Showing posts with label နေစိုးနိုင်. Show all posts
Showing posts with label နေစိုးနိုင်. Show all posts

Friday, January 14, 2011

အကျိုးဆက်

စာတစ်ပုဒ်ရေးမည်ဆိုပြီး ခေါင်းစဉ်ပေးလိုက်သည်။ ကိုယ်ပေးလိုက်သော ခေါင်းစဉ်ကိုကြည့်ပြီး ခေါင်းခဲသွားရပြန်သည်။ ဒီခေါင်းစဉ်သည် ကိုယ်နှင့် မတန်သလိုခံစားရပေသည်။ သို့သော် မိမိမြင်သည့်အမြင် ၊ တွေးမိသည့်အတွေး ချရေး လိုက်တော့ ဘာဖြစ်သေးလဲ ဆိုသည့် တင်းအားလေး တစ်ခုဖြင့် ကျွန်တော် ဒီစာကို ဆက်ရေးပါမည်။
ကောင်းသော လုပ်ဆောင်ချက်ဖြစ်စေ ၊ မကောင်းသော လုပ်ဆောင်ချက်ဖြစ်စေ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်မိလိုက်ပြီဆိုလျှင် ၄င်းတို့နှင့် ဆက်စပ်လျှက် နောက်ဆက်တွဲ ကောင်းကျိုး ၊ ဆိုးကျိုး စသည့် အကျိုးဆက်တို့မှာ စဉ်ဆက်မပြတ် ဆက်တိုက် တွဲလျှက်ပါလာတတ်ပေသည်။
ဘာမှမဖြစ်စလောက် ပြဿနာကလေးမှသည် စစ်ပွဲကြီးတွေအထိ အကျိုးဆက် ဖြစ်သွားကြတဲ့ သာဓကတွေ ကလည်း ကျွန်တော်တို့တွေ မျက်စိရှေ့မှောက်မှာ ဒုနဲ့ဒေး။
တနေ့ ရန်ကုန်မှာ လူငယ်လေးတွေစုပြီး ပရဟိတ အသင်း ဖွဲ့မယ် .. ဆိုတဲ့ မေးလ်တစ်စောင်ကျွန်တော့်ဆီရောက်လာ သည်။ သူတို့ လုပ်ချင်သည့် ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပင်ရေးသားထား၏။ အလုပ်တစ်ဖက် နှင့် ကျူရှင်တက်ရန် အခက်အခဲဖြစ်နေသော တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုချင်သည့်ကလေးများကို ပညာဒါန အဖြစ် သင်ကြားပေးမည့် အစီအစဉ် ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ကြောင်း ပါရှိလေသည်။ ကျွန်တော် ကလည်း ပါလေရာ ဖြစ်သည့် အလျှောက် စိတ်ဝင်စားကြောင်း နှင့် အစည်းဝေးပြုလုပ်သည့် အချိန် လာတက်မည်ဖြစ်ကြောင်း ပြန်လည်ဆက်သွယ်ခဲ့ပါသည်။
ဒီလိုနဲ့ ပရဟိတ ပညာဒါန လုပ်မည့် ဘုန်းတော်ကြီးကျောင်း ကို ရောက်သွားတော့ ဘုန်းတော်ကြီးကျောင်းဟူ၍ အရမ်းကြီးခမ်းနားနေခြင်းမျိုးမဟုတ် ။ ကျောင်းထိုင်ဘုန်းတော်ကြီးမှာလဲ အသက်အရွယ်သိပ်မကြီးသေးပေ။ လူငယ်တွေ အစည်းအဝေးလုပ်ပြီးကြချိန်မှာ မွန်ကျောင်း ဆရာတော် ဦးပညာသီရိ ( ကျောင်းထိုင် ) နှင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စု စကားလက်ဆုံကျတော့ တာပါပဲ။
ဘုန်းတော်ကြီးမှာ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသွားခြင်းပါ။ ဘုန်းတော်ကြီး ပြောပြခဲ့သော အဖြစ်အပျက်ကလေးများ ထဲမှာ မြောပါသွားပြီး အချိန်ကုန်မှန်းမသိကုန်လွန်ခဲ့ရတဲ့နေ့တစ်နေ့ပါပဲ ။
လူတွေက ပြောတတ်ကြတယ် ။ ဒီအရပ်က ကလေးတွေ (သင်္ဃန်းကျွန်း ) ရိုင်း သတဲ့ ။ အမှန်တကယ်လဲ ရိုင်းတာပဲ ။ ကား ကိုကြောက်ရကောင်းမှန်းမသိ ၊ လူကြီးကို လူကြီးမှန်းမသိ ရှိပါတယ်တဲ့ ။ အချို့ကလေးတွေဆိုရင် ကားဟွန်းတီးလို့ တီ ကနဲ အသံကြားရင် တီမပြောနဲ့ မြွေတောင်မကြောက်ဘူး ဆိုပြီး ပြန်လည်ပြောဆိုတာတွေတောင် တွေ့နေရကြောင်းပြောဆိုပါတယ်။
ဆရာတော် ဆက်မိန့်တာက
ဟုတ်ပါပြီ . . . ဒီကလေးတွေ ရိုင်းတာကိုတော့ သိကြပါပြီတဲ့ ဒီကလေးတွေကို ယဉ်လာအောင်ဘယ်လိုလုပ်ကြ မှာလဲ ။ ဒါကို တော့ မစဉ်းစားပါဘဲနဲ့ "ရိုင်းလိုက်တာ … ရိုင်းလိုက်တာဟယ်" ဆိုတဲ့ မှတ်ချက်မျိုးလောက်နဲ့တော့ ဒီကလေးတွေ ယဉ်ကျေးလာမှာမဟုတ်ပေဘူး ဆိုတဲ့ အကြောင်းပါ ။
ဒီတော့ ဆရာတော်ဘာလုပ်သလဲ ဆိုတော့ ကလေးတွေ ကျောင်းကို လာချင်အောင် စည်းရုံးရတယ် ကလေးဆိုတဲ့အမျိုးက ဘုန်းကြီးကျောင်းကို ကြောက်တတ်မို့လားဗျ။ ဘုန်းကြီးကျောင်းဆိုတာက လည်း ပြောသမျှနားထောင်ပြီး အခန့်မသင့် အအော်အငေါက် အကြိမ်းအမောင်း ဒဏ်က ခံရသေးသကိုး ။ ကလေးတွေကိုမုန့်ခေါ်ပေးတယ် ။ နောက် ပုံတိုပတ်စ ပြောပြတယ် . . . ဒီလိုနဲ့ ကလေးလေးတွေ စုမိလာတော့ အရပ်ထဲမှာ သတင်းဖြန့်ရတယ် ကလေးတွေအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်မယ်ပေါ့။ မိဘတွေကလည်း ၀မ်းပမ်း တသာနဲ့ကို ဘုန်းကြီးကျောင်းကို လာပို့ကြတာပေါ့။
ဖခင်လုပ်တဲ့လူက ဆိုက်ကားနင်းတယ် ၊ မိခင်လုပ်တဲ့လူက ဈေးရောင်းတယ် … မွေးထားတာက တစ်ပြုံတစ်ခေါင်း . . .
ဈေးရောင်းထွက်ရင် ဘယ်စိတ်နိုင်ချပါ့မတုန်း .. အခု သူတို့ကိုယ်စား ဘုန်းကြီး က ကလေးထိမ်းပေးမယ် ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဘုန်းကြီးက ကလေးတွေအတွက်မုန့်ကကျွေးဦးမယ် … ထမင်းလည်း ရံဖန်ရံခါကျွေးသေးတာကိုး ။ ( ဒီလိုလုပ်နိုင်ဖို့အတွက် ရှိတဲ့ သင်္ကန်းလေးတွေ ရောင်းရတာ ၊ တရားပွဲ ကို လိုက်ပြီး တရားဟောရတာတော့ ရှိပေသပေါ့)
ဒီလိုနဲ့ ဆရာတော် သင်ပေးလိုက်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ အခြေခံဘုရားရှိခိုးမှ အစ ၊ သရဏဂုံသုံးပါး ၊ ပုံပြင် စသည်တို့နှင့် ၃၈ ဖြာမင်္ဂလာ ၊ အခြေခံ တရားထိုင်နည်း စတာတွေကို သင်ပေးတာပေါ့ ။ ဆရာတော်ရဲ့ စိတ်ထဲမှာလည်း ကလေးတွေကို သင်ရတာ ဒါလေးတွေနဲ့လိုက်ဖက်မယ် ထင်တာလေးတွေ ရွေးသင်တာပေါ့ဗျာ။
တနေ့မှာ ဆရာတော်က ကလေးတွေကို မေးခွန်းလေးတွေမေးတယ် ။ ကလေးတို့ မင်းတို့ ခွေး ကလေးတွေနဲ့ ခွေးမကြီး ကိုတွေ့ဖူးလား ဆိုတော့
တွေ့ဖူးတယ်ပေါ့ဗျာ။
ခွေးမကြီးက ခွေးကလေးတွေကို နို့မတိုက်ဘူးလား
တိုက်ပါတယ် ပေါ့
ခွေးမကြီးက ခွေးကလေးတွေကို ရန်ပြုမယ့် သူဆိုရင် ကာကွယ်မပေးဘူးလား
ကာကွယ်ပေးပါတယ်ပေါ့
ဒါပေမဲ့ကွာ ဒီခွေးပေါက်စကလေးတွေက ခွေးမကြီးကို ပြန်ပြီး ကန်တော့ အိပ်တာများ မင်းတို့ မြင်မိကြလား ဆိုတော့
မမြင်မိပါဘူး ( အသံကျယ်ကျယ်နဲ့ ကို ပြန်အော်မှာပေါ့)
ဒါပေါ့ကလေးတို့ရေ . . .
ကလေးတို့ အဖေ ၊ အမေတွေ ဆိုတာလည်း မင်းတို့လေးတွေ စားဖို့ ရှာမပေးဘူးလား
ရှာပေးပါတယ် ပေါ့
နေစရာရောမပေးဘူးလား
ပေးပါတယ်ပေါ့
သူများနဲ့ ရန်ဖြစ်ရင်ရော ကိုယ့်ဖက်က ပါသလား ဆိုတော့
ပါပါတယ် ပေါ့
ဒါဆိုမင်းတို့လေးတွေ အပေါ်မှာ ကျေးဇူးရှိလား ဆိုတော့
ရှိပါတယ် ပေါ့
ဒါနဲ့ ကလေးတို့တွေများ ကိုယ့် အပေါ် ကျေးဇူးရှိတဲ့ ကိုယ့် အဖေ ၊ အမေ ကို ကန်တော့ အိပ်ရဲ့လား ဆိုတော့
အသံကတိပ်သွားတယ် ။ နောက်တစ်ခေါက်လောက် ထပ်မေးတော့မှ
မကန်တော့ပါဘူး ဆိုပြီး အသံထွက်လာတယ် ။
အေး … မင်းတို့ ကိုယ့် မိဘကို ကန်တော့မအိပ်တဲ့ လူဟာ ခွေး ကလေးတွေနဲ့ တူတယ်မဟုတ်လား … မင်း တို့ ခွေးကလေးတွေ မဖြစ်ချင်ရင် ကိုယ့် မိဘ ကိုယ် ကန်တော့ အိပ်ကြ .. ဆိုပြီး ဆရာတော် က သူပေးချင်တဲ့ message ကလေးကို ကလေးတွေကို ပေးပြီး သင်တန်းဆင်းလိုက်တာပေါ့။
ဆရာတော်ဒီလို ပြောလိုက်တဲ့ ကလေးတွေထဲမှာ အဖေက ဆိုက်ကားနင်း ၊ အမေက ဈေးရောင်းရတဲ့ အသက် ၄ နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက် လည်းပါလာတာကိုး ။
ဆရာတော်ကျောင်းကပြန် ညနေ အိမ်ပြန်ရောက်တော့ ကလေးက သူ့အမေ ညနေဈေး ပြန်လာချိန်ကိုစောင့် ..
အမေဖြစ်သူကပြန်လာ …
အမေ ထိုင်နေတဲ့ ရှေ့ကလေးမှာ ဒူးကလေးတုပ် … အမေ့ ကို ကန်တော့မလို့လို့ပြောလိုက်တော့ အမေဖြစ်တဲ့ သူက မယုံတစ်ဝက်ယုံတစ်ဝက် ။ ဒါကြောင့် ဘာကြောင့်ကန်တော့မှာလဲ ဆိုတော့ ကလေးက ပြန်ပြောတယ် နေ့လည်က ဘုန်းဘုန်းကြီး ကပြောတယ် မိဘကို မကန်တော့တဲ့သူက ခွေးကလေးတွေနဲ့တူတယ်တဲ့ .. ဒါကြောင့် အမေ့ကို ကန်တော့ တာပါဆိုတော့ … မိခင်ဖြစ်သူမှာ .. မျက်ရည် လည် တဲ့ အထိ ပိတိ ဖြစ်ရတာပေါ့ဗျာ။
ညနေမိုးချုပ်ချိန်ထိ အဖေလုပ်တဲ့သူက ပြန်မလာသေးဘူး ။ နေ့တိုင်း ဒီပုံစံပါပဲ ။ ဆိုက်ကားနင်း ညနေ သောက်စားပြီးမူးမှ ပြန်လာတတ်တာ အကျင့် ။
သမီးဖြစ်တဲ့ လေးနှစ် ကလေးလေးက မအိပ်ဘဲစောင့်နေတာ ပေါ့ ။ မိခင်ဖြစ်သူက သမီး အိပ် ဆိုလည်း အဖေ့ကို မကန်တော့ရသေးလို့ မအိပ်ဘူး ပေါ့။ မအေဖြစ်သူကလည်း ကလေးကို အတင်း အဓမ္မ မအိပ်ခိုင်းရက်ဘူး ။ ဒီလိုနဲ့ ကလေးက အိမ်ရှေ့ ဘုရားစင် ရှေ့မှာ အိပ်ပျော်သွားရော ။ ကလေးရဲ့စိတ်ထဲမှာ က သူ့အဖေကို မကန်တော့ရရင် မအိပ်ဘူးဆိုတဲ့ စိတ်ကရှိနေတော့ လုံးဝကြီးအိပ်ပျော်နေတာ တော့ မဟုတ်ဘူး ။ ဒါကို မအေဖြစ်သူက သမီးလေး အိပ်ပျော်သွားပြီဆိုပြီး မ ရွှေ့ တော့ ကလေးက ငိုရော ။ မအေဖြစ်သူကလည်း စိတ်မရှည်တော့ အော်လား ငေါက်လားပေါ့ ။
အဲဒီအချိန်မှာ မ အဖေ ငမူး က အိမ်ပြန်ရောက်တာကိုး ။ အိမ်မှာ မိန်းမဖြစ်သူက လည်း အော်လား ငေါက်လား ။ သမီးဖြစ်သူကလည်းငိုနေဆိုတော့ မူးလာတဲ့ အရှိန်နဲ့ မိန်းမရော ကလေးရော ရိုက်ရော ။ တစ်မိသားစုလုံး ဆူညံပွက်လော ရိုက်ကုန်ရောပေါ့ဗျာ။
နည်းနည်းသွေးအေးသွားတဲ့ အချိန် ရောက်တော့ ကလေးက ဖအေနားကပ် ပြီးတော့ အဖေ့ကို ကန်တော့မလို့ပြောတယ်ပေါ့ ။ သမီးက အဖေ့ကို မကန်တော့ဘဲမအိပ်ဘူး ဆိုပြီးတော့ နေတာကို အမေက ရိုက်တယ် ဆိုပြီး သူ့အဖေကို တိုင်ပြောပြောတာပေါ့။
ဒီမှာ သောက်ထားတဲ့ ငမူး မူးနေတာ အကုန်ပျောက် . . . သူကြားတဲ့နားမှ သူမယုံနိုင် .. လက်တောက်လောက် ရှိတဲ့ သူ့သမီး လေးပြောလိုက်တဲ့စကား သူ့တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမျှော်မှန်းဘူးတဲ့ စကား ။ ဒီ ငမူး တစ်ညလုံး ငိုလို့ကို မဆုံးတော့ဘူး ။ ရလိုက်တဲ့နောင်တတွေဆိုတာကတော့ ရင်ဘက်ကို မဆံ့ချင်တော့ဘူးပေါ့ဗျာ။
နောက်တစ်နေ့နံနက် ဆရာတော်ဆီ အစောကြီးသွားပြီး ညတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြ ပြီး သူကိုယ်တိုင်မှားခဲ့ မိုက်ခဲ့ကြောင်းနဲ့ နောက်နောင်ကို အရက် လုံးဝမသောက်တော့ဘဲ ရာသက်ပန် လှူကြောင်း လာလျှောက်သွားသတဲ့ဗျာ။ အရင်က ဈေးသည် လုပ်ရင်း ပါးစပ်စည်းမစောင့်ခဲ့တဲ့ မအေ ဖြစ်သူကလည်း အခုဆို ဥပုသ်စောင့် ရတာနဲ့ ဆွမ်းအုပ်ပို့ရတာနဲ့ အရင်ကထက်ပိုပြီးသာယာလာတဲ့ မိသားစုကလေးတစ်ခုအဖြစ် နေထိုင်လျှက်ရှိကြောင်းပါခင်ဗျာ။
ဒီ အဖြစ်အပျက်ကလေးကနေပြီးတော့ ကျွန်တော် သိလိုက်ရတာကတော့ ဆရာတော် ကလေးငယ်ကလေးကို သင်ကြားပေးလိုက်တယ်ဆိုတာ ခက်ခဲနက်နဲလှတဲ့ တရား တွေလည်းမဟုတ် ၊ အသင်ခံရတဲ့ ကလေး ကလည်း လူလားမမြောက်သေးတဲ့ အရွယ် ။ ဒါပေမဲ့ ဒီစကားလေးတစ်ခွန်း ၊ အဆုံး အမကလေး တစ်ခုလောက်ကို ကလေးငယ်ရဲ့ စိတ်ထဲကို ထည့်ပေးလိုက်နိုင်တာနဲ့ … တစ်သက်လုံးက ရေစုံမြောလာကြတဲ့ မိသားစုတစ်ခုလုံး အကောင်းဖက်ကို ပြန်ဦးတည်ပေးလိုက်နိုင်တာကို အံ့သြပြီးရင်း ကြည်နူးရင်း ပါပဲ ။
စာဖတ်သူ အားကျွန်ုပ် ဓါတ်ပုံကလေး နှစ်ပုံ ၊ သုံးပုံလောက်ပြပြီး မေးခွန်းကလေး ၂ ခုလောက်မေးပါရစေခင်ဗျာ

