဲမှာ ဘဲတွေကို ကျောင်းပေးပါတယ်။ ဒီအချိန်တွေမှာ သူ့အတွက် ဘဲတွေကို အစာကျွေးစရာမလိုပါဘူး။ မနက် ဘဲလွှတ် ညနေ ဘဲတွေကို ခြံထဲသွင်း ၊ ည အချိန် ဥ သမျှ ဘဲဥ တွေကို မနက်ရောက်တော့ လိုက်ကောက်ပေါ့။ ဒါပေမဲ့ လည်း ဒီအချိန်က သိပ်ကြာတာမှမဟုတ်တာ ။
ဒီအချိန်မှာ သူစဉ်းစားလိုက်တာ က ဒီလို ထွန်ယက်နေတဲ့ (သို့ ) ရိတ်သိမ်းနေတဲ့ လယ်ကွက်တွေ အမြဲရှိနေရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးကနေ အခြေခံသွားတာပေါ့။ ဒီမှာ သူစဉ်းစားတယ် ဒီလိုမျိုးဘယ်နေရာမှာ ရှိနိုင်လည်း ဆိုတော့ ရွှေဘိုမြို့နယ် မှာဆို လယ်ထဲမှာ စပါးပင် ပြတ်တဲ့အချိန်ဆိုတာ သိပ်ရှိတာမဟုတ်ဘူး။ စပါးပင်စိုက်ပြီးရင်တောင် စပါးပင် တော်တော် အရွယ်ရောက်တဲ့အထိ လယ်ကွက်တွေ ထဲမှာ ဘဲတွေလွှတ်ကျောင်းလို့ ရတယ်လေ။
ဒီတော့ သူက တောင်ပြုံး ဖက် မှာ ဘဲကျောင်းလို့ မရတဲ့ အချိန် ဘဲတွေကို ကားနဲ့တင်ပြီး ရွှေဘိုဘက် လာ ။ ယာယီဘဲခြံလေးတွေကို လယ်ကွက်တွေနား ဆောက် လူနေတဲလေး နဲ့ ပေါ့။ ဘဲခြံဆိုတာ က လည်း တစ်တောင် ၊ နှစ်တောင် အမြင့်လောက် ပိုက်နဲ့ဝိုင်းထောင်ထားလိုက်ရင် ပြီးတာပဲလေ ။ ဘဲက အမြင့်ခုန် နိုင်တာမှမဟုတ်တာ ။
အဲဒီတော့ ရွှေဘိုဘက် အဆင်မပြေရင် အမရပူရဘက် ၊ တောင်ပြုန်းဘက် စသည်ဖြင့် အဆင်ပြေရာနေရာရှာပြီး ရွှေ့ ပြောင်းမွေးမြူရေးလုပ်နေကြတာပေါ့။
အဲ အဲဒီအချိန်မှာတော့ အစာ စရိတ်လုံးဝ အကုန်အကျမရှိတဲ့ အတွက် သူ့ အဖို့ တော့ တွက်ခြေကိုက်ပေါ့။ ဟုတ်လား
ငယ်ငယ်တုန်းက ကြားဖူးခဲ့ တာ က ရွှေ့ ပြောင်းတောင်ယာ လုပ်ငန်းဆိုတာပဲ ကြားဖူးတာလေ။ အခုတော့ ရွှေ့ ပြောင်း မွေးမြူရေးလုပ်ငန်းတွေကို ပါ ထိုးဖောက်လုပ်ကိုင်လာကြပြီပေါ့။
ကဲ.. မိတ်ဆွေရေ..
