ငွေဆိုတာဘယ်လို ပေါ်ပေါက်ခဲ့ပါသလဲ။ ကမ္ဘာ့ရှေးဦး လူသားများဟာ ကုန်များကို တိုက်ရိုက်ဖလှယ်ပြီး စားသုံးခဲ့ ကြပါတယ်။ ဒီစနစ်မှာ အခက်အခဲအများကြီး ရှိခဲ့ပါတယ်။ မိမိလဲလှယ်လိုတဲ့အရာကို တစ်ဘက်သားက လိုချင်ဦးမှ ဖြစ်မှာဖြစ်ပြီး၊ မိမိလိုချင်တဲ့အရာကိုလည်း အခြားတစ်ဦးက လဲလှယ်ချင်ဦးမှပါ။ နောက်တော့ လူတွေဟာ ငွေဆိုတာကို တီထွင်ခဲ့ပါတယ်။ ကုန်စည်တွေကို ဖလှယ်ရာမှာ မပုပ်မသိုး၊ မဆွေးမြေ့၊ မပျက်စီးနိုင်တဲ့၊ သယ်ဆောင်ရလွယ်ကူတဲ့ ထိရောက်သော ကြားခံ ဖလှယ်ရေး ကိရိယာအဖြစ်ပါ။ အဲဒီဖလှယ်ရေး ကိရိယာလေးဖြစ်တဲ့ ငွေကြေးဟာ အချိန်နှင့်အမျှ ကျွန်မတို့လူသားတွေအတွက် ပိုမိုအရေးပါ၊ အရာရောက်လာပါတယ်။ လူသားတွေဟာ အသက်ရှင်နေသမျှ ကာလတာပတ်လုံး ငွေနှင့်ကင်း၍ မရနိုင်ကြ ပါဘူး။ "သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ" သတ္တဝါတို့သည် အစာအာဟာရပေါ်တွင် တည်မှီနေကြကုန်၏လို့ ဘုရားဟော ရှိခဲ့ပါသည်။ အခြေခံကျသော စားဝတ်နေရေးမှ စတင်လို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအဝဝမှာ ငွေနှင့်မကင်း နိုင်ကြပါဘူး။ လူသားလေးတစ်ဦး လောကထဲရောက်ဖို့ကစပြီး ငွေလိုလိုက်တာ အဲဒီလူသား လောကထဲက ထွက်သွားတဲ့အရေး မှာတောင်မှ ငွေကြေးအနည်းနဲ့အများ လိုအပ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူတွေဟာငွေကို တစ်မက်တစ်မော ရှာလိုက်ကြ၊ စုလိုက်ကြ၊ သုံးလိုက်ကြ၊ ဆုံးလိုက်ကြ၊ ပြန်ရှာလိုက်ကြ………….။ နေရေးစားရေး၊ သာမှုနာမှု၊ အိုစာမင်းစာ၊ မမာရေးမခြာရေး၊ လှူရေးတန်းရေး၊ သားရေးသမီးရေး၊ ဆွေရေးမျိုးရေး၊ ….. အစရှိသော အရေးများအတွက်…………………..ငွေ။
တောင်ကြီးမြို့ တောင်ပေါ်ကျောင်း ဆရာတော်ကတော့ ဒီလိုသံဝေဂစကားနဲ့ ဆုံးမခဲ့ပါတယ်။ “ရှာဖွေစဉ်အခါ မှာလည်း ပင်ပန်းဆင်းရဲရတယ်။ ရလာပြန်တော့လည်း အသုံးချဖို့ ကြောင့်ကြများလှတယ်။ ဆုံးရှုံးမှာစိုးလို့လည်း ပူပင်ရတယ်။ ဆုံးရှုံးသွားပြန်တော့လည်းသောကများလှတယ်။ ဒေါသပွါးရပြန်တယ်။ ဒီတော့ငွေဆိုတာ ဘယ်မှာကောင်းလို့လဲ” ဒါကတော့ လောကုတ္တရာ အေးရိပ်ကိုခိုမှီးကြတဲ့ တရားရှင်တို့ရဲ့ စကားလေးပါ။
လူတွေဟာ နည်းမျိုးစုံသုံးပြီး ငွေကိုရှာဖွေကြပါတယ်။ တစ်ချို့လည်း ရိုးရိုးသားသား၊ တစ်ချို့လည်း မရိုးမသား၊ တစ်ချို့လည်း ရိုးလိုက်၊မရိုးလိုက်…။
