Sunday, November 22, 2009

ဒြပ်တစ်ခု၏ပုံရိပ် ( အပိုင်း ၃ )


 

ကျေးလက်သဘာဝ တနေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရပြီး ညနေ အိမ်ပြန် ၊ ရေ၊ မိုးချိုး ကြ၏။ ထို့နောက် အသက အသက သက်ဆိုင်ရာ အရွယ်အစားအလိုက် မိမိတို့ ခြေစကြ်ာဖြန့်ကြဖို့ လုံးပန်းကြလေသည်။ ဦးကြီးဖြိုးတို့ လူကြီးတွေက အိမ်လည်ပြီး ရေနွေးကြမ်းသောက်ရင်း ရပ်ရေး ရွာရေး ဆွေးနွေးကြသလို ၊ ၀င်းတင်တို့ ငပွ တို့ လို လူပျိုဖြစ်ကာစ ကာလသားတသိုက် ကလည်း ဂေါ်ရေးငင် ကြလေသတည်းပေါ့ဗျာ။ မိမြ တို့ မိဌေးကြည်တို့ မိန်းခလေးတသိုက်ကတော့ ရေအိုးကိုယ်စီရွက်လို့ ရွာဦးကျောင်းဝင်း အတွင်းရှိ ရေကန်မှ ရေကို ခပ်ရန်အတွက် ရေခပ် ဆင်းရင်း ကာလသားတသိုက်ကို ဟန်ရေးတပြပြပေါ့။

 

"ဟေ့ကောင် ဂျာရစ် .. ငါ ဒီနေ့ မိဌေးကြည်ကို ရည်းစားစာပေးမယ်ကွ.."

 

"အေး.."

 

"မင်းအဖော်လိုက် ခဲ့နော် .."

 

"အေး…"

 

"မိဌေးကြည် ငါ့ကို ပြန်ကြိုက်လောက်ပါတယ်နော် …"

 

"အေး …"

 

"မင့် ကြီးတော် ကြီး အေး ပါလား .. ဘာပြောပြော အေး နေတော့တာပဲ .."

 

"မဟုတ်ပါဘူး ငပွရာ … "

 

"ဟုတ်ပါတယ် ကွာ ဘာမဟုတ်တာလဲ ခုပဲ တအေး .. အေး.. နဲ့ လုပ်နေပြီး .."

 

"မဟုတ်ဘူးဆိုတာ .. ဟုတ်တယ်လို့ပြောတာကွာ .."

 

"ဟာကွာ ရှုပ်နေတာပဲ .. မင်းနဲ့ ညနေအဖော်လိုက်ခဲ့ပြီးတာပဲမို့လား.."

 

"အေးပြီးရော"

 

ဝင်းတင် သူငယ်ချင်းများနှင့် ဟေးလားဝါးလား လုပ်နေရသော်လည်း စိတ်မဖြောင့် ၊ စိတ်မပျော် ၊ စိတ်က ကြားခံများစွာကို ဖြတ်ပြီး အိမ်ကို ပြန်ပြန်ရောက်နေ တတ်သည်။ အိမ်ပြန်နောက်ကျရင် ဆော်ပလော် အတီး ခံရတတ်ခြင်း ကြောင့် ၀င်းတင် အိမ်ပြန် နောက်မကျရဲ ။ အိမ် ကို စောစော ပြန်ပါလည်း အိမ်မှာ မိခင်နှင့် မိမိ အပါ အ၀င် နှမငယ် နှစ်ဦးကို မြည်တွန်တောက်တီးနေသော ဖခင်ဖြစ်သူ၏ စကား များကို လည်း မကြားချင်တော့။ သူငယ်ချင်းများနှင့် အချိန် ကုန်နေခြင်း ဟာ သာ စိတ်သက်သာမှု အရှိဆုံးဖြစ်လေသည်။

 

"ဟဲ့ မိမြ "

 

"ဟိုရှေ့မှာ တွေ့ လား ၀င်းတင်နဲ့ ငပွ"

 

"အေးတွေ့သားပဲ ဘာဖြစ်လဲ သူတို့ဖာသာ ရပ်နေတာ ကိုယ့်ရေအိုးကိုကောင်းကောင်း ရွက် ပြီး သွား "

 

"ဒီကောင်တွေ ဘာအကြံရှိလည်းမသိဘူး ..တော့ .. ခါတိုင်းလိုမဟုတ်ဘူး .. အမူအရာပျက်နေတယ်"

 

"အောင်မယ် .. ကောင်မ .. ညည်းကိုက ရွနေတာ .."

 

"မရွပါဘူးမိမြရယ်.. ငါက ၀င်းတင်များနင့်ကို ရည်းစားစကားပြောမလားလို့"

 

"တော်စမ်းဌေးကြည် .. နောက်တခါမစ နဲ့ ငါမကြိုက်ဘူး.. ကြိုက်ချင်နင့်ဖာသာနင်ကြိုက်.."