ရွှေဘိုသွားတဲ့ လမ်းဘေးမှာ .. ပိုက်ကလေး တစ်တောင်ကျော်လောက်အမြင့်ရှိတဲ့ ဘဲခြံကလေးတွေတွေ့ ရင် ဒါ ရွှေ့ပြောင်း မွေးမြူရေးလုပ်နေကြတာပါလား လို့ သာမှတ်လိုက်ပေတော့။
လုပ်နေကြ လမ်းဟောင်းကြီးမှ ခွဲထွက်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့သူတို့အား လေးစားပါ၏။ ။
လုပ်ငန်းများ ဆထက်တပိုး တိုးတက်နိုင်ကြပါစေ
ဖောက်ထွက်ပြီးတော့ တွေးတော ဆင်ခြင်နိုင်ကြပါစေ
လေးစားစွာဖြင့်
နေစိုးနိုင်
Tuesday, July 14, 2009
ကျွန်တော်တို့တွေ ဘာကို ရင်းနှီးကြမလဲ
ကျွန်တော်တို့ နေစဉ်လူနေမှူ ပတ်ဝန်းကျင်မှာရော ၊ ကိုယ်ကိုယ်တိုင်ရော ပြောခဲ့ဖူးကြတဲ့ ၊ ပြောနေကြတဲ့ စကားလေး တစ်ခွန်း ရှိပါတယ် ။ ကျွန်တော် ပြန်သတိဖော်ပေးလိုက်ရင်.. သြော် .. ဒါလား .. ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားဦးမှာပါ။ ဒါပေမယ့် ကျွန်တော် တို့ ပြောခဲ့ကြဖူးပါတယ်။ ဒါဘာလဲဆိုတော့ . . .
ငါ့မှာ အရင်းအနှီး သာရှိလို့ကတော့ ကွာ…
ဆိုတာပါ။ ကျွန်တော်တို့ ဆိုလိုတဲ့ အရင်းအနှီးဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ ကိုယ်တိုင် တွေးဖူးပါသား ။ ယေဘုယျ ပြောမယ်ဆိုရင် လိုအပ်တဲ့ အရင်း အနှီးဆိုတာ ငွေ ကိုပြောတာပါ။ ရွှေရောမပါဘူးလား လို့တော့ မကပ်ပါနဲ့ (ပိုက်ဆံကိုပြောတာပါ) ကျွန်တော် ကိုယ်တိုင်လည်းပြောခဲ့ဖူးပါတယ်။. ငါ့မှာသာ အရင်း အနှီး ရှိလို့က တော့ …ဆိုတဲ့စကားလေးကိုပေါ့ဗျာ..မိတ်ဆွေတို့လည်း ပြောခဲ့ဖူးမယ်ထင်ပါတယ်။
ပိုက်ဆံဆိုတဲ့ အရာ မရှိရင် ခင်ဗျားမှာ ရင်းနှီးစရာမကျန်တော့ဘူးလား။ ခင်ဗျား ဟာ ပိုက်ဆံရှိမှ အလုပ်လုပ်တတ်တဲ့ လူစားမျိုးလား။ ပိုက်ဆံမရှိဘဲ ဘာအလုပ်လုပ်မှာလဲ လို့မေးချင်မေးလို့ရပါတယ်။ ပိုက်ဆံရှိတဲ့ သူမှ အလုပ်လုပ်နိုင်တော့မှာလား ။ တစ်နည်းအားဖြင့် ပိုက်ဆံရှိမှ အရင်းအနှီးဆိုတာ ဖြစ်လာတော့မှာလား။
ပိုက်ဆံကိုရင်းနှီးနိုင်ရင်ပိုကောင်းတာပေါ့ဗျာ… ကဲ .. ပိုက်ဆံကိုလူတိုင်း ထုတ်ရင်းနိုင်တာမှမဟုတ်တာ … ကိုယ် က ပိုက်ဆံထုတ်မရင်းနိုင်လို့ဆိုပြီးလက်လျှော့လိုက်တော့မှာလား… မလုပ်လိုက်ပါနဲ့ဗျာ..