ပုံ (၁)အမှိုက်ပုံကြားမှကလေးငယ်များ ပုံ (၂)

ပုံ (၃) ပုံ(၄)
အထက်ပါပုံကလေးများမှာ ဆရာတော်ကျောင်းသို့ကျွန်တော် သွားစဉ်မှာ လမ်းတစ်လျှောက်တွေ့ခဲ့ရတဲ့ ကလေးတွေကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ကျေးဇူးပြု၍ အောက်မှ ပုံများကို ဆက်လက် ကြည့်ရှုပေးစေလိုပါသည်။

အခြေခံ တရားထိုင် နည်း ပျော်ပျော်ရွင်ရွှင်စားသောက်နေကြစဉ်

ဆရာတော် နှင့် သင်တန်းမှ ကလေးငယ်များ တရားပွဲ ကြွချီစဉ်

Sunday, June 21, 2009

ဒူဘိုင်းမှာ နာရတဲ့တရားတစ်ပုဒ် (From MID)

သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဒူဘိုင်းကို ရောက်သွားပါတယ်။ ရန်ကုန် မှော်ဘီ ချမ်းမြေ့မြိုင် ကျောင်းက ဆရာတော် ဒူဘိုင်းကို ရောက်နေပြီး တရားပွဲတွေ ကျင်းပကြပါတယ်။ အိမ်တွေကလည်း ဆရာတော်ကို ပင့်ပြီးဆွမ်းတွေကပ်ကြ၊ လှုကြတန်းကြပေါ့လေ။ ဒီတော့ ဆွမ်းကပ်တဲ့ပွဲလေးကို အမီလာဖို့ သူငယ်ချင်းကခေါ်ပါတယ်။ ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးရ အောင်လည်းပါတာပေါ့။ ကျွန်တော့်အတွက်က ရေခြားမြေခြားမှာ ရဟန်းတော်တစ်ပါးကို ဖူးတွေ့ရတာနဲ့တင် မင်္ဂလာရှိနေပါပြီ။ အထူးသဖြင့် ရဟန်းတော် တွေအတွက် ဗီဇာခက်တဲ့ ဒီလိုနိုင်ငံမှာပေါ့။
ဆရာတော်ကို ဆွမ်းကပ်ပြီး ဆရာတော်ရဲ့သဘောထား ကြီးကြီးနဲ့ ခွင့်ပြုမှုကြောင့် ပရိတ်သတ်ကို ထမင်းကျွေးပါတယ်။ ဟင်းတွေကကောင်းလို့ စီစဉ်လှူတန်းသူတွေကို ကျေးဇူးတင်ရပါတယ်။ ပြီးတော့ ဆွမ်းအနုမောဒနာ တရားဟောပါတယ်။ ဆရာတော်က သီလပေးပြီးတဲ့အခါ “ဒီမှာ အိမ်တွေလှည့် တရားဟောရတာ များလို့ တရားမထပ်အောင်ဟောပေးပါမယ့်”လို့ အစချီပြီး တရားတစ်ပုဒ်ဟောပါတယ်။ (တရားတော်က ပိုက်ဆံရှာနေသူများအတွက်တိုက်ရိုက်လိုမို့ မှတ်မိသမျှ မျှဝေပါတယ်။ ပါဠိလိုတော့ မမှတ်မိပါဘူး။ နည်းနည်းတိမ်းစောင်းသွားရင်လည်း ကျွန်တော့်ရဲ့ အမှတ်မှားမှု အပြစ်ကိုပဲ ခွင့်လွှတ်ပေးပါ။) တရားကတော့ မြတ်စွာဘုရားက ပိုက်ဆံရှိခြင်း(၀ါ) ချမ်းသာခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူး ၅ ခုရှိတယ်လို့ တရားတော်တစ်ခုမှာ ဟောပါတယ်တဲ့။ အဲဒီ အကျိုးတွေက
( ၁ ) မိမိကိုယ်တိုင် ကောင်းကောင်းမွန်မွန်နေရမယ်။
( ၂ ) မိမိ မိဘများကို ကောင်းစွာလုပ်ကျွေး ပြုစုနိုင်မယ်။
( ၃ ) မိမိသားသမီး ဆွေမျိုးများကို ထောက်ပံ့ပြုစုနိုင်မယ်။
( ၄ ) မိမိရဲ့ အဆွေခင်ပွန်းများ၊ အကူအညီလိုအပ်သူများကို ကောင်းစွာထောက်ပံ့နိုင်မယ်။
( ၅ ) ရဟန်း သံဃာများကို အလှုအတန်းပေးထောက်ပံ့ နိုင်မယ်။
( ဆရာတော်ကတော့ ဥပမာနဲ့ တစ်ခုခြင်းပြန်ရှင်းပါတယ်။ ကျွန်တော်ကတော့ အားလုံးအလွယ်တကူ နားလည်နိုင်တာမို့ ကျော်ခဲ့ပါ့မယ်။)
ဒီတော့ မြတ်စွာဘုရားက ပိုက်ဆံရှိခြင်းဟာ ကောင်းကျိုးတွေ ရှိတယ်ဆိုတာ အတည်ပြုပြောခဲ့ သလို ပါပဲ။ ဒီတော့ ငွေကို ဘယ်လိုရှာကြမလဲ။ ငွေရှာနည်း စီးပွားရှာနည်းကိုတော့ နောက်ထပ်တရားတစ်ခုနဲ့ ဟောခဲ့ပါတယ်တဲ့။ လောကမှာ လူပေါင်းမြောက်များစွာရှိပေမယ့် အစုအားဖြင့် ၃ စုပါပဲတဲ့။
ပထမ တစ်စုက စုံလုံးကန်း သူတွေ၊ ဒုတိယက က တစ်ဖက်ကန်း တွေ ၊ တတိယ အစုက မျက်စေ့ နှစ်လုံးစလုံးမြင်သူတွေ လို့ ၃ စုပဲ ရှိပါတယ်တဲ့။ မျက်စေ့ဆိုတာ သာမန် အသားမျက်စေ့ကို ဆိုလိုတာ မဟုတ်ပါဘူး။ ဉာဏ်မျက်စေ့ကို ဆိုလိုတာပါ။ စုံလုံးကန်းဆိုတာ - စီးပွားရေးမျက်စေ့ရော၊ ဘာသာရေး(ကုသိုလ်ရေး) မျက်စေ့ပါ ကန်းသူတွေပါတဲ့။ သူတို့တွေကတော့ စီးပွားရေးမျက်စေ့ မရှိရှာလို့ ယခုဘ၀မှာလည်း မပြည့်စုံ၊ ဒါကြောင့် အပေါ်က ပြောခဲ့တဲ့ ချမ်းသာခြင်းအကျိုးတွေ မရ၊ ကုသိုလ်ရေးလုပ်ဖို့ မသိတော့ သံသရာအတွက်လည်း မကောင်း ဖြစ်ရပါတယ်တဲ့။ တစ်ဖက်ကန်းကတော့ - စီးပွားရေးမျက်လုံးရှိပြီး ဘာသာရေး မျက်လုံးမရှိရှာတော့ ချမ်းသာအောင်တော့ လုပ်ပါရဲ့ ချမ်းသာအောင်လုပ်တဲ့ နည်းလမ်းတွေက မှန်တာတွေရော၊ မမှန်တာတွေရောပါပြီး အကုသိုလ်လုပ်မိရင် သံသရာအတွက် အကျိုးနည်းပါလိမ့်မယ်။ နှစ်ဘက်စလုံး မြင်သူတွေကတော့ စီးပွားရေးလည်း ကောင်း၊ ဘာသာရေးလည်းနားလည်ဆိုတော့ အကုသိုလ်ဖြစ်မှာတွေ ရှောင်ပြီးလုပ်ကိုင် စီးပွားရှာတဲ့အတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အကျိုးရှိပါတယ်တဲ့။ ဒါကြောင့် မျက်လုံးနှစ်လုံးစလုံးမြင်အောင် ကျင့်ကြံကြဖို့ သတိပေးပါတယ်။
အခုခေတ် အခုအခါမှာ လိုချင်စရာတွေ၊ ဂုဏ်တုဂုဏ်ပြိုင်တွေ များလွန်းလို့ ကိုယ့်ရှိတာလေးနဲ့ ရောင့်ရဲ့ လောဘ သတ်နိုင်မှ နေရေးစားရေး ချမ်းသာမယ်။ လိုချင်တာတွေနောက်လိုက်ရင်း အမြင့်ကို မျှော်ပြီးလိုက်နေရင် ဘယ်တော့မှ မငြိမ်းချမ်းနိုင်တော့တဲ့အတွက် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်ပါမယ်တဲ့။ ဒီလို လောဘတဏှာကို ငြိမ်းအောင်လုပ်ဖို့ ၀ိပဿနာဆိုတဲ ဆေးတော်ကြီးရှိတဲ့အတွက် ချက်ချင်းသောက် ချက်ချင်းသက်သာ ပျောက်ကင်းနိုင်တာမို့ ဒီဆေးရှိနေတယ်ဆိုတာ မမေ့ကြဖို့ သတိပေးခဲ့ပါတယ်။ ၀ိပဿနာနည်းတွေက တော့ ချမ်းမြေ့၊ မဟာစည်၊ မိုးကုတ် စတဲ့ နည်းလမ်းအသွယ်သွယ် ရှိနေတာမို့ လက်လှမ်းမီသလို သုံးဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ (ဆရာတော်က ကောင်းသောစီးပွားရှာနည်းတွေကို သက်ရှိလူပုဂ္ဂိုလ်များနဲ့ ဥပမာဆောင်သွားပါတယ်။ တရားရှာ ချက်ချင်းရနိုင်ကြောင်းကို လည်း အလှမာန်ကြီးတဲ့ ခေမာမိဖုရား၊ ကြမ်းတမ်းသတ်ဖြတ်ခဲ့တဲ့ အင်္ဂုလိမာလ တို့ကို နမူနာပြ ရှင်းခဲ့ပါတယ်။) ဒီတရားဟာ ပြည်တွင်း ပြည်ပမှာ စီးပွားရှာကြသူ လူငယ်အပေါင်း (ဘယ်ဘာသာဝင် ဖြစ်ဖြစ် ) တို့အတွက် တွေးစရာမို့ ဒီနေရာမှာ မျှဝေလိုက်ပါတယ်။ ဒူဘိုင်းရောက် မြန်မာတွေကလည်း စည်းစည်းလုံးလုံး နဲ့ အချင်းချင်းရိုင်းပင်းရအောင် ဖိုရမ်လေးလုပ်ထားပါတယ်။ မသိသေးရင် သိရအောင် အောက်မှာ လင့်ခ်ပေးထားပါတယ်။
ကျွန်တော်ကို ဖိတ်တဲ့သူငယ်ချင်းကိုရော၊ ဆွမ်းကပ်တဲ့ အိမ်ရှင်ကိုပါ ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။
Credit to : Myanmarcupid.net
မိတ်ဆွေတစ်ယောက် e-mail ကတစ်ဆင့် ပို့ ပေးလာတဲ့ Post လေးတစ်ခုပါ။ သာဓုခေါ်ရအောင် မျှဝေလိုက်ပါတယ်။
လေးစားစွာဖြင့်
MID

Thursday, June 11, 2009

DMA လက်ကမ်းစာရွက် မှ စာသားများ

ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။

သီတဂူဆရာတော် အရှင် ဥာဏိဿရ

ကျွန်တော်တို့  မြန်မာနွယ်ဖွား ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓရဲ့  အဆုံးအမကို ဦးထက်ပန်ဆင်ပြီး အလှူရေစက် လက်နဲ့ မကွာ နေထိုင်လာခဲ့ကြပါတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နဲ့  ရပ်ရွာ သာသနာအကျိုးကို စုစုစည်းစည်း သယ်ပိုးလေ့လည်း ရှိကြပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့  ရောက်ရှိနေကြရာ အရပ်ဒေသ မှာတော့ သူသူကိုယ်ကိုယ် အချိန်နဲ့ အမျှ ပြေးလွှားရုန်းကန် လှုပ်ရှားနေရသလို ဘာသာရေး သာသနာရေး များကိုလည်း လွယ်လင့်တကူ လုပ်ကိုင်နိုင်ဖို့ ရာ အခြေအနေမပေးတာ အားလုံအသိပါပဲ။ ဒီလိုအခက်အခဲတွေကြားက UAE နိုင်ငံရောက် မြန်မာအများစုပေါင်းပြီး ဒီလိုတရားပွဲမျိုးကို အစဉ်အလာမပျက် ဖြစ်နိုင်မှာ မဟုတ် ပါဘူး ဆိုတဲ့ အတွေးအမြင်တွေကို ချေဖျက်ပြီး ဖြစ်မြောက်အောင် ကျင်းပလာခဲ့တာ အခုဆိုရင် တတိယ အကြိမ် တိုင်ခဲ့ပါပြီ။

ဒီနိုင်ငံမှာ ဟိန္ဒူဘာသာ ခရစ်ယန် ဘာသာဝင်တွေဟာ သူတို့ သံရုံးအထောက်အပံ့တွေနဲ့  သူတို့ ဘာသာရေးပွဲတွေကို ထင်ထင်ပေါ်ပေါ် အောင်အောင်မြင်မြင် ကျင်းပဆင်နွှဲနေနိုင်ကြသော်လည်း ကျွန်တော်တို့ မှာတော့ ဒီလိုအခွင့်အရေးတွေ ရှိမနေသေးပါဘူး။ ဒီ့အပြင် မြန်မာ အသင်းအဖွဲ့ တစ်ခုခု စနစ်တကျ မရှိသေးတဲ့အတွက်လည်း ကိုယ့်လူမျိုးတစ်ယောက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီကို ထိထိရောက်ရောက် ပေးနိုင်ကြဖို့ ကိုထားလို့  ဒီလို အများ သဒ္ဓါတရား ကြီးစွာထားအပ်တဲ့ ဘာသာရေး ကိစ္စတစ်ခုကို စီစဉ်ရတဲ့ နေရာမှာတောင် အခက်အခဲတွေ အများကြီး ကြုံတွေ့ နေကြ ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့  မြန်မာလူမျိုးတွေရဲ့ ဘာသာရေး လူမှုရေး ကိစ္စရပ်တွေကို အခုထက် ထိရောက် အောင်မြင်အောင် အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ကြစေရန် ရည်စူးပြီး ဒုဘိုင်း မြန်မာ အသင်း (DUBAI MYANMAR ASSOCIATION (DMA)) ကို စတင်ဖွဲ့ စည်းနိုင်ဖို့  ကျွန်တော်တို့  ပြင်ဆင်လုပ်ဆောင် နေကြပါတယ်။ Myanmar In Dubai Forum Website (http://myanmar-in-dubai.ning.com) ကိုစတင် တည်ထောင်ထားပြီး အဲဒီ Forum ကတစ်ဆင့် DUBAI MYANMAR ASSOCIATION (PRE) အဖွဲ့ ငယ်လေးတစ်ခု စတင် ပေါ်ပေါက်လာဖို့  ကျွန်တော်တို့  ကြိုးစားနေကြပါတယ်။ စိတ်ပါဝင်စားသူတိုင်း တတ်စွမ်းသရွေ့  ဝိုင်းဝန်း ပါဝင် ဆွေးနွေး အကြံပေး ကြဖို့ ကိုလည်း ဒူဘိုင်းရောက် ညီအစ်ကို မောင်နှမ မြန်မာများအားလုံးကို မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါတယ်။ အကယ်၍ ရှေ့ ဆက် စီစဉ်ဆောင်ရွက်ကြမယ့် ကျွန်တော်တို့ ရဲ့  ဘာသာရေး နဲ့  လူမှုရေး ကိစ္စများနဲ့ ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားနိုင်ဖို့ အတွက် မိမိတို့ ရဲ့ အမည်နဲ့  ဆက်သွယ်ရမယ့် phone no./email address များကို အောက်ပါ ကွက်လပ်အတွင်းမှာ မိမိတို့  ဆန္ဒအလျောက် ထားရစ်ခဲ့ နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
နေစိုးနိုင်

Wednesday, June 10, 2009

MID မှ သတင်းကောင်း တစ်ခု

ဒီနေ့ ညနေ သီရိလင်္ကာ သံရုံးမှာ ကျင်းပပြုလုပ်တဲ့ ဗုဒ္ဓဘာသာ တရားပွဲကို မြန်မာ ၄၀၀ ခန့်  ဝမ်းမြောက် စွာ လာရောက် တရားနာယူခဲ့ကြပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ ပါပြီ။ တရားပွဲမှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု အနေနဲ့  DMA နဲ့ ပတ်သက်တဲ့ လက်ကမ်း စာရွက် ကလေးများဖြန့်  ဝေ ပေးခဲ့ပါတယ်။ စာရွက်ထဲမှာတော့...