 

နှစ်ယောက်သား အချင်းချင်း အပြန်အလှန် ပြန်ပက် လာ ကြရင်းနဲ့  ၀င်းတင်နဲ့ ငပွ စောင့်နေတဲ့နေရာနားရောက်ခါနီးတော့ စကားကို အရှိန်ဖြတ်ပြီး ဟန်ကိုယ့်ဖို့ ဆိုတဲ့ ပုံစံနဲ့ အိနြေ္ဒဆယ်လိုက်ကြတယ်။

 

"ဌေး..ဌေး….ဌေး ကြည်"

 

"ဘာလဲ .."

 

"ရေလာခပ်တာလား"

 

"နင်မမြင်ဘူးလား ရေလာခပ်တာပေါ့

အလကားနေ အလားကား လာပွ နေတယ် ဒါကြောင့် နာမည်ကို ကငပွဖြစ်နေတာ.."

 

"ဟာ.. နင်ကလည်းဟာ .."

 

ငပွပါးစပ်ကလည်း ပြောစရာရှိတာကို ပြောနေသလို လက်က လည်း လုပ်စရာရှိတာကို ဆက်လုပ်ပါတယ်။ ဆက်လုပ်တယ်ဆိုရာမှာ ဌေးကြည်ကို ပေးမယ်ဆိုတဲ့ စာကိုရေအိုးထဲကို ပစ်ထည့်ပေးလိုက်ပါတယ်။

ရေအိုးထဲ ကို ထည့်လိုက်လို့ ရေစိုမှာလည်း မပူရပါဘူး ။ အပိုင်ကြံပြီးသားပါ။ စာ ကို ပလပ်စတစ် နဲ့ သေချာပတ် ပြီး မှ ရေအိုးထဲပစ်ချခဲ့တာပါ။

 

နေ့တွေညတွေဟာ သူ့ ပုံမှန် လင်းချိန်လင်း မှောင်ချိန်မှောင် အချိန် အတော် ကြာ အောင် ပြောင်းလဲသွားတယ်ဆိုရင်ပဲ ကြည်ဌေးနဲ့ ငပွ။ နောက် သူတို့ စုံတွဲ ရဲ့ အတွန်းအပင့် ကောင်းမှုကြောင့် ပဲ ၀င်းတင်နဲ့ မိမြလည်း သမီးရည်းစားဘ၀ ကို ရောက်သွားကြပါတယ်။ တယ်မြန်ပါလား လို့တော့ မအောင့် မေ့လိုက်ပါနဲ့ ။ ဒီယုံ မြင်လို့ ဒီခြုံ ထွင်ခဲ့ကြတာပဲ ။ ကျေးလက်နေတောရွာ က လူတွေဟာ ရိုးသားကြတယ် ဟန်ဆောင်မှု ကင်းကြတယ် ။ သူတို့ ချစ်တယ်ပြောတာလဲ စိတ်ရင်း အတိုင်း ၊ မုန်းတယ် ပြောတာလည်း စိတ်ရင်း အတိုင်းပါပဲ။

 

ယောက်ျားလေး မိန်းခလေး တွေ အရွယ်ရောက်လို့ ရင်ခုန်တတ်တဲ့ အရွယ်ကို ရောက်လာတယ်ဆိုရင်ပဲ ရင်ခုန်စရာ ကလည်း ဒီလူပဲ ရှိတာဆိုတော့ အများစုက တော့ ငယ်သူငယ်ချင်းတွေ အချင်းချင်း ချစ်ကြိုက်ကုန်တတ်ကြတာပါပဲ။

 

ဝင်းတင်တို့ လူစုလည်း ဆရာတော်ကျောင်း က ထွက်ပြီး ကတည်း က အခု ရည်းစား ရမှပဲ ဆရာတော်ကျောင်းကို မကြာခဏဆိုသလိုရောက်ဖြစ်နေတယ်။ အကြောင်းက တော့ မိဌေးကြည်တို့ အိမ်က ဆရာတော် ကျောင်းနဲ့ စည်းရိုးသာ ခြားတာ က တကြောင်း ၊ နောက်တကြောင်း က တော့ ဆွမ်းကွမ်း နဲ့ စားစရာ ပေါများလှတဲ့ ဆရာတော် ရဲ့ ကပ္ပိယ ကြီး နဲ့ လေပေးတည့် တာကတကြောင်းပါ။ စားဖို့ရော ၊ ရည်းစား အတွက် ပါ မပူရတော့ ကျောင်မှာ စားတဲ ချတာများပါတယ်။

 

"ဟဲ့ .. င၀င်းတင် နဲ့ ငပွ.."