ခင်ဗျားမှာပိုက်ဆံမရှိဘဲ ပညာ ရှိနေလျှင် ပညာ ကို ရင်းပါ
ပညာလည်း မရှိဘူး ပိုက်ဆံလည်း မရှိဘူးဆိုရင်တောင် ခင်ဗျားမှာ ခြေလက် အစုံ နဲ့ ခင်ဗျား အင်အား ကို ရင်းနှီးပါ
ဘာမှကိုယ်မရှိဘူးဆိုရင်တောင် ခင်ဗျား ရဲ့ ကိုယ်ကျင့်တရားနဲ့ ရိုးသားမှူ ကို ရင်းပါ။
( ဒီနေရာမှာ အတွေးမှားနိုင်ပါတယ် ကိုယ်ကျင့်တရားနဲ့ ရိုးသားမှူ ကိုရင်းပါ လို့ ဆိုလိုတာ ဟာ .. ရောင်းခိုင်းတာ မဟုတ်ပါ။ ရင်းတာနဲ့ ရောင်းတာ ကို မရောနှောစေချင်ပါ .. ဆန့်ကျင်ဖက်အဓိပါယ် ဖြစ်နေပါတယ်။ )
ဒီပို့စ်မှာ ကျွန်တော် အဓိက ထားပြီး ပြောချင်တဲ့ အကြောင်းကတော့ ရင်းနှီးလို့ရတဲ့ အထဲမှာ ခင်ဗျား ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ရိုးသားမှူ ဆိုတာပါတယ်ဆိုတာကိုပါ။
သင့်မှာသာ ပျင်းပြတဲ့ ဆန္ဒတစ်ခု ဖြစ်နေပါစေ.. သင်ပြောတဲ့ စကား .. သင်ပြုတဲ့ အမူအရာတွေ မှာ ဒီဆန္ဒကလေး ရဲ့ သက်ရောက်မှူ ကအများကြီးပါ။ ဒါကို တဖက်သား တွေ့တဲ့ အခါ ကိုယ့်ရဲ့ ဆန္ဒပြင်းပျမှူ ပမာဏကို ကျွန်တော် လှိုင်း ကလေး နဲ့ တင်စားပါရစေ ။ ရေလှိုင်း လိုမျိုး မဟုတ်ပါဘူး .. မမြင်ရတဲ့ လေလှိုင်း လိုမျိုးပါ ။ ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က လူတွေ စကားပြောတဲ့ အခါ ၊ ပြုမူ လှုပ်ရှားတာကို လေ့လာ ကြည့်စမ်းပါ။ သူတို့ ဆီက လှိုင်း တစ်မျိုး ကိုယ့်ဆီကိုလာရိုက်ပါတယ်။ ဒီလှိုင်းအပေါ်မှာ အခြေခံပြီး ဒီလူကို ကျွန်တော်တို့ က comment လုပ်ကြတာလေ။ ဘာဖြစ်တယ် .. ညာဖြစ်တယ်ပေါ့ဗျာ။ ဒီလောက်ဆို ပေါက်ပါတယ်.. ဟုတ်တယ်မို့လား..
ဒီတော့ ကိုယ့် ဖြစ်ချင်တာ .. လုပ်ချင်တာ တစ်ခု အတွက် စိတ်ဓာတ်ခွန်အား ကို အဆုံး စွန် ထိ တင်ထားပါ ( Tempo မြှင့်ထားပေါ့ဗျာ) ကိုယ်ကျင့်တရားဆိုတာ တစ်ချိန်မှာ ကိုယ့်ကိုယ်ကယ်မယ့် ကယ်တင်ရှင်လို့ စိတ်ထဲမှာ အသေမှတ်ထားပါ။ မှန်ပါတယ် ။ ဒီနေရာရောက်မှ ပေါ်လာတဲ့ စိတ်ကူးလေးပါ။ သဘောကျလို့ နည်းနည်း ကွန့်မယ်နော်။ ကိုယ်ကျင့်တရား ဟာ တချိန်မှာ ကိုယ့်ကို ကယ်တင်မယ့် ကယ်တင်ရှင်တဲ့ လား ။ စဉ်းစား ကြည့်လိုက်ပါဦး …
ဒုက္ခမရောက်တဲ့ သူဆိုတာ ရှိပါသလား
လူတစ်ယောက်ကို ကူညီဖို့ စဉ်းစားရင်ဘာကို မိတ်ဆွေ ဘာကို အရင်စဉ်းစားမလဲ
သူတပါး အကူအညီကို ကျွန်တော်တို့ တောင်းယူဖို့ လိုရင် ကျွန်တော်တို့ ဖက် က ဘာကို ပြပြီး တောင်းရမှာလဲ…
ကိုယ်ကျင့်တရား ပါခင်ဗျား. . .
