Monday, December 7, 2009

တန်ဖိုး



တွေးထားတာတွေ ရေးစရာတွေတော့ အများသား ။ အချိန်က ခက်ခဲလို့ နေပြန်တော့တယ် ။ အချိန်ပေါခဲ့ပြန်တော့လည်း အတွေးက ပျောက် နေ ပြန်တယ် ။ ဒီလိုနဲ့ စာမရေးဖြစ်တာ အတော် လေးကြာခဲ့ပြီပေါ့ ။ ခုတော့ တန်ဖိုးဆိုတဲ့ခေါင်းစဉ်လေးကို မအားမလပ်တဲ့ကြားက ကြိုးစားလို့ရေး လိုက် ပါတယ် ။

တန်ဖိုးဆိုတွေတဲ့ အတွေးလေးကို ပေးခဲ့ကြတာက မသုံးမ ပါ ။ ညီမအရွယ် မိန်းမပျို သုံး ယောက် ဆိုပါတော့ ။ သူတို့နဲ့ပါတ်သက်တာလေး မရေးခင် တန်ဖိုးဆိုတာလေး ဆွေးနွေး ကြည့် ရအောင် ။

တန်ဖိုးဆိုတာ လူတွေကြားက မွေးဖွားလာတဲ့ ခံစားမှု အသုံးအနှုန်းတစ်ခုပါ ။ ဟုတ်တယ် ။ တိရိစ္ဆာန်တွေကို ကြည့်ကြည့် ။ လူတွေလို စကား လုံးဝေါဟာရ မဖန်တီးတတ်ကြသော်ငြား သူတို့ အချစ်ကို ခံစားတတ်ကြတယ် ။ ကာမသက်သက်လည်း ပျော်မွေ့တတ်ကြတယ် ။ အကြင်နာ လည်း ထားတတ်ကြတယ် ။ သူတို့မှာမခံစားတတ်တာ တန်ဖိုးပဲ ။

တန်ဖိုးဆိုတာ လူတွေကပဲ သတ်မှတ်ကြတာဖြစ်ပါတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေတဲ့ ။ လူအများကြားမှာ တန်ဖိုးသတ်မှတ်မှု အဆင့်ကွဲပြား တတ်ကြသေးတယ် ။ အကြောင်းအရာ တစ်ခုကို လူတစ်ယောက်က တယုတယ အသက်တမျှ တန်ဖိုးထားပေမယ့် အခြားသူတစ်ဦးတစ်ယောက် အတွက်တော့ ပမွှားလောက်ပဲ သဘောထားတတ်ကြပြန်ရော ။

စည်းကမ်းသည် လူ့တန်ဖိုးတဲ့ ။ စည်းကမ်းသတ်မှတ်ချက်တွေကလည်း လူတစ်ဦးနဲ့တစ်ဦး ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မတူကွဲပြား ခြားနား တတ် ပြန်ရော ။ ဒီတော့ တန်ဖိုးဆိုတာ အလကား လို့ ထင်မှတ်မှားစရာတွေကလည်း ဖြစ်ပေါ်တတ်ပြန်ပါရော ။လူတွေက သတ်မှတ်တဲ့စည်း ကမ်း၊ လူ တွေကသတ်မှတ်တဲ့ တန်ဖိုး (အထူးသဖြင့် ခုပြောချင်တာ လူ့တန်ဖိုးပဲဖြစ်ပါတယ်)
ဘာကြောင့်များ မတူဖြစ်ရတာပါလဲ ။

အသားဖြူပဲဖြစ်ဖြစ် အသားညိုပဲဖြစ်ဖြစ် အသားဝါပဲဖြစ်ဖြစ် အသားမည်းမည်းပဲဖြစ်ဖြစ် လူသည် လူသာလျှင်ဖြစ်ပါတယ် ။ မူလပကတိ အခြေအ နေ မှာ လူသည် တန်းတူညီတူ အားလုံးတူတူပဲ ဖြစ်ပါတယ် ။ ဒါဆို လူချင်းတူတူ ဘာလို့များ အဆင့်အတန်းသတ်မှတ်ချက် တွေက ရှိနေရတာ လဲ ။