ငွေကိုရှာဖွေရာမှာ မိမိ၏အသက်မွေးမှုကြောင့် အခြားတစ်ပါးသူများ ဒုက္ခမရောက်စေရန် အထူးသတိပြုဖို့ လိုပါတယ်။ လေးမြားတို့ထုတ်လုပ်ကာ အသက်မွေးသူကြောင့် သူတစ်ပါးအသက်ကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဆေးဝါးကို ထုတ်လုပ်ရောင်းချသူ အဖို့မှာမူ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပါတယ်။ ဒါတောင် မသမာလောဘနှင့် ဆေးကိုမတရား အမြတ်ထုတ်ရောင်းချပါလျှင် ကုသိုလ်မရဘဲ၊ အကုသိုလ်သာဖြစ်နိုင်သေးတာပါပဲ။
အရာအားလုံးမှာ ငွေဟာအရေးပါလို့ ငွေကိုအသည်းအသန် ရှာဖွေကြရတယ်ဆိုပါရင် လိုချင်တဲ့ငွေ ရတဲ့အခါမှာရော အရာအားလုံးဟာ အဆင်ပြေသွားပါသလား။ ‘ချမ်းမြေ့သုခကို ပိုက်ဆံနဲ့ဝယ်လို့ရလား’ လို့မေးရင် မရဘူးလို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကိုပဲ ထပ်ပြီး ‘ပိုက်ဆံနည်းနည်းပိုရရင် နည်းနည်းတော့ ပိုပျော်မယ်ထင်လား’ လို့မေးကြည့်ရင် သူတို့သဘောတူ ကြပါလိမ့်မယ်လို့ စိတ်ပညာပါမောက္ခ ဒေးဗစ်မီယာက ဆိုခဲ့ပါတယ်။ လူတစ်ချို့က ငွေဟာနတ်ဘုရား၊ အားလုံးကိုဖန်ဆင်းတယ်လို့ ထင်နေချိန်မှာ တစ်ချို့က ငွေဆိုတာနတ်ဆိုး၊ ငွေဟာ ပြဿနာနဲ့ ပူလောင်မှုတွေရဲ့ရင်းမြစ်ပဲလို့ မြင်နေနိုင်ပါတယ်။ လူတစ်ယောက် တည်းကပဲ အခြေအနေနဲ့၊ အချိန်အခါကိုလိုက်လို့ ငွေနဲ့ပတ်သက်တဲ့ သူ့ရဲ့သဘောထား ပြောင်းချင်ပြောင်းနိုင် ပါသေးတယ်။ “ပိုက်ဆံသည် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်။ ကောင်း၊မကောင်း ဖြစ်လာသည်က ခင်ဗျားသုံးပုံ၊ သုံးနည်းပဲဖြစ်၏”လို့ ထမင်းပင်နပ်မမှန်အောင် ဆင်းရဲသောဘဝမှ ဒေဝူး နိုင်ငံတကာ စီးပွါးရေးလုပ်ငန်းစုကြီး၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်လာသူ ကင်ဝူချွန်းက သူ့အမြင်ကို လှစ်ဟခဲ့ပါတယ်။ “တကယ်တော့ ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး။ သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေက ပြဿနာ ဖြစ်နေတာပါ။ ပိုက်ဆံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တွေးပုံတွေးနည်း၊ ခံစားပုံ ခံစားနည်း၊ တန်ဖိုးထားပုံထားနည်း တွေကသာ ပြဿနာပါ” လို့ The Pursuit of Happiness စာအုပ်မှာ စာရေးဆရာ စိတ်ပညာ ပါမောက္ခဒေးဗစ်မီယာ ကဆိုပြန်ပါတယ်။