အသက်အရွယ်ကြီးတာငယ်တာ
မျိုးရိုး
လူမျိုး
ဘာသာ .. စတဲ့ အရာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီပိုစ့်ထဲက အကြောင်း အရာ ကို အဆုံးအဖြတ်ပေးနိုင် သူဟာ အခု ဒီစာကို ဖတ်နေတဲ့ သူကိုယ်တိုင်သာဖြစ်ပါတယ်ခင်ဗျာ။ ဒါလဲ ဖတ်နေတဲ့ သူကိုယ်တိုင် အတွက် သီးသန့်ပါ။ ဟုတ်တယ်နော်
ကဲ … ငါ့မှာ အရင်းအနှီးသာရှိလို့ ကတော့ ကွာ …. ဆိုတဲ့ ကိုကို ၊ မ .. မ .. ညီ .. နှမလေး တို့ရေ ..
အရင်းအနှီးမရှိတာလား…
အရင်းအနှီးကို မသိတာလား ..
ဒါမှမဟုတ် မသုံးတတ်တာလား
သုံးရကောင်းမှန်းကို မသိတာ လား … ကဲ .. အများ ကြီးနော် မေးခွန်းတွေ …
အရင်းအနှီး ဟာ လူတိုင်းမှာ ရှိပါတယ်။ အသုံးတည့်အောင် သုံးနိုင်ဖို့ ကြိုးစားရင်း .. ဘ၀ လှေခါးတွေမှာ အဆင့်ဆင့် မြင့်တက်နိုင်အောင် ကြိုးစားနိုင်တဲ့သူတွေ ဖြစ်ကြပါစေဗျာ..
နောက်ဆုံးအနေနဲ့ကတော့
ကိုယ့်မှာ ရှိနေတဲ့ အရင်းအနှီးကို အရင်သိအောင်လုပ် ၊ သိရင် စိတ်ဓာတ်ခိုင်မာအောင်မွေး ၊ ရင်းနှီးရဲပါစေ
အဲ အရေးအကြီး ဆုံးနဲ့ မ မေ့ ရမှာက ..
ကျွန်တော်တို့ ဒုက္ခရောက်နေရင် ကျွန်တော်တို့ကိုကယ်တင်မယ့်သူက ကျွန်တော်တို့ ရဲ့ ကိုယ်ကျင့်တရားပဲ ။ ဒီကိုယ်ကျင့်တရား ဆို တာ ကိုယ်တိုင် တည်ဆောက်နိုင် ၊ ဖျက်ဆီးနိုင်တဲ့ ကိုယ့်လက်ထဲမှာပဲ ရှိတဲ့ အရာ ဆိုတာကိုပါ..
ဒီပိုစ့်ကလေးက တွေးစရာလေး တစ်ခုလောက် ပေးနိုင်တယ်ဆိုရင်တောင် .. နေစိုးနိုင်တယောက် လက်ညောင်းရကျိုး နပ်ပြီလို့ မှတ်ယူပါကြောင်း..
