Showing posts with label နှင်း. Show all posts
Showing posts with label နှင်း. Show all posts
Wednesday, October 28, 2009
နောင်တ
လောကမှော်ရုံတော
ပြောမပြချင်အောင်
မောလျခြေကုန်လို့…
ဒေါသဆူလောင်မြိုက်၊
သောကပူမှောင်မိုက်မှာ
ငါ…ခေါင်းငိုက်စိုက်ချ။
ဟိုး…အဝေးကြီးက
မနက်ဖြန်အတွက်
ပူပန်နေတုန်း…။
အောင်မြင်မှုပန်းတိုင်
လှမ်းနိုင်ဖို့အရေး
အကွေ့နဲ့အကောက်
လမ်းမှန်သမျှလျှောက်
အမြန်ရောက်လိုဇော
မောမျှမဖြေနိုင်၊
လောဘတွေလှိုင်လျက်
မနက်ဖြန်အတွက်
ထက်သန်နေတုန်း…။
ဖြုန်းခနဲ…နဲ့
နောက်ဘဝဟာ
အနီးဆုံးလက်တစ်ဆန့်မှာလာငြိ
ဖြန့်ကြည့်မိတော့…
ဖြန့်ကြည့်မိတော့…
ငါ့လက်ထဲမှာ……………ဘာမှမရှိ။ ။
(ဘဝအောင်မြင်ရေးလမ်းကြောင်းပေါ်မှာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အခက်အခဲတွေကြားက လျှောက်လှမ်းနေဆဲ၊ ဖြုန်းခနဲ…ခွဲခွါသွားကြသူများကို အမှတ်ရမိလို့ ရေးလိုက်တာပါ။ အဲဒီလိုခွဲခွါသွားရတဲ့အခါ ကျွန်မတို့လက်ထဲမှာ ဆုပ်ကိုင်သွားနိုင်တာဆိုလို့ ကောင်းမှုသိုလ်ပဲရှိပါတယ်။ ကောင်းမှုတွေကို လက်ထဲအပြည့် ဆုပ်ကိုင်သွားနိုင်ဖို့ကတော့ နေ့စဉ်ဘဝကို ရုန်းကန်ရင်းက ကျွန်မတို့ကိုယ်တိုင်ပဲ အများကြီး ကြိုးစားကြရဦးမှာပါ။)
နှင်း

Wednesday, September 9, 2009
လောကတန်ဆောင်…အမေ
လက်ခြေကတုန်၊ မျက်မှုန်သီဝေ
ဆံဖြူသွားကြွေ၊ ပါးရေလည်းတွန့်၊
နှုတ်လည်းဆွံ့ဆွံ့၊ ဇရာလှိုင်းလွန့်တော့…
နံရိုးကပြိုင်း၊ ခါးကကိုင်း၊ နားကထိုင်းနဲ့…..
အိုချင်တိုင်းအိုနေတဲ့…………အမေ။
ဒါပေမယ့် အမေရယ်…….
အမေရဲ့ အကြင်နာမျက်လုံးတွေဟာ သောက်ရှူးကြယ်တောင်ရှုံးပါတယ်
အမေရဲ့ မုဒိတာအပြုံးတစ်ချက်အဝင့်မှာ လောကတံခါးတွေ အကုန်ပွင့်ပါတယ်
အမေရဲ့ ပြုံးရောင်သန်းတဲ့နှုတ်ခမ်းပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ လန်းနေပါတယ်
အမေရဲ့ သစ္စာစကားသံဟာ သားသမီးတွေအတွက်တော့ နပိုလီယန်ရဲ့ အဘိဓါန်ပါပဲ
အမေရဲ့ ကရုဏာနှလုံးသားကြောင့် တလောကလုံးက အမုန်းတရားတွေ သေဆုံးကုန်ပါတယ်
အမေရဲ့ ကိုယ်ကျင့်သိက္ခာဟာ သားသမီးတွေအတွက် လောကအဘိဓမ္မာရဲ့သင်ခန်းစာသစ်ပါအမေ…။
လောကရဲ့အကျည်းတန်ခြင်းတွေကို စွမ်းနိုင်သလောက်အားအင်နဲ့ အမေပယ်ဖျောက်လို့…
သားသမီးတွေအတွက် သာယာပြီးအားမာန်ပြည့်တဲ့လောကကို အမေတည်ဆောက်ပေးနိုင်ခဲ့ပါတယ်…
တောက်ပတဲ့အမေ့မေတ္တာရောင်လျှံဟာ တဖန်သူငါကူးသော်လဲ့ မြဲထိန်သာလျက်ပါပဲ…….
သားသမီးတွေရဲ့ မီးရှူးတန်ဆောင်အမေ…သက်တော်ရာကျော်ရှည်ပါစေ။ ။
လောကရှိအမေများအားလုံးကို ဒီကဗျာလေးနဲ့ မွေးနေ့အမှတ်တရ ကန်တော့ပါရစေ…အမေ

Saturday, August 1, 2009
သိက္ခါ
အကူအကပ်မပါ…
ဘဝကို ကိုယ့်အင်အားနဲ့ ကိုယ်တည်ဆောက်
ဒီလမ်းကိုလျှောက်လှမ်းရတာ
ကြမ်းတော့ကြမ်းတယ်…
ဒါပေမယ့်…ဇွဲမာန်ကိုတင်း
တို့တွေ…ဆက်လျှောက်ကြရမယ်သူငယ်ချင်း။
သိက္ခါဆိုတာ တံဆိပ်ပါသလို
လူမြင်သူမြင် ကပ်ထားလို့မရပေမယ့်
မင်းလည်းသိ၊ ငါလည်းသိ
မင်းတို့၊ ငါတို့မှာ…
ကိုယ်ပိုင်သိက္ခါ ရှိ၊…မရှိ
ဆင်ခြင်တုံတရားနဲ့ ညှိနိုင်၏။
မုန်တိုင်းထန်တဲ့ ဒီရေဆန်လမ်းမှာ
ဘယ်ဝဲဂယက်မွှေမွှေ
ဘယ်လေပွေရမ်းရမ်း
ဘယ်လှိုင်းကြမ်းနှောင့်နှောင့်…
ငါတို့ရဲ့ သိက္ခါလှေမမှောက်ဘဲ
ပန်းတိုင်ဆီအရောက်ချီကြစို့ရဲ့။ ။
နှင်း
(ရိုးသားစွာ ကိုယ်ပိုင်သိက္ခါစောင့်ထိန်းကာ ကြိုး ကြိုးစားစား အလုပ်လုပ်နေကြသော သူငယ်ချင်းများအတွက်)

Thursday, July 30, 2009
သဝေထိုး င ဝ ဆွဲ
ငွေဆိုတာဘယ်လို ပေါ်ပေါက်ခဲ့ပါသလဲ။ ကမ္ဘာ့ရှေးဦး လူသားများဟာ ကုန်များကို တိုက်ရိုက်ဖလှယ်ပြီး စားသုံးခဲ့ ကြပါတယ်။ ဒီစနစ်မှာ အခက်အခဲအများကြီး ရှိခဲ့ပါတယ်။ မိမိလဲလှယ်လိုတဲ့အရာကို တစ်ဘက်သားက လိုချင်ဦးမှ ဖြစ်မှာဖြစ်ပြီး၊ မိမိလိုချင်တဲ့အရာကိုလည်း အခြားတစ်ဦးက လဲလှယ်ချင်ဦးမှပါ။ နောက်တော့ လူတွေဟာ ငွေဆိုတာကို တီထွင်ခဲ့ပါတယ်။ ကုန်စည်တွေကို ဖလှယ်ရာမှာ မပုပ်မသိုး၊ မဆွေးမြေ့၊ မပျက်စီးနိုင်တဲ့၊ သယ်ဆောင်ရလွယ်ကူတဲ့ ထိရောက်သော ကြားခံ ဖလှယ်ရေး ကိရိယာအဖြစ်ပါ။ အဲဒီဖလှယ်ရေး ကိရိယာလေးဖြစ်တဲ့ ငွေကြေးဟာ အချိန်နှင့်အမျှ ကျွန်မတို့လူသားတွေအတွက် ပိုမိုအရေးပါ၊ အရာရောက်လာပါတယ်။ လူသားတွေဟာ အသက်ရှင်နေသမျှ ကာလတာပတ်လုံး ငွေနှင့်ကင်း၍ မရနိုင်ကြ ပါဘူး။ "သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ" သတ္တဝါတို့သည် အစာအာဟာရပေါ်တွင် တည်မှီနေကြကုန်၏လို့ ဘုရားဟော ရှိခဲ့ပါသည်။ အခြေခံကျသော စားဝတ်နေရေးမှ စတင်လို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအဝဝမှာ ငွေနှင့်မကင်း နိုင်ကြပါဘူး။ လူသားလေးတစ်ဦး လောကထဲရောက်ဖို့ကစပြီး ငွေလိုလိုက်တာ အဲဒီလူသား လောကထဲက ထွက်သွားတဲ့အရေး မှာတောင်မှ ငွေကြေးအနည်းနဲ့အများ လိုအပ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူတွေဟာငွေကို တစ်မက်တစ်မော ရှာလိုက်ကြ၊ စုလိုက်ကြ၊ သုံးလိုက်ကြ၊ ဆုံးလိုက်ကြ၊ ပြန်ရှာလိုက်ကြ………….။ နေရေးစားရေး၊ သာမှုနာမှု၊ အိုစာမင်းစာ၊ မမာရေးမခြာရေး၊ လှူရေးတန်းရေး၊ သားရေးသမီးရေး၊ ဆွေရေးမျိုးရေး၊ ….. အစရှိသော အရေးများအတွက်…………………..ငွေ။