စတာလင်ပေါင်သန်းနှစ်ဆယ်လောက် ဆုကြေးငွေရသော လန်ဒန်ထီပေါက်သူများကို တီဗီအစီအစဉ် တစ်ခုက တွေ့ဆုံမေးမြန်းရာ အချို့ရူးသွားသူများလည်းပါပါတယ်။ သူတောင်းစားဖြစ်သွားသူများလည်း ရှိပါတယ်။ ပြစ်မှုကျူးလွန်မိသူများပါသလို၊ ရာဇဝတ်မှုနှင့် ထောင်ကျသွားသူများလည်းပါနေတာတွေ့ရပါတယ်။ ရည်ရွယ်ချက်မရှိဘဲ ငွေရှာ၊ငွေရခြင်းဟာ အကျိုးမဲ့ဖြစ်တတ်ကြောင်း သက်သေပြနေသလိုပါပဲ။
ရည်မှန်းချက်ရှိသော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်ကလည်း အောင်မြင်စေမည့်အခွင့်အလမ်းကိုရှာဖွေလျက်၊ အဆိုပါ လမ်းကြောင်းအတိုင်း မှန်မှန်လျှောက်လှမ်းနေသကဲ့သို့၊ မိမိကဲ့သို့ ကျင့်ကြံအားထုတ်နေသူများကိုလည်း အားပေး၊ ပံ့ပိုး၊ ပူးပေါင်းဆောင်ရွက်လျက် လောကကိုအရောင်တက်စေပါတယ်။ ရည်မှန်းချက်မရှိသူကတော့ မိမိကိုယ်တိုင်ပင် စမ်းတဝါး ယောင်လည်လည်မို့ သူတစ်ပါးကို လမ်းပြဖို့နေနေသာသာ သူကိုယ်တိုင်ပင် မယိမ်းယိုင်အောင် မနည်းကြိုးစားရပ်တည်နေကြ ရပါတယ်။ တစ်ကယ်တော့ လောကသည် အတ္တဟိတလောကသက်သက်မဟုတ်ပါ။ အောင်မြင်သူအများစုကို လေ့လာကြည့်ပါ။ အများစုမှာ အတ္တ၊ပရမျှတသူများသာဖြစ်ပါတယ်။ မိမိရဲ့အတ္တကိုကျော်လွန်ပြီး ကြည့်နိုင်သူ၊ စွမ်းဆောင်နိုင်သူ များသာလျှင် အဓိပ္ပါယ်ရှိသော၊ တန်ဖိုးရှိသော၊ တစ်သက်စာ တည်ငြိမ်အေးချမ်းသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါတယ်။
ဥပမာအားဖြင့်ပြဆိုရသော် ဂျပန်နိုင်ငံမှ ကမ္ဘာကျော် (National Panasonic) ကုမ္ပဏီတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သော Konosuke Matsushita (ကိုနိုဆုခဲ မတ်ဆုရှိတ) အကြောင်းကိုဖေါ်ပြလိုပါတယ်။
မတ်ဆုရှိတဟာ လယ်သမားမိသားစုရဲ့ များလွန်းတဲ့မွေးချင်းတွေထဲက သားထွေးတစ်ဦးပါ။ စီးပွါးပျက်ကပ်နဲ့ အဆုတ်ရောဂါဘေးဆိုးကြီးကြောင့် မိသားစုတစ်ကွဲတစ်ပြားဖြစ်ကာ မူလတန်းပင်ကုန်အောင် မတက်ရတော့ပါဘူး။ အသက်ကိုးနှစ်အရွယ်ကစလို့ အိုဆာကာက မီးသွေးမီးလင်းဖို တစ်ခုမှာ တစ်လကိုဆယ်ဆင့်နဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ရပါတယ်။ ခလေးထိန်း၊ လက်တိုလက်တောင်းတွေပါ အစုံလုပ်ပေးတဲ့ မတ်ဆုရှိတကို အလုပ်ရှင်က သဘောကျတာနဲ့ စက်ဘီးအရောင်းဆိုင်တစ်ခုမှာ အလုပ်သွင်းပေးခဲ့ပါတယ်။ မတ်ဆုရှိတက လည်း စက်ဘီးရောင်းတာအပြင်၊ ဆိုင်ရှင်ရဲ့အခြား လက်တိုလက်တောင်း အလုပ်များကိုလုပ်ကိုင်ရင်း စက်ဘီးပြင်တဲ့ပညာကို ရအောင်ယူခဲ့ပါတယ်။ အသက်ဆယ့်နှစ်နှစ်အရွယ် ဖခင်ကွယ်လွန်သည်ကစလို့ မိသားစုကို ဦးစီးဦးဆောင်ပြုခဲ့ပါတယ်။ နောက်တော့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလိုက်တာ ဆိုင်ပိုင်လေးဖွင့်နိုင်လာပါတယ်။ ကိုယ်တိုင်တီထွင်၊ ဈေးကွက်လည်း ဖြန့်ဖြူးလို့ စီးပွါးရေးတစ်ခုကို အသက်ငယ်ငယ်မှာပဲ အောင်အောင်မြင်မြင် စတင်စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းကိုပဲ ချဲ့ထွင်ကာ ထွန်းပေါက်အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် တဖြေးဖြေးအသွင် ကူးပြောင်းယူခဲ့ပါတယ်။သူ့ရဲ့ “မူ”က ‘အရည်အသွေးနှင့် ရိုးသားမှုက အဓိက’။ ဝန်ထမ်းများအပေါ်မှာလည်း မိသားစုစိတ်ဓါတ်ထားရှိခဲ့ပါတယ်။
၁၉၉၃ မှတ်တမ်းများအရ နှစ်စဉ်သူ့ပိုင်လုပ်ငန်းအရပ်ရပ်မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၆၃ ဘီလီယံ (သန်းပေါင်း ၆၃၀၀၀) ရရှိပါတယ်။ ယန်း ၁၀၀ နဲ့စတင်ခဲ့တဲ့လုပ်ငန်းလေးရဲ့ ကြီးထွားဖွံ့ဖြိုးလာမှုက ကြောက်ခမန်းလိလိပါ။ သူ့ဝင်ငွေတွေကိုလည်း လေလွင့်ခြင်းမရှိစေရဘဲ လူမှုရေးလုပ်ငန်းများမှာ နှမြောတွန့်တိုခြင်းမရှိ ထိထိရောက်ရောက်လှူဒါန်းလေ့ရှိပါတယ်။ ဂျပန်နိုင်ငံ အဝန်းမှာသာမက ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များမှာ Harvard နဲ့ Stanford တက္ကသိုလ်များကို တစ်ကျောင်းလျှင် တစ်နှစ် ဒေါ်လာတစ်သန်းစီ မပျက်မကွက် လှူဒါန်းခဲ့ပါတယ်။ ၁၉၄၆ မှာ ကျိုတိုမှာ Peace & Happiness through Prosperity Institute ကိုလည်းကောင်း၊ ၁၉၈၀ မှာ Matsushita Government & Management School ကိုလည်းကောင်း ဖွင့်လှစ် တည်ထောင်ပေးခဲ့ပါတယ်။ မူလတန်းပညာကိုပင် ကုန်အောင်သင်ခွင့်မရခဲ့သော်လည်း ကမ္ဘာကျော် ကုမ္ပဏီကြီးကို ထူထောင် နိုင်ခဲ့သော သူရဲ့ပြောင်မြောက် ထူးချွန်လှတဲ့ စီးပွါးရေးနှင့်အတတ်ပညာပိုင်းဆိုင်ရာ နည်းလမ်းများကို စာအုပ်ပေါင်း ၄၄ အုပ် တိတိ ရေးသားပြုစု ထုတ်ဝေခဲ့ပါတယ်။ သူ့ကို ပြည်သူများက ချစ်စနိုးနဲ့ ဂျပန်နိုင်ငံရဲ့ ဟင်နရီဖိုဒ့် (သို့) သောမတ်အက်ဒီဆင် ရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