ငါတို့ ဖြစ်ရ၊ ဤလောကဝယ်
ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။


ဆိုတဲ့ သီတဂူဆရာတော်ဘုရားရဲ့ ဩဝါဒ လင်္ကာလေးနဲ့  အစချီလို့  DMA အဖွဲ့ လေး ပေါ်ပေါက်လာဖို့  ဝိုင်းဝန်းကြစေရန် အကြောင်း မေတ္တာရပ်ခံထားပါတယ်။ တရားပွဲလာ မြန်မာ ညီအစ်ကို မောင်နှမ အားလုံးလိုလိုက စိတ်ပါဝင်စား ကြတာကိုလည်း ကြည်နူး တက်ကြွဖွယ် တွေ့ ခဲ့ရပါတယ်။ တရားပွဲ အပြီး ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇော်ကြီး ကလည်း ထပ်ဆင့်ပြီး DMA ရဲ့ ရည်ရွယ်ချက်နဲ့  လုပ်ငန်းစဉ်တစ်ချို့ ကို အကျဉ်းခန့်  ရှင်းလင်းတင်ပြ ကာ အားလုံးပါဝင် ကူညီလာကြရေး မေတ္တာရပ်ခံခဲ့ပါတယ်။ ကိုဇော်ကြီးရဲ့ စကားအဆုံး တစ်ခန်းလုံးဖုံးသွားတဲ့ မြန်မာတွေရဲ့ လက်ခုပ်သံ တွေက DMA ရဲ့ အခြေခံ အုတ်မြစ်များ ဖြစ်ခဲ့ရ ပါကြောင်း။ ။

လေးစားစွာဖြင့်

MID

နေစိုးနိုင်

Friday, May 29, 2009

လက်ဖက်နှင့် နေစိုးနိုင်

လက်ဖက်တွေမှာ ဆိုးဆေးပါလို့တဲ့ ။ စားရင် အန္တရာယ်ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းကြားတော့ အိမ်က ပို့ပေးထားတဲ့ လက်ဖက်လေး တွေ ကို မစားဘဲ နေရမှာ နှမြောလိုက်တာ။ အရင်ကလို ဆို အကောင်းသား ။ နေစိုးနိုင် က သိတတ်စ အရွယ် ကတည်း က လက်ဖက် မစားခဲ့ တာ လေ။ စားဖို့ ဆိုဝေးရော အနံ့တောင်မခံဘူး။ အိမ်မှာ ဆို နေစိုးနိုင် ရှိနေရင် လက်ဖက်ခွက် ချမထားဘူး။ ဆွေမျိုးတွေ အိမ် ကို သွားလည်ရင် နေစိုးနိုင် ထိုင်တဲ့ နားမှာ လက်ဖက်ခွက် လာမထားရဲဘူး ၊ ရှိနေရင်တောင် သိမ်း ပေးတယ်။

စိတ်ထဲမှာ ရွံကြောက်ကြီး ဖြစ်နေတာ ၊ အသားကို လက်ဖက်နဲ့ ထိသွားပြီ လို့ စိတ် ကူးမိတာနဲ့ ကြက်သီးမွှေးညှင်းတွေ ပေါ်လာတတ်တယ်။ အဲ ခက်တာက လက်ဖက်ခြောက် ကြတော့ ဘာမှမဖြစ်ဘူး။ ရေနွေးကြမ်း သောက်တယ်။

အရွယ်ရောက်လာတော့ စာလေးဘာလေးဖတ် ကြည့်တော့ ဒါဟာ စိတ်ရောဂါတစ်ခု ပါပဲ ။ အချို့တွေ က ၀ါဂွမ်း ကလေးတွေ ကို အသေအလည်း ကြောက်တယ် ၊ အချို့ က အမွှေး အမျှင်ကလေးတွေ ၊ အချို့ က မီးခြစ် စသဖြင့် ကြောက်ပုံ ချင်းမတူပေမယ့် ဒါမျိုးတွေ တွေ့ဖူးကြမှာပါ။

ဖျောက်ဖျက်ပစ်ဖို့ ကြိုးစား ကြည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၂၀၀၄ ခုနှစ် ဟားခါး ကို အလည်သွားတဲ့ အချိန် ၊ ကျွန်တော့် အသက် ၂၁ နှစ် မှာပေါ့။ ကျွန်တော့် သူငယ်ချင်း က ဟား ခါးမှာ လက်ဖက်ခြံကြီး ရှိတယ် ။ တနေ့ပေါ့ ဟားခါး ကသူငယ်ချင်းတွေ စုပြီး လက်ဖက်ခြံမှာ picnic သွားကြမယ်ပေါ့။ ဟိုကိုရောက်တော့ ဂစ်တာတီး သီချင်းဆိုကြ၊ ၀ိုင်သောက်ကြ လုပ်နေတဲ့ အချိန်မှာ ကောင်မလေးတွေ က လက်ဖက်သုပ် ပါတယ်။ ( ဒီမှာ လက်ဖက်ရွက်အစိမ်းကိုလည်း စားကြည့်သေးတယ် စားလို့ရတယ်)

လက်ဖက်စားလို့ ရပြီ ဆိုတဲ့ အချိန်မှာ ကျွန်တော် က မစားပါဘူး။ ၀ိုင် ပဲ သောက်နေတာပါ ။ ဒါကို သူတို့ သတိထားမိတော့ လက်ဖက်စားပါ ပေါ့ ။ ကျွန်တော် လည်း ဟုတ်ကဲ့ ပေါ့ ။ ဒါပေမယ့် မစားပါဘူး။ နောက်ပိုင်းမှာ သူငယ်ချင်းက လည်း သူ့ ခြံထွက် လက်ဖက် ဆိုတော့ ကြွားချင်နေတယ်ထင်ပါ့ ဗျာ ။ အတင်းစားခိုင်းကြတယ်။

ဒီမှာပဲ ကျွန်တော် ပြောပါတယ် ။ ငါလက်ဖက် မစားဘူးလို့ ၊ ငယ်ကတည်း က မစားလာတာလို့ ။ပြောတော့ မယုံကြဘူး။ သေချာပြောပြ မှ ယုံတယ်။ ဒါပေမယ့် ဘာပြောတယ်ထင်လဲ မင်းက psychosis ပဲတဲ့။ ဂေါက်ပေါ့ဗျာ။ ဒါကိုကျွန်တော်လည်းသိတယ် ။ ဒါပေမယ့် ခု ရွယ်တူကောင်မလေး တွေ က ပြောတာဆိုတော့ ရှက်တာပေါ့ဗျ။ ဒါနဲ့ ကျွန်တော် စားရကောင်းမလား မစားရကောင်းမလား စဉ်းစားတာ ကျွန်တော့်ဘ၀ မှာ ယခု အချိန်အထိ စိတ်အလှုပ်အရှားဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့ အချိန်ပါ။ ကျွန်တော် တစ်ကိုယ်လုံးကို တုန် နေအောင်ကို ဝေခွဲမရဖြစ်ခဲ့ရတာပါ။

နောက်တော့ ပြောတယ်။ နင်တို့ ခွံ့ကျွေးရင် စားမယ်လို့ ။ ကျွန်တော် ထင်တာ သူတို့ မကျွေးလောက်ဖူးပေါ့။ ဒါပေမယ့် သူတို့ က တိုင်းရင်းသူလေးတွေ လေ ။ ရိုးသားပွင့်လင်းတယ်။ ဒါကို ကျွန်တော်မေ့သွားတာ ။ ၃ ယောက် လာ ခွံမယ်ပေါ့။ ကျွန်တော် ၀ိုင်တစ်ခွက်ကို လက်က ကိုင် မျက်စိမှိတ် ပြီး ပါးစပ် ဟ ထားပေးပါတယ်။ သူတို့ ကလည်း ဇွန်း နဲ့ အပြည့် လောင်းထည့်ပေးပါတယ်ဗျာ။ နည်းနည်း ချင်းကျွေးမယ် မထင်ပါနဲ့။ ပါးစပ်ထဲ ကို လက်ဖက် တွေရောက်လာ လာချင်း မ၀ါးပဲ ၀ိုင် နှင့် မျှော ချ လိုက်ပါတယ်။

ကျွန်တော် အောင်မြင်သွားပါတယ် ။ ဒီအချိန် ဒီ နေ့ က စလို့ နေစိုးနိုင် လက်ဖက် စ စားခဲ့ပါတယ်။ ခု လက်ဖက်မှာ ဆိုးဆေးတွေ တွေ့တယ် တဲ့ ။ နေစိုးနိုင် က တော့ သူများထက် ရာခိုင်နှုန်းနည်း မှာသေချာတယ်။
ဟားခါး သာ မသွားခဲ့ ရင် ၁၀၀ ရာနှုန်း လက်ဖက် ကင်းတယ်လို့တောင်ပြောလို့ရတယ်။

မိမိ စိတ်ကို ပြန်လည်တိုက်ခိုက်ရတာ အခက်ခဲဆုံးပါပဲ. . .

လေးစားစွာဖြင့်

နေစိုးနိုင်

Thursday, May 28, 2009

ယခင် ..ယခု .. နောက်

ဒီနေ့မနက် ငါ့အသက်သည်
တစ်နှစ်တိတိ တိုးလာပြီ

ရှေ့မှာရှိတဲ့လမ်း ကို သေချာမမြင်ရပေမယ့်
နောက်မှကျန်ခဲ့တဲ့ ခြေရာတွေကတော့
တော်တော် ကို ရှည်ကျန်ခဲ့ပြီ
ခြေရာတွေကိုပြန်ကြည့်လိုက်တော့

အကွေ့အကောက်တွေ
အတက်အကျတွေ
လဲကျထားတဲ့နေရာတွေ
ပြန်ထလာတဲ့ ခြေရာတွေ
အို ... စုံနေတာပါပဲ. . .

ဘာတွေဖြစ်လာပြီလဲ ဆိုတော့
ဆက်လျှောက်ရမယ့် လမ်းက
ေ၀၀ါးဝါး
အိပ်မက်တွေက တစ်ပိုင်းတစ
လှိုင်းထနေတဲ့ ရင်ခုန်သံ
ကာရံမညီတဲ့ ကဗျာတစ်ပုဒ်လို
ဒါဟာပဲ ဘ၀လားဗျာ

ဘာတွေဖြစ်ချင်လည်း
အရင်နှစ်က ရခဲ့တဲ့နောင်တတွေ
ဒီနှစ်မရချင်တော့ဘူး

အရင်နှစ်က မလုပ်ခဲ့တဲ့ စိတ်ကူးတွေ
ဒီနှစ် အကောင်ထည်ဖော်မယ်

အရင်နှစ်က နေစိုးနိုင်ထက်
တစ်နှစ်ပိုရင့်ကျက်တဲ့ နေစိုးနိုင် ဖြစ်စေရမယ်

ဘာ ဟာ အသေချာဆုံးလဲ
သေဖို့ တစ်နှစ် နီးလာပြီ ။ ။

အသက် ကိုရင်း ၍ လူ့လောက ထဲ အရောက်ခေါ်လာပေးခဲ့သော မိဘနှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ ။

မထင်မှတ်ဘဲ မွေးနေ့သူ သူငယ်ချင်းဖြစ်နေသော မြန်မာပြည်မှ မွေးနေ့တူ သူငယ်ချင်းလေး လဲ ကျန်းမာချမ်းသာပါစေ

လေးစားစွာဖြင့်
နေစိုးနိုင်

Monday, May 25, 2009

ချတ် ဦး သူ နှင့်တွေ့ဆုံခြင်း

ခေါင်းစဉ်က တစ်မျိုးလေး ဖြစ်သွားလား ။ ဒါပေမယ့် အင်တာနက် သုံးဖူးသူတိုင်း နည်းပါး သိပါတယ် Chatting လေ ။ ကဲသိပြီဟုတ်...

Chatting လုပ်ဖူးတယ်နော် ။ အင်တာနက် မသုံးတတ်ခင်တုန်း က တော့ အလကားပါကွာ အချိန်ကုန်ခံပြီး လျှောက်လုပ်နေတာ ငါဝါသနာ မပါဘူး ။ ငါက .. ဘယ်စာအုပ်တွေ ဘယ်လိုရှာဖတ်မှာ .. အင်တာနက်ကို ဘယ်လို အကျိုးရှိအောင်အသုံးချ ချင်တာ .. စတာတွေပေါ့ .. Chatting မလုပ်တတ်ခင် ပြောကြတာတွေ..

အဲ .. တစ်ယောက်ယောက် က သင်ပေးလိုက်လို့ ဒါမှမဟုတ် ရင် ပျင်းလို့ လျှောက်လုပ်ကြည့်ရင်းနဲ့ ချတ်ဦးသူ လေးနဲ့တွေ့သွားရင် နောက် ချတ် ချင်နေတော့တာ ။ အချိန်ကို ကြည့် နေ .. ဒီနေ့ဘာလို့ မလာပါလိမ့်.. စိတ်ဆိုးကြ ၊ စိတ်ကောက်ကြပေါ့ဗျာ..

အဲ .. ချတ် တင်း နတ် ကဘယ်လောက် ကြီးလဲ ဆိုရင် .. ဥမမာ ။ ။ သူငယ်ချင်း တစ်ယောက် က သူစာရိုက်ပြီး ချတ်တင်း လုပ်တဲ့ အကြောင်း ကို ကိုယ့်ကို လာပြောတာ နားထောင်ဖူးတယ်မို့လား ။ လေယူလေသိမ်း .. တွေနဲ့ ပြောနေတာလေ။ တခါတလေ အမူအရာတောင်ပါတတ်သေး ။ ကိုယ်တိုင်လည်း ပြောဖူးပါတယ်။ ဘယ် လေယူလေသိမ်းတွေ ကို စာနဲ့ ရိုက်လို့မှမရတာ။ စိတ်ချင်းပါ လှမ်းပြီး connect ဖြစ်သွားတာထင်တယ်။

နေစိုးနိုင် ချတ်တင်း စသုံးတာ 2002 လောက်မှာ ဖြစ်မယ်။ အဲဒီတုန်းက မန္တလေးမှာ ပေါ့ ။ ပုဂံနက် ကနေ တစ်လ ၈၀၀၀ ( ၁၀ နာရီ ) အကောင့် လေး စသုံးတော့ ဘာလုပ်ရမှန်း မသိဘူး ။ ချတ်တင်း စလုပ်ဖူးတာက Yangon City FM နှစ်ပတ်လည် အစီအစဉ်ကို မန္တလေး က နေ အင်တာနက် ကတဆင့် ကြည့်လို့ရမယ် တွေ ဘာတွေ ကြော်ငြာတော့ ကိုယ်လည်း ကြည့်လို့ရမယ်ပဲ ထင်တာပေါ့။

နောက် အသံလေး ထစ်အဲ့ ထစ်အဲ့ သုံးခါလောက်ပဲကြားရတယ်။ ပုဂံကို ချတ်တင်း လုပ်ကြည့်တော့ Dial up အကောင့် က နေကြည့်လို့ရဘူးတဲ့ ။ ဒါက စချတ်ဖူးတာ။

အဲ နောက် Mandalay MICT က သင်တန်း တစ်ခုမှာ အလုပ်လုပ်တော့ ညပိုင်းဆို အင်တာနက်သုံးတယ်။ အဲဒီမှာ စတွေ့တာပဲ ။ အဲဒီအချိန်က CHAT.NET ၊ ရန်ကုန်ချတ်တို့ mirc တို့ခေတ်စားတာပေါ့။
ချတ်တာ ချတ်တာဆိုတာလေ.. နေစိုးနိုင်နဲ့ အပေါင်းအပါ တစ်စု ထမင်းမေ့ဟင်းမေ့ ချတ်တာပေါ့။ နေစိုးနိုင် ရဲ့ အဲဒီတုန်းက အကောင့် က LiLi ပါ။ မိတ်ဆွေဟောင်းတွေ ရှိရင်ပြန်ဆက်သွယ်ပေါ့။

အဲ LiLi ရဲ့ချတ်ဦးသူ က တော့ Snow တဲ့ ဗျ ။ ရန်ကုန်က ဘယ်လောက်တောင်လဲဆို LiLi အတွက် ရန်ကုန်ကနေလက်ဆောင်တွေဘာတွေဝယ်ပေး။ ဘာညာ ပေါ့။ မချတ်ရမနေနိုင်အောင်ပါပဲ ။ လိလိ နဲ့ အပေါင်းအပါတွေလည်း ရန်ကုန်ထိတောင် ဆင်းပြီး လူချင်း တွေ့ဖူးခဲ့ပါရဲ့ ( ကိုဝေ နဲ့ဖိုးချို ရေ .. ငါလူစုံလို့ ရှင်းပြတာပါကွာ) ရန်ကုန်က သူငယ်ချင်းတွေလည်း မန္တလေး ကို လာလည်ဖူးပါတယ်။

ချတ်ဦးသူတို့ လက်ချက်ကြောင့် အင်ယားကန် ၊ Boat Club နဲ့ တက္ကသိုလ် ကြီး အကြောင်း ကို တနေ့တည်း နဲ့ ၂ ခါ ရှင်းပြတာ ခံခဲ့ရဖူးပါ၏ ။ ကျေးဇူးတင် နေဆဲပါ။

အဲ... နောက်တော့ ပြီးတော့လည်း ပြီးတာပါပဲ။ ခုနောက်ပိုင်းတော့ 0nline မှာ Q တဲ့ ဇာတ်လမ်းတွေ သိပ်မလုပ်တော့ပါဘူး။ Q တဲ့လူတွေကိုလည်း အပြစ်မတင်ပါ။ ဒီပိုးကိုက်တာ ခံရဖူးလို့ ။

သို့သော် Q ဇာတ်လမ်း တင်မကဘဲ Online မှတစ်ဆင့် ငါးမြှားခြင်းများကိုတော့ အပြင်းအထန် ရှုံ့ချပါ၏။

အQ ခံတဲ့ ညီမ ငယ်များလည်း သတိထားပေါ့...