တောင်ကြီးမြို့ တောင်ပေါ်ကျောင်း ဆရာတော်ကတော့ ဒီလိုသံဝေဂစကားနဲ့ ဆုံးမခဲ့ပါတယ်။ “ရှာဖွေစဉ်အခါ မှာလည်း ပင်ပန်းဆင်းရဲရတယ်။ ရလာပြန်တော့လည်း အသုံးချဖို့ ကြောင့်ကြများလှတယ်။ ဆုံးရှုံးမှာစိုးလို့လည်း ပူပင်ရတယ်။ ဆုံးရှုံးသွားပြန်တော့လည်းသောကများလှတယ်။ ဒေါသပွါးရပြန်တယ်။ ဒီတော့ငွေဆိုတာ ဘယ်မှာကောင်းလို့လဲ” ဒါကတော့ လောကုတ္တရာ အေးရိပ်ကိုခိုမှီးကြတဲ့ တရားရှင်တို့ရဲ့ စကားလေးပါ။
လူတွေဟာ နည်းမျိုးစုံသုံးပြီး ငွေကိုရှာဖွေကြပါတယ်။ တစ်ချို့လည်း ရိုးရိုးသားသား၊ တစ်ချို့လည်း မရိုးမသား၊ တစ်ချို့လည်း ရိုးလိုက်၊မရိုးလိုက်…။
ငွေကိုရှာဖွေရာမှာ မိမိ၏အသက်မွေးမှုကြောင့် အခြားတစ်ပါးသူများ ဒုက္ခမရောက်စေရန် အထူးသတိပြုဖို့ လိုပါတယ်။ လေးမြားတို့ထုတ်လုပ်ကာ အသက်မွေးသူကြောင့် သူတစ်ပါးအသက်ကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဆေးဝါးကို ထုတ်လုပ်ရောင်းချသူ အဖို့မှာမူ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပါတယ်။ ဒါတောင် မသမာလောဘနှင့် ဆေးကိုမတရား အမြတ်ထုတ်ရောင်းချပါလျှင် ကုသိုလ်မရဘဲ၊ အကုသိုလ်သာဖြစ်နိုင်သေးတာပါပဲ။
အရာအားလုံးမှာ ငွေဟာအရေးပါလို့ ငွေကိုအသည်းအသန် ရှာဖွေကြရတယ်ဆိုပါရင် လိုချင်တဲ့ငွေ ရတဲ့အခါမှာရော အရာအားလုံးဟာ အဆင်ပြေသွားပါသလား။ ‘ချမ်းမြေ့သုခကို ပိုက်ဆံနဲ့ဝယ်လို့ရလား’ လို့မေးရင် မရဘူးလို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကိုပဲ ထပ်ပြီး ‘ပိုက်ဆံနည်းနည်းပိုရရင် နည်းနည်းတော့ ပိုပျော်မယ်ထင်လား’ လို့မေးကြည့်ရင် သူတို့သဘောတူ ကြပါလိမ့်မယ်လို့ စိတ်ပညာပါမောက္ခ ဒေးဗစ်မီယာက ဆိုခဲ့ပါတယ်။ လူတစ်ချို့က ငွေဟာနတ်ဘုရား၊ အားလုံးကိုဖန်ဆင်းတယ်လို့ ထင်နေချိန်မှာ တစ်ချို့က ငွေဆိုတာနတ်ဆိုး၊ ငွေဟာ ပြဿနာနဲ့ ပူလောင်မှုတွေရဲ့ရင်းမြစ်ပဲလို့ မြင်နေနိုင်ပါတယ်။ လူတစ်ယောက် တည်းကပဲ အခြေအနေနဲ့၊ အချိန်အခါကိုလိုက်လို့ ငွေနဲ့ပတ်သက်တဲ့ သူ့ရဲ့သဘောထား ပြောင်းချင်ပြောင်းနိုင် ပါသေးတယ်။ “ပိုက်ဆံသည် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်။ ကောင်း၊မကောင်း ဖြစ်လာသည်က ခင်ဗျားသုံးပုံ၊ သုံးနည်းပဲဖြစ်၏”လို့ ထမင်းပင်နပ်မမှန်အောင် ဆင်းရဲသောဘဝမှ ဒေဝူး နိုင်ငံတကာ စီးပွါးရေးလုပ်ငန်းစုကြီး၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်လာသူ ကင်ဝူချွန်းက သူ့အမြင်ကို လှစ်ဟခဲ့ပါတယ်။ “တကယ်တော့ ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး။ သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေက ပြဿနာ ဖြစ်နေတာပါ။ ပိုက်ဆံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တွေးပုံတွေးနည်း၊ ခံစားပုံ ခံစားနည်း၊ တန်ဖိုးထားပုံထားနည်း တွေကသာ ပြဿနာပါ” လို့ The Pursuit of Happiness စာအုပ်မှာ စာရေးဆရာ စိတ်ပညာ ပါမောက္ခဒေးဗစ်မီယာ ကဆိုပြန်ပါတယ်။
စတာလင်ပေါင်သန်းနှစ်ဆယ်လောက် ဆုကြေးငွေရသော လန်ဒန်ထီပေါက်သူများကို တီဗီအစီအစဉ် တစ်ခုက တွေ့ဆုံမေးမြန်းရာ အချို့ရူးသွားသူများလည်းပါပါတယ်။ သူတောင်းစားဖြစ်သွားသူများလည်း ရှိပါတယ်။ ပြစ်မှုကျူးလွန်မိသူများပါသလို၊ ရာဇဝတ်မှုနှင့် ထောင်ကျသွားသူများလည်းပါနေတာတွေ့ရပါတယ်။ ရည်ရွယ်ချက်မရှိဘဲ ငွေရှာ၊ငွေရခြင်းဟာ အကျိုးမဲ့ဖြစ်တတ်ကြောင်း သက်သေပြနေသလိုပါပဲ။
ရည်မှန်းချက်ရှိသော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်ကလည်း အောင်မြင်စေမည့်အခွင့်အလမ်းကိုရှာဖွေလျက်၊ အဆိုပါ လမ်းကြောင်းအတိုင်း မှန်မှန်လျှောက်လှမ်းနေသကဲ့သို့၊ မိမိကဲ့သို့ ကျင့်ကြံအားထုတ်နေသူများကိုလည်း အားပေး၊ ပံ့ပိုး၊ ပူးပေါင်းဆောင်ရွက်လျက် လောကကိုအရောင်တက်စေပါတယ်။ ရည်မှန်းချက်မရှိသူကတော့ မိမိကိုယ်တိုင်ပင် စမ်းတဝါး ယောင်လည်လည်မို့ သူတစ်ပါးကို လမ်းပြဖို့နေနေသာသာ သူကိုယ်တိုင်ပင် မယိမ်းယိုင်အောင် မနည်းကြိုးစားရပ်တည်နေကြ ရပါတယ်။ တစ်ကယ်တော့ လောကသည် အတ္တဟိတလောကသက်သက်မဟုတ်ပါ။ အောင်မြင်သူအများစုကို လေ့လာကြည့်ပါ။ အများစုမှာ အတ္တ၊ပရမျှတသူများသာဖြစ်ပါတယ်။ မိမိရဲ့အတ္တကိုကျော်လွန်ပြီး ကြည့်နိုင်သူ၊ စွမ်းဆောင်နိုင်သူ များသာလျှင် အဓိပ္ပါယ်ရှိသော၊ တန်ဖိုးရှိသော၊ တစ်သက်စာ တည်ငြိမ်အေးချမ်းသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါတယ်။