မတ်ဆုရှိတနည်းတူ ကမ္ဘာအရပ်ရပ်မှ လူချမ်းသာများစွာတို့ဟာ ရက်ရက်ရောရောကြီး လှူနေတန်းနေ ကြပါတယ်။ ဆိုခဲ့တဲ့ ဒေဝူးလုပ်ငန်းစုများပိုင်ရှင် ကင်ဝူချွန်းက သူပိုင်ဆိုင်သမျှ အားလုံးနီးပါးမျှရှိသော ဒေါ်လာ ၃၇သန်းတန် ဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ “အကြောင်းရင်းကတော့ စီးပွါးရေးလုပ်ငန်းနှင့် ပိုက်ဆံကို သည်နည်းသည်ပုံအတိုင်းသာသုံးသင့်သည် ဟု တစ်သက်တာပတ်လုံး ခိုင်ခိုင်မြဲမြဲ ယုံကြည်ချက်ကြောင့် ဖြစ်တယ်”လို့ ကင်ဝူချွန်းကဆိုခဲ့ပါတယ်။
ဒီလောက်ဆင်းဆင်းရဲရဲဘဝကနေ ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်းလာတဲ့ငွေတွေကို ဘာကြောင့် ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာပါလဲ။ ကျွန်မတို့နေထိုင်တဲ့လောကကို အောင်အောင်မြင်မြင် တည်ဆောက်ပေးခဲ့ကြသော ရှေးအစဉ်အဆက် လူသားများထံမှ ကျွန်မတို့ ရယူခဲ့ပြီးသမျှကို အလှည့်ကျလာ၍ ပြန်လည်ပေးဆပ်နေကြခြင်းသာဖြစ်တယ် လို့ ခံစားမိပါတယ်။ ဒါကြောင့် နော်မင်ဗင့်ဆင့်ပီးလ်ဆိုသော ပညာရှင်ကဒီလိုပြောခဲ့ပါတယ်။ “မိမိတစ်ကိုယ်တည်းအတွက် အသက်ရှင်သူသည် ရှုံးနိမ့်သူ ဖြစ်သည်။ ဓနဥစ္စာ၊ ရာထူးနှင့် အာဏာများရရှိခဲ့ဦးတော့ သူသည် ရှုံးနိမ့်သူသာဖြစ်သည်။ သူတစ်ပါးတို့အတွက် အသက်ရှင် သူများသာလျှင် အမှန်အောင်မြင်သူများဖြစ်ပေသည်။”
တစ်ကယ်တော့ လောကမှာ ငွေမရှိတာမကောင်းပါဘူး။ ဒါပေမယ့် ငွေတွေပဲရှိနေရုံနဲ့လည်း ကောင်းမသွားပါဘူး။ နောက်ပြီး ‘ငွေသည်လောကရှိ မကောင်းမှုတို့၏ ရင်းမြစ်ဖြစ်သည်’ဆိုတဲ့စကားဟာ မှားပါတယ်။ ငွေကိုမက်မောလွန်းပြီး ဘယ်နည်းနဲ့ ရရ ရှာချင်သော ဝိသမလောဘစိတ်ကသာ မကောင်းမှုတို့ရဲ့ ရင်းမြစ် ဖြစ်တာပါ။ ငွေကိုရှေ့တန်းတင် လွန်းတဲ့အခါ လူမှုရေးနှင့်ကိုယ်ကျင့်တရားများ ထိန်းသိမ်းဖို့ မေ့လျော့သွားတတ်ကြလို့ပါ။ ပြီးတော့ ငွေကိုပဲ အာရုံစူးစိုက် ကြည့်နေခိုက်မှာ လူ့သိက္ခါနဲ့သမာဓိ၊ လူ့ကျင့်ဝတ်တို့က မှုန်ဝါးသွားလို့ပါပဲ။
ငွေဆိုတာမြေသြဇာနဲ့တူပါသတဲ့။ မြေသြဇာကို သိမ်းဆည်းထားရင် အချည်းနှီးပဲဖြစ်ပြီး၊ ပတ်ဝန်းကျင်ကို ကျဲပက်လိုက်ရင်တော့ အသီးအပွင့်တွေ ဝေဆာလာဖို့ အထောက်အကူဖြစ်ပါသတဲ့။ ကိုယ်ကိုယ်တိုင် သည်ဘက်ကမ်းသို့ ရောက်လျှင် (စီးပွါးရှာလို့ ကြီးပွါးသွားပြီဆိုပါလျှင်) ဟိုဘက်ကမ်းကလူတွေ လှမ်းလိုက်လာစရာ တံတာလေးတော့ လှမ်းထိုးပေးကြရပေမည်။ စာပေသင်ချင်ပါလျက် ချို့တဲ့နွမ်းပါ၍ မသင်နိုင်သူများအတွက် ဖေါင်ဒေးရှင်းများ ထူထောင်ကြရပါမယ်။ ဆင်းရဲငတ်မွတ်နေသူများအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ရပါမယ်။ ကမ္ဘာ့ကပ်ဘေးများရဲ့ဒဏ်ကို ခံစားနေကြရသူတွေ ကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကူညီနိုင်ဖို့ကြိုးစားကြရပါမယ်။ ကိုယ့်အနီးအနားကစလို့ လက်လှမ်းမီသရွေ့ ကူညီသွားကြရပါမယ်။