လူ့တန်ဖိုးအဆင့်အတန်းကို လူတွေ ဘယ်လိုများ ခွဲခြား ကြည့်မြင်တတ်ကြပါသလဲ ။ ဥစ္စာဓန နှင့် ရာထူးဂုဏ် ရှိန် ကွဲပြားမှု အပေါ် မူတည်ပြီး တော့ ခွဲခြားကြတာလည်း ရှိရဲ့ ။ ဒါကို အပေါ်ယံအကာလို့လည်း ဆိုကြပါရဲ့ ။ ဥစ္စာဓန နှင့် ရာထူးဂုဏ်ရှိန်ဆိုတာလည်း လင်မယားလိုပါပဲ ။ အပြန်အလှန် အမှီသဟဲ ပြုနေကြပါတယ် ။

နောက် ကိုယ့်ကျင့်သိက္ခာ နှင့် ပညာ အဆင့်အတန်းပေါ် မူတည်ပြီး ခွဲခြားတာလည်း ရှိရဲ့ ။ ဒါကိုတော့ တကယ့်လူ့တန်ဖိုး အနှစ်လို့ ဆိုကြပါတယ် ။ ကိုယ့်ကျင့်သိက္ခာ နဲ့ ပညာဆိုတာက လည်း အညမည သဘောပါပဲ ။ ကိုယ့်ကျင့်သိက္ခာ မငဲ့တဲ့ပညာ  ဒါမှမဟုတ် ပညာမရှိတဲ့ ကိုယ့်ကျင့် သိက္ခာ ဆိုတာမျိုးကလည်း ပြည့်ဝတဲ့လူ့တန်ဖိုးကို မဖော်ဆောင်နိုင်လေပါဘူး ။

လောကီနယ်ပယ်မှာ အကာလို့ဆိုထားကြတဲ့ ဥစ္စာဓန နှင့် ရာထူးဂုဏ်ရှိန်ဆိုတာကလည်း အထိုက်အလျောက် လိုအပ်နေပြန်သေးတယ် ။ ပညာပံပိုး ထားတဲ့ ကိုယ့်ကျင့်သိက္ခာလုံးဝမရှိ တဲ့ ဥစ္စာဓန ၊ ရာထူးဂုဏ်ရှိန်မျိုးဟာ မကောင်းသလို ဥစ္စာဓန ၊ရာထူးဂုဏ်ရှိန် ဗလာသက်သက် နဲ့ ကိုယ်ကျင့်သိက္ခာဟာလည်း လောကီနယ်ပယ်မှာ ကြမ်းတမ်းလို့ နေပြန်သေးတော့တယ် ။ ဒီတော့ မဇ္ဈိမ ပဋိပဒါ ဆိုတာလေးတော့ သတိရ ဖို့လိုပြန်သေးပါပကော ။

နောက်လူ့တန်ဖိုးနဲ့ ပါတ်သက်ရင် လူတွေက သူများကို လေ့လာဆန်းစစ်တာများတယ် ။ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ဆန်းစစ်မှု လုပ်ဖို့တော့ မေ့လျော့မိတတ်ကြပြန်ပါတယ် ။ သူများကို ဝေဖန်ဆန်းစစ်ဖို့ လိုသလို မိမိကိုယ်ကိုယ် မိမိဝေဖန်ဆန်းစစ်ဖို့လည်း လိုအပ်ပြန်ပါ တယ် ။ အတ္တာဟိ အတ္တနော နာထော လို့ဆိုထားမဟုတ်လားဗျာ ။ မိမိကိုယ်ကို မိမိကပဲ ကောင်းအောင် အစွမ်းဆောင်နိုင်ဆုံးလေ ။