 

ကပ္ပိယ ကြီးခေါ်သံကြောင့် အသံလာရာ ဆီသို့ မျက်နှာကို ပြိုင်တူလှည့်လိုက်သောလူငယ်နှစ်ဦး ၊ ထို့နောက် ကပ္ပိယ ကြီး ပါးစပ်လှုပ်လိုက်တယ်…

 

"မင်း တို့ ရည်းစားတွေနဲ့တွေ့ရင် ဘာတွေလုပ်ကြလဲကွ.."

 

"ဟာ .. ကပ္ပိယ ကြီး ကလည်း ဘာလို့ပြောရမလဲ ဗျ … ကိုယ်သိချင် ကိုယ့်ဖာသာ ရည်းစားထားကြည့်ပါလား …"

 

"အောင်မာ .. လူများ ရည်းစား မရှိလို့ ကပ္ပိယ လုပ်နေတယ် မထင်နဲ့ ဆရာတော် သံယောဇဉ်နဲ့မို့ နေနေတာကွ .. ရည်းစား ထား ချင်အလွယ် ကလေး ..

ဒါပေမယ့် မင်းတို့ လိုတော့ မထားချင်ပေါင်ကွာ ပျင်းစရာကြီး .."

 

"ဘာဗျ .. " "ပျင်းစရာကြီး ဟုတ်လား "

 

"အေး .."

 

"လင်း စမ်းပါဦးဗျ…"

 

"ဒီလိုကောင်လေးတွေရ .. ရည်းစားဘ၀မှာ … စိတ်ဆိုး ..ချော့ ဆိုတာတွေက ရိုးသလိုလိုနဲ့ ဆန်းနေတာ ကွ.. ။ ကောင်မလေးတွေလည်း ပျော် .. ကိုယ်လည်းပျော်အောင် စပေးနောက်ပေးရတယ်ကွ.. "

 

"ဘယ်လိုလုပ်ရမှာလဲဗျ…"

 

"ငါပြောပြမယ်….

……..

……..

……."

 

ကပ္ပိယ ကြီး ရဲ့ အကြံအတိုင်း ၀င်းတင်တို့ လှုပ်ရှားနေကြ၏။ ရွာမှ အသက်လည်း ကြီး သေခါနီး လည်း ဖြစ်သော ဒေါ်ဖွားအုံ က သူမသေခင် သူ့ ဆံပင်ကို ကျောင်းမှာ လှူထားသည်။ ဘုရားတည်ဖြစ်တဲ့အချိန်မှာ ဌာပနာပေးဖို့။ ဒီဆံပင်ကြီးကို သူတို့ ဆရာတော်မသိအောင် ခိုးသည်။ ထို့နောက် ငပွက သင်္ကန်း အစုတ် တစ်ထည်ကို ရအောင်ရှာ .. ပြီး သင်္ကန်းကို မည်းနက်နေအောင် ရေနွေးအိုး ၊ အင်းအိုးများမှာ ကပ်နေသောအိုးမဲများ ကိုရေဖျော်ပြီး ပွတ်တိုက် နေ၏။

 

"ဟေ့ ဂျာရစ်..

အဆင်ပြေလား ကွ"

 

"အေး ပြေတယ် .. ဆရာတော် ကျိန်းနေတုန်း ယူလာခဲ့တယ် .. ဒီမှာကွ.." ဟု ပြောပြည်း ပုဆိုးကြားမှာလိပ်ယူလာသော ဆံပင်များ ..

 

"မင်းရော သုတ်ပြီးပြီလား"

 

"အေး ဒီမှာကြည့်

သင်္ကန်းတစ်ထည်လုံးမှာ မည်းနက်လို့.. "

 

ညနေမှောင်ရီပျိုးတာနဲ့ သူတို့ ရဲ့ မဟာ လုပ်ငန်း အစီအစဉ်ကြီးကို စပါတော့တယ်။ မည်းနက်နေတဲ့ သင်္ကန်းအနက် ကြီး ကို ငပွ ခြုံလိုက်ပါတယ် ။ နောက် မျက်လုံးနေရာကို မြင်ရအောင် အပေါက်ဖောက်လိုက်ပါတယ်။ ပြီးတော့ မျက်လုံးနေရာမှာ ဧရာမ ( အလွန်ကြီးမားသော) ၀လုံးကြီးနှစ်လုံးကို ထုံးနဲ့ ၀ိုင်းလိုက်ပါတယ်။ ထုံးကတော့ ဆရာတော်အတွက် ကွမ်းယာတဲ့ ထုံးပေါ့ဗျာ။ တစ်ကိုယ်လုံးမဲနက်နေတဲ့ နေရာမှာ မျက်စိ နေရကပဲ ဖြူဖြူဝိုင်း ကြီး နှစ်ခု ဖြစ်နေတာ ဗျာ ကိုယ်တောင် ကြည့်နေရင်းနဲ့ ကြက်သီးမွှေးညှင်းထမိပါရဲ့။