လေးစားစွာဖြင့်
နေစိုးနိုင်
Monday, July 13, 2009
နေရာ နဲ့ ခြေရာ
သူငယ်ချင်းတို့သိတဲ့အတိုင်းပဲ ကျောင်းပြီးစ ရန်ကုန်မှာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံခြားမှာ ရှိတဲ့ သူ တွေကို အားကျ လာတယ် လေ။ ကိုယ်က ရတဲ့ လစာလေး နဲ့ ယိုင်တိုင်တိုင် နေ နေရချိန်မှာ နိုင်ငံခြားသွားတဲ့ သူငယ်ချင်းတွေက မိဘ ဆီကို ပိုက်ဆံတွေ ဘာတွေပြန်ပို့ပေးနေတော့ ကိုယ့်ကိုယ် ကို မကျေနပ်ချင်တော့ဘူး ဒါနဲ့ပဲ နိုင်ငံခြားကို သွားဖို့ဆုံးဖြတ်လိုက်ခဲ့တာပါ။
တက်ခဲ့တဲ့ သင်တန်းတွေ ကလက်မှတ်တွေက လည်း အများကြီး ၊ တက္ကသိုလ်ကြီး တစ်ခု ကလည်း ဘွဲ့ ရပြီးနေပြီ ဒါတောင် အလုပ်မရသေးခင် မိဘ ဆီက ပိုက်ဆံ ပြန်တောင်းရတဲ့ ဘ၀ က မလွတ်သေးဘူး။ အလုပ် မရခင် ပိုက်ဆံပြန်တောင်း ရတာ ကို နားလည်နိုင်ပေမယ့် ပြောခဲ့သလို လက်မှတ်ပေါင်းစုံနဲ့ အလုပ် ရဖို့ ကလည်းမလွယ် ၊ ရပြန်တော့လည်း ရန်ကုန်မှာ နေနိုင် အောင် မနည်းကြိုးစားနေရတာကိုးဗျ။ ဒီမှာ ကျွန်တော် က ဖီးလ် တက်လာတော့ ပဲ ။ လက်မှတ် ပေါင်းစုံကိုင်ပြီး အလုပ်လုပ်နေ တာတောင် အိမ် က ပိုက်ဆံပြန်တောင်းရတဲ့ ဘ၀ က မလွတ်သေးဘူး ဆိုတော့ ကိုယ့်ကိုယ်ကို သိပ်ပြီး မသတီချင်တော့ ဘူးဗျ။ ဘယ်သူ့ ကိုမှ မကျေနပ်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီအခြေအနေကြီးကို ကျွန်တော် က မကျေနပ်ဘူး။ ဒါကြောင့် ဒီကနေ ရအောင် ရုန်းထွက်ရမယ်လို့ အမြဲ စိတ်ကူးထားတယ်။
ဒီအချိန်မှာပဲ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် က မင်း ဒူဘိုင်း သွားမလားတဲ့ ။ ဒူဘိုင်း က ဘာလဲ လို့ ပြန်မေးပပါတယ်။ တကယ်ပါဗျာ အဲဒီအချိန်က ဒူဘိုင်း ဆိုတာ ကို ကြားကိုမကြားခဲ့ဖူးတာပါ။ အဲ… ယူအေးအီး ဘာညာ ဆိုတော့ ကြားဖူးသွားပါပြီ ။ သူငယ်ချင်းက သူ့ အစ်ကို ရှိကြောင်း နဲ့ အဆင်ပြေ ကြောင်း ပြောပါတယ်။ ဒါနဲ့ပဲ သွားမယ် ပေါ့ ။ ဘာလိုလဲ ဆိုတော့ ဓာတ်ပုံ ၁၂ ပုံ နဲ့ ပိုက်ဆံ ၁သိန်း လို တယ်တဲ့ ။ ပေးလိုက်တယ် ။ အဲဒီ အချိန်မှာ ကျွန်တော် အလုပ် က နယ်တွေကို လိုက်သွားနေရတာကို ရန်ကုန်မှာ နေရတယ်ကို မရှိပါဘူး ။ အဲဒီနောက် တစ်ခေါက် ရန်ကုန်ကို ပြန်ရောက် လာ တော့ မင်း ဆေးစစ် ပြီးမှ ခရီး ပြန်ထွက်တဲ့ ကျွန်တော်လည်း ဒီတစ်ခါ မကြာပါဘူး နောက်မှ စစ်တော့မယ်ဆိုပြီး နယ်ပြန်ထွက်သွားပါတယ် ။ နောက် တစ်ခေါက် ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းက ထွက် သွားပြီ ။အမြန်ဆုံးဆေးစစ် ရတာပေါ့။ နောက် မကြာပါဘူး လေယဉ်လက်မှတ်ရပြီ သွားရတော့မယ် ဆိုတော့ ဇာတိပြန် အဖေ ၊ အမေ နဲ့ မိသားစုဝင် တွေကို နုတ်ဆက် ပေါ့။