ကိုယ်ကျင့်သိက္ခာနဲ့ ပါတ်သက်ပြန်ရင်လည်း ယဉ်ပါးတယ် ဆိုတဲ့ စကားလုံးကိုမေ့ထားလို့ မရပြန်ပါဘူး ။ တံငါနာနီး တံငါ မုဆိုး တို့ ၊ အစရှိ နောင်နောင် ဆိုတဲ့ စကားပုံလေးတွေက မယဉ်ပါးသင့်တာကို ယဉ်ပါးမိမှာစိုးလို့ လူကြီးသူမတွေက ဆုံးမတားမြစ်ခဲ့ကြတာပါ ။ တစ်ခါ တစ်ခါ ဒါလေးများ ၊ ဘာဖြစ်သွားမှာမို့လို့လဲတို့ ၊ ငါသိပါတယ် ၊ ငါထိန်းနိုင်ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ မယဉ်ပါးမိတာ ယဉ်ပါးမိတတ်ကြလွန်းလို့ပါ ။


ကဲ.. ဒီလပိုင်းအတွင်း ကြုံတွေ့တွေးတောမိတဲ့ မသုံးမအကြောင်းဆက်ရအောင် ။

ဒူဘိုင်းမှာ စေတနာ့ညီမတွေလို ခင်မင်တဲ့ ညီမငယ်လေးငါးခြောက်ယောက်ရှိတယ် ။ အဲဒီ အထဲကမှ ညီမနှစ်ယောက်ကို စေတနာ ဖုန်းနဲ့အဆက်အသွယ် အများဆုံးလုပ်ဖြစ်တယ် ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က စေတနာနဲ့ ဝေးတဲ့ မြန်မာအလုပ်သမားတွေရှားတဲ့ မြို့မှာ အလုပ်လုပ်နေကြလို့ပါပဲ ။ အဲဒီညီမနှစ်ယောက်ကပဲ ဒီတန်ဖိုးဆိုတဲ့ခေါင်းစဉ်လေးကို တွေးမိစေခဲ့တာပေါ့ ။ အဲဒီညီမနှစ်ယောက်တည်းက တစ်ယောက်က…

ရှေ့နေဘွဲ့ရတစ်ယောက် ။ သူအရေးကြီးတာမယ်ထင်တာ မှန်သမျှ စေတနာ့ကို အကို တစ်ယောက်သဖွယ် ပြောဆိုအသိပေးလေ့ရှိတယ် ။ နားထောင်တာ မထောင်တာ အပထား ၊ ပေးတဲ့အကြံညဏ်ကိုလည်း စိတ်ရှည်စွာ နားထောင်တတ်တယ် ။

နောက်တစ်ယောက်က ခင်မင်တတ်တယ် ။ ဖော်ရွှေတယ် ။ သူလည်း ဘွဲ့ရတစ်ယောက်ပါပဲ ။ ဒါပေမယ့် တစ်ခါတစ်ခါ ပျော်ရွှင်ခြင်းခရီးသွားရင်း အလေးထားသင့်စရာအရာတွေ မေ့လျော့တတ်တယ် ။ သူတို့နှစ်ယောက်စလုံးကို စေတနာခင်သလို သူတို့နှစ်ယောက်လုံးက လည်း စေတနာ့ကို ခင်မင်ကြပါတယ် ။

မှတ်မှတ်ရရ စေတနာအလုပ်ကို ဒီညီမနှစ်ယောက်လာတုန်းက စေတနာ့အကိုက သူတို့ကို ပြောခဲ့တဲ့စကား ။ "ညည်းတို့ ရည်းစားမထား ဘာမထားပဲ ရိုးရိုးသားသားလေး ခြောက်လ လောက်အထိ ခံနိုင်ရည် ရှိမယ်ဆို တော်တော် အထင်ကြီးဖို့ကောင်းမှာတဲ့ " ။ အဲဒီတုန်းက တော့ စေတနာ မြန်မာ ညီမတွေအမတွေဖက်က တော်တော်လေး မခံနိုင်ဖြစ်သွားခဲ့တယ် ။