ဥပမာအားဖြင့်ပြဆိုရသော် ဂျပန်နိုင်ငံမှ ကမ္ဘာကျော် (National Panasonic) ကုမ္ပဏီတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သော Konosuke Matsushita (ကိုနိုဆုခဲ မတ်ဆုရှိတ) အကြောင်းကိုဖေါ်ပြလိုပါတယ်။
မတ်ဆုရှိတဟာ လယ်သမားမိသားစုရဲ့ များလွန်းတဲ့မွေးချင်းတွေထဲက သားထွေးတစ်ဦးပါ။ စီးပွါးပျက်ကပ်နဲ့ အဆုတ်ရောဂါဘေးဆိုးကြီးကြောင့် မိသားစုတစ်ကွဲတစ်ပြားဖြစ်ကာ မူလတန်းပင်ကုန်အောင် မတက်ရတော့ပါဘူး။ အသက်ကိုးနှစ်အရွယ်ကစလို့ အိုဆာကာက မီးသွေးမီးလင်းဖို တစ်ခုမှာ တစ်လကိုဆယ်ဆင့်နဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ရပါတယ်။ ခလေးထိန်း၊ လက်တိုလက်တောင်းတွေပါ အစုံလုပ်ပေးတဲ့ မတ်ဆုရှိတကို အလုပ်ရှင်က သဘောကျတာနဲ့ စက်ဘီးအရောင်းဆိုင်တစ်ခုမှာ အလုပ်သွင်းပေးခဲ့ပါတယ်။ မတ်ဆုရှိတက လည်း စက်ဘီးရောင်းတာအပြင်၊ ဆိုင်ရှင်ရဲ့အခြား လက်တိုလက်တောင်း အလုပ်များကိုလုပ်ကိုင်ရင်း စက်ဘီးပြင်တဲ့ပညာကို ရအောင်ယူခဲ့ပါတယ်။ အသက်ဆယ့်နှစ်နှစ်အရွယ် ဖခင်ကွယ်လွန်သည်ကစလို့ မိသားစုကို ဦးစီးဦးဆောင်ပြုခဲ့ပါတယ်။ နောက်တော့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလိုက်တာ ဆိုင်ပိုင်လေးဖွင့်နိုင်လာပါတယ်။ ကိုယ်တိုင်တီထွင်၊ ဈေးကွက်လည်း ဖြန့်ဖြူးလို့ စီးပွါးရေးတစ်ခုကို အသက်ငယ်ငယ်မှာပဲ အောင်အောင်မြင်မြင် စတင်စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းကိုပဲ ချဲ့ထွင်ကာ ထွန်းပေါက်အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် တဖြေးဖြေးအသွင် ကူးပြောင်းယူခဲ့ပါတယ်။သူ့ရဲ့ “မူ”က ‘အရည်အသွေးနှင့် ရိုးသားမှုက အဓိက’။ ဝန်ထမ်းများအပေါ်မှာလည်း မိသားစုစိတ်ဓါတ်ထားရှိခဲ့ပါတယ်။
၁၉၉၃ မှတ်တမ်းများအရ နှစ်စဉ်သူ့ပိုင်လုပ်ငန်းအရပ်ရပ်မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၆၃ ဘီလီယံ (သန်းပေါင်း ၆၃၀၀၀) ရရှိပါတယ်။ ယန်း ၁၀၀ နဲ့စတင်ခဲ့တဲ့လုပ်ငန်းလေးရဲ့ ကြီးထွားဖွံ့ဖြိုးလာမှုက ကြောက်ခမန်းလိလိပါ။ သူ့ဝင်ငွေတွေကိုလည်း လေလွင့်ခြင်းမရှိစေရဘဲ လူမှုရေးလုပ်ငန်းများမှာ နှမြောတွန့်တိုခြင်းမရှိ ထိထိရောက်ရောက်လှူဒါန်းလေ့ရှိပါတယ်။ ဂျပန်နိုင်ငံ အဝန်းမှာသာမက ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များမှာ Harvard နဲ့ Stanford တက္ကသိုလ်များကို တစ်ကျောင်းလျှင် တစ်နှစ် ဒေါ်လာတစ်သန်းစီ မပျက်မကွက် လှူဒါန်းခဲ့ပါတယ်။ ၁၉၄၆ မှာ ကျိုတိုမှာ Peace & Happiness through Prosperity Institute ကိုလည်းကောင်း၊ ၁၉၈၀ မှာ Matsushita Government & Management School ကိုလည်းကောင်း ဖွင့်လှစ် တည်ထောင်ပေးခဲ့ပါတယ်။ မူလတန်းပညာကိုပင် ကုန်အောင်သင်ခွင့်မရခဲ့သော်လည်း ကမ္ဘာကျော် ကုမ္ပဏီကြီးကို ထူထောင် နိုင်ခဲ့သော သူရဲ့ပြောင်မြောက် ထူးချွန်လှတဲ့ စီးပွါးရေးနှင့်အတတ်ပညာပိုင်းဆိုင်ရာ နည်းလမ်းများကို စာအုပ်ပေါင်း ၄၄ အုပ် တိတိ ရေးသားပြုစု ထုတ်ဝေခဲ့ပါတယ်။ သူ့ကို ပြည်သူများက ချစ်စနိုးနဲ့ ဂျပန်နိုင်ငံရဲ့ ဟင်နရီဖိုဒ့် (သို့) သောမတ်အက်ဒီဆင် ရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
မတ်ဆုရှိတနည်းတူ ကမ္ဘာအရပ်ရပ်မှ လူချမ်းသာများစွာတို့ဟာ ရက်ရက်ရောရောကြီး လှူနေတန်းနေ ကြပါတယ်။ ဆိုခဲ့တဲ့ ဒေဝူးလုပ်ငန်းစုများပိုင်ရှင် ကင်ဝူချွန်းက သူပိုင်ဆိုင်သမျှ အားလုံးနီးပါးမျှရှိသော ဒေါ်လာ ၃၇သန်းတန် ဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ “အကြောင်းရင်းကတော့ စီးပွါးရေးလုပ်ငန်းနှင့် ပိုက်ဆံကို သည်နည်းသည်ပုံအတိုင်းသာသုံးသင့်သည် ဟု တစ်သက်တာပတ်လုံး ခိုင်ခိုင်မြဲမြဲ ယုံကြည်ချက်ကြောင့် ဖြစ်တယ်”လို့ ကင်ဝူချွန်းကဆိုခဲ့ပါတယ်။
ဒီလောက်ဆင်းဆင်းရဲရဲဘဝကနေ ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်းလာတဲ့ငွေတွေကို ဘာကြောင့် ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာပါလဲ။ ကျွန်မတို့နေထိုင်တဲ့လောကကို အောင်အောင်မြင်မြင် တည်ဆောက်ပေးခဲ့ကြသော ရှေးအစဉ်အဆက် လူသားများထံမှ ကျွန်မတို့ ရယူခဲ့ပြီးသမျှကို အလှည့်ကျလာ၍ ပြန်လည်ပေးဆပ်နေကြခြင်းသာဖြစ်တယ် လို့ ခံစားမိပါတယ်။ ဒါကြောင့် နော်မင်ဗင့်ဆင့်ပီးလ်ဆိုသော ပညာရှင်ကဒီလိုပြောခဲ့ပါတယ်။ “မိမိတစ်ကိုယ်တည်းအတွက် အသက်ရှင်သူသည် ရှုံးနိမ့်သူ ဖြစ်သည်။ ဓနဥစ္စာ၊ ရာထူးနှင့် အာဏာများရရှိခဲ့ဦးတော့ သူသည် ရှုံးနိမ့်သူသာဖြစ်သည်။ သူတစ်ပါးတို့အတွက် အသက်ရှင် သူများသာလျှင် အမှန်အောင်မြင်သူများဖြစ်ပေသည်။”
တစ်ကယ်တော့ လောကမှာ ငွေမရှိတာမကောင်းပါဘူး။ ဒါပေမယ့် ငွေတွေပဲရှိနေရုံနဲ့လည်း ကောင်းမသွားပါဘူး။ နောက်ပြီး ‘ငွေသည်လောကရှိ မကောင်းမှုတို့၏ ရင်းမြစ်ဖြစ်သည်’ဆိုတဲ့စကားဟာ မှားပါတယ်။ ငွေကိုမက်မောလွန်းပြီး ဘယ်နည်းနဲ့ ရရ ရှာချင်သော ဝိသမလောဘစိတ်ကသာ မကောင်းမှုတို့ရဲ့ ရင်းမြစ် ဖြစ်တာပါ။ ငွေကိုရှေ့တန်းတင် လွန်းတဲ့အခါ လူမှုရေးနှင့်ကိုယ်ကျင့်တရားများ ထိန်းသိမ်းဖို့ မေ့လျော့သွားတတ်ကြလို့ပါ။ ပြီးတော့ ငွေကိုပဲ အာရုံစူးစိုက် ကြည့်နေခိုက်မှာ လူ့သိက္ခါနဲ့သမာဓိ၊ လူ့ကျင့်ဝတ်တို့က မှုန်ဝါးသွားလို့ပါပဲ။
ငွေဆိုတာမြေသြဇာနဲ့တူပါသတဲ့။ မြေသြဇာကို သိမ်းဆည်းထားရင် အချည်းနှီးပဲဖြစ်ပြီး၊ ပတ်ဝန်းကျင်ကို ကျဲပက်လိုက်ရင်တော့ အသီးအပွင့်တွေ ဝေဆာလာဖို့ အထောက်အကူဖြစ်ပါသတဲ့။ ကိုယ်ကိုယ်တိုင် သည်ဘက်ကမ်းသို့ ရောက်လျှင် (စီးပွါးရှာလို့ ကြီးပွါးသွားပြီဆိုပါလျှင်) ဟိုဘက်ကမ်းကလူတွေ လှမ်းလိုက်လာစရာ တံတာလေးတော့ လှမ်းထိုးပေးကြရပေမည်။ စာပေသင်ချင်ပါလျက် ချို့တဲ့နွမ်းပါ၍ မသင်နိုင်သူများအတွက် ဖေါင်ဒေးရှင်းများ ထူထောင်ကြရပါမယ်။ ဆင်းရဲငတ်မွတ်နေသူများအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ရပါမယ်။ ကမ္ဘာ့ကပ်ဘေးများရဲ့ဒဏ်ကို ခံစားနေကြရသူတွေ ကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကူညီနိုင်ဖို့ကြိုးစားကြရပါမယ်။ ကိုယ့်အနီးအနားကစလို့ လက်လှမ်းမီသရွေ့ ကူညီသွားကြရပါမယ်။
မိမိယုံကြည်သော၊ဂုဏ်ယူသော ပန်းတိုင်တစ်ခုဆီ လှမ်းချီနေသူအဖို့ လှုပ်ရှားရုန်းကန်နေရခြင်းကပင် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်လာပါတယ်။ ရှင်သန်နေသောဘဝမှာ မိမိတစ်ကိုယ်တည်းသာမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ တတ်စွမ်းသမျှ ဖြည့်ဆည်းလိုက်သောအခါ မိမိအနီးရှိ လူသားများ၏ မေတ္တာတရားနှင့် အားပေးယုံကြည်မှု၊ လေးစားမှုတို့ကို ခံယူရရှိနိုင်လာပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ပန်းတိုင်ဆီ လှမ်းချီရာခရီးတလျှောက်အတွက် လုံခြုံမှုနှင့်အေးချမ်းမှုတို့ကိုပေးစွမ်းမယ့် အေးရိပ်ဆာယာများပဲ ဖြစ်လာပါလိမ့်မယ်။
ကျွန်မဖတ်ခဲ့ဖူးသော Will A. Dromgool ရေးသားခဲ့သော Building the bridge ကဗျာလေးမှ တစ်ပိုင်းတစ်စကို မျှဝေချင်ပါတယ်။
ခရီးသွားဖေါ်တစ်ဦးသော်လျှင်
ထုတ်ဖေါ်ဤသို့မေးမြန်း၏
‘အို…အဘိုးအို
နေလည်းညိုပြီ
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျှက်
အားသန်ကြိုးစား၊ သည်တံတားကို
သင်ကားဘယ်ကြောင့် ဆောက်သနည်း’
‘အို…အဆွေ
သည်နေ့ဆိုလျှင်၊
ဆံပင်နုနယ် လူငယ်တစ်ယောက်၊
ငါ့နောက်လိုက်လျှက် ခရီးထွက်ပြီ
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှာ
သူတရာဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။’
မြတ်ဗုဒ္ဓကတော့ အလွန်ကောင်းတဲ့ ဥပမာတစ်ခုကို ပြဆိုခဲ့ပါတယ်။ “ခရီးသွားသူတစ်ဦးသည် မြစ်အပြင်ကို ကူးဖြတ်ရန် လှေ၊သင်္ဘော၊ဖေါင်စသည် မရှိသောအခါ သစ်ခက်သစ်ကိုင်းများကို ဖေါင်သဖွယ်ဖွဲ့၍ လက်ခြေတို့ကိုလည်း အားထုတ်သုံးကာ တစ်ဘက်ကမ်းသို့ကူးမြောက်လေ၏။ ထိုသစ်ခက်ဖေါင်ကို ကျေးဇူးကြီးလှ၏ဟု မစွန့်ပစ်ရက်ဘဲ သယ်ပိုးသွားလျှင်မှားယွင်းပေလိမ့်မည်။ ထိုဖေါင်သည် သိမ်းပိုက် ထားရန်မဟုတ်။ ကူးမြောက်ဖို့သာဖြစ်သည်”ဟု မဇ္ဈိမနိကာယ်၊အလဂဒ္ဒူပမသုတ်မှာ တရားရှင်ဗုဒ္ဓက ဟောဖေါ်ညွှန်ပြ ခဲ့ပါတယ်။ “ပိုက်ဆံဟာလည်း ဖေါင်ဥပမာလိုပါပဲ။ သိမ်းပိုက်ဖို့ မဟုတ်။ ကူးမြောက်ဖို့ပါ။ ပိုက်ဆံဆိုတာ ဓါတ်ကူပစ္စည်းပါ။” လို့ ဆရာမောင်သစ်ဆင်းရဲ့ ပိုက်ဆံနဲ့ချမ်းမြေ့သုခဆိုတဲ့ ဆောင်းပါးထဲမှာဆိုထားပါတယ်။