မိမိယုံကြည်သော၊ဂုဏ်ယူသော ပန်းတိုင်တစ်ခုဆီ လှမ်းချီနေသူအဖို့ လှုပ်ရှားရုန်းကန်နေရခြင်းကပင် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်လာပါတယ်။ ရှင်သန်နေသောဘဝမှာ မိမိတစ်ကိုယ်တည်းသာမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ တတ်စွမ်းသမျှ ဖြည့်ဆည်းလိုက်သောအခါ မိမိအနီးရှိ လူသားများ၏ မေတ္တာတရားနှင့် အားပေးယုံကြည်မှု၊ လေးစားမှုတို့ကို ခံယူရရှိနိုင်လာပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ပန်းတိုင်ဆီ လှမ်းချီရာခရီးတလျှောက်အတွက် လုံခြုံမှုနှင့်အေးချမ်းမှုတို့ကိုပေးစွမ်းမယ့် အေးရိပ်ဆာယာများပဲ ဖြစ်လာပါလိမ့်မယ်။
ကျွန်မဖတ်ခဲ့ဖူးသော Will A. Dromgool ရေးသားခဲ့သော Building the bridge ကဗျာလေးမှ တစ်ပိုင်းတစ်စကို မျှဝေချင်ပါတယ်။
ခရီးသွားဖေါ်တစ်ဦးသော်လျှင်
ထုတ်ဖေါ်ဤသို့မေးမြန်း၏
‘အို…အဘိုးအို
နေလည်းညိုပြီ
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျှက်
အားသန်ကြိုးစား၊ သည်တံတားကို
သင်ကားဘယ်ကြောင့် ဆောက်သနည်း’
‘အို…အဆွေ
သည်နေ့ဆိုလျှင်၊
ဆံပင်နုနယ် လူငယ်တစ်ယောက်၊
ငါ့နောက်လိုက်လျှက် ခရီးထွက်ပြီ
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှာ
သူတရာဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။’
မြတ်ဗုဒ္ဓကတော့ အလွန်ကောင်းတဲ့ ဥပမာတစ်ခုကို ပြဆိုခဲ့ပါတယ်။ “ခရီးသွားသူတစ်ဦးသည် မြစ်အပြင်ကို ကူးဖြတ်ရန် လှေ၊သင်္ဘော၊ဖေါင်စသည် မရှိသောအခါ သစ်ခက်သစ်ကိုင်းများကို ဖေါင်သဖွယ်ဖွဲ့၍ လက်ခြေတို့ကိုလည်း အားထုတ်သုံးကာ တစ်ဘက်ကမ်းသို့ကူးမြောက်လေ၏။ ထိုသစ်ခက်ဖေါင်ကို ကျေးဇူးကြီးလှ၏ဟု မစွန့်ပစ်ရက်ဘဲ သယ်ပိုးသွားလျှင်မှားယွင်းပေလိမ့်မည်။ ထိုဖေါင်သည် သိမ်းပိုက် ထားရန်မဟုတ်။ ကူးမြောက်ဖို့သာဖြစ်သည်”ဟု မဇ္ဈိမနိကာယ်၊အလဂဒ္ဒူပမသုတ်မှာ တရားရှင်ဗုဒ္ဓက ဟောဖေါ်ညွှန်ပြ ခဲ့ပါတယ်။ “ပိုက်ဆံဟာလည်း ဖေါင်ဥပမာလိုပါပဲ။ သိမ်းပိုက်ဖို့ မဟုတ်။ ကူးမြောက်ဖို့ပါ။ ပိုက်ဆံဆိုတာ ဓါတ်ကူပစ္စည်းပါ။” လို့ ဆရာမောင်သစ်ဆင်းရဲ့ ပိုက်ဆံနဲ့ချမ်းမြေ့သုခဆိုတဲ့ ဆောင်းပါးထဲမှာဆိုထားပါတယ်။