အိမ်က လိုက်ပို့ မယ် ဆို တော့ လိုက်မပို့ ပါနဲ့ လို့ပဲ ပြောလိုက်တော့တယ်။ စိတ်ထဲမှာတော့ သူများ နိုင်ငံ ကျွန်သွားခံရမှာ ဘာမှ အသိုင်း အ၀ိုင်း ကြီး နဲ့ အလှူ လှည့် သလို သွားစရာမလိုဘူး လို့ ခံယူထားလို့ပါ။ သွားမယ့်နေ့ရောက်တော့ ကျွန်တော့် အချစ်ဆုံး ကျောင်းနေဖက်သူငယ်ချင်း နေထွန်းလင်း (ရှီဖော) နဲ့ ကျွန်တော့်ကို ညီ လို ချစ်တဲ့ ဦးဇင်း ၀ိမလ ပဲ လေယဉ်ကွင်းကို လိုက်ပို့ပါတယ်။
ဒူဘိုင်းရောက်တော့ ကုမ္ပဏီ က လာကြိုပါတယ် ။ ထမင်း စားဖို့ အတွက် ကုမ္ပဏီ ကို အရင်ခေါ်သွားပါတယ်။ နောက် မှ နေရမယ့် အဆောင်ကို ခေါ်သွားတာပါ။ အဲ အဆောင် ရှေ့ ကားရောက်တော့ ည ၁၁ နာရီလောက် ရှိပါပြီ ကျွန်တော့် သူငယ်ချင်း ကျွန်တော် ကို ပြေးဖက်ပါတယ်။ ကျွန်တော်တို့ ဒီည ရောက်မယ်ဆို လို့ သူမအိပ်ဘဲ စောင့် နေတာပါတဲ့ ။ အားရှိလိုက်တာဗျာ။
အဲဒီအချိန်က ကျွန်တော်တို့ ကုမ္ပဏီမှာ မြန်မာ မိန်းခလေး တွေ မရောက်ကြသေးပါဘူး။ အားလုံး ယောက်ျားလေးတွေချည်းပါပဲ။ သွားအတူ စား အတူ ၊ နေတာလည်း အတူတူ ဆိုတော့ ညီရင်း အစ်ကို ငယ်ပေါင်း သူငယ်ချင်းတွေလိုပါပဲ။ (မြန်မာမိန်းခလေးတွေ မလာ ခင် ကျွန်တော်တို့ ဘယ်လိုကြွားထားပြီး နောက်မှ ဘယ်လို သောက် ရှက် ကွဲလဲဆိုတာတော့ နောက်မှ ကြုံရင်ပြောပြမယ်)
အလုပ် ကို သဘောမကျပေမယ့် ပိုက်ဆံရတော့ ပျော်တယ်လေ။ အိမ်ကို ပိုက် ဆံ ပြန်ပို့ တဲ့ အခါ စိတ်ထဲမှာ ဘယ်လို ကြည်နူးမှူ ရတယ်ဆိုတာ ကိုတော့ စာနဲ့ မရေးတတ်တော့ဘူး။ အဲ ကျွန်တော် က အလုပ်မှာ ပျော်အောင်နေတယ် ။ ဒါကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေသိပါတယ်။ သိပ်ပြီးတော့ တော့ သည်းညည်းမခံတတ်ဘူး ( လူမျိုးခြား ) ကုမ္ပဏီမှာတော့ ပျော်အောင်နေတယ်။ ရောက် ကတည်း က ဆုံးဖြတ်ထားတာ တော့ ရှိတယ် ။ ဒူဘိုင်းမှာ ပျော်အောင်မနေဘူးလို့ ဆုံးဖြတ်ထားတာ ။ ဒီအလုပ် ၊ ဒီနိုင်ငံမှာ ကျွန်တော် မတိုးတက်နိုင်လောက်ဘူးဆိုတာ ကို သိနေတယ်။ စိတ်ထဲမှာ ခံစားလို့ ရတာ ပါ ။ အရင်က သမိုင်းမှာ သင် ခဲ့ ရတယ်လေ ကိုလိုနီခေတ် ကိုလိုနီစနစ် မှာ အလုပ် သမား တို့ ဘယ်လို ခံစား ရတယ်ဘာညာ ဆိုတာ ။ တကယ်တန်း စဉ်းစား ကြည့်ရင် ကျွန်တော်တို့ ဘ၀ လည်း ဒီလိုပါပဲ။ သူတို့ စနစ်လည်း သူလို ကိုယ်လိုပါပဲ။ အလုပ်မှာ ပျော်အောင်နေပေမယ့် နိုင်ငံမှာ ပျော်အောင်မနေခဲ့ပါဘူး။