ကျွန်မဒီအက်ဆေးလေးကို ရေးဖြစ်ခဲ့တာကတော့ အောင်မြင်မှုနဲ့ငွေကြေးနောက်ကို မေ့မေ့မောမော လိုက်မိနေတတ် ကြတဲ့ လူအချို့အတွက်ဖြစ်ပါတယ်။ တစ်ခါတရံ ကျွန်မတို့လူသားတွေဟာ အနီးကပ်အရာ တစ်ခုခုကို အာရုံစိုက်နေမိတဲ့အခါ အဝေးကအရာတွေနဲ့ ဘေးကအရာတွေ မှုန်းဝါးသွားတတ်ကြပါတယ်။ အဲဒီအထဲမှာ တစ်ခါတရံ ကျွန်မလည်းပါပါတယ်။ လူတွေဟာ အခြေခံကျတဲ့ အရေးကြီးတဲ့ ငွေကြေး လိုအပ်ချက်ကို ဖြေရှင်းဖို့ကြိုးစားရင်း လူ့ကျင့်ဝတ်၊ သိက္ခါ၊ စည်းကမ်းနှင့် အများကောင်းကျိုး တို့က မှုန်ဝါး(တခါတရံတော့လည်း မမြင်ချင်ယောင်ဆောင်တာပါ) ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီတော့ ငွေရှာခြင်းရဲ့ အဓိပ္ပါယ်ကို မျက်မွေးတစ်ဆုံးကို မကြည့်ဘဲ၊ မျက်စိတစ်ဆုံးကို ကြည့်ကြဖို့၊ သံသရာတစ်ဆုံးကြည့်ကြဖို့  သတိကလေး ပေးလိုတာပါ။ အနည်းဆုံတော့ ဒီအက်ဆေးလေးကို ပြန်ဖတ်မိတိုင်းလည်း ကျွန်မကိုယ်ကျွန်မ သတိပေးဖြစ်တာပေါ့လေ၊ အားလုံးပဲ ငွေကြေးရဲ့ အရှင်သခင်များ ဖြစ်နိုင်ကြပါစေ။ ။

Tuesday, July 21, 2009
မိန်းမသားဘဝ
လူပေါင်းများစွာတို့က ခေတ်အဆက်ဆက်မှာ ယောက်ျားကမြတ်တယ်၊ မိန်းမကမြတ်တယ်ရယ်လို့ သက်သေပြကြ ငြင်းခုန်ကြ လေ့ရှိပါတယ်။ ကျွန်မကတော့ အဲဒီလိုငြင်းခုန်နေရတာကို သိပ်သဘောမတွေ့လှပါဘူး။ တစ်ကယ်တော့ ယောက်ျား၊ မိန်းမနှစ်ဦးစလုံးမှာ မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းတွေ သီးခြားစီရှိကြပါတယ်။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်စွမ်းပံ့ပိုးနိုင်ကြလျက် အပြန်အလှန် ပြည့်စုံချမ်းမြေ့စေနိုင်ကြပါတယ်။ ဒီသဘောကို အင်္ဂလိပ်သုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက အောက်ပါအတိုင်း ဟောပြောခဲ့ဖူးပါတယ်။
‘‘ယောက်ျားရဲ့စွမ်းအားဟာလှုပ်ရှားတဲ့သဘောရှိတယ်။ ရှေ့ကိုသွားတဲ့သဘောရှိတယ်။ ခုခံလိုတဲ့ သဘောရှိတယ်။ ယောက်ျားဟာ ပြုလုပ်သူဖြစ်တယ်။ ဖန်တီးသူဖြစ်တယ်။ ရှာဖွေတွေ့ရှိသူဖြစ်တယ်။ ကာကွယ်ပေးသူ ဖြစ်တယ်။ ယောက်ျားရဲ့ အသိဥာဏ်ဟာ စဉ်းစားချင့်ချိန်ဖို့ တီထွင်ဖန်တီးဖို့ဖြစ်တယ်။ သူ့ခွန်အားဟာ စွန့်စားဖို့ဖြစ်တယ်။ တရားတဲ့ စစ်ဆင်နွှဲဖို့ဖြစ်တယ်။ လိုအပ်ရင်အောင်နိုင်ဖို့ဖြစ်တယ်။
ဒါပေမယ့် မိန်းမရဲ့စွမ်းအားဟာ စစ်တိုက်ဖို့မဟုတ်ဘူး။ အုပ်စိုးဖို့ဖြစ်တယ်။ သူ့အသိဥာဏ်ဟာ တီထွင်ဖို့၊ ဖန်တီးဖို့ အဓိကမဟုတ်ဘူး။ ချိုသာစွာအမိန့်ပေးဖို့ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံနေရာချထားဖို့ဖြစ်တယ်။ အဆုံးအဖြတ်ပေး ဖို့ဖြစ် တယ်။ မိန်းမဟာ အရာဝတ္ထုတွေရဲ့ အရည်အသွေးကိုနားလည်တယ်။ အရာဝတ္ထုတွေရဲ့ အသုံးကျမှုကိုသိတယ်။ နေရာကိုသိတယ်။ မိန်းမရဲ့အဓိကအလုပ်ဟာချီးကျူးအားပေးဖို့ဖြစ်တယ်။ ပြိုင်ပွဲထဲဝင်မပါဘူး။ ပြိုင်ပွဲမှာအောင်မြင်မှု သရဖူကို ဘယ်သူဆောင်းသင့်တယ်ဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ဖြစ်တယ်…….။’’
ဒီလိုမတူညီခြားနားတဲ့ တန်ဖိုးများကို ပိုင်ဆိုင်ထားတဲ့ ယောက်ျား၊မိန်းမတို့ဟာ အချိန်အခါတစ်ခုမှာ၊ အခြေအနေ တစ်ခုအရ ပေါင်းစည်းဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါကိုတော့ ထိမ်းမြားလက်ထပ်တယ် (အိမ်ထောင်ပြုတယ်)လို့ ခေါ်လေ့ ရှိကြပါတယ်။ မိန်းမသားများအနေနဲ့ ယောက်ျားသားတစ်ဦးကို ထိမ်းမြားလက်ထပ်စေတဲ့ ယေဘုယျအကြောင်းများ ကတော့…
(၁) sense of maternity မိခင်စိတ်
(၂) sense of love အချစ်စိတ်
(၃) sense of creation ဖန်တီးလိုစိတ်
(၅) sense of importance အရေးပါအရာရောက်လိုစိတ်
(၄) sense of security လုံခြုံမှုအတွက်အားကိုးစိတ်
(၄.က) economic security စီးပွါးရေးဆိုင်ရာအာမခံချက်
(၄.ခ) environmental security ပတ်ဝန်းကျင်ဆိုင်ရာအာမခံချက်
(၅) duty for reproduction မျိုးပွါးခြင်းတာဝန်
မိန်းမတစ်ယောက်ကို မည်သို့သော အကြောင်းတရားကြောင့် လက်ထပ်ဖြစ်ခဲ့သည်ရှိစေ၊ လက်ထပ်ပြီးနောက်ပိုင်း duty of reproduction (မျိုးပွားခြင်းတာဝန်) ကို ထမ်းဆောင်ရသည့်အချိန်တွင် sense of maternity (မိခင်စိတ်) ၏ အရေးပါမှု စတင်လာ ပါတော့တယ်။ မိခင်စိတ် (sense of maternity) ဟာ မိန်းမသားဘဝအတွက် အလွန်ပဲအရေးပါလှပါတယ်။ တန်ဖိုးလည်း အလွန်ကြီးမား လှပါတယ်။ အချို့သောသူများက မိန်းမသားများဟာ လက်ထပ်ပြီးနောက်ပိုင်း မျိုးပွားခြင်းတာဝန်ကို မလွဲမရှောင်သာ ယူရတဲ့အချိန်မှ သာလျှင် မိန်းမများမှာ မိခင်စိတ်ကိန်းအောင်းလာကြတယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ တစ်ကယ်တမ်းစဉ်းစားကြည့်တော့ အိမ်ထောင်ပြုတယ် ဆိုတာ ဘာရယ်လို့ နားမလည်တတ်သေးခင် ဟိုးငယ်စဉ်ဘဝ ကတည်းက မိန်းကလေးများဟာ အရုပ်ကလေးများနဲ့ ကလေးထိန်းတမ်း ဆော့လေ့ရှိပါတယ်။ ဒါဟာ နူးညံ့သိမ်မွေ့တဲ့ မိခင်မေတ္တာရဲ့ မြစ်ဖျားပါ။