Q သာ Q အားပေးတယ်.. လက်ကွက် အရမ်းမြန်လာလိမ့်မယ်.. သိသာတယ်.. ငါးမြှား ချိတ်မှာတော့ မချိတ် မိစေနဲ့

လေးစားစွာဖြင့်

နေစိုးနိုင်

Friday, May 22, 2009

စောင့်ဆိုင်းခြင်း

စောင့်ဆိုင်းခြင်းတဲ့ ...
တစ်စုံတစ်ခုကို စောင့် နေခဲ့ရဖူးလား ။ လုပ်စရာရှိတာကို မလုပ်သေးပဲ ဆိုင်း ငံ့ထားခဲ့ ဖူးလား လို့မေးရင် လူတိုင်း နီးပါး အင်း လို့ဖြေကြမယ်နော်

စောင့် .. ဆိုင်း .. တယ် တဲ့ ။ ဘာကြောင့် စောင့်ဆိုင်း ရတာလဲ

မသေချာတာတွေစုစည်း ထားတဲ့ လောက ကြီးထဲမှာ နေပြီးတော့ မသေချာ မှူ ကို ရင်မဆိုင်ရဲလို့ စောင့် ဆိုင်းနေကြရတာပေါ့။( ဟုတ်မှ ဟုတ်ပမလား ... ဖြစ်လောက်သေးဘူး )

လုပ်သင့်တာ ကို သိတယ်။ ဘ၀ တိုးတက်ရေးအတွက် ၊ ပညာ ရေးအတွက် ၊ မိသားစု အတွက် ၊ ကိုယ်တိုင် အတွက် .. စသဖြင့်ပေါ့ဗျာ ။ ဒါပေမယ့် စောင့်ဆိုင်းနေချင်သေတယ်။ မသေချာသေးလို့။

ကျွန်တော်တို့ က တစ်ခုခု ဆို ရင် သေချာမှ၊ ပိုင်မှ အားလုံး ပြည့်စုံမှ အလုပ်တခု ကို စလုပ်ချင်ကြတယ်။ ခုလုပ်လို့ရသလောက်လေးနဲ့ စလုပ်ကြည့်မယ် ဆိုတာမျိုး သိပ်မရှိကြဘူး ။ ( ကျွန်တော် ခံစားချက်)

စောင့် ဆိုင်း တယ် ဆိုတာ အတိုင်း အတာ တစ်ခု အထိတော့ ရှိကို ရှိရမယ်။ သေချာအောင်လေ့လာရမယ် .. ။ အဲ ဒါကို တော့ လူတိုင်း သိတယ်ဗျာ ။ သေချာအောင်လေ့လာရမယ် ။ အသိလွန်သွားတာ ။ ပြဿနာက အဲဒီမှာပဲ သေချာအောင် လေ့လာတဲ့ အဆင့် ကနေမတက်တော့ ဘူး။ ဘယ်တော့ မှလည်း သေချာပြီ ၊ ပြည့်စုံပြီလို့ လဲ မထင်တော့ဘူး။ ဘာမှလည်း ဆက်မလုပ်တော့ ဘူး ။ သေချာအောင်လေ့လာတဲ့ အဆင့်မှာတင် ဘ၀ က ရပ်နေပြီ။

ဆင်ကန်းတောတိုးတဲ့ သေချာမလေ့လာဘဲ လျှောက်လုပ်တာပေါ့ နော် ။ အလွယ် ။ ဒါပေမယ့် တိုးသင့်တဲ့ နေရာဆိုရင်တိုးရမယ်။ ကန်းနေတဲ့ ဆင် ရဲ့ဘ၀ ဟာ တောမတိုးလည်း ဘာမှထူးခြားမလာနိုင်ဘူး တောတိုးလိုက်တော့ တောတိုးတဲ့ အတွေ့အကြုံ ၊ ဒါမှမဟုတ် နောင်တ တစ်ခုလောက်တော့ အနည်းဆုံးရနိုင်သေးတယ်လေ။(ကျွန်တော်တို့ ဘ၀တွေက ဆင်ကန်း အဆင့် မရောက်သေးပါဘူး ဆင်မွဲ လေးတွေပါ မျက်မှန်လေးတပ်ပြီးတိုးကြတာပေါ့)

အဲ စောင့်ဆိုင်း ခြင်း ( တွေဝေခြင်း ) နဲ့ ဆင်ကန်းတောတိုး လုပ်ရပ်တို့ ကို အချိုးညီညီ သုံးတန်သလောက်သုံးပြီး ကြားချ စဉ်းစား လုပ်ကိုင်နိုင်တဲ့ သူက တော့ အမှားနည်း ပြီး အောင်မြင်ဖို့ များတယ်။ အဲလို အချိုးညီအောင် ညှိယူတတ်တာ ကို ပညာလို့ခေါ်မှာပေါ့။ ဒီလိုလုပ်နိုင်တဲ့ လူကို ပညာရှိပေါ့။

စောင့်တယ် ... စာရေးတာဝါသနာပါတယ်.. ခု ... စောင့်နေသေးတယ်.. သီချင်းဆိုတာ ၀ါသနာပါတယ်... ခု .. စောင့်နေသေးတယ်... စီးပွားရေးလုပ်ချင်နေပြီ... ခု ... စောင့်နေသေးတယ်.. အိမ်ထောင်ပြုချင်ပြီ .. ခု ... စောင့်နေသေးတယ်.. .... .. စောင့် နေသေးတယ် ..... စောင့်နေသေးတယ် ..

ဆိုတဲ့ အသံတွေ ကြားဖူးတယ် ဟုတ်...
ပြောဖူးတယ် ဟုတ်.....

ကဲ ... မေးပြီဗျာ ...

ဘယ်အချိန်ထိ စောင့်နေ ကြမှာလဲ ....

အဖြေ (ကျွန်တော့် အဖြေ )
မသေမချင်း စောင့်နေမယ်. . . ဟဲ ဟဲ ( တိုင်နဲ့ ခေါင်း နဲ့ ဟုတ်ဘူး )

မိတ်ဆွေလည်း ဖြေကြည့်နော် .. စောင့်နေတာတွေ ကြာပြီ .. များလည်း များလှပြီ....


လေးစားစွာဖြင့်

နေစိုးနိုင်

Thursday, May 21, 2009

Emirates လေယာဉ်ကြီးများ စီးခဲ့ရင်

သိတယ်မို့လား ကျွန်တော် က Catering Service မှာ အလုပ်လုပ်တာလေ။ ဒီတော့ သူငယ်ချင်းတွေ ကို မျှဝေပေးလိုက်ဦးမယ် ။ သိတဲ့ သူကတော့ များပါတယ် ။ မသိသေးသူတွေအတွက်ပေါ့။( သောက်တာ စားတာ အတွက် ကတော့ အားလုံးသိပြီးသား ဖြစ်နေတော့ပြောတော့ဘူး )

တခြား လေကြောင်းလိုင်းတွေတော့ မသိတော့ မပြောတော့ဘူး ။ ကိုယ်သိတာကို ပြောတာက ပိုကောင်းတယ်လေ။ တကယ်လို့ သူငယ်ချင်းတို့ Emirates လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် လေယဉ်ပေါ်မှာ ရနိုင်တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကိုပြောမလို့ပါ။

သူငယ်ချင်းတစ်ယောက် နိုင်ငံ ခြားသွားတာ လေယာဉ်ပေါ်မှာ ဘောင်းဘီ ဇစ် ပြုတ်သွားလို့ တော်တော် လေး စိတ် ကသိကအောက်ဖြစ် ဆိုပဲ။ ဒါကို ကြားလို မျှဝေပေးလိုက်တာပါ။

Emirates လေယာဉ် နဲ့ဆိုရင် ( တခြား လေကြောင်းတွေလည်း ရမှာပါ)
တောင်းလို့ရနိုင်တဲ့ လူသုံးကုန် များ


အပ်၊ အပ်ချည် ၊ ကြယ်သီး ၊ အပ်ချိတ်၊ shoe polish ၊ nail polish ၊ ဘော်လီချိတ် ၊ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် ၊ ကလေး သေးခံ၊ စတဲ့ အသေးအဖွဲ အသုံး အဆောင်လေးများကို အလွယ်တကူ တောင်း ယူလို့ ရကြောင်း မျှဝေပေးလိုက်ပါတယ်။

ဒီအသုံး အဆောင်ပစ္စည်းလေး တွေ က သေး ပေမယ့် ဒုက္ခ အကြီး ကြီး ကို ပေးနိုင်တယ် လေ စဉ်းစား ကြည့် ပေါ့။ တခြား ရတာတွေလည်း အများကြီးပါပဲ ။ ဒါတွေ က အများ သိပြီးသား တွေများပါတယ်။ မသိလည်း သိပ်ပြဿနာ မရှိပါဘူး ။ ဥပမာ ။ ။ ဖဲ ထုပ် လိုမျိုး ပေါ့။

ကဲ အဲဒီတော့ ကြုံ လာရင် ရှက်မနေကြနဲ့နော် လေယာဉ်မယ် ၊ မောင် တွေကို လိုချင်တာလေး တွေ တောင်းသာ တောင်း ပေတော့ မဟုတ်ရင် စိတ်ဒုက္ခ ရောက်ကြ လိမ့်မယ်။

ပစ္စည်း Quality ကတော့ ကိုယ်စီးတဲ့ လက်မှတ် အမျိုးအစား ပေါ်မူတည်ပြီးကွာသွားပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အမျိုးအစားမှာ ဖြစ်ဖြစ် တောင်းလို့ ရပါတယ်။

မကြုံဘူး မပြောနဲ့ နော... ကြုံ ရင် အားကြီး ဒုက္ခရောက်တယ်...


လေးစားစွာဖြင့်

နေစိုးနိုင်


Tuesday, May 19, 2009

လေလွင့်တိမ်ငယ်

လေပြေ ပဲ ဖြစ်ဖြစ်
လေပွေ ပဲ လာ လာ

ဝုန်းတိုင်းကြဲ ပြီး
မုန်တိုင်းကြီး ပဲ ဖြစ်စေဦးတော့

ငါ့လိုတိမ်ငယ် ကလေးကတော့
လွင့်မျော ဖို့အသင့်ပါ

မင်းသွားမယ့်
ဦးတည်ရာဟာ
ငါ့ရဲ့လမ်းကြောင်းဖြစ်ပြီး

မင်းခြေကုန်လက်ပန်းကျမယ့် နေရာဟာ
ငါ့ရဲ့ပန်းတိုင်ပဲပေါ့

မင်းဘက်က သာ သယ်ဆောင်သွားပါ
မင့်ရှေ့ကနေ
အပြေးသွားဖို့
ငါအဆင်သင့်ပဲ

လေပြေ ၊ လေပွေ နဲ့ မုန်တိုင်း
ကြိုက်သလို ၀ုန်းတိုင်းကြဲ ပြီးလာခဲ့
ကျွန်တော် ကတော့ လွင့်မျော ဖို့အသင့်ပါပဲ ။


ဘ၀ဆိုတဲ့ လေပြေ၊ လေပွေ၊ မုန်တိုင်းတို့ ကြားမှာ လွင့်မျော နေသော တိမ်ငယ်လေးများသို့. . . .


လေးစားစွာဖြင့်

နေစိုးနိုင်

Sunday, May 17, 2009

ဘာကြောင့်လဲ

ကျွန်တော်တို့ တွေ နိုင်ငံခြားကို ရောက်လာတော့ ကိုယ့်ကိုယ် ကို ယုံကြည်ချက် အပြည့်နဲ့ပေါ့ ။ အခက်အခဲ တွေ ကို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်တွေကလည်းအပြည့်ပါ။

ဒါပေမယ့် တကယ့်လက်တွေ့ နဖူးတွေ့ဒူးတွေ့တွေ့လာ တဲ့ အခါ လောကဓံ ကို မခံနိုင်ကြတာများပါတယ်။ မလာခင်တုန်း က ထားခဲ့တဲ့ မိသားစု အတွက် ၊ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ကြက်ပျောက်၊ ငှက်ပျောက်ဖြစ် သွားကြပါတယ်။

ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လာလုပ်တယ် ဆိုတာ အဓိက ကတော့ ပိုက်ဆံရှာဖို့ပါ။ ဒူဘိုင်းမှာတော့ ပညာရေးအတွက် လာတယ်ဆိုတဲ့ လူ မရှိသလောက်ရှားပါတယ်။

ညီ ၊ ညီမ တွေကို ကြိုပြောထားချင်တာကတော့ မလိုအပ်တဲ့ ထည်ဝါမှူ တွေကို အလွန်အမင်း မမက်ကြဖို့ပါ။ မိမိ ကိုယ်ရေးကိုယ်တာ အတွက် ဖြစ်စေ ၊ လိုအပ်တဲ့ ဂုဏ်တစ်ခု အတွက်ဖြစ်စေ ကျွန်တော် တို့တတွေ အသုံးအဆောင်ပစ္စည်းတွေ ကို ၀ယ်သုံးကြရပါတယ်။ ဒါပေမယ့် ကျွန်တော် တွေ့ရသလောက် ကျွန်တော် ညီတွေ ၊ ညီမ တွေ မလိုအပ်တဲ့ ဂုဏ်တွေနောက်ကို လိုက်လွန်းကြတယ်။

ထင်ပေါ်ချင်ကြတယ်။ ကိုယ့်ကိုယ်ကို အားကိုး နိုင်ပါတယ် ဆိုတဲ့ စကား ပါးစပ်ဖျားက မချပေမယ့် ။ အားကိုး ရှာချင်လွန်း ကြတယ်။ (မှီခိုချင်တဲ့စိတ်က ပိုများတယ်)

ပြန်စဉ်းစားကြည့်လိုက်တယ် ဘာကြောင့်လဲ ...( အခြေခံစိတ်ကူးလေးတွေ)

မိန်းခလေး တွေရည်းစားထားရင် ပိုက်ဆံမကုန်ပဲ သွားချင်တဲ့နေရာတွေကို သွားလို့ရမယ် ( ပန်းခြံတွေ ၊ စူပါမတ်ကက်တွေ ၊ ကမ်းခြေတွေပေါ့)

အကူညီလိုချင်ရင် အလွယ်တကူ တောင်းလို့ ရမယ်

ကိုယ့်ကို ဂရုစိုက်ခံရတယ် ဆိုတဲ့ ပိတိ တွေရမယ်(ပြည်တွင်းမှာတော့ ဒီလောက် အရေးပေးတာ ခံချင်မှခံခဲ့ရမယ်)