ကျွန်တော် ဆုံးဖြတ်ထားတာ တစ်ခု တော့ ရှိတယ် ။ ဒီအလုပ် ကို ချစ်လှတာ မဟုတ်ပေမယ့် နောက်တစ်ခါ ပြောင်းမယ့် အလုပ်ရောက်ရင် ဘ၀ အတွက် ရေရှည် ရပ်တည် နိင်တဲ့ အလုပ် ဒါမှမဟုတ် အတတ်ပညာ ပါတဲ့ အလုပ် ကိုပဲ ပြောင်းတော့မယ် မပြောင်း ရသေးသမျှတော့ ဒီအလုပ်က နေမခွာတော့ဘူး ဆိုပြီးနေခဲ့တာပါ။
ဒါကြောင့် နိုင်ငံခြားကို သွားချင်နေတဲ့ ညီငယ် ၊ နှမငယ်များ နဲ့ ဟိုကိုရောက်ပြီး အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများ ကို ကျွန်တော့် အတွေ့ အကြုံ ထဲ ကနေရခဲ့ တဲ့ ကျွန်တော့် အသိကို ပြန်ပြီး မျှဝေပေးချင်တယ်။ ကျွန်တော် မြန်မာပြည်ကို ပြန်မယ်ဆိုတော့ ကိုလွင်မင်းခန့် ကမေးပါတယ်။ ဘာလို့ပြန်မှာလဲ တဲ့ ဒီမှာ အဆင်မပြေဘူးလားတဲ့ ။ကျွန်တော်ပြောပြပါတယ် အစ်ကို ရေ ခဏတာအတွက် ကြ ည့်ရင်တော့ အဆင်ပြေပါတယ် ဒါပေမယ့် ဘ၀စာ အတွက် ဆိုရင်တော့ အဆင်မပြေတော့ဘူးလို့ ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ သုံးနှစ်ခွဲ လောက် က သာ သံချည်သံကွေး အလုပ် မျိုးနဲ့ ကျွန်တော် လာ ခဲ့တယ် ဆိုရင် ခုနေဆို ကျွန်တော် မြန်မာပြည်ပြန်ပြီး ဂဟေ ဆော် စား လို့ ရလောက်ပြီ လို့ ။ ဒါပေမယ့် ကျွန်တော် ရွေးခဲ့တဲ့ အလုပ် က အတတ်ပညာမပါခဲ့တော့ ခုနေရန်ကုန်ပြန်ရင် ကျွန်တော် ဘ၀ က အစကပြန်စရမှာပဲ ။ ဘယ်တော့ ပြန်ပြန် အစက ပြန်စ ရမှာဆိုတော့ ကျွန်တော် အိမ်ပြန်ချိန်နောက်မကျချင်ဘူး ဗျာ ။ ဆိုတော့ သူလည်း မတားတော့ ပါဘူး။
ဒါကြောင့် နိုင်ငံခြားကို သွားပြီး အလုပ်လုပ်မယ်ဆိုရင် အတတ်ပညာ ( ဘယ်ပညာမဆို ) ပါတဲ့ လုပ်ငန်းမျိုးကို ရွေးချယ်စေချင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့် ဘ၀ အတွက် အတတ်ပညာ တစ်ခုတော့ ရလာမှာပဲလေ။ တကယ်လို့ ခုလောလောဆယ် နိုင်ငံခြား မှာ အတတ်ပညာ မပါတဲ့ လုပ်ငန်း ကို လုပ်နေရတယ် ဆိုရင်လည်း စိတ်တော့ မပျက်ပါနဲ့ ဒါပေမယ့် သတိလေးတော့ ထားပေါ့။ မသင့်တော်တဲ့ နေရာမှာ မပျော်စေပါနဲ့။ အတတ်ပညာ မပါ ပေမယ့် ငွေကြေးအရ ကိုယ့်ဘ၀ အတွက် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှူ တစ်ခုလောက် ရမယ်ဆိုရင်တော့လုပ်ပေါ့။