ကျွန်မဒီအက်ဆေးလေးကို ရေးဖြစ်ခဲ့တာကတော့ အောင်မြင်မှုနဲ့ငွေကြေးနောက်ကို မေ့မေ့မောမော လိုက်မိနေတတ် ကြတဲ့ လူအချို့အတွက်ဖြစ်ပါတယ်။ တစ်ခါတရံ ကျွန်မတို့လူသားတွေဟာ အနီးကပ်အရာ တစ်ခုခုကို အာရုံစိုက်နေမိတဲ့အခါ အဝေးကအရာတွေနဲ့ ဘေးကအရာတွေ မှုန်းဝါးသွားတတ်ကြပါတယ်။ အဲဒီအထဲမှာ တစ်ခါတရံ ကျွန်မလည်းပါပါတယ်။ လူတွေဟာ အခြေခံကျတဲ့ အရေးကြီးတဲ့ ငွေကြေး လိုအပ်ချက်ကို ဖြေရှင်းဖို့ကြိုးစားရင်း လူ့ကျင့်ဝတ်၊ သိက္ခါ၊ စည်းကမ်းနှင့် အများကောင်းကျိုး တို့က မှုန်ဝါး(တခါတရံတော့လည်း မမြင်ချင်ယောင်ဆောင်တာပါ) ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီတော့ ငွေရှာခြင်းရဲ့ အဓိပ္ပါယ်ကို မျက်မွေးတစ်ဆုံးကို မကြည့်ဘဲ၊ မျက်စိတစ်ဆုံးကို ကြည့်ကြဖို့၊ သံသရာတစ်ဆုံးကြည့်ကြဖို့  သတိကလေး ပေးလိုတာပါ။ အနည်းဆုံတော့ ဒီအက်ဆေးလေးကို ပြန်ဖတ်မိတိုင်းလည်း ကျွန်မကိုယ်ကျွန်မ သတိပေးဖြစ်တာပေါ့လေ၊ အားလုံးပဲ ငွေကြေးရဲ့ အရှင်သခင်များ ဖြစ်နိုင်ကြပါစေ။ ။
နှင်း
4 comments:
ငွေ တဲ့လားဗျာ
ဒါကြီးပေါ့ အမြဲတမ်းနှိပ်စက်နေတာ ...
နှိပ်စက်မှန်းသိလည်း ရုန်းမထွက်နိုင်သေးဘူးဗျာ...
ငွေကို သုံးတတ်တဲ့လူတွေဖြစ်ကြပါစေလို့ထပ်မံဆုတောင်းလိုက်ပါတယ်ဗျာ
သူဌေးသားတစ်ယောက်ရဲ့ တစ်နေ့တာ အသုံးစရိတ်ဟာ မူလတန်းကျောင်းသားလေး တစ်ယောက် အတွက် တစ်နှစ်စာ ကျောင်းစရိတ်ဖြစ်နေတတ်တယ် ဆိုတာ လေးကို သတိရနိုင်ကြပါစေလို့ ...
မနှင်းရေ ကောင်းလိုက်တဲ့ အက်ဆေး။
ငွေကို မကိုးကွယ်ပဲ၊ ကိုယ်က အရှင်သခင် လုပ်နိုင်ဖို့  အားယူရမယ်။ ကျေးဇူးကမ္ဘာနော်။
အောင်မြင်ပျော်ရွှင်ပါစေ။
မနှင်းရေး အက်ဆေး အရေးအသားလေးကောင်းလိုက်တာဗျာ.. အတွေးရော အရေးပါ ညီညွတ်တဲ့ စာကောင်းတစ်ပုဒ်ပါခင်ဗျာ... ဖတ်ရတာ အရသာရှိပါတယ်... စာကောင်းဖတ်ရခြင်းဟာ အစားကောင်းစားရခြင်းထက် စိတ်ကို ပိုမြိန်စေတယ်ဆိုရင် မှားမလား မနှင်းရေ... များများရေးနိုင်ပါစဗျာ...
ဖိုးမောင်
ငွေရှာခြင်းရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက်
သုံးသပ်တတ်ဖို့ ဆိုတဲ့စေတနာလေးကိုမြင်ရတဲ့
အတွက် လေးစားမိပါတယ် နှင်းရေ....
စေတနာ
Post a Comment