Friday, January 14, 2011

လွမ်းတယ်

၁၉၈၆-၈၇ ကာလများ
ခုထိစိတ်ကူးတွေ ပျံသန်းနေမိ

အမိကျောင်းတော်ကြီးရင်ခွင်မှာ
ပျော်ခဲ့ရတဲ့ရက်တွေဆီကိုလေ။

ခုချိန်များမတော့
ဘယ်မြို့ ဘယ်ရွာ ဘယ်ကမ္ဘာရောက်ရောက်
နာရီစင်ကြီးတွေ မြင်တိုင်း

နာရီစင်ကြီးနဲ့ အလုံလေးဆိုတဲ့
တို့ရဲ့ကျောင်းတော်ကြီးကို
သတိရတတ်တဲ့ အလွမ်းစိတ်တွေ ပေါ်လာတယ်။
၁၉၉၅ ပတ်ဝန်းကျင်ကာလများ

အမိ စီးပွားရေးတက္ကသိုလ်မှာ
ပညာရည်နို့ ဆက်လက်သောက်စို့
အလွန်နာမည်ကြီးတဲ့ မာလာဆောင်ဆိုမှ
ချက်ချင်း ပြန်တမ်းတမိရ
သီရိ ဇေယျာ မာလာ
တို့အမိကျောင်းရဲ့ အဆောင်တွေဆီကိုလေ။
ဆရာဦးမိုးဇက်ချစ် အိမ်ရှေ့ဆင်ဝင်အောက်
မုန့်စားဆောင်နောက်က လမ်းကြားလေး
ဘောလုံးကွင်းကို ဖြတ်သွားရတဲ့ ရတနာဆောင်
ဘုရားကျောင်းလေး နောက်က အိမ်တန်းလေးတွေ
ခုရော ဟိုတုန်းကလိုပဲလား
ခုထိ အိပ်မက် မက်နေတတ်တယ်။
ခုလို နှင်းတွေကျတတ်တဲ့ ဒီဇင်ဘာဆိုရင်ပေါ့
ဘုရားကျောင်းလေးထဲက ခေါင်းလောင်းသံချိုချို
ပြီးတော့ ခင်ရတဲ့ သူငယ်ချင်းတွေရော
ခုထိ ရှိနေသေးသလား
ခရစ်မတ်နီးတိုင်း တွေးနေတတ်တယ်။
တက္ကသိုလ်ဝင်တန်းဆို
အမြဲပဲ အောင်ချက်ကောင်းတတ်တဲ့တို့ကျောင်း
တို့တွေနှစ်မှာလည်း အောင်ချက်ကောင်းခဲ့
ကျောင်းဂုဏ်ဆောင်ခဲ့တဲ့ တို့သူငယ်ချင်းတွေ
သူတို့ရော ခု ဘယ်ဆီမှာလဲ
လေးဖြူရဲ့ စာမျက်နှာ ၁၅ သီချင်း
တို့အတွက်တော့ သံယောဇဉ်တမ်းချင်းပေါ့။
သင်္ချာသိပ်ညံတဲ့ အကောင် နင်အချိန်ပိုတတ်ရမတဲ့
ဆရာမ ဒေါ်ကြည်ကြည်ညွှန့် ဒေါ်ခင်မေဦး
အီကိုရောက်မှ ကျေးဇူးတွေ သိလာရ
ဒီကဗျာနဲ့ပဲ ကျေနပ်ပါ ဆရာမတို့ရယ်

ပထ၀ီမှာ လူတိုင်းရတဲ့ လက်တွေ့ပိုင်း တွက်ချက်မှု
နင်ဘယ်တော့မှ မရတဲ့ကောင် နင်အဒေါ်နဲ့ တိုင်မယ်တဲ့
ပထ၀ီဆရာမ ချစ်ရတဲ့ ဒေါ်ခင်ပြုံးရီ
အီကိုကို ဂုဏ်ထူးထွက်အောင် သင်ပေးခဲ့တဲ့ ဆရာဒေါ်စီစီလှ ဒေါ်ရှုကြည်
သမိုင်းဂုဏ်ထူးထွကအောင်သင်ပေးတဲ့ ဆရာမ ဒေါ်ခင်အုန်း
အားလုံးအားလုံးကို အလွမ်းတွေနဲ့ ကန်တော့မယ်။
လာမယ့် ဒီဇင်ဘာ ၂၆ အရောက်လာခဲ့ပါတဲ့
သူငယ်ချင်းတွေ လှမ်းပြောပေမယ့်
ကဗျာလေးနဲ့ပဲ အလွမ်းဖြေရ
မြန်မာပြည်ထဲမှာ နေရပေမယ့်
ရန်ကုန်မြေနဲ့ ဝေးနေဆဲလေ။

အောင်စည်ဟိန်း

2 comments:

နေစိုးနိုင် said...

အကိုကြီး ကဗျာ ဖတ်ရတော့
ဘာလို လို ညာလိုနဲ့

ကိုမသိဘဲနဲ့ကို လွမ်း လာမိတယ်

ကောင်း၏

Beauty Studio USA Branded Store said...

ကဗျာလေးက အဓိပ္ပါယ်တွေအများကြီးပဲ။ နားလည်သူဆို ပိုခံစားလို့ကောင်းမှာ....