စေတနာ ကျန်ခဲ့တဲ့ နှစ်လမှာ program အသစ်တစ်ခုကို handle လုပ်လိုက်ရတယ် ။ မနိုင်ဝန် ထမ်းရတယ်ဆိုတော့ အချိန် နှင့်အလုပ်မမျှမတ ဖြစ်တာမို့ လူရော စိတ်ရော အတော်လေး ပင်ပန်းခဲ့ရတယ် ။ ဒါပေမယ့် ဒီညီမနှစ်ယောက်ဆီကိုတော့ ရံဖန်ရံခါ ဖုန်းဆက် ဖြစ်ပါတယ် ။စေတနာက ပူပင်တတ်တဲ့ ဝါသနာရှိတာကိုး ။ ဒီလိုနဲ့ တစ်ရက် …

ရှေ့နေဘွဲ့ရ ညီမက အသိပေးပြောဆိုလာပါတယ် ။ သူမကို propose လုပ်ထားတဲ့ ကောင်လေးကို ပြန်ပြီး accept လုပ်လိုက်တဲ့အကြောင်းပါ ။ သူမကပြောပါသေးတယ် ။ သူမပြန်ပြီး accept လုပ်တဲ့အချိန်မှာ စေတနာ့အကိုပြောခဲ့တဲ့ ခြောက်လလောက် ခံရင်ဆိုတဲ့ စကားကို အမှတ်ရမိပါတယ်တဲ့ ။ ဒါပေမယ့် သူမ အရမ်းစိတ်အလိုကိုလိုက်ပြီး လက်ခံခဲ့တာ မဟုတ်ပါဘူးတဲ့ ။ အွန်လိုင်းမှာ မိဘတွေကို အဲဒီကောင်လေးက propose လုပ်ထားတဲ့အကြောင်း အရင်တိုင်ပင်ပါတယ်တဲ့ ။ သူမ မိဘတွေက သမီးထားသင့်တဲ့အရွယ်ရောက်နေပြီတဲ့ ။ နောက်ဒီကောင်လေးအကြောင်း လည်း အူမချေးခါးသိသမို့ ငြင်းစရာမရှိပါလို့ ဆိုကြသတဲ့ ။ ဒါကြောင့်မို့ မိဘနဲ့တိုင်ပင်ပြီးမှ လက်ခံတဲ့အကြောင်း ပြောပြပါတယ် ။ စေတနာ့ဆီကလည်း သူ့ကောင်လေးအပေါ် အမြင်တောင်းပါသေးတယ် ။ စေတနာအနေနဲ့ ကောင်လေးအကြောင်းသေသေချာချာမသိ သေးတာမို့ ချက်ချင်း အမြင်မပြောတတ်ကြောင်းပဲ ပြန်ဖြေခဲ့ပါတယ် ။

အဲဒီရှေ့နေညီမကပဲ ကျန်တဲ့ ညီမတစ်ယောက်ရဲ့သတင်းစကား ဆိုလာပါတယ် ။ အကို့ညီမ ကို ကြည့်ပြောပါဦးတဲ့ ။ နိုင်ငံခြားသားတစ်ယောက်နဲ့ ပေါ်ပေါ်ထင်ထင်တွဲတဲ့ အဆင့်ကို တောင် ရောက်နေပြီတဲ့ ။ ဒီလိုနဲ့ ကျန်တဲ့ညီမဆီကို ဖုန်းဆက်တဲ့တစ်ရက် ဒီအကြောင်းမေး ကြည့်မိတော့…

ကျွန်တော့်လိုပဲ ဖုန်းဆက်အသိပေးတဲ့လူတွေကို ကျေးဇူးတင်ပါတယ်တဲ့ ။ သူလည်း ခါထုတ် ခဲ့တာပဲတဲ့ ။ ခါထုတ်လို့မရတာရယ် စကားပြောဖော်လေးပဲ ရရဆိုတဲ့သဘောနဲ့ တွဲနေတာ ပါတဲ့ ။ ဒါ အထီးကျန်ဆန်မှုရဲ့ ရလာဒ်လားဗျာ ။