ဆိုလိုချင်တာကတော့ နိုင်ငံခြားမှာ အလုပ်တစ်ခု ကို လုပ်နေတယ်ဆိုတာ ကိုယ့် ဘ၀ ရဲ့ အချိန်တွေကို ရင်းနှီး ထားရတာပါ။ ဒီလိုရင်းနှီးလိုက်လို့ ရလာမယ့် အကျိုးအမြတ်က ငွေကြေး ဒါမှမဟုတ်ရင် ပညာ တစ်ခုခု ဖြစ်ဖို့ အရမ်း အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ လတ်တလော အဆင်ပြေနေတာလေး ကို သာယာသွားမယ်ဆိုရင် စိတ်တော့မကောင်းဘူး သူငယ်ချင်းရေ ခင်ဗျားတို့ ရလာတာ နောင်တ တွေပဲ ဖြစ်နေလိမ့်မယ်။
ပြည်တွင်းနေမှ တိုင်းပြည်ကို ချစ်တာ ၊ လူမျိုးကို ချစ် တာ ပြည်ပ ကလူတွေ အားလုံး တိုင်းပြည်ကို မချစ်ကြဘူး လို့ သိမ်းကျုံး ပြီး မရမ်းချင်ပါဘူး။ ဟုတ်မှ မဟုတ်တာ ကိုယ်တိုင် လည်း အပြင်မှာ နေဖူးတော့ အပြင်ကနေ အမိမြေကို ချစ်နေတဲ့ မြန်မာတွေ ရိုက်သတ်ပစ်လို့တောင်မကုန်နိုင်ပါဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်နေလို့ အထင်လည်းမသေးပါဘူး။ ကိုယ့်ဘ၀ နဲ့ ကိုယ်ပဲလေ ကျွန်တော်ပြောချင်တာကတော့ဗျာ..
အခြေအနေအရ ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ့်ဘ၀ကို ဒီထက် ပို ပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်ဆိုရင် သူငယ်ချင်းရေ ဘယ်ထောင့်မှာ သွားခွေခွေ ကြိုက်တဲ့နေရာမှာသာနေပေတော့ ။ ဒီလိုမှ မဟုတ်ဘူး မရေ မရာ မသေမချာ ဖြစ်နေမယ်ဆိုရင်တော့ အိမ်ပြန်ချိန်နောက်မကျစေနဲ့။ ဒီလိုဆိုပြန်တော့ ကိုယ့်အိမ်ကရော ဘယ်လောက် အာမခံချက်ပေးနိုင်လို့လဲ ဆိုတဲ့ မေးခွန်းကိုတော့ လူကြီးမင်း ၊ ကလေး မင်းတို့ ကိုယ်တိုင် မေး ကိုယ်တိုင်ဖြေ သာ လုပ်ကြပေတော့ဗျာ။
ကဲ .. အခု ရောက်နေတဲ့ နေရာ ကနေ နောက်ပြန်ပြီး ခင်ဗျားတို့ရဲ့ ခြေရာကလေး တွေကို ပြန်စမ်းစစ် ကြည့်လိုက်ပါအုံး ။ ဒီခြေရာတွေကို ကြည့်လိုက်ရင် ဒီနေရာ ( ခုရောက်နေတဲ့ ) ဟာ ကိုယ့်အတွက် နေရာမှန်လား ဆိုတာကို သိနိုင်ကောင်းပါရဲ့။ မိတ်ဆွေ မြင်နေတဲ့ခြေရာတွေမှာ နောင်တ တွေ များနေတယ်ဆိုရင်တော့ ဒီနေရာဟာ မှားနေပြီ ။ အမြန်သာပြောင်းပေတော့။
နေရာမှန်ရောက်ဖို့ ခြေရာပြန်ကောက်ကြပါစို့ဗျား . . .
သာဓု. .. သာ..( ယောင်သွားလို့ ) ခင်ဗျားလည်းမယောင်နဲ့နော် ။ ဒါတရားဟောနေတာမဟုတ်ဘူး .. ထင်ရာတွေး ထင်ရာရေးထားတာ ..
လေးစားစွာဖြင့်
နေစိုးနိုင်