အခွင့် အရေး တွေ ရလိမ့်မယ် ဆိုတဲ့ အိပ်မက် တွေ မက်ကြတယ်

ရေဝေးမြေဝေးဖြစ်တဲ့ အတွက် ဘယ်သူမှမသိနိုင်ဘူးဆိုတဲ့ စိတ်ကူး

ဗူးပေါ်သလိုပေါ်တဲ့ ခေတ်က ကုန်သွားလေတော့ ငါ ကဲတာကို ဘယ်သူမှ မသိနိုင်တော့ဘူးဆိုတဲ့စိတ်

မြန်မာပြည်မှာ ဘယ်သူမှ အရေးလုပ်ခြင်း မခံခဲ့ရပေမယ့် ဒီမှာ တော့ ကိုယ့်ကို မင်းသမီးလေး ၊ နတ်သမီးလေးတပါး အလား လိုလေသေးမရှိ လိုက်လျှောပေးကြတယ်။(လိုချင်တာ မရခင်အချိန်ထိ)

ဒါ့ကြောင့်ပဲ

ရည်းစားရှိသော မရှိသော ၊ အိမ်ထောင်ရှိသော မရှိသော စဉ်းစားချိန်တောင်မရဘဲ နိုင်ငံပေါင်းစုံ က လူမျိုးစုံနဲ့ ရော အချင်းချင်းရော ဇာတ်လမ်းတွေ အများကြီးဖြစ်လာကြတော့တာပါပဲ။

မိန်းခလေး တွေ ဆီက ပြန်ကြားရတဲ့ အသံတွေ ကြားရတာ က ကိုယ့်လူမျိုး အချင်းချင်း အကူညီတောင်းတော့ မပေးချင်ကြဘူး ၊ သူတို့ က ဘယ်လောက် ယုံကြည်ရလို့လဲ ဆိုတာမျိုးတွေပေါ့။

နိုင်ငံခြားနိုင်ငံ တခုမှာ အကူညီပေးတယ် ဆိုတာ အတိုင်းတာ တခု အထိပဲ ပေးလို့ ရပါမယ်။ သူလည်း အလုပ်လာ လုပ်တယ် ၊ ကိုယ်လည်း အလုပ်လာလုပ်တယ် ဆိုတဲ့ လူတွေ ချင်းဆိုတော့ နေရာတကာမှာ အသေးစိတ်လိုက်ပြီးတော့ ကူညီပေးနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကို အကူညီမတောင်းခင် ကြိုစဉ်းစား ကြစေချင်တယ်။ ကိုယ့်လူမျိုးချင်း က မကူညီဘူးဆိုပြီး တခြား လူမျိုးခြား ကို အကူညီတောင်း ၊ တောင်းပါများတော့ မွေးရာပါ အားနာတတ်တဲ့ အကျင့် ကလေး က ပါလာတော့ သူ့ဖက် က တောင်းဆိုလာ တဲ့ အခါ ငြင်းဆန်ဖို့ခွန်အားမရှိတော့ဘူးပေါ့။ကိုယ့်လူမျိုးချင်းယုံကြည်ရတယ် မယုံကြည်ရဘူး ဆိုတဲ့ စကား ကတော့ ကိုယ့်အရည်အချင်းကို ကိုယ် ချ နေတာနဲ့တူပါတယ်။ ဘယ်လူမျိုး ၊ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် ဒီလိုလူစားတွေက ရှိနေစမြဲပါ။ မိန်းမပျိုလေး ရှိထားသင့်တဲ့ အရည်အချင်းတွေထဲမှာတော့ ဒီလိုလူတွေကို ရအောင်ရှောင်နိုင်တာလဲ ပါမှာပေါ့။

ကြိုက်ချင်ရင်ကြိုက်မယ် မကြိုက်လည်းရပါတယ်။ ဒီမှာ နိုင်ငံခြားသားနဲ့ ကြိုက်တယ် ဆိုတဲ့ ယောက်ျားလေး ကောင်မလေးတွေ အားလုံး ဟာ Sex ကိစ္စ ကိုပဲ ဦးတည်နေကြတယ်ထင်ပါတယ်။ ဒါကိုရိုင်းသွားတယ် ထင်တဲ့ ကို ကို ၊ မ မ များ ဒီမေးခွန်းကလေးတွေ ဖြေကြည့်. . .

ခင်ဗျားတို့တွေ နိုင်ငံခြားသူ ၊ နိုင်ငံခြားသား တွေနှင့် နှစ်ကိုယ်ကြား ချစ်စကားလေးတွေ ပြောတဲ့ အခါ ဘာတွေပြောကြပါသလဲ

ခင်ဗျားတို့ ရဲ့ နိုင်ငံခြားသား က ခင်ဗျားတို့ အသည်းခိုက်လောက်အောင် ဘယ်လို စကားလုံး အနုအရွ ကလေးတွေသုံးပြီး ပြောသွားလဲ

သူတို့ဖွဲ့နွဲ့ ပြောလာခဲ့လျှင်ရော ခင်ဗျားတို့ (ကျွန်တော်တို့) နားလည်နိုင်ပါ့မလား( မညာကြေးနော်)

ဒါဆိုရင် ကျွန်တော် တို့ တွေ သာယာနေတယ် ဆိုတာ ဘာကို ဦးတည်နေလည်းဆိုတာ သဘောပေါက်စရာ ကောင်းပါတယ်။ ( ပြောတဲ့ စကား က I love you .. I F**k you ဆိုတာထက် ဘာပိုစရာရှိလဲ)

ဒီလို လွယ်လွယ်နဲ့ ချစ်၊ ကြိုက်၊ လိုက် ဇာတ်လမ်း တွေခင်းနေကြတဲ့ သူတွေ ကို နာမည်တွေ ပေးထားတာတွေရှိပါတယ်။ ဘလော့ပေါ်မှာ တင်ရမှာ လက်ရွံ့နေ မိတာကြောင့် မတင်တော့ပါဘူး။ လူတွေ ရဲ့ ၄င်းတို့ ကို ဘယ်လို အဆင့်မှာထားတယ် ဆိုတဲ့ သဘောထားကိုတော့ တွေးကြည့်ယုံနဲ့သိနိုင်လောက်ပါပေရဲ့

ဗမာ အချင်းချင်း ဖောက်ပြန်နေကြတဲ့ အိမ်ထောင်သည်တွေကို တော့ ထုံးစံအတိုင်း နှိမ်ချပြီး ပြောဆိုကြပါတယ်။

မိမိကိုယ်ကိုယ် တကယ် ယုံကြည်မှူ ရှိမရှိ သေသေချာချာ ဝေဖန်ဆန်းစစ် ကြည့်ကြစေချင်ပါတယ်။သတိထားပြီး မိမိကိုယ်ကိုယ် ယုံကြည်မှူ အပြည့် ။ ၁၈ နှစ်ပြည့်လို့ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့် (နိုင်ခွင့်) ရှိနေပြီလို့ လွဲမှားစွာ ထင်မြင်မိတဲ့ ဘ၀တွေ ၊ ဘ၀တွေ ဆိုတာ ကျဆုံးသွားလိုက်ကြတာဗျာ နည်းမှ မနည်းတော့တာ ။ ဒီလို အရည်ချင်းမရှိဘဲ သွေးနားထင်ရောက်နေတဲ့ အစ်မ ၊ ညီမ တွေ ဟာ လိုချင်တာရဖို့ အတွက် ဆိုရင် မိန်းမ ခြေမ ကုန်းစုပ်ရဲလောက်တဲ့ ပေါကြောင်ကြောင် ၊ တဏှာသမား တို့အတွက်တော့ မဟာ အခွင့်ကောင်းကြီးပါပဲ။

သတိထားရမှာ က ဒီလို ထိမ်းသင့်တဲ့ စိတ် ကို မထိမ်းဘဲ စိတ်အလိုလိုက်တဲ့ လူဆိုတာ ၊ နိုင်ငံခြားသားတွေထဲမှာ မ မှရှိတာတော့မဟုတ်ဘူး။ ကျုပ်တို့ ရဲ့ ရွှေလိုလို ရွှံ့ လိုလို လူတွေကြားထဲမှာ လည်း အများကြီးပဲ။ ဒါကြောင့် မမ တို့ရေ မိန်းခလေးဆိုတာ ဘယ်သူမှ လိုက်ထိမ်းလို့ ရတာ မဟုတ်ပါဘူး။ မိမိကိုယ် ကိုယ်ထိမ်းမှရတာကိုးဗျ။

မမတို့ရဲ့ နိုင်ငံခြားသားနဲ့ဇာတ်လမ်းတွေကို ရပ်တန့်နိုင်ဖို့ တော့ နေစိုးနိုင်တို့ မတတ်နိုင်ပါဘူး ။ သို့သော် စိတ်မထိမ်းနိုင်လို့ အလိုလိုက်ကာ အကြိုက်ကိုကို ဆောင်နေရတယ် ဆိုခဲ့လျှင်တောင် မြန်မာမိန်းခလေး ဆိုတာ လွယ်လွယ်နဲ့တော့ မရဘူးဆိုတဲ့ ဂုဏ် ကလေးတော့ ထိမ်းနိုင်ရင်ကောင်းတာပေါ့ဗျာ။

ကျွန်တော်တို့ မြန်မာ မိန်းခလေးတွေ ဟာ သူများပြောသမျှ မျက်စိမှိတ်ယုံတတ်တဲ့ အတန်းအစားထဲ က မဟုတ်ခဲ့ ကြပါဘူးဗျာ။

မြန်မာပြည်ကလူတွေ ကျွန်တော် ကို တော်တော်များများ မေးခံရ ဖူးတဲ့ မေးခွန်း ကလေး က ..

အဲဒီနိုင်ငံ က ယဉ်ကျေးမှု က မြန်မာမိန်းခလေး တွေ နဲ့ သင့်တော် လား တဲ့ ..

မေးကြတဲ့ အစ်ကိုအစ်မ၊ ညီ ၊ နှမ တွေ ကို တော့ ပြောပြီးသားဖြစ်မယ်။ ဒါပေမယ့် မပြောရသေးတဲ့ သူတွေ အတွက်ရည်ရွယ်ပြီး ကျွန်တော်ပြန် ဖြေပေးလိုက်မယ်။

ဘာဖြစ်လို့ သူများ နိုင်ငံ က ယဉ်ကျေးမှု ကို ဒီလောက် အဓိ က ထားနေရတာလဲ

တကယ်တမ်း ကျွန်တော် တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာ က ကျွန်တော် တို့ မြန်မာ တွေ ကိုယ့်ယဉ်ကျေးမှု ကိုယ် မေ့ တဲ့ ပြဿ နာပါ ။ ဒီနိုင်ငံတွေ က သူတို့ ယဉ်ကျေးမှုက သူ့ဖာသာ နေတာပါ။ ကိုယ့်ယဉ်ကျေးမှု ကိုပဲ ကိုယ်ဂရုစိုက်ရမှာပါ။ ဘာမှ သူများ ယဉ်ကျေးမှု ကို သွားပြီး ပုတ်ခတ် စရာ အကြောင်းမရှိပါဘူး .. လို့ ဖြေပေးခဲ့ဖူးပါရဲ့

အမှားအမှန် ဆိုတာ ကိုယ့်ခံယူချက်ပေါ်မှာပဲမူတည်ပါလိမ့်မယ်။ ဆက်တွေးကြည့်ပေါ့ဗျာ ။ ။

လေးစားစွာဖြင့်
နေစိုးနိုင်



Saturday, May 16, 2009

ဒူဘိုင်းမြို့မှ ဇာတ်လမ်း ( ၃ )

မြန်မာပြည်ကနေ ဒူဘိုင်း ကို အရောင်းဝန်ထမ်း အဖြစ် အလုပ်ရလာတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီ က နေစရာ အဆောင်မပေးဘူး။ ဒါပေမယ့် သူတို့တွေ အတွက် သိပ်ပြီး အခက်အခဲ မဖြစ်ပါ။ သူမတို့ နှင့် အတူလာ ယောက်ျားလေး သူငယ်ချင်းများ နှင့် ပေါင်းပြီး အခန်းငှားနေလိုက်ကြတယ်။ သူတို့ချင်းက မြန်မာ ပြည်မှာ ကတည်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘာမှပြဿနာ မရှိခဲ့ကြပါဘူး။

ဒီလိုနဲ့ အဆင်ပြေပြေ နေ နေတုန်း ယောက်ျားလေး တွေ က အလုပ်မှာ စိတ်မ၀င်စားကြတော့ဘူး။ အလုပ်မလုပ်ကြတော့ဘူး ။ ပြန်ချင်ကြတယ် ။ အခြား အလုပ်တစ်ခု ကိုပြောင်းလုပ်ဖို့ စိတ်ကူးကြရတယ်။ သူတို့နေတာ က ယောက်ျားလေး ၄ ယောက်နှင့် မိန်းခလေး ၂ ယောက်ပါ။ အခန်းကျဉ်းလေး ထဲမှာ မိန်းခလေးနှစ်ယောက်က တစ်ဖက် ယောက်ျားလေး ၄ ယောက် ကတဖက် အဆင်ပြေအောင် နေကြရတာပါ။

ဒါကိုယောက်ျားလေး တွေက အလုပ်မှာစိတ်မ၀င်စား တော့ အလုပ်ထုတ်ခံ ရ ပါတယ် ။ တစ်ယောက်သွားလိုက် သွားတဲ့ လူ အတွက် အိမ်စရိတ် ကို မျှခံလိုက် ၊ နောက်တစ်ယောက် ထပ်ပြန်သွားပြန် အိမ်စရိတ် ကတက်လာပြန်နဲ့ ဒီလိုနဲ့ တဖြုတ်ဖြုတ် ပြန်သွားကြတော့ နောက်ဆုံး မိန်းခလေး ၂ ယောက်တည်းကျန်ပြီး အိမ်စရိတ်ကို လုံးဝ မတတ်နိုင်တော့လို့ နိုင်ငံခြားသားတွေ ကို အခန်းထဲမှာ ပေးနေနေရပါတယ်။

ဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ပါဘူး။ ဒီလိုပြဿနာတွေ ကိုဘယ်လို ဖြေ ရှင်းနိုင်မလဲ ဆိုတဲ့ နည်းလမ်း ကို ကျွန်တော်တို့ ဒူဘိုင်းရောက် မြန်မာ ညီအစ်ကို မောင်နှမတွေ ၀ိုင်းဝန်း စဉ်းစားပေးကြဖို့ကောင်းနေပါပြီ။

အကယ်၍သာ . . .
မြန်မာ လူမျိုး အသင်းအဖွဲ့လေး လုပ်ထားပြီး website လေးတစ်ခု လောက် ထောင်ထားမယ်။ ဒီမှာ အခန်းလိုချင်သူ ၊ အခန်းငှားချင်သူ ၊ အလုပ်အကိုင် အခွင့်လမ်းလေးတွေ ကို တတ်နိုင်သလောက် မျှဝေ ပေးကြမယ်ဆိုရင်။ ကျွန်တော် တို့ ညီအစ်ကို ၊ မောင်နှမ အားလုံး ပြဿနာ အားလုံးမဟုတ်တောင် အတိုင်းတာ တစ်ခုထိ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဥပမာ တစ်ခု ပေါ့

ဒီနိုင်ငံမှာ ကုလားတွေ ၊ ဖားတွေ ဘယ်လို နေရာယူနေကြလဲ ။ သူတို့တွေ ကျွန်တော်တို့ ထက် လူမျိုးရေးစည်းလုံးမှူရှိတယ်နော်။ ကျွန်တော်တို့ အားလုံးက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တော့ ရှိကြပါရဲ့ ။ ဒါပေမယ့် အချင်းချင်း လက်တွဲခေါ်ခြင်း ဆိုတဲ့ ပိုင်းမှာ အတော်ကို အားနည်းပါတယ်။

အလုပ်တူရင် ငြူဆူနေတယ်။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ အချင်းချင်းနှိမ်တယ်။ ဒီလိုမျိုး အကျင့်တွေ ဟာ ကျွန်တော် တို့ ရဲ့ စိတ်ဓာတ်တွေ ကို လှိုက်စားနေပါတယ်။ ဒါကို သတိထားကြရမယ်။

ဒါကြောင့် အဝေးရောက်မြန်မာ အချင်းချင်း ညီရင်း အစ်ကို ၊ မောင်ရင်းနှမ စိတ်ဓာတ်နဲ့ အကောင်းဆုံး နှင့် အလုပ်သင့်ဆုံး အလုပ်တစ်ခု ကို လုပ်ဆောင်နိုင်ကြပါစေ

လေးစားစွာဖြင့်
နေစိုးနိုင်

Friday, May 15, 2009

ဒူဘိုင်းမြို့မှ ဇာတ်လမ်း ( ၂ )