အဲဒီလိုနဲ့ အရင်းခံလာတဲ့ မိခင်မေတ္တာဟာ ဘယ်လောက်တောင် အင်အားကြီးပြီး အစွမ်းထက်သလဲဆိုရင် အညှီနံ့ထောင်းထောင်း ထပြီး၊ နီရင့်ရောင်အဆင်းရှိတဲ့ သွေးစိမ်းရှင်ရှင်ကိုသော်မှ ဖြူစင်ချိုမြိန်ပြီး အာဟာရနဲ့ ပြီးပြည့်စုံတဲ့ နို့ချိုရည်အဖြစ်ကို ပြောင်းလဲသွားစေ ပါတယ်။ လူ့ကိုယ်မှာရှိတဲ့ အစိတ်အပိုင်း(ကောဌာသ)များကို သုံးဆယ့်နှစ်ကောဌာသ သတ်မှတ်ရာမှာ မိခင်နို့ရည်ဟူသော ကောဌာသ မပါပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ရည်ဟာ သွေး(လောဟိတ) ဆိုတဲ့အုပ်စုထဲမှာ ပါပြီးတာကြောင့်ပါပဲ။ အဲဒီသွေးဆိုတာနဲ့ မိခင်မေတ္တာနဲ့ ရောစပ်လိုက်တဲ့အခါ ဓါတ်သဘာဝအားဖြင့် တစ်ခြားစီဖြစ်တဲ့ မိခင်နို့ချိုရည်ဖြစ်လာပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူသော မေတ္တာသုတ်တော်တွင်လည်း မိခင်၏မေတ္တာကို လောကရှိမေတ္တာတရား အားလုံးတို့အတွက် ပုံခိုင်းစရာစံအဖြစ် ဟောကြားတော်မူခဲ့ပါသည်။ ‘‘မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။ မာတာ၊ သမီးသား၌ ကြီးပွါးစေလို ဘထက်ပို၍ ဗြဟ္မစိုရ်စုံ နဂိုထုံလေ့ရှိသော ဂုဏ်ကျေးဇူးရှင် မွေးမိခင်သည်။ နိယံပုတ္တ၊ မိမိရင်၌ဖြစ်သော။ ဧကပုတ္တံ၊ အရေကိုလွှား အသားကိုခွဲ အရိုးစွဲအောင် မြဲမြံလှစွာ ကရုဏာနှုင့် မေတ္တာဗလဝ ချစ်ပါလှသော ဖွါးစနုနယ် တစ်ယောက်တည်းသော သားသူငယ်ကို။ အာယုသာ၊ ဇိဝိတိနြေ္ဒ တည်ငြိမ်စေလိုသောကြောင့်။ အနုရက္ခေယထာ၊ ပိုက်ပိုက်ထွေးထွေး နို့ချိုကျွေး၍ မအေးစေရ မပူရဘဲ နေ့ညမခြား ရင်ဝယ်ထား၍ လူလားမြောက်အောင် ကြံဆောင်ထွေထွေ စောင့်ရှောက်လေသကဲ့သို့။’’
ဖခင်ဖြစ်သူမှာ မိမိ၏သွေးသားစစ်စစ် ဖြစ်၊မဖြစ် မှန်၊မမှန် သံသယဆင်ခြေ ရှိလေနိုင်ငြားလည်း၊ မိခင်ဖြစ်သူ မိန်းမသားမှာမူ မိမိကိုယ်တိုင် ငုံပိုက်သန္ဓေ ဆောင်လေစွဲကပ်၊ မီးယပ်သားဖွါး၊ အာဝေဏိကတရားက အထင်အရှားဖြစ်သောကြောင့် သွေးသားရင်နှစ် သမီးသားစစ်စစ် ဖြစ်၊မဖြစ်ကို တစ်ဆစ်မှ သံသယမဝင်တော့ပေ။
နောက်ပြီး သားသမီးရဲ့ အန္တရာယ်ကို ကာကွယ်တဲ့နေရာမှာ ဖခင်ထက် မိခင်များက အသက်ကို စွန့်စားလေ့ ရှိတတ်ကြတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စတင်ကာ မိခင်ကသာ စားမှု၊နေမှု၊ထိုင်မှု ကိစ္စအဝဝအတွက် တစ်တွတ်တွတ် သင်ကြားနေတတ်ပါတယ်။ အမိဖြစ်သူ မိန်းမသားများဟာ စိတ်ရှည်တယ်၊ သည်းခံတယ်၊ သာယာစွာဖျောင်းဖျ ပြောဆိုတတ်ကြပါတယ်။
ဗိမ္ဗိသာရဇာတ်မှာ ဖခင်နှင့် အဇာတသတ် အရေးအခင်းမှာ သားရဲ့သတ်ခံရတာက ဗိမ္ဗိသာရဘုရင်ဖြစ်ပါတယ်။ နောင်တရအောင် ပြောဆိုဆုံးမတာကတော့ မယ်တော်ဝေဒေဟီ မိဖုရားသာဖြစ်ပါတယ်။ အကယ်၍သာ မယ်တော်အသတ်ခံရပြီး ခမည်းတော်သာ ကျန်ခဲ့မယ်ဆိုရင် သားကိုပြန်၍ အပြစ်ဒဏ်ပေးလျှင်လည်း ပေးနိုင်ကောင်း၍၊ သာယာဖျောင်းဖျ အကြောင်းအကျိုးလည်း ပြန်ရှင်းပြနေမှာ မဟုတ်ပါဘူး။ အဇာတသတ်မင်းသားအနေနဲ့လည်း ဗုဒ္ဓနဲ့တွေ့တောင်တွေ့သွားပြီး သတိသံဝေဂရတော့မှာ မဟုတ်ဘူး။ မိခင်ဆိုတော့ သားဆိုးသားမိုက်လည်း ကရုဏာထားတာပဲ။
အင်္ဂုလိမာလရဲ့ အမေဟာလည်း ဆိုးသွမ်းသောင်းကျန်းနေတဲ့သူ့သားကို မင်းကြီးက တပ်စုဗိုလ်ပါတွေနဲ့ ဖမ်းဆီးတော့မယ်လည်း ကြားရော သားမိုက်ကိုလိုက်ရှာပြီး သတိပေးဖို့ တောထဲကို တစ်ယောက်တည်း မကြောက်မရွံ့ ထွက်ခဲ့ပါတယ်။ သောင်းကျန်းဆိုးသွမ်းတဲ့ သားနဲ့တွေ့တော့ လက်ညှိုးပေါင်းတစ်ထောင်ပြည့်ဖို့ တစ်ချောင်းပဲလိုတယ်ဆိုပြီး မိခင်လက်ကိုဖြတ်ရအောင် လိုက်ပါတော့တယ်။ မြတ်စွာဘုရားရှင်က ရောက်လာပြီး ကြားဝင်ကယ်ချွတ်လို့သာ သားဆိုးဘေးမှလွတ်ခဲ့ရပါတယ်။ ဒီနေရာမှာ ဖခင်ပုဏ္ဏားကြီးသာ လိုက်သင့်သော်လည်း မိခင်ပုဏ္ဏေးမကြီးကသာ မိခင်မေတ္တာအရင်းခံနဲ့ မကြောက်မရွံ့လိုက်လာဝံ့တာပါ။
နောက်ပဒကုသလဇာတ်မှာလည်း မိခင်ကို ဘီလူးမကြီးမှန်းသိတာနဲ့ သားကအဖေကိုခေါ်ပြီး ထွက်ပြေးပါတယ်။ မိခင်ကသိတော့ နောက်ကအပြေးလိုက်ပြန်ခေါ်ဖို့ ကြိုးစားပါတယ်။ မိခင်ကမလိုက်နိုင်တဲ့အဆုံး မြစ်တစ်ဘက်ကမ်းကို ရောက်သွားပြီဖြစ်တဲ့သားကို လူတို့ရပ်ထံရောက်ရင် အသက်မွေးမှုတစ်ခုမပါက ဆင်းရဲရလိမ့်မည်လို့ ကြောင့်ကြတဲ့အတွက် ခြေရာခံတတ်တဲ့မန္တန်ကို တစ်ဘက်ကမ်းဆီ လှမ်းအော်ရင်း နှုတ်တိုက်သင်ပေးပါတယ်။ မန္တန်ရလို့ သားနဲ့လင်လည်း ထွက်သွားရော မိခင်ဘီလူးမကြီးလည်း ရင်ကွဲနာကျ သေရရှာပါတယ်။ မိမိကို ရွံရှာမုန်းတီးလို့ ရင်ကိုစုံကန်ထွက်သွားတဲ့ သားကိုသော်မျှ မေတ္တာမကွက် ကရုဏာသာ သက်တတ်တာ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့်လူ့လောကမှာ အပြည့်စုံဆုံးမေတ္တာရှင်အနေနဲ့ ဖေါ်ပြစရာဆိုလို့ မိခင်မှတစ်ပါး အခြားသူ မရှိနိုင်ပါဘူး။
ဒီလိုလူ့ဘဝရဲ့ အပြီးပြည့်စုံဆုံး မေတ္တာရှင်ဖြစ်ခွင့်ကို ရရှိထားတဲ့ ကျွန်မတို့ မိန်းမသားများအဖို့ တုနှိုင်းဖွယ်မရှိတဲ့ မိခင်ဂုဏ်ရည်ကို ထိန်းသိမ်းသင့်ပါတယ်။ ဆရာမကြီး ဒေါ်ခင်နှင်းယုကလည်း အဆိုပါဂုဏ်ရည်ကို ဆောင်းပါးတစ်ပုဒ်မှာ အောက်ပါအတိုင်း ရေးသားခဲ့ဖူးပါတယ်။
‘‘မိန်းမများအနေနဲ့လည်း မနာလို၊ဝန်တိုစိတ်တွေ၊ ရယူလိုစိတ်တွေ ပြင်းပျလာတိုင်း ငါတို့သည် မိခင်မျိုးနွယ်မှ ဆင်းသက်လာ သူများဖြစ်သည် ဟူ၍ မျိုးနွယ်ဂုဏ်ကို စောင့်ထိန်းသောအနေဖြင့် မိခင်မေတ္တာဖြင့် လင်သားအပေါ် ချစ်နိုင်ပါလျှင် မနာလိုဝန်တိုခြင်း ကင်းလာမည်။ သားငယ်တစ်ယောက်ကို ပြုပြင်သလို လင်သား၏ ဖောက်ပြန်မှု၊ သစ္စာမဲ့ မှုရှိလာလျှင်တောင် ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ငြိမ်းချမ်းသော လူ့ဘောင်ကို ယောက်ျားနှင့်မိန်းမ လက်တွဲ၍တည်ဆောက်ရမည်ဖြစ်သော်လည်း မိန်းမက သာသောအချက်မှာ မိခင်မေတ္တာကို မိန်းမများကသာ ပေးနိုင်ခြင်းဖြစ်သည်။ လေးစားမြတ်နိုးထိုက်သော မိခင်မျိုးနွယ်ဟူသော ဂုဏ်သရေ၊ သဘာဝအမွေကို ခံယူရသော အမျိုးသမီးများဖြစ်၍ ပြဿနာ တစ်ရပ်ရပ်နှင့် တွေ့ကြုံတိုင်း မိခင်မျိုးနွယ် ဂုဏ်သရေကို သတိရကာ မိခင်စိတ်ဖြင့် ဖြေရှင်းနိုင်ပါစေသတည်း။’’ (ခင်နှင်းယု ၂၅-၇-၉၇)
ကျွန်မဒီအက်ဆေးကို ရေးဖြစ်ခဲ့တာကတော့ မိန်းမသားဘဝကို တန်ဖိုးထားဖို့မေ့လျော့နေတာလား၊ မသိတာလား၊ မလိုအပ်ဘူးလို့ထင်နေကြတာလားမသိတဲ့ ညီမအရွယ်၊ အစ်မအရွယ် မိန်းမသားတစ်ချို့အတွက်ပါ။ ၂၁ရာစုကို ကူးပြောင်း လာပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံများမှာသာမက အာရှနိုင်ငံအတော်များများမှာပါ မိန်းမသားများရဲ့ အတွေးခေါ်ယူဆ ချက်များ ပြောင်းလဲလာပါတယ်။ တစ်ချို့ကဒီလိုဆိုကြပါတယ်…။ ‘‘လွတ်လပ်တဲ့မိန်းမတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ဂုဏ်သိက္ခါဟာ သူကိုယ်တိုင်အတွက်ဖြစ်ပြီး အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရဲ့အောင်မြင်မှုနဲ့ဂုဏ်သိက္ခါကတော့ သူ့ခင်ပွန်းနဲ့၊ သူ့ရဲ့မိသားစုအတွက်ဖြစ်ပါသတဲ့’’ ။ ဒီတော့ ရှိဖူးတဲ့ စကားတစ်ခွန်းလိုပါပဲ ‘‘ပညာအကျင့်နှင့်သိက္ခါမြှင့်’’ သင့်ကြပါတယ်။ ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါဘူး။ နှုတ်မှု၊လက်မှု ပညာသာမက အမှား၊အမှန် ပိုင်းခြားနိုင်တဲ့ အသိပညာကိုလည်းဆိုလိုပါတယ်။ အကျင့်စာရိတ္တအားဖြင့်လည်း မြင့်မြတ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် တစ်ချိန်ချိန်မှာ မိခင်တာဝန်ကို ထမ်းဆောင်ကြဖို့ (ရာခိုင်နှုန်းအတော်များများ) သေချာနေသော မိန်းမသားများအဖို့ မိမိရဲ့ဂုဏ်သိက္ခါကို မိမိကိုယ်တိုင် တန်ဖိုးထားတတ်ကြဖို့ အလွန်လိုအပ်ပါတယ်။ မိမိရဲ့အခြားသော ကိုယ်ရည်ကိုယ်သွေးများကိုလည်း မိမိရဲ့မျိုးဆက်သစ်များအတွက် တောက်ပြောင်အောင် ကြိုးစားသင့်ပါတယ်။ အနာဂတ်ကာလ မိမိရဲ့ရင်သွေးလေးများ လူဘုံအလယ်မှာ ညံ့ဖျင်းကာ၊ အကျင့်စရိုက်ပျက်ပြားသူတစ်ဦး၏ သားသမီးအဖြစ် ခေါင်းလျှိုနေရမည့်အစား၊ ရိုးသားမြင့်မြတ်သော မိခင်ကောင်းတစ်ဦး၏ သားသမီးများအဖြစ်၊ သာယာအေးချမ်းပြီး ပညာ၊သိက္ခါရှိသော မိသားစုဝင်အဖြစ်၊ တင့်တယ်ဂုဏ်ယူကြနိုင်စေဖို့ ကျွန်မတို့ မိန်းမသားများက တတ်စွမ်းသမျှကြိုးစားကြဖို့ လိုပါတယ်။ ။
နှင်း
Thursday, July 9, 2009
ပစ္စုပ္ပန်များ
လေနှင်ရာ....
တိမ်မျှင်လေးတွေ လွင့်ပါသွားသလို
ပန်းပွင့်ကြွေရာ....
ဝတ်မှုန်ဝတ်ဆံလေးတွေ ကပ်ငြိပါသွားသလို
ရေအလျဉ်စီးရာ...
ဒိုက်အမှိုက်လေးတွေ မျောပါသွားသလို
စက္ကန့်ကြွေရာ....
အချိန်လေပြင်းနှင်ရာ…
ဆယ်စု၊ရာစုနှစ်တွေရဲ့ စီးမျောရာဆီ
ပစ္စုပ္ပန်များ လွင့်…မျော…ကပ်ငြိ…ပါသွားကြလေပြီ……….။
ပစ္စုပ္ပန်တိုင်း၏…
အပြုံးများ၊ မျက်ရည်များ…
တရားမှုများ၊ မတရားမှုများ…
ပရဟိတများ၊ အတ္တဟိတများ…
ပျော်ရွှင်မှုများ၊ မပျော်ရွှင်မှုများ…
တိုက်ဆိုင်မှုများ၊ လွဲချော်မှုများ…
ကြင်နာခြင်းများ၊ နာကျင်ခြင်းများ…
ပေးဆပ်ခြင်းများ၊ ရယူလိုခြင်းများ…
ရှင်သန်ခြင်းများ၊ သေဆုံးခြင်းများ…
အသိမှတ်ပြုမှုများ၊ လစ်လျုရှုမှုများ…
ကံကောင်းခြင်းများ၊ ကံဆိုးခြင်းများ…
အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ…
ကြည်နူးခြင်းများ၊ နာကြည်းခြင်းများ…
လွတ်လပ်ခြင်းများ၊ မွမ်းကျပ်ခြင်းများ…
ပိုင်ဆိုင်မှုများ၊ လက်လွှတ်ဆုံးရှုံးမှုများ…
ကောင်းမြတ်ခြင်းများ၊ ယုတ်ညံ့ခြင်းများ…
ငြိမ်းချမ်းခြင်းများ၊ ပူလောင်သောကများ…
…….
…..
…
ထို ထိုသော အရာအားလုံးအား....