နိုင်ငံရပ်ခြားမှာ အထီးကျန်ဆန်တယ်ဆိုတာကို စေတနာ ကောင်းကောင်းသဘောပေါက် ပါတယ်။ စေတနာကိုယ်တိုင် တစ်နှစ်လောက် အလုပ်နဲ့အခန်း နှစ်ပါးသွားခဲ့ရတာလေ ။ ဒါတောင် စေတနာက အကိုအရင်း ရှိသေးတယ် ။ ဒါပေမယ့် အဖော်မင်တတ်တဲ့စေတနာတစ် ယောက် အထီးကျန်ဆန်မှုကို ခါးသီးစွာ ခံခဲ့ရတာပါပဲ ။ ဒီတော့ ရင်ဖွင့်ဖော်လေး စကားပြော ဖော်လေးတွေကို တမ်းတမိတာပါပဲလေ ။

ဒီရက်ပိုင်းမှာပဲ စေတနာတစ်ယောက်လည်း စန်းပွင့်တယ်ဆိုရမလားပဲ ။ program အသစ်မှာ part time လာလုပ်တဲ့ ဖိလစ်ပင်းမလေးတစ်ယောက်နဲ့ ဟိုလိုလို ဒီလိုလို ဖြစ်နေတယ် ။ ဖိလစ်ပင်းကောင်တွေ မြှောက်ပေးကြတာလည်းပါပါတယ် ။ ဖိလစ်ပင်းကောင်မလေးကတော့ ရှင်းတယ် ။ boy friend လိုချင်ပါသတဲ့လေ ။

ဒီကောင်မလေးက စေတနာ့အောက်မှာ လာအလုပ်လုပ်နေခဲ့တာပေါ့ ။ အလုပ်လုပ်တာ ကြိုးစားတယ် ။ လှုမှုပေါင်းသင်းဆက်ဆံရေး တော်တယ် ။ အသက်အားဖြင့် စေတနာ့ညီမ အငယ်လောက်ပဲ ရှိဦးမှာပေါ့ ။့ ဒီဖိလစ်ပင်းမလေးကို လမ်းကြောင်းမှန်မှန်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေကိုပဲ တစ်စိုက်မတ်မတ်လုပ်စေချင်ခဲ့တယ်ဗျာ ။

ဒီတော့ ပုဂ္ဂိုလ်မင်မှ တရားခင်မယ်လို့ ဆိုထားမဟုတ်လား ။ ဒီတော့ ရေလိုက်ငါးလိုက်ဆိုတာ ကိုကောင်းကောင်း အသုံးချခဲ့တယ် ။ အစွန်းနှစ်ဖက်ကြားမှာ ခက်ခဲစွာ ရပ်တည်ကြည့်မိတယ် ။ ဒါတောင် နားလည်မှု လွဲမှားလို့ အမြင်ဆိုးတွေကို ပြန်လည်ကြားနေရသေးတယ် ။ အချိန်ဆို တဲ့အရာက ဖြေရှင်းပေးမှာမို့ စိတ်ရှည်ခဲ့ရတယ် ။ ကိုယ်ကိုယ်တိုင်ကိုလည်း အမေဆုံးမခဲ့တဲ့ စကားလေးတွေကို ပြန်အမှတ်ရမိတယ် ။ အထူးသဖြင့် မြန်မာညီမက နိုင်ငံခြားသားနဲ့တွဲနေ တယ်ဆိုတာကို ကြားလိုက်ရတဲ့အချိန်မှာ ပိုလို့ သတိရမိပါတယ် ။

အမေက ပြောဆိုဆုံးမခဲ့ဖူးပါတယ် ။ "ငါ့သား ၊လူဆိုတာ ယောက်ျားရယ် မိန်းမရယ် မဟုတ်ဘူး ။ ကိုယ်ကိုယ်ကို ကိုယ်တိုင်က တန်ဖိုးထားမှ သူများက တန်ဖိုးထားမှာတဲ့ ။ ကိုယ်ကိုယ်တိုင်မှ ကိုယ့်ကိုယ်ကို တန်ဖိုးမထားရင် ၊ တန်ဖိုးရှိအောင် မနေတတ်ရင် ဘယ်သူကများ လာပြီး တန်ဖိုးထားမှာလဲ" ဗျာ ။ ဒါကိုယ့်ကျင့်သိက္ခာပိုင်းနဲ့ ဆိုင်တဲ့ အမေ့ရဲ့ ဆုံးမစကားပါ ။

