Wednesday, June 30, 2010

မြန်မာပြည်က Made In England လဖက်ရည်ဆိုင်

သူငယ်ချင်းတစ်ယောက်ကပြောတယ် .. လဖက်ရည်ကြိုက်တတ်လားတဲ့ ။ ကျွန်တော် က လက်ဖက်ရည်သိပ်မသောက်ဖြစ်ဘူး .. လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင်မှ ကော်ဖီမစ်လောက်ပဲသောက်တာများပါတယ်။ ဒါကြောင့်သူ့ကို သိပ်မကြိုက်ကြောင်း ပြောလိုက်ပါတယ် သူငယ်ချင်းက ဆက်မေးတယ် ရန်ကုန်မှာ မင်း မရောက်ဖူးသေးတဲ့ ဆိုင်ကိုလိုက်ပြမယ်ဆိုတော့ .. အိုကေပေါ့ .. သူက ဒကာခံမှာကိုး .. ဒါနဲ့ချီတက်ကြရောဆိုပါတော့ ..

ဆိုင်ခန်းထဲကိုဝင်ကတည်းကနည်းနည်းတော့ထူးဆန်းနေတယ်.. လာသောက်တဲ့လူတွေကလည်းအေးဆေးပဲ .. လူတွေလည်းအများကြီးမရှိဘူး .. သူက ဒီဆိုင်မှာတော့ လက်ဖက်ရည်ပဲ သောက်ပါဆိုလို့ ကော်ဖီမစ်အစား လက်ဖက်ရည်ပဲ မှာဖြစ်ပါတယ်။ ထုံးစံအတိုင်း ပေါ့ဆိမ့်တစ်ခွက်ပေါ့...

အားပါး ပါး .. လာချတော့ ခွက်က တော်တော် ကြီးတယ်ဗျာ ။ ကျွန်တော်တို့ ငယ်စဉ်က သောက်ခဲ့ရတဲ့ ခွက်အရှည်ပါ .. ရန်ကုန် က လက်ဖက်ရည်ဆိုင်တွေမှာ ယနေ့ခေတ်တွေ့နေရတဲ့ ၂ လက်မ သာသာ ခွက်မဟုတ်ပါဘူး ... ဒါထားပါတော့ လက်ဖက်ရည်တစ်ခွက်ဆို အများကြီးပဲ .. မုန့်တွေက လည်းပူလို့ ..

ထူးဆန်းတာတစ်ခုက ဆိုင်မှာသုံးတဲ့ ပန်းကန် ၊ ပန်းကန်ပြား ၊ ဇွန်း စတာတွေမှာ သူတို့ ဆိုင် တံဆိပ် ကလေးတွေနဲ့ ပြီးတော့ Made In England တဲ့ အဲဒီတော့မှ သူငယ်ချင်းရဲ့ ဆိုလိုရင်းကို သဘောပေါက်သွားတော့တာ ။ ဟိုးအရင်ကတည်းက ရန်ကုန်မှာ ရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုပေါ့ ။ သူငယ်ချင်းကိုကျေးဇူးတင်လိုက်ပါတယ်။

အားလုံးစားသောက်ပြီး ပြန်လာတော့ ကားပေါ်မှာ သူက မေးပါတယ် ။ ဘာထူးခြားလဲတဲ့ ။ ကျွန်တော် လည်းပြောတာပေါ့ အရင်ကတည်းကရှိခဲ့တဲ့ ဆိုင်ဆိုတာပေါ့။ ဆိုင်တံဆိပ်တွေ ကို အသုံးဆောင်ပစ္စည်းတွေမှာရေးထားတာ အားလုံးဟာ England Made ဖြစ်နေတာ တွေပေါ့ ။ ဒါနဲ့ ရေနွေးကြမ်းပန်းကန် ကတော့ ပေါက်ဖော်မိတ် (China made ) ဗျ။ ဒီအကြောင်းပြောတော့မှ သူငယ်ချင်းက ရှင်းပြတယ်။ ဒီဆိုင်က ဟိုး ခေတ်ကတည်းက ရှိခဲ့တဲ့ဆိုင်ဖြစ်ကြောင်း ၊ ရှေးပုံစံအတိုင်းသာ ရောင်းချကြောင်းနဲ့ နောက်ဆုံးသူပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် သောက်ထားပြီးတဲ့ လက်ဖက်ရည်က ပိုအရသာရှိလာတယ်လို့ခံစားမိသွားတယ်။
သူပြောလိုက်တာက တော့
ငါတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် လက်ထပ်တုန်းကတောင် ဒီဆိုင်ကလက်ဖက်ရည်နဲ့ ဧည့်ခံခဲ့တာ လို့ စာရေးဆရာ တက္ကသိုလ်နေ၀င်း စာအုပ်ထဲမှာသူမှတ်ထားဘူးတယ်တဲ့ ။

ဂေ့ .. ဆို အစာအိမ်ကနေဆန်တက်လာတဲ့ လေချဉ်တောင် လေထုထဲ ပြန်ရောက်သွားမှာ နှမြောမိပါရဲ့ ...

ဒီလို မျိုး ကျွန်တော့်ကို တခုတ်တရ လိုက်လံ ဧည့်ခံပေးတဲ့ သူငယ်ချင်းကို အမြဲကျေးဇူးတင်နေပါမည်။
ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းများကိုလည်း ဒီဆိုင်ကလေး မှာ လိုက်လံဧည့်ခံချင်ပါသေးသည်။

လေးစားစွာဖြင့်
နေစိုးနိုင်

6 comments:

kaungkinpyar said...

ဆိုင်လိပ်စာ လေး ပေးထားပါလား...ရောက်ဖြစ်ရင် သောက်ရအောင်...

flowerpoem said...

ဟုတ်တယ် လက်ဖက်ရည် အရမ်းကြိုက်တယ် လိပ်စာလေးပေးပါလား ကိုနေစိုးနိုင်

ညီ said...

ပြန်ရောက်ရင်လိုက်တိုက်ပါ

ko 9 said...

SUN CAFE မဟုတ်လားဗျ ၊

နေစိုးနိုင် said...

Ko 9 တော်တယ်
ဟုတ်ပါတယ် ယောက်လမ်းထဲမှာပါ

JulyDream said...

ဆိုင်လေးအကြောင်းကို ဝေမျှ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ တခါတခေါက်တော့ အရောက် သွားလိုက်ပါအုံးမယ်။ =)