နောင်ဘယ်တော့များမှ ပြန်လိုချင်၍ ပြန်ပြင်ချင်၍ မရနိုင်တော့ပြီ…
ဒါကြောင့်…တို့တစ်တွေ၏ ပစ္စုပ္ပန်တိုင်းကို
အပြုံးများ၊ ပေးဆပ်ခြင်းများ၊ ကောင်းမြတ်ခြင်းများ…………….ဖြင့်သာ
လက်ပြလမ်းခွဲနိုင်ဖို့ ကြိုးစားကြရဦးတော့မည်…။ ။

Wednesday, June 10, 2009
ရေပြင်ပမာ
ချစ်မုန်းကြောက်ဖွယ၊် လူသွယ်သွယ်ကြောင့်၊
တို့ဝယ်တစ်စေ၊ မသွေဝမ်းနည်း၊
ကြောက် ပျော်မြဲနှင၊့် ဒေါသကဲပို၊
အလိုမကျ၊ ခံပြင်းရလျှင်၊
ရေပြင်ပမာ၊ ကျင့်အပ်ရာ၏။
ဘယ်ကြောင့်ဆိုလျင်၊ သင်ပစ်သမျှ၊
လုံးဝန်း၊လေးထောင၊့် အမြှောင့်၊အချွန်း၊
သဏ္ဍန်မျိုးပြား၊ ပစ္စည်းများကို၊
ဤရေပြင်သည၊် ၀န်းစက်တိဝိုင်း၊
လှိုင်းဂယက်သာ၊ ပွက်စေရာ၏။
စိတ်ထွေမျိုးပြား၊ တွေ့ကြုံငြား၍၊
ခံစားမှုထွေ၊ ရောယှက်နေလည်း၊
မှားမှန်ချင့်ချိန် ၊ စိတ်လှိုင်းငြိမ်လျက်၊
ရင့်ကျက်ကြည်သာ၊ မေတ္တာထုံသက်၊
စက်ဝန်းပွက်သာ ၊ မြဲပွက်ရာ၏။ ။
နှင်း
Tuesday, May 26, 2009
မိုးလက်ဆောင်
ဒီနေ့………..
မိုးတွေ…သည်းသည်းရွာတယ်။
တို့နှစ်ယောက်ရဲ့ နေ့ရက်များကို
အနောက်တောင်လေက မိုးရနံ့နဲ့အတူ
ပျံ့သင်းလို့ သန့်ရှင်းစွာ ယူဆောင်လာလေရဲ့
ဩော်…….
လတ်ဆတ်ချိုမြိန်နေဆဲပဲကွယ့်။
အကြောင်းပြချက်မရှိသော
ချစ်ခြင်းကိုလွန်မြောက်
ဖြေရှင်းချက်မလိုသော
ကွဲကွာခြင်းတရားဆီသို့
တို့တစ်တွေရောက်ခဲ့ကြတယ်။
အခုတော့…
မင်း ဘယ်ဆီရောက်နေတယ် မသိ
တစ်နေရာရာမှာတော့ မင်းရှိလိမ့်မပေါ့…
တခါတခါတော့ မင်းကိုသတိရခြင်းက…များစွာ………..
မိုးပွင့်မြားတွေကြားမှာ
တို့တွေလျှောက်သွားခဲ့ကြတာ…….
မိုးစက်မှုန်စိုစိုလေးတွေ မင်းဆံပင်ထက်မှာ
ရီးလေ့ခိုခဲ့ကြတာ………
မိုးသက်လေအေးအေးက တို့နှစ်ယောက်ကို
အေးစက်စွာ နွေးထွေးစေခဲ့တာ……
မိုးခြိမ်းသံ တစ်ညံညံက
တို့နှစ်ယောက်ရင်ခုန်သံကိုမြန်စေခဲ့တာ……..
မိုးရေပြင်ဖွေးဖွေး လှေကလေးပေါ်
အတူလှော်လို့ ပျော်ခဲ့ဖူးတာ……..
မိုးတိမ်ဆိုင်ညိုတွေကိုကြည့်ရင်း
မိုးသီချင်းတွေအတူဆိုခဲ့ကြတာ……..
နောက်…….
ဒီ..မိုးပေါက်တွေ အောက်မှာပဲ
မင်း ကိုယ်ရောင်ဖျောက်ခဲ့တာ………
ဒါပေမယ့် အရာအားလုံးကို
မိုးပေးခဲ့တဲ့ လက်ဆောင်လို့ပဲ
ကို….ထာဝရ
ထင်မှတ်မြတ်နိုးနေဆဲ…။ ။

Thursday, May 21, 2009
“ ပညာနဲ့  သတိ “
ပညာရှိ သတိဖြစ်ခဲ
စကားပုံတစ်ခုကို ကိုင်ဆွဲလို့ 
မိုက်ရဲကြတဲ့ ပညာရှိတွေအကြောင်း
လ ရောင်ဖြာ ကောင်းကင်က
ကြယ်စင်တွေကို ငေးမောရင်း
ငါ တွေးတောခဲ့ ဖူးတယ်....
ပညာ နဲ့ သတိ
ဘယ်သူတန်ဖိုးပိုရှိသလဲလို့ပေါ့…
မြတ်လေးနဲ့  ဆောင်တော်ကူး
ဆိတ်ဖလူး တို့  သင်းထုံမွှေး
တို့ နေတဲ့ လမ်းကလေးတစ်ဘက်
တောင်ကုန်းလေးရဲ့  အထက်မှာ..
ငါ....
ညပေါင်းများစွာ အဖြေရှာမရ...။
တစ်ညခင်းပေါ့
လမင်းလည်းမသာ ကြယ်စင်ဖြာမထွက်
အရှာခက်ပြီပေါ့ ထိုင်နေကျနေရာ
စမ်းတဝါးသာ ရှေ့ တိုးရင်း
လင်း...ကနဲရလိုက်တာက
ငါရှာနေရတဲ့ အဖြေ..........။
သိပ်ကောင်းတဲ့ ဒီမျက်လုံး
ဘယ်လိုမှ သုံးမရ
မှောင်လွန်းလှတဲ့ ဒီတစ်ညမှာ.....
သတိအလင်းနဲ့  ပညာမျက်စိ
ဒီနှစ်မျိုး မတွဲမိသရွေ့ 
ဘယ်အရာမျိုးမှ တွေ့ နိုင်မှာမဟုတ်
အခုတော့ ငါ အဖြေထုတ် နိုင်ခဲ့ပြီ...........။ ။
နှင်း
2009.hninn@gmail.com
Friday, May 15, 2009
"ဘ၀" ကော်ဖီ
Friday, May 8, 2009
Wednesday, May 6, 2009
Sunday, April 26, 2009
လတစ်စင်းရဲ့မင်း (သို့) လမင်း
ပ၀င်း တဲ့ လမင်း
ညခင်း မှာ မင်းမူ
သူပဲ ဘုရင် တဆူ
ညခင်း မှာ မင်းမူ
သူပဲ ဘုရင် တဆူ
ဝင်း စက် နေတဲ့ မင်းမျက်နှာ
လင်းလက် တာရာ တွေ ခစား . . .
ညတစ်ပါး က မြတ်နိုး . . .
မင့် ရောင်ခြည် အားကိုးတဲ့ ချစ်သူတွေ . . .
မင့် အချစ်ကို ငံ့လင့် ဖူးပွင့်ကြမယ့် ပန်းကလေးတွေ . . .
မင့် အလင်းကို ထိတွေ့ ကြည်မွေ့ကြမယ့် နှလုံးသားတွေ . . .
မင့် အေးချမ်းမှူ ကို သောက်သုံး ပျောက်ဆုံးသွားမယ့် အိပ်မက်ဆိုးတွေ . . .
မင့် ရဲ့ တိတ်ဆိတ်တဲ့ တေးသွားကိုနာခံ စီမံလို့သီဖွဲ့မယ့် ကြည်နွဲ့နွဲ့ ရည်လဲ့လဲ့ တေးသွား အလှတွေ. . . .
သာယာတဲ့ လောက ကို ဖန်ဆင်း
ကျည်းတန်ခြင်းတွေ ကို ပယ်ဖျောက်
ကိုယ်ပိုင်သမိုင်း ကို ကိုယ်တိုင်ဆောက်
ပေးဆပ်သူ တစ်ယောက်ရဲ့ စေတနာ
မင့်ဆီမှာ ငါရှာတွေ့ ပြီကွဲ့ . . . . .
ကျည်းတန်ခြင်းတွေ ကို ပယ်ဖျောက်
ကိုယ်ပိုင်သမိုင်း ကို ကိုယ်တိုင်ဆောက်
ပေးဆပ်သူ တစ်ယောက်ရဲ့ စေတနာ
မင့်ဆီမှာ ငါရှာတွေ့ ပြီကွဲ့ . . . . .
နှင်း
2009.hninn@gmail.com
Subscribe to:
Posts (Atom)