ရန်ကုန်မှာ နေစဉ် တုန်း က ငယ်ရွယ်သူ ပီပီ လွတ်လွတ်လပ်လပ် ၊ တက်တက်ကြွကြွ နေတတ်တယ် ။ ရုပ်ရည်လေး အသင့် အတင့်ရှိတော့ သူမ အလှမှာ ရစ်ဝဲနေတဲ့ ပျားပိတုန်း တွေ ကလည်း များမှများပေါ့။ ဒါပေမယ့် သူမ ဂရုမစိုက် ခဲ့ပါဘူး။ သူမ ဘ၀ ရှေ့ရေး အတွက် ကြိုးစားချင်တယ်။ လူငယ်ပီပီ တက်တက်ကြွကြွနဲ့ ကြိုးစားတယ်။ နောက်ပိုင်းမှာ အပေါင်းသင်းတွေ ၊ ရပ်ကွက်ထဲ က ရွယ်တူတွေ နိုင်ငံခြားသွားပြီး အလုပ်လုပ် မိသားစု ကို ပြန်ထောက်ပံ့ နိုင်ကြတာတွေ့ရတော့ သူလည်း ဒီဘ၀ ကို လိုချင်လာမိတယ် ။ မိဘ ကို တတ်နိုင်တဲ့ ဖက်က ကူညီချင်တယ်လေ။ မိသားစု ၀န် ကို နိုင်သလောက် ၀င်ထမ်းလိုက်ချင်တယ်။

ဒါကြောင့်ပဲ သူနိုင်ငံခြားသွားဖို့ စီစဉ်တာပေါ့ ။ ဒီမှာပဲ သူ ကိုကြီး ကို စတွေ့တာပါ။ တည်ငြိမ်တယ် ၊ အေးချမ်းတယ် ၊ ကူညီချင်စိတ်ရှိတယ်၊ နိုင်ငံခြားမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတယ်။ သူမ ကို ကိုကြီး က အစစ အရာရာ ပြောပြ ကူညီပေးခဲ့ တယ် ။ ဒီလိုနဲ့ ပဲ ကိုကြီး နဲ့ သူမ ချစ်သူ မကျ ၊ သူငယ်ချင်းမက အဆင့်မှာ ပဲ ကိုကြီး နိုင်ငံခြားထွက်သွားတယ်။

ကိုကြီးရှိတဲ့ နိုင်ငံ ကို ရောက်အောင်ကြိုးစားလာခဲ့ တယ် ။ မိသားစု အတွက်ရော ။ သူမ ရဲ့ တစ်ကိုယ်ရေ ခံစားချက်တွေ အတွက်ရောပေါ့။

ကြိုးစားမှူရဲ့ရလဒ် သူမ ရောက်ချင်နေတဲ့ နိုင်ငံခြား ကိုရောက်လာခဲ့ပါတယ်။ သူမ ရဲ့ ကိုကြီး က လည်း အရင်တိုင်းပဲ မပြောင်းလဲပဲ အကြင်နာ တွေ အယု အယ တွေ ပေးပါတယ်။ ဒီလိုနဲ့ သူမ နှင့် ကိုကြီး ရည်းစားတွေ ဖြစ်ခဲ့ကြပါတယ်။

ရည်းစားဘ၀ မှာပဲ စောင့်စည်းအပ်တဲ့ စည်းတွေ လည်း ကျိုးပေါက် ကုန်ပြီပေါ့။ ဒါပေမယ့် သူမ စိတ်မပျက် ပါဘူး ။ ကိုကြီး သူမ ကို ချစ်တယ် ဆိုတာ ကို သိတယ် ။ အရမ်းဂရုစိုက်တယ် ။

လောက ကြီး က ကိုယ်လိုချင်တာတွေ ကိုပဲ ပေးတာမဟုတ်ဘူးလေ။ သိပ်မကြာခင်မှာပဲ သိလိုက်ရတယ် ။ ကိုကြီး က အိမ်ထောင်သည် ကလေး အဖေတဲ့ ။ သူမ ဘာကို ဆက်လုပ်ရမှာလဲ ။ ကိုကြီး ကိုလည်း လက်မလွတ်ချင်ဘူး ၊ သူ့ကြောင့် သူတပါး အိမ်ထောင်ရေးကိုလည်း အထိခိုက်မခံစေလိုဘူး။

ဒါပေမယ့် ရုန်း မရထဲ နွံထဲ ရောက်နေပြီ။ အမှန်တိုင်း ၀န်ခံရလျှင် သူမ ကိုယ်တိုင်လည်း ရုန်းထွက်ချင်တဲ့ ဆန္ဒ မရှိတော့ဘူး။

တဒင်္ဂ သာယာမှူ နောက်ကို လိုက်နေဆဲ ၊ လိုက်နေမြဲ ၊ မိုက်နေဆဲ မိုက်နေမြဲ ဖြစ်တဲ့ ဒူဘိုင်း မြို့ ရောက် မြန်မာ တို့ အကြောင်း တစ်ခုပါ

Thursday, May 14, 2009

Come join me at ဘာကြောင့်ဒီဆိုက်ကို ဖန်တီးရတာလဲ on Myanmar In Dubai

Myanmar In Dubai
Member ဖြစ်မှ ဆွေးနွေးခွင့်ရှိမည်။ သင်သည်မြန်မာလူမျိုးပါ ။ မရိုင်းပါနှင့်
Nay Soe Naing
Nay Soe Naing has invited you to the event 'ဘာကြောင့်ဒီဆိုက်ကို ဖန်တီးရတာလဲ' on Myanmar In Dubai!
အဝေးရောက်မြန်မာများ စည်းလုံးမှူ ရရှိပြီး
အချင်းချင်းကူညီနိုင်ရန်
တဖက်တလမ်းမှကူညီပါ

ဘာကြောင့်ဒီဆိုက်ကို ဖန်တီးရတာလဲ Time: May 14, 2009 at 6pm to May 31, 2009 at 12:15pm
Location: Dubai
Organized By: Nay Soe Naing

Event Description:
ကျွန်တော် တို့ မြန်မာ နိုင်ငံ မှ ယူအေအီး နိုင် ငံ ဒူဘိုင်း သို့ လာ ရောက် အလုပ်လုပ် နေကြသော မြန်မာ နိုင်ငံ သူ နိုင် ငံသား အချင်း ချင်း အလွယ်တကူ ဆက်သွယ်နိုင်ရန်။

ဖြစ်ပေါ်နေသော လတ်တလော အခက် အခဲ များ အား ကူညီဖြေရှင်းပေးနိုင်ကြစေရန်

( ဥပမာ ။ ။ အလုပ် ပြောင်းရွေ့ခြင်း ၊ အိမ်ငှား ခြင်း .. )

အချင်း ချင်း ဒူဘိုင်း အကြောင်း ၊ အလုပ်အကိုင် အခွင့် အလမ်း အကြောင်း ဆွေးနွေးနိုင်ရန်

မြန်မာပြည်မှ ဒူဘိုင်း အကြောင်း စိတ်ဝင်စား သူများ အလွယ်တကူ လေ့လာနိုင်စေရန်

ဒူဘိုင်း မြို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံ သား တို့ ကို မေတ္တာ ရပ်ခံလိုသည်မှာ တော့ အခြား နိုင်ငံ က လူတွေ သူတို့ ချင်း ဘယ်လိုစည်းရုံးပြီး နေရာ ဘယ်လိုယူသွားကြသလဲ ဆိုတာကို ကျွန်တော်တို့ လူတိုင်း သိပါတယ်။

ဒီလို မြန်မာအချင်းချင်း အဆက်အသွယ်ပြတ်နေကြတာကြောင့် ရသင့်တဲ့ အခွင့်ရေးများ ဆုံးရှုံး ကြရခြင်း
မလိုလား အပ်တဲ့ အခက်အခဲ များ ရင်ဆိုင်ရခြင်း တွေ ရှိတာ လူတိုင်း အသိပါ။

ဥပမာ ။ ။ မိမိ တို့ ကုမ္ပဏီ က အလုပ် အကိုင် အခွင့်လမ်းလေးတွေကို ဒီမှာ လာပြီး မျှဝေပေးမယ်

မိမိ နေရာတာ အဆင်မပြေလို့ မြန်မာတွေ နေတဲ့ အခန်း က လွတ်တဲ့ နေရာရှိရင်သိချင်တယ်

အဲ .. အခန်း မှာ လူလွတ်နေလို့ မြန်မာ လူမျိုး တစ်ယောက် ထည့်ချင်တယ်

စတဲ့ ပြဿနာ လေးများ မှသည် ။ လူမှူရေး၊ ဘာသာရေး လုပ်ငန်းများ အထိ အချင်း ချင်း အပြန်အလှန် ဆက်သွယ် နိုင်ကြစေရန် ရည်ရွယ်ပါသည်။


See more details and RSVP on Myanmar In Dubai:
http://myanmar-in-dubai.ning.com/events/event/show?id=3331307%3AEvent%3A44&xgi=iYiGKVR
About Myanmar In Dubai
Dubai ရောက်မြန်မာ အချင်းချင်း စည်းလုံးမှူရရှိရန် နှင့် မြန်မာနိုင်ငံမှ စိတ်ဝင်စား သူများ လေ့လာနိုင်ရန်
Myanmar In Dubai Blogs
Events
Photos
Videos
အားလုံး အတွက် ရည်ရွယ်၍ www.myanmar-in-dubai.ning.com ဆိုက်တစ်ခုအား တည်ဆောက်ထားပါသည်။ အဆင်ပြေကြပါစေဟု ဆုတောင်းလိုက်ပါတယ်။ ၀ိုင်းဝန်း ကူညီပေးကြပါဦး

လေးစားစွာဖြင့်
နေစိုးနိုင်



Wednesday, May 13, 2009

ရန်ကုန်က ပညာဒါန သင်တန်းကလေး

အစဉ်အလာမပြတ် ဆက်လက်သင်ကြားမျှဝေနေသော IT Square Group မှ သင်တန်းအသစ်ကို စတင်ဖွင့်လှစ်ပါပြီ။
ပညာကိုလိုလားသူ မျှဝေလိုသူများ သင်တန်းတက်ရန် အခွင့်မသာသူများ သင်တန်းတက်လျှက် အားမရသူများ ချိတ်ဆက်တက်ရောက်နိုင်သည်။
သင်တန်းများကို Sun Day တစ်နေ့တည်းသာသင်ကြားပို့ချသည်။

သင်တန်းကြေးလုံးဝပေးစရာမလိုပါ။

(စေတနာရှိက သင်တန်းထောက်ပံ့ငွေသာ သဒါတရားအလျောက်ထည့်နိုင်သည် )



NO Time Subject Lecturer


01 8:30-10:30 English ( 4Skill) Daw Htay Htay Win

02 8:30-10:30 Japanese( 4Skills) Level 3 U Nay Myo Tun , U Aun Kyaw Soe

03 10:30-12:00 Eng. Translation U Sein Shwe

04 10:30-12:00 Chinese ( 4 skill) Daw Yamin PaPa Naing

05 10:30 - 2:30 Computer (Network) U Sandah Aung

06 11:00-12:30 Japanese ( Level 4) Daw Ohmma Myint

07 12:30-2:30 Computer ( Hardware ) U Thein Zaw

08 12:30-2:30 Computer (Graphic Design) U Aye Myint Oo

09 12:30-2:30 Computer ( Fundamental) U Nandah Htoon

10 2:30-4:00 Japanese ( Level 2) Ms. Yoshiko Honda

11 2:30-4:00 Computer ( Web Development U Nandah Htoon
and Programming )

12 2:30-4:00 Computer ( D.T.P) Daw Moe MyintZu
( Word, PageMaker, Indesigh, Excel)



သင်တန်းနေရာ။

ဆက်သွယ်ရန်လိပ်စာ .....

ဝံသမေဒနီစာသင်တိုက်
ကိုးထပ်ကြီးဘုရားအနောက်ဘက် ဗားဂရာဝန်းအတွင်း။
စန်းချောင်း ရန်ကုန်မြို့။

တွင် အသေးစိတ်လာရောက်စုံစမ်းနိုင်ပါတယ်။


သင်တန်း ကို ဦးဆောင် လုပ်ကိုင်နေကြသော ပုဂ္ဂိုလ်များ ၏ စေတနာကို လေးစားသောအားဖြင့် တဖက်တလမ်း မှ ကူညီ ကြေငြာပေးခြင်းဖြစ်ပါသည်။

ဒီစာလေးကို forward လုပ်ပေးသော သူငယ်ချင်းအား ကျေးဇူးအထူးတင်ရှိပါသည်။

အောင်မြင်နိုင်ကြပါစေ

လေးစားစွာဖြင့်
နေစိုးနိုင်



Tuesday, May 12, 2009

Boss Reaction During Recession


ဘော့စ်တို့၏ မာယာ


In the
begining.....
Boss
: Be good, you will be fine.




After a week...

Must Work Hard... ok?



After a month...
Must Work Hard .... " work .. work ... work.. work .. " you know!
!!!!!!!


After a Quarter....
Can you hear me? you must work hard!!!


သူငယ်ချင်း တစ်ယောက် ပေးပို့ သော Forward mail တစ်စောင်မှ ကူးယူထားပါသည်။


လေးစားစွဖြင့်

နေစိုးနိုင်



Sunday, May 10, 2009

ထားစေချင်တဲ့ အကျင့်ကလေး တစ်ခု

စိတ်ပူပန်တယ် ။ စိုးရိမ်တယ် ဆိုတာ ကျွန်တော် တို့တွေ လူတိုင်း ခံစားဖူးတဲ့ ခံစားချက်တွေပါ။ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် ၊ မိသားစု အတွက် ၊ ချစ်သူအတွက် စသည်ဖြင့် မိမိ နှင့် ပတ်သက် တဲ့ ပတ်ဝန်းကျင် ကလူ တွေ အတွက် စိုးရိမ်ပူပန် ဖူး ခဲ့ ကြမှာ။

စိုးရိမ်ခြင်း ၊ ပူပန်ခြင်း ဆိုတာ ကိုယ် မသိတဲ့ ၊ ကိုယ်မမြင်နိုင်တဲ့ အရာ တစ်ခု ကို စိတ်ကူးဖြင့် ပုံဖော်ပြီး ကြောက်တတ်ခြင်း ၊ သတ္တ၀ါ တို့ ရဲ့ ဗီဇ အရ မိမိအန္တရာယ် ကို ကြို တင် ကာကွယ်လို ခြင်း စတဲ့ စိတ်တွေ ကနေ စဖြစ်တယ်လို့ ထင်ပါတယ်။

မိသားစုဝင် တစ်ယောက် ခရီးသွားရင် လမ်းမှာ အဆင်မှ ပြေပါ့မလား ၊ ဒုက္ခ မတွေ့ပါစေနဲ့ စတဲ့ စိုးရိမ်မှူ တွေ ၊ ချစ်သူ တစ်ယောက် တိုင်းတပါးသွားရတဲ့ အခါ မှာတော့ .. သိတယ်မို့လား .. အများကြီးပဲလေ။ မိဘတွေ က သားသမီး အပေါ်မှာ ထားတဲ့ စိုးရိမ်ပူပန်မှူ တွေကိုတော့ ချရေးလို့ ကုန်နိုင်မယ်မထင်တော့ဘူးဗျ။ အားလုံး လည်း ကိုယ်တိုင်ကြုံ ဖူးထားကြတာဆိုတော့ အသေးစိပ်မနေတော့ ပါဘူး။

ဒါပေမယ့် အဲဒီလို ကိုယ့်အပေါ်မှာ စေတနာ အပြည့်နဲ့ စိုးရိမ်သောက ရောက်နေရှာ တဲ့ သူငယ်ချင်း ၊ မိတ်ဆွေ၊ မိဘ ၊ ဆွေမျိုး သားချင်းတို့ ရဲ့ ဝေဒနာကို သက်သာရာ သက်သာကြောင်း ဘယ်နှစ်ကြိမ်များ ကြိုးစားခဲ့ဘူးပါလဲ။

ကျွန်တော် အဓိက အကြံပေးချင်တာလေး ကတော့ အဝေးရောက် မြန်မာ များကို ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူလျှောက်သွားကြတယ် ။ ပြီးတော့ လမ်းခွဲ ပြီး ကိုယ့် နေတဲ့ နေရာ ပြန်ကြတဲ့ အခါ ငါကတော့ ရောက်ပြီ သူတို့ တွေ အဆင်ပြေရဲ့လား မသိဘူး ဆိုတဲ့ စိုးရိမ်စိတ် ကလေး ကို လူတိုင်း ခံစားခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ဒါကို ကျွန်တော် တို့ ဘယ်လို ဖြေဖျောက်ခဲ့ကြပါသလဲ။ အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းလေး တစ်ခုလောက်နဲ့ပဲ ဖြေသိမ့် လိုက်ကြတာများပါတယ်။ ဆုတောင်းပေးတာ ကောင်းပါတယ် ။ ဒါပေမယ့် ဒါကျွန်တော်တို့ အတွက် အဖြေကောင်းမဟုတ်သေးဘူး။

တကယ်လို့ ကိုယ် အဆောင် ကိုယ့် အခန်းကို ပြန်ရောက် ခဲ့ ရင် ၊ အတူသွားခဲ့ကြတဲ့ သူငယ်ချင်းတွေ ကို ငါတော့ ပြန်ရောက်နေပြီ ဆိုတဲ့ message လေးတစ်စောင်လောက် ပို့ပေးလိုက်မယ်ဆိုရင် ဟိုဖက်က သူငယ်ချင်း မှာ ဘယ်လောက်တောင် စိတ်အေးသွားလေမလဲ။ ဒါ မှန်ကန်တဲ့ နည်းလမ်းတစ်ခုပဲ။

ဒီလိုလုပ်လိုက်ခြင်း အားဖြင့် မိမိ မိတ်ဆွေ ခံစားနေရမယ့် ခံစားချက်ကလေး ကို နားလည်ပေးတယ် ဆိုတဲ့ သဘောမျိုးလည်း သက်ရောက်သွားပါတယ်။ ဒီဝေဒနာ လေးကို လည်း လုံးဝ ဖြေဖျောက်ပေးနိုင်ပြီး။ စိုးရိမ်ပူပန်ခြင်း ဆိုတဲ့ ပူလောင်တဲ့ သောက ကလေးကနေ ငါ့သူငယ်ချင်း ငါ့ကို ဂရုစိုက်ပါလား ဆိုတဲ့ ပိတိ လေး အဖြစ် အသွင်ပြောင်းသွားစေနိုင်တဲ့ အကျိုး ကို လက်တွေ့ရနိုင်ပါတယ်။

အကယ်၍များ သူငယ်ချင်းမှာ အခက်အခဲ နဲ့ ကြုံနေရတဲ့ အချိန်ဆိုရင် ၊ ဘယ်လောက် တန်ဖိုးရှိလိုက် မလဲ။ စာကလေး တစ်ကြောင်း ၊ စကား ကလေး တစ်ခွန်း ဟာ အများကြီးတန်ဖိုးရှိပါတယ်။

ဒါကြောင့် မိမိ ရဲ့သူငယ်ချင်း များ ရဲ့ ခံစားချက်များကို နားလည်ပေးခြင်း ၊ လိုအပ်သော အကူညီများ အချိန်မီ ပေးနိုင်ရေးအတွက် ကို ခရီး အဆုံးမှတ် ကိုရောက်ရင် ခရီး အစ မှတ် ကို ပြန်သတင်းပို့ တတ်တဲ့ အကျင့်ကလေး ကို ပြုလုပ်ပေးကြပါလို့တိုက်တွန်းလိုတယ်။

ဆိုပါတော့ . . .