နောက်အမေက တန်ဖိုးနဲ့ ပါတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ နေတတ်အောင် လည်း ဆုံးမသေးတယ် ။ " ငါ့သား ၊ လူဆိုတာ ကိုယ်ကိုယ်ကိုပဲ အရောင်တက်အောင် နေတတ် ရမယ် တဲ့ ၊ အမေတို့ အဖေတို့က အရောင်ထွက်အောင်လုပ်ပေးလည်း ခဏပဲ ခံမယ် တဲ့ ။ ကိုယ်ကိုယ်တိုင် နေတတ် ၊ ထိုင်တတ် ၊ကျင့်ကြံတတ်ပါမှ ကိုယ်အရောင် ကိုယ်ပြောင်စေနိုင်မှာ " တဲ့ ခင်ဗျာ ။

ဟုတ်ကဲ့ ။ စေတနာအပါအဝင် ရွှေညီအကို မောင်နှမအားလုံး လူ့တန်ဖိုးအရောင်တက် အောင် နိုင်တဲ့ဖက်ကနေ ကိုယ့်ကိုယ်ကို ကြိုးစားပြုပြင်ကြပါစို့လား ခင်ဗျာ ။

အားလုံးကို ခင်မင်လေးစားလျှက်
စေတနာ
05.12.2009(11:29 pm)
--


3 comments:

flowerpoem said...

တန်ဖိုး ရှိတဲ့ စာပေလေးပါ တကယ် အကျိုးရှိပါတယ်..

Unknown said...

တန်ဖိုးဆိုတဲ့ တန်ဖိုးရှိတဲ့ စာပါပဲ။ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ မြန်မာစာဖတ်စာထဲက စာတစ်ပုဒ်ကို သတိရမိပါရဲ့။ ခွန်အားရှိသောစာ တဲ့။ အင်း စိတ်ခွန်အားကို ဖြစ်စေတဲ့ ဒီလိုစာမျိုးအတွက် ညီကို အထူးပဲ ကျေးဇူးတင်ပါတယ်။
လူဆိုတာ သိရက်နဲ့ သတိဖြစ်ခဲ့လှတယ်ကွယ်။
အသိတရားနဲ့ သတိထားစရာလေးများကို စေတနာအပြည့်နဲ့ ထောက်ပြသွားတာမို့ လေးစားစရာပါညီရေ

leomark said...

ကိုစေတနာ ရေ..အစ်ကို့ရဲ့ စေတနာကိုလည်း ခံစားမိပါတယ်။ ဒါပေမဲ့ဗျာ..အဲလိုမျိုးအဖြစ်အပျက်တွေက မမြင်ချင်မှ အဆုံးဗျ။ သူတို့ကတော့ ဖူးစာ တဲ့။ လူကြားကောင်အောင် ဟစ်နေကြတာပါ။ လွတ်သွားကြတာ။ ကျွန်တော်တို့ ယောကျာင်္လေးတွေက တခြားနေရာမှာ ဆိုးချင် ဆိုးမယ်ဗျာ။ အဲဒီလို နေရာမျိုးမှာ ထိန်းနိုင်တဲ့ လူများပါတယ် ၉၉ % ဗျာ။ မထိန်းနိုင်တာက အဲဒီ lady တွေဗျ။း( နောက်ဆုံး j-me ရဲ့ ကို့ဘ၀နဲ့ ကို သီချင်းကို နားထောင်ရင်းနဲ့ စိတ်ကို ဖြေရတယ်ဗျာ။ ကျွန်တော်က ကိုနေစိုးနိုင်ရေးတာက လွှဲရင် မမန့်ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ မနေနိုင်တော့လို့။ လေးစားစွာဖြင့်...။