Friday, May 14, 2010

မှန်ကြည့်ပါ

ချစ်သူ…
တို့တွေနေတဲ့အိမ်
စိတ်တွေစိမ်ပြီး အကြိမ်ကြိမ်ဆောက်
အိမ်အရာမှ မမြောက်နိုင်သေးပါလား…

ချစ်သူ…
လမ်းလျှောက်ရင်း လမ်းပျောက်သတဲ့
လှမ်းသလောက် ခရီးမတွင်ဖြစ်ခဲ့ရင်
လမ်းစတွေ ဆင်ခြင်ရတော့မယ်…

ချစ်သူ…
ခရီးသွားခြင်းရဲ့ သဘော
လမ်း..
ကြမ်း၊မကြမ်းနဲ့ ခန့်မှန်းမလား ။
ခရီး..
အနီး၊အဝေး နဲ့တွေးယူမလား ။
လူ..
မော၊မမောနဲ့ စောကြောမလား ။

ချစ်သူ…
တို့သွားချင်တဲ့အရပ်
တို့ရောက်နေတဲ့နေရာ
အသေအချာကို တွက်ချက်ရတော့မယ်…

ချစ်သူ…
အားအားချင်းခြေတော့ ကြေတတ်သတဲ့
အားအားချင်းကောင်းမြတ်စွာ ပေါင်းတတ်ဖို့နဲ့
ပေါင်းနိုင်ဖို့ကို ကိုယ်မျှော်လင့်နေမိတယ်….

ချစ်သူ…
တစ်ယောက်နဲ့တစ်ယောက်အမြင်
မကြည်မလင်ဖြစ်ခိုက် သတိရလိုက်မိတယ်
“မိမိကိုယ်ကို အောင်နိုင်ခြင်း”ဆိုတဲ့စကား….

ချစ်သူ…
တို့တစ်တွေ
အပြန်အလှန်အသိရှိဖို့
မှန်ကြည့်ဖို့ လိုပါသည်…
နောက်…
မှန်ကြည့်ဖို့လည်း လိုပါသည်…

စေတနာ
12/5/2010(13း21)

1 comment:

Anonymous said...

Helpful blog, bookmarked the website with hopes to read more!