ကောင်မလေး နဲ့ ကောင်မလေး အဆောင်မတူကြဘူး။ ချစ်သူသဘာဝ အပြင်လျှောက်လည်ပြီး အပြန်မှာ ကောင်မလေး အဆောင် ကို ပြန်ပို့ထားခဲ့တယ်။ နောက် ကောင်ကလေး အဆောင်ရှိရာ ကို ဆက်ပြန်လာတယ်။ လမ်း မှာ အဆင်ပြေပါ့မလား ဆိုတဲ့ စိတ်ပူပန်မှူတွေ ကို ကောင်မလေး ခံစားနေရမယ်။ ဒါကို အဆောင်ပြန်ရောက် တန်းအိပ် လုပ်မယ့် အစား အဆောင်ရောက်တာနဲ့ ပြန်ရောက်ပြီလို့ message လေး ပို့ပေးလိုက်မယ်ဆိုရင်...

သူငယ်ချင်းတွေကြားမှာရော . . .

မိသားစု တွေကြားမှာရော . . .

မိတ်ဆွေတွေကြားမှာရော . . .

တဖက်သားရဲ့ ခံစားချက် ကို ကိုယ်ချင်းစာတရားလေးနဲ့ ခံစားပေးကြဖို့ အကျင့်လုပ်ထားရင်ကောင်းမယ်။

ဒါကြောင့်

သွားချင်တဲ့ ခရီး အဆုံးကို ရောက်တဲ့ အခါ ၊ ခရီးအစ က စိုးရိမ်ပူပန်နေတဲ့ သူတွေရဲ့ စိုးရိမ်သောက ကို တတ်နိုင်သလောက် ဖြေဖျောက်ပေးနိုင်တဲ့ အကျင့်ကလေး လုပ်ထားကြပါ။

( နေစိုးနိုင် ကတော့ ဒီအကျင့် ရှိပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အသိပါ။ ကောင်းလို့ မျှဝေပေးတာ ပါ ဆရာလုပ်တယ်မထင်နဲ့)

လေးစားစွာဖြင့်

နေစိုးနိုင်

ဆရာ့ဆုံးမစကား

ကျွန်တော် တို့ အမျိုး က ယောက်ျားလေး အများကြီး မွေးတယ်ဗျ။ ကျွန်တော် တို့ အဖိုးမှာ ညီအစ်ကို တွေချည်းပဲ ၉ ယောက် ။ မိန်းခလေးမပါဘူး။ အဖိုး ရဲ့ သားသမီးတွေထဲမှာတော့ ကျွန်တော့် အမေရယ် ၊ အဒေါ်ရယ် မိန်းခလေး နှစ်ယောက်ပါလာတယ်။ ကျန်တာတွေ က ယောက်ျားလေးတွေချည်းပါပဲ ။

အဲ ကျွန်တော် တို့ ကျတော့ ညီ အစ်ကို ၅ ယောက် ၂ ယောက် က ငယ်ငယ်လေး မှာ ဆုံးသွားတော့ ခု ညီအစ်ကို ၃ ယောက်ပေါ့။ ၀မ်းကွဲ တွေ က လည်း အားလုံး ညီတွေ ချည်းပဲ ။ ညီမ ကို မရှိတာပါ။

ဘယ်လောက်တောင် မိန်းခလေး ရှားတဲ့ အမျိုးလည်းဆိုတော့ ကျွန်တော်တို့ ကို ရှင်ပြု တော့ အမျိုးတွေ ထဲမှာ နားသ အတွက် ထည့်စရာ မိန်းခလေး မရှိလို့ အဖေ့ သူငယ်ချင်းရဲ့ သမီးတွေကို ရှင်ပြုပွဲမှာ နားသ လုပ်ခိုင်းရတဲ့ အထိပဲ။

အိမ်ကို ယောက်ျားလေး ဧည့်သည် လာတယ်ဆိုရင် တော့ အေးဆေးပါ။ အဲ .. မိန်း ခလေး သူငယ်ချင်းတွေ လာလည်တာ တို့ မိန်းခလေး ဧည့်သည်လာလည် တာဆိုရင်တော့ ကျွန်တော်တို့ အိမ်မှာ နေရခက်လိမ့်မယ်။ တဆွေလုံး တမျိုးလုံး ယောက်ျားတွေချည်းပဲ လေ။

အဲ ဒီလို နေလာတဲ့ ကျွန်တော်တို့ ကို ကျွန်တော့် အစ်ကို ကြီး ရဲ့ ဆရာ ( ပါမောက္ခ တစ်ဦးပါ) ကျွန်တော်တို့ ကို ဆုံးမဖူးတဲ့ စကား ကလေး ကို ကျွန်တော့် တစ်သက် မှတ်မိနေမှာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီစကား ကို ကိုလွင်မင်းခန့် နဲ့ စကားပြောတော့ ထည့်ပြောမိရာ က သူလည်းမှတ်မိနေတယ်။ ဒါကြောင့် တခြားသူတွေကို လည်း မျှဝေပေးချင်တဲ့ စိတ်ကလေး ဖြစ်လာလို့ပါ။

ကျွန်တော် တို့ အနေနဲ့ ဆို မိန်းခလေးတွေကို နှမ သားချင်းစာနာပါကွာ လို့ပြောရင် .. ဟား တိုက်လို့တောင် ရယ် လိုက်ချင်တယ်။ နှမ လည်း မရှိ အစ်မ လည်း မရှိ မို့ ဘာမှ နှမသား ချင်း မစာနာတတ်ဘူးလို့ ကပ်ဖဲ့ပြောလို့ ရပါတယ်။

ငယ်ငယ်တုန်းက ဆို သူငယ်ချင်းတွေ ကို ယောက်ဖ လိုက်ခေါ်ရတာ ကို အရမ်း လျှာ အရသာ ရှိခဲ့တဲ့ကောင်ပေါ့ဗျ။ ကိုယ့်ကို ပြန်ခေါ်လို့မှ မရတာလေ။

ဒီဆရာ ကဘာပြောလည်းဆိုတော့ မင်းတို့ မှာ နှမ တွေ အစ်မ တွေ မရှိဘူးဆိုတော့ နှမသားချင်း ကိုယ်ချင်းစာပါလို့ ပြောဖို့ ခက်မယ်တဲ့ ။ မင်းတို့ မှ မဟုတ်ပါဘူး နှမတွေ အစ်မတွေ မရှိတဲ့ သူ အများကြီးပါတဲ့။ ဒါပေမယ့် လောကမှာ အမေ မရှိတဲ့လူတော့ မရှိနိုင်ဘူးတဲ့။ အမေ မရှိဘဲ လူတစ်ယောက် လူ့လော ကထဲရောက်မလာနိုင်ဘူး။

ဒါကြောင့် မင်းတို့ မိန်းခလေးတွေ အပေါ်မှာ အမေ ချင်း ကိုယ်ချင်းစာ တဲ့ စိတ်မွေးပါတဲ့

ကိုယ့် အမေ ငယ်ငယ်တုန်း က ဒီလို မစာမနာ လုပ်တာ ကို ခံခဲ့ရဘူးတယ် လို့ မင်းတို့သိခဲ့ရင် မင်းတို့ ဘယ်လို ခံစားရမလဲတဲ့။ အဲလို အစော်ကား ခံခဲ့ရဖူးတဲ့ မိန်းခလေး ရဲ့ သားနေရာ က နေ အမေချင်းကိုယ်ချင်းစာပါတဲ့။

ဆရာဆုံးမ သွားခဲ့တဲ့ စကားလေးပါ။ အမေချင်း ကိုယ်ချင်းစာပါတဲ့

လောက မှာ အမေ မရှိတဲ့ သူ ဆိုတာ လုံးဝ မရှိနိုင်ပါဘူး။ လောက မှာ အသေချာဆုံး သွေးအရင်း က အမေ ကလွဲပြီး ဘယ်သူ ရှိနိုင်မှာ လဲ ။ ကိုယ့် အဖေ ဘယ်သူ လည်း ဆို တာ ကို တော့ အမေ ကလွဲပြီး ဘယ်သူ က ပိုသိနိုင်မှာလဲ ။ ဟုတ်ဖူးလား ။

ဒါကြောင့် ညီအစ်ကို သူငယ်ချင်းတို့ ရေ ..

မိန်းခလေးတွေ အပေါ်မှာ နှမ ချင်း ၊ အစ်မချင်း ကိုယ်ချင်း မစာတတ်ခဲ့ရင်တောင် အမေချင်း ကိုယ်ချင်းစာပါ။ အဲ .. အမေ ချင်း ကိုမှ ကိုယ်ချင်း မစာနိုင်ပါဘူး လို့ ကပ်ဖဲ့ လာရင်တော့လည်း ကိုယ့်ကိုယ် ကို ဘာကောင် ဖြစ်သွားလဲ ဆိုတာ စဉ်းစား သာကြည့်ပေတော့။

ကဲ .. ဗျာ

အမေချင်း ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေ မွေးမြူနိုင်ကြပါစေ ။ ။

ကမ္ဘာပေါ်က အမေများအား လုံး ကျန်းမာ ကြပါစေ . . .

လေးစားစွာဖြင့်

နေစိုးနိုင်


Saturday, May 9, 2009

အပြောင်းအလဲ


ကျွန်တော်တို့ ဘ၀ တွေမှာ မလွဲမသွေ တွေ့ခဲ့ ၊ ကြုံခဲ့ ကြရတာ ၊ တွေ့နေ ကြုံနေကြရတာ ၊ တွေ့ကြ ကြုံ ကြ ရ ဦးမယ့် အရာ တစ်ခု ရှိပါတယ်။ ဒါဘာလဲ ဆိုတော့ အပြောင်းအလဲ လို့ အဓိပ္ပါယ်ရတဲ့ Change ပါ။ ကျွန်တော် တို့ ဗုဒ္ဓဘုရားရှင် ဟော ကြားခဲ့ အနစ္စ အမြဲ မရှိ ဆိုတဲ့ တရား လေး ကို ဖြုတ်ဦးနှောက် ကလေး နဲ့ သွား စဉ်းစား ကြည့်မိပါသေးတယ်။ ဘယ်အရာမှ မမြဲ ဘူး ဆိုတာ တနည်း အားဖြင့် အရာအားလုံး ဟာ ပြောင်းလဲ နေကြတယ် ။ လို့ အဓိပ္ပါယ်ရပါတယ်။( Obama ဒီ change တစ်လုံးတည်းနဲ့ president ဖြစ်သွားတာ ကြည့်ပါလား)

အရာအားလုံးဟာ တကယ်ပဲ ပြောင်းလဲနေပါသလား။ ကျွန်တော် တို့ မျက်စိ ရှေ့မှာ မြင်တွေ့နေရတဲ့ လောက ကြီး အကြောင်းတွေပဲ စဉ်းစား ကြည့်ရအောင်ဗျာ။

ဟုတ်ပါတယ် ။ ပြောင်းလဲ နေပါတယ်။ စက္ကန့်နဲ့ အမျှကို အရာအား လုံး ဟာပြောင်းလဲနေကြပါတယ်။

မွေးခါစ ကလေး ငယ် ကနေ သေဆုံးခါနီး အဘိုးအဘွား အရွယ် အထိ လူတွေ တဖြည်းဖြည်း အသက်အရွယ် အရ ကွာခြားပြီး လာကြတယ်။ ဒါဟာလဲ ပြောင်းလဲမှူ တစ်ခုပါပဲ။

သစ်ပင်ကလေး ၊ ခွေး ကလေး ၊ ကြောင် ကလေး ၊ ကိုယ့် အထက် က ဆွေ တွေ ကိုယ့်အောက် က မျိုး တွေ ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှူ ရေး ၊ ဂီတ .. စသဖြင့် ပြောလို့မကုန်တဲ့ လော က ကြီး ပြောင်းလဲ နေပါတယ်။

ဒီတော့ ကျွန်တော် တို့ ဘ၀ တွေမှာ မလွဲမသွေ ကြုံတွေ့နေရတာ က အပြောင်းအလဲ ဆိုတာကြီးပါ ။ သို့သော် ဒီအပြောင်း အလဲ ကို ကျွန်တော်တို့ လိုလား ပါသလား ။ တနည်းအားဖြင့် အပြောင်းအလဲ ကို ကြောက် လား ၊ မကြောက်ဘူးလား ။

ဟုတ်ကဲ့ ကြောက်ပါတယ်ခင်ဗျာ။ လူတို့ မလွဲမသွေ ကြုံ တွေ့နေရတဲ့ ဒီ အပြောင်း အလဲ ဆိုတာ ကို လူ တို့ အရမ်း ကြောက်ပါတယ်ခင်ဗျာ။

အပြောင်းအလဲ ဆိုရာမှာ တဖြည်းဖြည်း ချင်း ပြောင်းလဲခြင်း( Radical Change ) နှင့် ရုတ်တရက် ပြောင်းလဲ ခြင်း (Suddenly Change) ဆိုပြီး တော့ ရှိပါတယ်။

ပိုးတုံးလုံး ကလေး ကနေ လိပ်ပြာ တစ်ကောင် ၊လူလေး တစ်ယောက် ၊ သစ်ပင်ကလေးတစ်ပင် ၊ ခွေး ကလေး ၊ ကြောင် ကလေး ငယ်ရာ ကကြီး လာပြီး သေသွား တာ ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲခြင်းဖြစ်ပြီး။

ရုတ်တရက် အက်ဆီးဒင့် ဖြစ်ပြီး ဒုက္ခိတ ဖြစ်သွားတာ ၊ ထီပေါက်ပြီး ဆင်းရဲရာ ကချမ်းသာသွားတာ ၊ ရာထူး ရှိရာ က ရာထူး ကျသွားတာ သဘာဝ ဘေးအန္တရာယ် .. စတဲ့ အရာတွေ က တော့ ရုတ်တရက်ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်က အရာတွေပေါ့။

ကျွန်တော် တို့ ဘ၀ မှာ ဒီ နှစ်မျိုး ထဲ က နေ ဘယ်လိုမှ မလွတ်နိုင်ပါဘူး ။ သို့သော် ကျွန်တော်တို့ ဒီပြောင်းလဲ ခြင်း ဆိုတာကို တကယ်ရင်ဆိုင် ချင်တဲ့ စိတ် ရှိလား ဆိုတော့ မရှိပါဘူး။ လုပ်ရိုးလုပ်စဉ် ၊ ဖြစ်ရိုးဖြစ်စဉ် လမ်းအဟောင်း ထဲမှာ ပဲ နေချင်ကြတယ်။

အေးရာအေးကြောင်းနေတာပေါ့။ ဥပမာ ။ ။ ဟိုး .. ဘုရင်တွေ လက်ထက် ကတည်းက မြန်မာတွေ သနခါး တုံး နဲ့ ကျောက်ပြင် သုံးပြီး သနခါး လိမ်းခဲ့ကြပါတယ်။ အဲ ဒီနေ့ရော သနခါး ကို ကျောက်ပြင် နဲ့သွေးလိမ်းရတဲ့ ဘ၀ မှာ ကျေနပ်နေကြတုန်းပါပဲ။ အဲ ... သနခါး ရနံ့နဲ့ ရေမွှေး ကို ထုတ်ပြီး ဥရောပ နဲ့ အနောက်နိုင်ငံတွေ ရောက်အောင် ဖြန့်ဖြူးသွားနိုင်တာက တော့ မြန်မာတွေ မဟုတ်ဘူး ဗျာ .. .

