Monday, July 5, 2010

မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ

ဘ၀အတွက်ထားခဲ့တဲ့ ပန်းတိုင်တွေကိုရောက်ဖို့ .. ငါစတေးခဲ့တာတွေလည်း မနည်းတော့ပါဘူး .. ရလိုက်တဲ့ အတွေ့အကြုံတွေကလည်း စုံနေတာပဲ .. လိုချင်တာတွေရော .. မလိုချင်တာတွေရောပေါ့ ..ကိုယ်ကိုယ်တိုင် ဘာလိုချင်မှန်းမသိတော့ ရလာတာတွေဟာ ကိုယ်လိုချင်တာတွေ ဟုတ် မဟုတ် ဘယ်လိုလုပ်သိပါတော့မလဲ ... ဒီကြားထဲ ကမ္ဘာ့ဖလားက ၀င်လာသေးတယ် .. ဘယ်သူနိုင်တော့ဘာဖြစ်လဲ .. ဒီလိုပါပဲ .. ရွေးကောက်ပွဲ .. ကဲ ဘာလုပ်ရမလဲ .. ဘာမှလဲ မလိုချင်ဘူး .. ဆိုတော့ ရလာမှာတွေက ကျနော်လိုချင်တာတွေ ဟုတ် မဟုတ်လည်းစိတ်မ၀င်စားတော့ဘူး .. ကဲ ဒါကိုပဲ ကျွန်တော်မတရားဘူးလို့ပြောချင်ကြသေးလား .. ဘ၀မှာ လွဲတာတွေများလွန်းလို့ အတည့်မြင်ရင်တောင်မှ ကျနော်ဆိုတဲ့ ကောင်က တလွဲပဲ မြင်နေတော့တာကိုး..

တခါတလေများရှုပ်လိုက်တဲ့ခေါင်း က လမ်းလယ်ခေါင်က မီးတိုင်တွေ မီးကြိုးတွေလိုပါပဲ ရှုပ်တော့ရှုပ်နေတာပဲ .. ဒါပေမဲ့ ဒါကိုပဲ ရှင်းတယ်လို့ ထင်ချင်သူက ထင်နေမှာပေါ့...

စာချုပ်တွေဆိုလည်း ချုပ်လိုက်တာပါပဲ .. ဟုတ်ဟုတ်မဟုတ်ဟုတ် .. လုပ်ရမယ့် အလုပ် တခုလိုဖြစ်နေတာကိုး.. လူနှစ်ဦးချစ်နေရင်တောင် အတူနေဖို့ စာချုပ်လိုသေးတာပဲ ..

ငါ့ကို အချစ်စစ်တွေ အချစ်တုတွေအကြောင်းလာမပြောကြပါနဲ့ .. အချစ်စစ်အတွက်ပဲ ဖြစ်ဖြစ် အချစ်စစ် အတွက်ပဲ ဖြစ်ဖြစ် ဟိုခြစ်ဒီခြစ်နဲ့ လက်မှတ်တွေလိုအပ်နေတုန်းပဲလေ..
သတင်းတစ်ခုတော့ ကြားလိုက်ပါရဲ့ ဒူဘိုင်းမှာ နိုင်ငံခြားသားနဲ့ အတူနေချင်တဲ့ ဗမာ အထီးအမတွေ စာချုပ်အတု အမြန်လိုက်လုပ်နေကြတယ်တဲ့ ..
ရှေ့နေမဟုတ်တာ တချက်လွဲသွားတာပေါ့ .. မဟုတ်ရင် ငါစာချုပ်အတုလုပ်ရောင်းပါသေးတယ်...
အတု .. အတု .. အတု ..

အတုတွေတွေ့ပါများတော့လည်း အစစ်ဆိုတာဘာမှန်းကိုမသိတော့တာပါ...

ဒီလိုပါပဲ ... စကားတစ်ခွန်း .. စာတစ်ပုဒ် ... လက်မှတ်တစ်ချက် .. ဘယ်သူ့အတွက် ဘာဖြစ်ဖြစ် အတုတွေ အစစ်တွေလုပ်မနေ တော့ပါဘူး .. . သူ့ဟာနဲ့သူတော့ အဆင်ပြေနေကြတာပါပဲ ...
ဒီမိုးကလည်း ရွာကိုရွာနိုင်လွန်းတယ် .. ဘယ်တော့များမှ ရပ်တော့မှာလဲ...
ငါထီးမပါတဲ့နေ့မှ ပိုရွာတာလား ...

မိုးရေတွေထဲမှာ ... အမိုးအကာ မပါဘဲနေတဲ့လူတွေ အတွက် မစဉ်းစားချင်တော့ပါဘူး .. ငါ့ကို မိုးမစိုဖို့ တောင် ငါ့မှာအနိုင်နိုင် ..
တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောကြပါတော့...

ဗရုတ်သုက္ခနေရာတွေမှာ ပိုက်ဆံသုံး .. ဘာဖြစ်သေးလဲကွာ ... လမ်းဘေးက မြန်မာစာမတတ်တဲ့ မြန်မာကလေးက ငါ့ဆွေငါ့မျိုးမှ မဟုတ်တာ ..

အတ္တနဲ့တည်ဆောက်တဲ့လောကအလည်မှာ အတ္တတွေ ပြည့်ပြည့်လာတာ ငါမှားလား .. ထင်ချင်သလိုသာထင်ပါ...

ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ့်လူ ...
မဲမဆွယ်ကြေး......

အမှန်တရားဆိုတာ နှစ်ခုမရှိဘူး ... အစစ်ဆိုတာ လည်းနှစ်ခုမရှိဘူး... နှစ်ခုရှိနေရင် တစ်ခုကတော့ အတုပဲ .. ဒါပေမဲ့ တခါတလေမှာ အစစ်တွေ က အတုလောက် အသုံးမ၀င်တတ်ဘူး ...

ကဲ ... ဒီမိုးကလည်း ဘယ်တော့များမှတိတ်ပါ့မလဲ ...
မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ . . .
(ပျော်ပျော်ကြီးမိုးရေချိုး ပြီး အိမ်ပြန်မယ်)

လေးစားစွာဖြင့်
နေစိုးနိုင်

No comments: