ကျုပ်တို့ အခုဆိုရင် စပါးလေးတွေ တော်တော် စုမိနေပြီတော့ .. ဒီပုံအတိုင်း သာဆိုရင် .. ရှင်မကြာခင် သူများ အိမ်မှာအလုပ်လုပ်စရာလိုမယ် မထင်တော့ဘူး.. ပိုက်ဆံစုမိရင် ကိုယ်ပိုင် လယ်က လေး ယာကလေးဝယ်ပြီးးလုပ်စားကြတာပေါ့..
ဒါပေါ့ .. မိန်းမရာ .. ငါတို့မှာ ဒီတောင်သူပဲလုပ်တတ်တာဆိုတော့ တောင်သူပဲလုပ်ကြရမှာပေါ့.. အခုဆို ငါတို့မှာ ကလေး က တစ်ယောက် က နှစ်ယောက်ဖြစ်တော့မှာ ပိုကြိုးစားရမှာပေါ့ ..
ဝင်းတင်ပြောသကဲ့သို့ပင် ယခု မိမြမှာ ကိုယ်ဝန်အရင့်အမာ နှင့်ဖြစ်နေပေပြီ.. သို့သော် ကလေး တစ်ယောက် က နှစ်ယောက် ဖြစ်လာလို့ စိတ်ညစ်ရိပ်မပြ ၊ မလိုလားမှုမပြ အလုပ်ကို ပိုကြိုးစားရမယ် ဆိုတာကိုပဲ တွေးတောမိကြလေ၏။
မိမြ၏ မိဘများလည်း ယခု အချိန်`၌ ၀င်းတင် ကို နားလည်သွားကြပေပြီ ။ မိမြ အဖေဆိုလျှင် ၀င်းတင် ကို တော်တော် အားကိုးလာပုံရ၏ ။ တိုင်ပင်စရာ ရှိသည်များကို ခေါ်ပြီးတိုင်ပင်ခြင်း များပင် ရှိလာလေသည်။ မြေးဖြစ်သူကိုလည်း ချစ်လိုက်တာမှ လွန်ပါရော ။ ၀င်းတင်၏ မိဘ များကတောင် မနာလိုဖြစ်ပြီး မြေးလုကြသည်။ ၀င်းတင်မိဘများ ကတော့ အရင်ကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အခုမှသည်းပြနေတယ် စသည်ဖြင့် သား အချစ် ၊မြေးအနှစ် ဆိုသည့် စကားပုံကို သက်သေပြဖို့ မလိုဘဲ သက်သေပြနေကြလေသည်။
ဒီလိုနဲ့ ပဲ ၀င်းတင်၊ မိမြ နဲ့ သား လေး သန်းစိုး ဆိုတဲ့ မိသားစုဘ၀လေးထဲကို လူသားတစ်ယောက် အူဝဲ… ဆိုတဲ့ နုတ်ဆက်သံနဲ့ အတူ မိသားစုဝင် အဖြစ် တံခါးခေါက်စရာမလိုဘဲ ၀င်ရောက်လာခဲ့ပါတယ်။ နာမ အားဖြင့် တော့ ၀င်းစိုး ဟူ၍သတ်မှတ်လိုက်ကြ၏.. ။ သားအကြီးဖြစ်သူ သန်းစိုးနှင့် သားအငယ်ဖြစ်သူ ၀င်းစိုးမှာ တစ်နှစ်ကြီးတစ်နှစ်ငယ် ဖြစ်သည့်အတွက် ကလေးအမေဖြစ်သူ မိမြ မှာ သားနှစ်ယောက် ဗာဟီရ ကိစ္စများအတွက် မိုးလင်းမိုးချုပ် အားလပ်သည့်အချိန်ဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။
သား တစ်ယောက် မွေး ကတည်း က သား ဇောနဲ့ မြောက်နေတဲ့ ၀င်းတင် တစ်ယောက် နောက် သားတစ်ယောက် ထပ်ရချိန်မှာတော့ မိုးမမြင်လေမမြင်ပါပဲ .. ဘယ်သွားသွား .. ဘယ်သူနဲ့ စကားပြောပြော ဒီသားနှစ်ယောက် မပါရင် စကားက အဆုံးမသတ်တတ်တော့ဘူး..
သားအကြီးကို ၀င်းတင်မိဘ လက်မှာ မွေးခဲ့ရပေမယ့် .. ယခု သား ကိုတော့ မိမြမိဘ များကသည်းသည်းလှုပ် .. အထိမခံ ရွှေပန်းကန် အလား ဂရုစိုက်ကြလေ၏။
"မိမြ ရေ … ဟေ့… မိမြ… မိမြ… ဘယ်သွားနေလဲဟ.."
"ဦးလေးသန်း .. ဘာလဲတော့ ကျုပ်ကလေးနို့တိုက်နေရင်း မှေးခနဲ့ အိပ်ပျော်သွားလို့ .."
"နင့်ယောက်ျားပိုးထိလို့ဟ ( မြွေကိုက်ခံရခြင်းကို ဆိုလိုပါသည်)"
"ရှင်.. ဘာရယ်.."
"နင့်ယောက်ျားဝင်းတင် .. အခု ပိုးထိလို့ ဆေးရုံပို့ရမယ်.. လိုအပ်တာယူပြီး လိုက်ခဲ့…"
ကောင်းကင်တခု လုံး မိုးမှောင်ကျပြီး မိမြ ရင်ခွင်မှာ မုန်းတိုင်းထန်သွားသည်။ ကြားလိုက်ရသည့်စကားကို မယုံချင် ။ သို့သော် ဒါ အဖြစ်မှန်ဖြစ်လေသည်။ အကယ်၍များ ၀င်းတင်.. တိမ်းပါးယိမ်းပါး .. ဖြစ်သွားခဲ့ချေသော် .. ဆိုသည့်အတွေး .. ခေါင်းထဲ က ထုတ်ပစ်ဖို့ ကြိုးစားသည်။ သို့သော် အရာမရောက် .. ကလေးနှစ်ယောက် ၏ ရှေ့ရေး… မတွေးချင်ဘဲရောက်လာသော ဖျောက်ဖျက်၍မရသော အတွေးတို့ကနှိပ်စက်ကြလေသည်။
ဦးလေးသန်းလိုအပ်တာယူပြီးလိုက်ခဲ့ ဆိုတော့ ယောင်ယောင် ကန်းကန်းနဲ့ ဟုတ် ဟုပြောပြီး မိမြ တစ်ယောက် အိမ်ထဲဝင်လိုက် .. အပြင်ထွက်လာလိုက် .. ပြန်ဝင်သွားလိုက် နဲ့ ဘာလုပ်နေမိမှန်း ကိုယ်တိုင်တောင်မသိ။ မျက်ရည်တွေလည်းရွှဲလို့ ငိုရင်းနဲ့ ဟို သွားလိုက် .. ဒီသွားလိုက် လုပ်နေတာ .. လိုအပ်တာယူခဲ့ တဲ့ .. အခု ချိန်ထိ လက်ထဲမှာ ဘာမှမယူမိသေး…
ဝင်းတင် ဆီကို သူရောက်တော့ ၀င်းတင် က နွားလှည်းပေါ်မှာ မလှုပ်မယှက် ..
"ဦးလေးသန်း .. ကိုဝင်းတင် .. သူ.. ..သူ.."
"မိမြ စိတ်ထိန်း .. စိတ်ထိန်း.. နင့်ယောက်ျား ဘာမှမဖြစ်ဘူး.. သတိလစ်နေတာ .. အခု ဆေးရုံသွားပို့မယ်.. လာ လာ နင်ရော လှည်းပေါ်တက် .."
မိမြ .. မည်သို့ မည်ပုံ လှည်းပေါ်ရောက်လိုက်သည်မသိ.. စိတ်နှင့် ခန္ဓာ မကပ်တော့ .. လင်သားဖြစ်သူ အတွက် စိတ်သောက ရောက်နေတာပဲသိသည်။ ဒီလိုအချိန်မှာ .. သတိရသင့် သည်က ..
ဘုရား .. တရား .. သံဃာ ..
သို့သော် .. မိမြ ပါးစပ်မှ ဘုရား .. ဘုရား.. ဆိုသော စကားမှအပ .. အပို မထွက် .. အမှန်တိုင်း ၀န်ခံရလျှင်.. ဘုရား .. တရားကို တောင် သတိမရနိုင်တော့လောက် အောင် ကို ရင်ခွင်တခုလုံး ပူဆွေးနေရပြီဖြစ်လေသည်။
ဝင်းတင်ကို ဆေးရုံမရောက်မီစပ်ကြားလမ်းမှာ သင့်တော်မယ် ၊ မသင့်တော် မယ် … ကောင်းတယ် .. မကောင်းဘူး .. ဘာမှမစဉ်းစား အား ကြားဖူးနားဝ ဆေးမှီးတို တို့ဖြင့် တလမ်းလုံး ကုသွားကြလေသည်။ ဆေးရုံရောက်တော့ .. ပိုးထိထားတဲ့ လူနာဖြစ်သည့်အလျောက် ဆရာဝန် ၊ ဆရာမများ ပျာယာခက်နေအောင် အလုပ်များသွားကြလေသည်။ဆေးရုံရောက်ပြီ ဆိုရုံဖြင့် စိတ်ချလို့မရနိုင်သေး .. ကျေးလက် မြို့ကလေးတစ်မြို့ မှ တိုက်နယ် ဆေးရုံဖြစ်သည့် အလျှောက် ဆေးဝါး နှင့် အထောက် အကူပစ္စည်း မစုံလင်လှ.. မည်မျှပင် တော်သော ဆရာဝန် ဖြစ်စေကာမူ လိုအပ်သော ဆေးဝါးနှင့် အထောက် ကူပစ္စည်း မပြည့်စုံပါက . . . ယခုကဲ့သို့ အချိန်နှင့် အမျှ အရေးကြီးလှသော လူနာမျိုးတွင် ထိုင်ပြီး စိတ်မကောင်းဖြစ်နေရုံမှ အပ အခြား နည်းလမ်း မရှိ။ ထိုကြောင့် ပင် ဆေးရုံရောက်ခါမှ မြွေဆိပ်ဖြေဆေး မရ၍ ၊ မြွေဆိပ်ဖြေဆေး ပြတ်လပ်နေ၍ အချိန်မှီဆေးမကုနိုင်သောကြောင့် အသက်ဆုံးရှုံး ခဲ့ရသော သာဓက များမှာ ဒုနှင့်ဒေး .. ။ ဆေးရုံများမှာလည်း မြွေဆိပ်ဖြေဆေးကို ခွဲတမ်းဖြင့်သာရသဖြင့် အမြဲတမ်းတော့ အဆင်သင့်ရှိမနေတတ်ပေ။
သေမင်း နှင့် အသက်လု နေရသည့်ပွဲပင်ဖြစ်လေသည်။
"ကိုယ့်ဘက်ပါလာပြီ .. "
ဆိုတဲ့ ဆရာဝန် ကြီး ရဲ့ စကား အဆုံးမှာ မှ .. လူနာလာပို့ကြတဲ့ ဆွေမျိုးတွေနဲ့ ၀င်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက်များ ..သက်ပြင်းကိုယ်စီ ချနိုင်ကြသည်။ သတိရလာမှာပါဆိုသော်လည်း တစ်ရက်ပြည့်သည်အထိ သတိမရသေးသော လူနာဘေးမှာ .. မျက်ရည် အပြည့်ဖြင့် မအိပ်ဘဲ ငုတ်တုပ် ထိုင်နေသည့် မိမြ.. ဘာမှလည်း ကျွေးမရ .. လူလဲ နှင့်စောင့်ပေးမည် ဆိုသည်ကိုလည်း လက်မခံ .. ကြာလာရင် သူမ ပါ လဲမှာ စိုးရိမ်ရသည်…။
ရေ… ရေ….
လူနာပါးစပ်မှ လှုပ်တယ်ဆိုရုံကလေး လှုပ်ပြီး ရေ.. ရေ.. ဆိုတဲ့ ခပ်မျှဉ်းမျှဉ်း အသံကလေး ထွက်ပေါ်လာ၏… လူနာ က ရေ..ရေ .. ပြောနေသံကြား သော်လည်း လူနာကို မှင်သက်ပြီး ငေးနေမိတဲ့ မိမြတစ်ယောက် ..
ရေ.. ရေ..
ဆိုတဲ့ အသံကြားသော်လည်း ရေမပေးမိ… ဟို ဖန်ခွက် ကောက်ကိုင်လိုက် ..ချထားလိုက် .. ပါးစပ်ကလည်း .. ဟုတ် … ဟုတ် .. ဆိုသည်ကို မချ.. လက်ကတော့ တောင်ရောက်မြောက်ရောက် ..
ခင်ပွန်းသည် မသေဘဲ ရေ .. ရေ .. ဆိုတဲ့ အသံကို ကြားရချိန်မှာ စိတ်လှုပ်ရှား ၀မ်းသာလွန်းလို့ .. ဆောက်တည်ရာမရ.. အသိနှင့် ခန္ဓာ မညီမျှတော့ …
လူနာကို ရေတိုက်သည်။ ရေသောက်ပြီး ၀င်းတင်ပြန်အိပ်ပျော်သွားသည်။.. ဒီတော့မှ မိမြကို ချော့မော့၍ လူနားနားမှာ လူလဲပြီး စောင့်ကြည့်ကြဖို့ စီစဉ်ကြရလေ၏။
ဝင်းတင် တစ်ယောက် ဆေးရုံ တက်နေရစဉ် အတောအတွင်းမှာ မိမြမှာ ရွာနှင့် ဆေးရုံ ရှိသောမြို့ကို ကူးချည်းသန်းလှည့် သွားလိုက်ပြန်လိုက်လုပ်နေရ၏ ။ အကြောင်းမှာ လင်ယောက်ျားကို ဆေးရုံတွင်ပြုစုရသလို ..တဖက်မှာလိုအပ်သော ဆေးဖိုး အတွက် ရှိစုမဲ့စု ကလေးများကို ပြန်လည်ရောင်းချပြီး ငွေဖော်ရ၏။ ကလေး နှစ်ယောက် ကိုတော့ နှစ်ဖက် အဖိုးအဖွားအိမ်မှာ ထားခဲ့ရသည်။
ဒီလိုနှင့် ၀င်းတင်တစ်ယောက် ထူထူထောင်ထောင်ဖြစ်ပြီး ဆေးရုံကဆင်းတယ် ဆိုရင်ပဲ .. လင်မယားနှစ်ယောက် ခြစ်ချုပ် စုထားသော စပါးကလေး ဆန်ကလေးများမှာ … မြွေပွေး ကိုက် ခံရခြင်း တည်းဟူသော ခေါင်းစဉ်အောက်`၌ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားလေသည်။ လူမသေသည်ကိုပဲ ကံကြမ္မာကို ကျေးဇူးတင်ရမည်လား… ရှိတာလေးကုန်သွားလို့ ကံကြမ္မာကို အပြစ်တင် ယိုးမယ်ဖွဲ့ရမည်လား သူတို့မဝေခွဲတတ်။
ဝင်းတင် ပြန်လည်ကျန်းမာလာတယ်ဆိုရင်ပဲ .. လယ်ခွင် ကို ပြန်ဆင်းရလေသည်။ တောင်သူလယ်သမားဘ၀ ၊ စာရင်းငှား ဘ၀မှာ ကျွဲနှင့်နွားနှင့် ဖက် ရုန်း ရခြင်း ၊ ပင်ပန်းလွန်းခြင်း ၊ အသားအရေ မွဲခြောက်ပြီး လူမွှေးလူ ရောင်မပြောင်ခြင်း ၊ မြွေ ကိုက်ခံရနိုင်မှု များခြင်း စသော အကြောင်းပြချက်များကို သူတို့ မသိသည်မဟုတ်.. သိ ၏ .. သို့သော် .. သူတို့ လွန်ဆန်၍ မရ .. ဒါကပဲ သူတို့ဘ၀ ဖြစ်လေသည်။
ဒီတော ဒီတောင် ဒီမြေ ဒီယာ မှာ မြွေကိုက် ခံရဖူးလို့ နောက် မလုပ်တော့ဘူး ဆိုပြီး နေလို့မရ .. ကိုက်ခါမှ ကိုက်စေ .. သေလိုလည်း သေပေ ရော့ ကိုယ် လုပ်ကိုင်စားတတ်တာ ကလည်း ဒီတောင်သူလုပ်ငန်းပဲ ရှိတာမဟုတ်လား…။စား ၊၀တ် ၊နေ ဆိုတဲ့ ခေါင်းစဉ်သုံးခုအောက်မှာ အသက်ကိုတောင်ပဓာန မထား နိုင်အား လုပ်ကိုင်စားကြရတဲ့ ကြောမွဲလူတန်းစား ၊တောနေအလုပ်သမား ၊ တောင်သူလယ်သမားများဘ၀ ဆိုသည်မှာ ဘာမှမကောင်းပေ။ ရွေးချယ်စရာလမ်း ကား မှုန်ဝါးလွန်းလှပေသည်။
မြန်မာနိုင်ငံ ရှိလူအများစုမှာ ဆန် ကို သား စားကြပါ၏ ။ ဆန်ကိုသာ အဟာရအဖြစ် သုံးဆောင်မှီဝဲ ကြပါ၏ ။ သို့သော် ဆန်ဘ၀ မရောက်ခင်မှာ ဒီဆန်တစ်စေ့ဖြစ်ဖို့ အတွက် .. နဖူးမှချွေးခြေမ အထိကျအောင် ထွန်ယက် စိုက်ပျိုးပေးသော.. မြွေ ပါး .. ကင်း ပါး .. မကြောက်အားပဲ .. စပါးခင်း ကို ပြုစု ချိန်မှာ ပြုစု ရိတ်သိမ်းချိန်မှာ ရိတ်သိမ်း ပေးကြရရှာသော .. ၀င်းတင် တို့ လို လူတန်းစား ကို ကိုယ်ချင်းစာမိသူ အတော်ကို နဲမည်ထင်ပါသည်။
လောက သဘာဝ အရ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်လာခဲ့ကြသည်။ ကိုယ့် အထက် က လူကိုသာကြည့်ပြီး ကိုယ့်အောက်က လူကို အားမနာ တမ်း၊ တက်နင်းနိုင်မှ နေရာတခု ရနေတဲ့လောကကြီးမှာ .. နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး စသည့် က`ဏ္ဍ ပေါင်းစုံမှာ အဆင့်ဆင့် တဆင့်ပြီးတဆင့် နင်းလာလိုက်ကြတာ ၀င်းတင် လို တောင်သူလယ်သမား ၊ အလုပ်သမား ဘ၀ မှာ အဆင့်ဆင့်နင်း နေကြတဲ့ လူ့အဖွဲ့အစည်းမှာ အောက် ဆုံးမှာနေပြီး လူပေါင်းစုံ ၊ အဆင့်တန်းပေါင်းစုံ နင်းသမျှခံ နေကြရသည့် ဘ၀များ ဖြစ်လေသည်။ မိမိထက် အားကြီးသူ က နင်းလို့ မိမိပြန်နင်းစရာ မိမိအောက်မှာ လူမရှိ .. မကျေနပ်လျှင်နင်းစရာ မိမိအောက်မှာ မြေကြီး သာရှိလေသည်။
ယခုလည်းကြည့်လေ..
ဝင်းတင်တစ်ယောက် .. ကြိမ် ကလေးမြှောက်ပြီး သီချင်းတအေးအေးနဲ့ လယ်ထွန်နေလိုက်ပုံများ …
ဟိုး .. လွန်ခဲ့တဲ့ နှစ်လ လောက် က ဒီလယ်ကွက် မှာ သူ့ ကို မြွေပွေး ကိုက်ခဲ့တယ် ဆိုတာကို မေ့များမေ့နေရော့သလား …
--
Nay Soe Naing
www.naysoenaing.com
4 comments:
ဟီး မြွေကိုက်ခံရတာ သိဘူးဗျ။ ဦးလေးဝင်းတင် တော်တော်ကံ ကောင်းတာပဲ။ ဒေါ်လေးမြလည်း သနားပါတယ်။ အေးဗျာ တောင်သူလယ်သမားဘ၀ ကို ကိုယ်တိုင်မလုပ်ဖူးပေမဲ့ ကိုယ်တိုင်လုပ်နေရသလို ခံစားမိပါကြောင်း။။။။
မေ့တောင်မေ့နေပြီ ဟား၂ တော်သေးတယ် ဆက်ရေးပေးလို့
တကယ့်ဘ၀တွေက နိင်ငံခြားမှာ လုပ်နေတဲ့ သူတွေထက် ပိုပင်ပန်းပါတယ်
ကိုယ့်မြေကိုယ့်ရေမှာ လုပ်ရတာတခုပဲ သာတာပါ။
ဇာတ်လမ်းကတော့ အရှိန်ကောင်းနေပြီ
နောက်အပိုင်းတွေစောင့်ဖတ်နေပါတယ်ဗျာ
ကံကြမ္မာကို ကျေးဇူးတင်ပါတယ်..
သားတွေအတွက်..ပေါ့..
မမေ့ပါဘူး စောင့်နေပါတယ်..း)
Post a Comment