ဒါဘာလို့လဲ အပြောင်းအလဲ ကိုကြောက်ခဲ့ကြလို့ မိဘ လက်ထက် က လည်း ဒီလို လုပ်တာပဲ ငါတို့လည်း ဒီလိုလုပ်လိုက်ပြီးတာပဲ ဆိုတဲ့ စိတ် ။ တခု ခု ကို ပြောင်းလဲ လိုက်ရင် ရင်ဆိုင်ရမယ့် စွန့်စားမှူ ( risk ) ကို မခံယူရဲကြဘူး ။ ဒါကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။

ဥပမာ ကျွန်တော် တို့ အိမ်က နေ ကုမ္ပဏီ ကို လိုင်း ကား ၊ ရထား ၊ စတဲ့ ယာဉ် တစ်ခုခု စီးပြီး သွား တယ်ဆိုရင်တောင် ကိုယ်မသိသေးတဲ့ လမ်း ကနေမသွားချင်ဘူး ။ သိပြီးသား လမ်းအဟောင်း ကလေး ကနေပဲ အေး အေး ဆေးဆေး သွားတာ ကောင်းပါတယ်ဆိုတဲ့ လူတွေများပါတယ်။

အဲ .. ဒုတိယ အမျိုး စား ဖြစ်တဲ့ ရုတ်တရက် အပြောင်းအလဲ နဲ့ ထိပ်တိုက် တွေ့ လာတဲ့ အခါမှာ ကျွန်တော်တို့ လို အပြောင်း အလဲ ပေါ် မှာ အလေးမထားတတ်တဲ့ လူတွေ ဒုက္ခရောက် ရတော့တာပဲ။ မိဘ လက်ထက် က ဘယ်လို တော်ခဲ့ပြီး သားသမီး လက်ထက်မှာ မှ ပျက်စီးရတယ် ဆိုတာ ဟာ ဒီ ရုတ်တရက် အပြောင်းအလဲ ဒဏ်ကို မခံနိုင်တာပဲ ။

လက်ရှိသဌေး ကနေ ခဏ အတွင်းမှာ အလုပ်သမား ဖြစ်သွားတဲ့ အခါ ၊ လက်ရှိ ဦးဆောင်သူ နေရာမှ နောက်လိုက်ဖြစ်သွားတဲ့ အခါ ၊ လက်ရှိ အကောင်းပက တိ နေရာ မှ ဒုက္ခိတ ဘ၀ ရောက်သွားတဲ့ အခါမှာ ဒုက္ခ ဆိုတဲ့ လောကဓံ တရား ကို ကောင်းကောင်းသဘောပေါက်တော့မယ်။ ဒါပေမယ့် နောက်ကျသွားပြီ။

လူတယောက်နဲ့ တယောက် အတွေး အခေါ် ချင်း ၊ အတွေ့ကြုံ ချင်း ၊ ရင့်ကျက်မှူ ချင်း စတဲ့ အရည်အချင်းတွေ ဟာ ဘယ်အရာပေါ်မှာ အဓိက မူတည်နေသလဲ ဆိုတော့ သူ ဘ၀မှာ အပြောင်းလဲ ဘယ်လောက်တောင် ကြုံ ခဲ့ ရဖူးပြီးပြီလဲ ဆိုတဲ့ အပေါ်မှာ လုံးဝမူတည်နေတယ်။

ဒါကြောင့် ကျွန်တော်တို့တွေ အပြောင်း အလဲ ကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ရှိရမယ်။ ခုလက် ရှိနေရာ ကမရွေ့ပဲတော့ နေရာ အသစ်တစ်ခုကို မရောက်တာသေချာတယ် ။ ဒီနေရာ အသစ်မှာ ကိုယ် ဘယ်လောက် စွမ်း ဆောင်နိုင်တယ်ဆိုတာ ဟာ ၊ ကိုယ် ဒီအပြောင်း အလဲ အပေါ်မှာ ဘယ်လောက် ခံနိုင်ရည် ရှိလဲ ဆိုတာပါပဲ။ ပြောင်းလဲ သွားတဲ့ အပြောင်း အလဲ အပေါ်မှာ တဖြည်းဖြည်း ချင်း အနိုင်ယူသွားနိုင်ခဲ့ ရင် သင်ဟာ အောင်မြင်တဲ့ သူဖြစ်ပြီ။ အဲ .. ပြောင်းလဲ သွား တဲ့ အပြောင်း အလဲတွေ ကြား မှာ သင်ရှုံးနိမ့် ကျန်ခဲ့ မယ်ဆိုရင်တော့ သင်ဟာ အတွေ့ကြုံ ရင့်ကျက်တဲ့ သူ တစ်ယောက်ဖြစ်သွားမယ်။ ဒါကြောင့် အပြောင်း အလဲ ကို လက်ခံပါ။ မကြောက်ပါနဲ့။

အပြောင်းအလဲ တစ်ခု ကို ရင်ဆိုင်မယ်ကြံခဲ့ရင်တော့ ဘယ်တော့မှ လုံးဝ သေချာတယ် ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့ ။ လောက မှာ သေချာတာ က မသေချာခြင်းတစ်ခုပဲ ရှိပါတယ်။

ကျွန်တော်တို့ တွေမှာ Plan B, Recovery Plan , Back Up စတဲ့ ဝေါဟာ ရတွေ ဘယ်လိုပဲသုံးသုံး အဓိပ္ပါယ်ကတော့ စဉ်းစား တဲ့ အခါတိုင်း မှာ နှစ်ဖက်စဉ်းစားပါ။ ( Computer Programming မှာဆိုရင်တော့ If လို့ စဉ်းစားလိုက်တာနဲ့ else ဆိုတာလဲ ပါလာတာပေါ့)

ဆိုလိုတာက ဒီနေ့အပြင်သွားစရာရှိနေတယ် .. မိုး မရွာလောက်ပါဘူး . .ဒါကြောင့်ထီးမယူတော့ ဘူး ဆိုတာ ယတိပြတ် တဖက်သက် ဆုံးဖြတ်တာ ဖြစ်တယ်။ မိုးမရွာလောက်ပါဘူး .. သို့သော် ရွာခဲ့ချေ ရှိသော် .. လို့တွေးပြီး ထီးယူသွားတာဟာ ။ Recovery Plan ထုတ်သုံးတာပါပဲ။

ဒါပေမယ့် လက်တွေ့ဘ၀မှာ နေရာတိုင်း ဒါမျိုးတွေးနေပြန်လျှင်လဲ တွေဝေသွားတတ်ပါတယ်။ ဆုံးဖြတ်ချက် မရဲဘဲဖြစ်တတ်ပါတယ်။ တချို့နေရာတွေမှာ တော့ တုံးတိုက်တိုက်ကျားကိုက်ကိုက် ဆုံးဖြတ်ရမယ်။ ဒီအခါမှာ မရှိမဖြစ်လိုအပ်တာ က risk ( စွန့်စားရဲခြင်း) ကို ခံယူရဲတာပါပဲ။

risk ကို ခံယူတယ်လို့ ကိုယ့်ကိုယ်ကို ထင်လာတဲ့ အခါတိုင်း ငါ သတိ တရားလေး ရှိရဲ့လားလို့ မိမိကိုယ်ကို ပြန်မေးပါ


သတိတရားရှိပြီး risk ကိုကြောက်တဲ့သူ ဟာ အထွတ်အထိပ်ကို ရောက်ဖို့ ခဲယဉ်းမယ်

risk ယူပြီး သတိတရား မရှိတဲ့လူတွေဟာ ရုတ်တရက် အပြောင်းအလဲ ဆိုတဲ့ လောကဓံကို အပြင်းအထန် ခံရတတ်တယ်။


ဒါကြောင့် နောက်ဆုံးအနေနဲ့

အပြောင်းအလဲ ကို လက်ခံရဲပါ

အပြောင်းအလဲ တစ်ခု ကို စဉ်းစားပြီး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ပါ။

စဉ်းစားတိုင်းမှာ recovery plan တစ်ခုပါပါစေ.

အပြောင်းအလဲ ကို ရင်ဆိုင်ရာမှာ risk ယူရမှာ မကြောက်ပါနဲ့

risk ယူမယ်ဆိုရင် သတိတရားနဲ့ ယှဉ်နေပါစေ။ ။

ဒီအချက်တွေ ကိုလိုက်နာရင်

သင်ဟာ အောင်မြင်တဲ့ လူ တစ်ယောက် ( သို့ ) ဘ၀ အတွေ့အကြုံ ရင့်ကျက်တဲ့လူတစ်ယောက် အဖြစ် လောက မှာ ရပ်တည်နိုင်ပြီ။ ။

ဖြုတ်ဦးနှောက် ကလေး နှင့် တွေးမိတာလေးတွေမို့ လွတ်လပ်စွာကွဲလွဲ ကြပါ။ ။

အပြောင်း အလဲ ကို မကြောက်တဲ့ သတိနဲ့ယှဉ်တဲ့ risk ကို ယူရဲတဲ့ လူငယ်တွေ မြန်မာပြည်မှာ ထွန်းကား ပါစေ . . .

လေးစားစွာဖြင့်
နေစိုးနိုင်
9.5.09 ( 2း15 am)

Wednesday, May 6, 2009

ကံ

၃ လ သား ရွယ် ကလေး လေး တစ်ယောက် ပုခက် ထဲမှာ နှစ်နှစ်ချိုက် ချိုက် အိပ်နေလေရဲ့ ။ အဖွားဖြစ်သူ က ပုခက် ကို လွှဲပေးနေတာပေါ့။ အဖွားတို့ အိမ်မှာ က တောင်သူ လုပ်ငန်း လုပ်တဲ့ အိမ်ဖြစ်တာ ကြောင့် အိမ် ထဲမှာ ၀ါး လုံး များ ကို အကျဲစီ ထားတဲ့ ထပ်ခိုးလေး ရှိတယ်လေ။ ဒီထပ်ခိုး လေးပေါ်မှာ တောင်သူ ပစ္စည်းတွေ တင်ထားတာပေါ့ ။

ဒီနေ့တော့ အဖွားအိမ်မှာ လူတွေစည်ကားနေလေရဲ့။ အဖွားရဲ့ သားတစ်ယောက် မင်္ဂလာဆောင် ရှိလို့လေ။ ရွာက ၀ိုင်း ၀န်း ကူညီ ပေးနေကြတဲ့ လူတွေ နဲ့ အပြည့်ပေါ့ ။ မင်္ဂလာဆောင်မှာ ကျွေးမယ့် မုန့် တွေ လုပ်ပြီး ထပ်ခိုးလေးပေါ်မှာ တင်ထားတာလေ။ အဖွားရဲ့ သမီး ငယ် က အစ်ကိုမင်္ဂလာဆောင်မှာ လာမယ့်ဧည့်သည် အရေအတွက် နဲ့ လုပ်ထားတဲ့မုန့် လောက်မှ လောက်ပါ့ မလား ဆိုတဲ့ စိတ်ကြောင့် မုန့် ဘယ်နှပိဿာ ရှိလည်း ဆိုတာ ထပ်ခိုးလေးပေါ်မှာ တက် ချိန်ကြည့်နေတာပေါ့။

စကားတပြောပြောနဲ့ မုန့်ချိန် နေရာက မထင်မှတ်ဘဲ ချိန်ခွင် က စောင်းပြီး ချိန်ခွင်ထဲ ထည့်ထားတဲ့ အလေး က အောက်ကို ပြုတ်ကျပါလေရော။ အဲ.. ချိန်ထားရင်လွဲမယ်ဗျာ .. အောက် မှာ ရှေ့နောက် ပြေးနေတဲ့ ပုခက် ထဲကို အလေးတွေ တည့်တည့် ကြီး ကို ပြုတ်ကျ သွားပါရောလား။ အလေး က ၂ ခုပါ တခု က ၁ ပိဿာလေး နဲက နောက် တခု က ၅၀ သား လေး ၂ ခုစလုံး ကို ပုခက်ထဲပြုတ်ကျသွားတာလေ။ အားလုံး မှင်သက်သွားကြတာပေါ့ ။ ပုခက်ထဲမှာ က လသား အရွယ် ကလေး ကလေး အိပ်နေတယ်လေ။ အားလုံး က ပုခက် ထဲကို ငုံ့မကြည့်ရဲကြဘူး။ ပုခက် အရှိန်ရပ်တဲ့ အထိ စောင့်နေကြတာလေ။ ကလေးလေး ရဲ့ မိခင် ကတော့ မောင် ဖြစ်သူ မင်္ဂလာဆောင် အတွက် အလုပ်လုပ်နေရာကနေ ပုခက်ရှိရာ ပြေးအလာ လမ်းမှာတင် သတိလစ်သွားလေရဲ့။ ကလေး ရဲ့ အဖိုးဖြစ်သူ ကတော့ ထပ်ခိုးပေါ်က သမီး ကို သတ်မယ် တကဲကဲ နဲ့ ဓါးဝင့်နေတာပေါ့။ နင့် ကြောင့် ငါ့ မြေးသေပြီ ။ နင့် ကို ငါသတ်မယ် ... ဆို တာပဲ ပါးစပ်ကပြောနေတော့ အဖိုးဖြစ်သူ ကို ၀ိုင်း ဆွဲ ကြပေါ့။

ဒီအချိန်မှာ ပဲ ပုခက် အရှိန်သေသွားတော့ အဖွားတို့ အိမ်မှာ ထမင်း ချက် ငှားထားတဲ့ အဒေါ်ကြီး တစ်ယောက် က ပုခက်နား ကပ်ပြီး ကလေး ကိုသွားကြည့်ပါတယ်။

ကလေး လေး က လက်ကလေးနှစ်ဖက် နဲ့ နားရွက်ကလေး တွေ ကိုင်ပြီး အိပ်နေတာပါ။ ထ ပုံသ`ဏ္ဍန် လေးပေါ့။ အဲ အလေး ၂ ခု က ၁ ပိဿာ အလေး က ကလေး ရဲ့ ပေါင် ၂ခု ကြား က ဟနေတဲ့ နေရာမှာ ကျတယ်။ ခြေထောက်ကလေး တွေ ကွေးပြီးအိပ်နေတာလေ။ နောက် ၅၀ သား အလေး ကတော့ လက်နဲ့ ခေါင်းနဲ့ ကြား မှာ ထောင်ရက် ကလေး ကျတယ်။ ဒီ လက်နဲ့ ခေါင်းနဲ့ ကြား က ၅၀ သား အလေး ကို ပြန်ထုတ် တဲ့ အချိန်မှာ ပဲ ကလေး က လွန့်သွားတော့ ထမင်း ချက် တဲ့ အဒေါ်ကြီး က ၀မ်းသာ အား ရ နဲ့ ကလေး မသေဘူး ဟေ့  .. ကလေး မသေဘူး ဟေ့ .. ဆိုတဲ့ အသံကြားမှ အားလုံး ပုခက်နား စုပြုံရောက်လာကြတာပေါ့။ ဒီ၅၀ သား အလေးကို ပြန်နုတ်တော့ ကလေး ရဲ့ နားရွက်နဲ့ မလွတ်ပါဘူးတဲ့ဗျာ။

လောက ကြီးမှာ ဒီလို အံ့သြစရာကောင်းတာတွေ ကလည်း အများသား ကလား ။

ပေါင်ကြားကို ကျသွားတဲ့ ၁ ပိဿာ အလေး ကလည်း လွတ်လွတ်ကင်းကင်း ကျပါတယ်တဲ့ ။

စဉ်းစားသာ ကြည့်ကြပေတော့ဗျာ .. ဘယ်လိုမှ မဖြစ်နိုင်တာကြီး ပါ။ ကလေးက လသား အရွယ် ။ ပုခက် က အရှိန်နဲ့ လွှဲနေချိန် ၊ ကျလာတဲ့ အလေး တွေက အကြီးကြီးတွေ .. တွေး တောင် မတွေးရဲလောက်အောင်ပါပဲ။

ဒီကလေး လေး ကတော့ ဘာမှ မဖြစ်ပါဘူး တဲ့ ခင်ဗျား .. .

မယုံရင် ပုံပြင်လို့ မှတ်လိုက် ပါ .. ဒီ ကလေးလေး ရဲ့ နာမည် ကတော့ နေစိုးနိုင် ပါတဲ့ ခင်ဗျား...

သေကံမရောက်လို့ သက်မပျောက်ခဲ့တဲ့ နေစိုးနိုင် ရဲ့ ငယ်ဘ၀ အကြောင်း ကလေး ပါ.

လေးစားစွာဖြင့်

နေစိုးနိုင်