 

နောက်တော့ ဆရာတော်မသိအောင် ယူထားတဲ့ ဆံပင် အရှည်အထွေးကြီးကို ငပွ ခေါင်း ပေါ်ကို တင်ပေးလိုက်ပါတယ်။ တကယ်ပါဗျာ ။ မကောင်းဆိုးဝါး မှ တကယ့် မကောင်းဆိုးဝါး ရုပ်ပါပဲ။

 

ဆံပင်ကြီး ဖားလျား ချပြီး ထားတဲ့ တစ်ကိုယ်လုံးမဲနေသော မျက်ပြူး တစ္ဆေ ကြီးပေါ့။ ကောင်မလေးတွေ မပြောနဲ့ ကပ္ပိယ နဲ့ ၀င်းတင် တဖြစ်လဲ ဂျာရစ် တောင် ငပွကို သေချာမကြည်ဘူး။ စကားပြောရင် မျက်နှာလွှဲပြောတယ်။

 

"ဌေးကြည် ကိုမင်း ချိန်းခဲ့တာ သေချာတယ်နော် ငပွ"

 

"သေချာပါတယ်ကွ .. လာမှာပါ .. စိတ်ရှည်စမ်းပါ.."

 

ဝင်းတင်လည်း ခြင်ကိုက် တာကို စိတ်ပြေလက်ပျောက်ဖြစ်အောင် သီချင်း တစ်ပုဒ်ကို ညည်းနေလိုက်တယ်။

ခဏကြာတော့

 

"ဟေ့.. ဂျာရစ် .. လာကြပြီကွ. . သူ့ညီမလေးနဲ့ နှစ်ယောက် ကွ.."

 

"အေး အေး သစ်ပင်ကို ကွယ်နေ ကွယ်နေ…"


ဌေးကြည် လည်း ညနေက ချိန်းထားတာဆိုတော့ ရည်းစား ဖြစ်သူ ငပွကို လိုက်ရှာတာပေါ့ ။ လက်ထဲမှာလဲ မီးပုံး ကလေးနဲ့ ။ မီးပုံးး ဆိုတာကလည်း ဘာမှသိပ်မြင်ရတာမှမဟုတ်တာ ..မီးပုံးကိုင်ပြီးသွားတဲ့သူဆို ပိုမမြင်ရဘူးလေ။  မီးပုံးကိုင်ထားသူက ရှေ့ကို အနည်းငယ် လှမ်းမြင်ရပေမဲ့ မီးပုံး အရိပ် ပြန်ကွယ်တာကြောင့် အနီးကပ်မှာမမြင်ရဘူးလေ။

 

ဒီလိုနဲ့ ညီမနှစ်ယောက် ငပွ တို့ ပုန်းနေတဲ့ သစ်ပင် အောက် က ဖြတ် အလျှောက် ငပွ ပါးစပ်မှ ..

 

"ဟေ့… ဟေ့.. "

 

ဆိုပြီး အသံပြု ပြီး ခြေ ကား ယား လက်ကား ယား လုပ်ပြပါတယ်။ ဒါကို ကောင်မလေးနှစ်ယောက်က သေချာမမြင်သေးပါဘူး .. ဒါကြောင့် ဘယ်သူလဲ ဆိုတဲ့ မေးသံနဲ့ အတူ မီးပုံးကို မြှောက်အကြည့် .. ပတ်ဝန်းကျင်တခုလုံး .. တိတ်ဆိတ်သွားတယ်..

 

နောက် မှ .. အမေ့ .. ဆိုပြီး … အသံကုန်အောင် အော် ပြီး ကောင်မလေး နှစ်ယောက် ပျော့ခွေကျသွားတယ်။ ကောင်မလေးတွေအော်သံကြောင့် သူ့ တို့ အဖေ အပါအ၀င် လူကြီး တွေ ထွက် လာတော့ ၀င်းတင်နဲ့ ငပွ တို့ ဟာ နောက်ကျခြေထောက် သစ္စာဖောက် ဆိုပြီး ကပ္ပိယ ကြီး ဆီကို တန်းပြေးကြတော့တာပါပဲ။ ကျောင်းဝင်း အတွင်း ကနေ ဟိုဖက် က အိမ်ကို အခြေအနေကြည့်တော့ ကောင်မလေးနှစ်ယောက် က မေ့နေတယ် ။ သေများသွားရင်တော့ ဒုက္ခဆိုပြီး ကပ္ပိယ လည်း လန့်နေလေရဲ့ သူ့ ပရောဂ လည်း မကင်းဘူးမဟုတ်လား ။ ဟိုဖက်အိမ်မှာတော့ ပရောဂ ဆရာတွေရောက် နေလေရဲ့။

 

မြှောက်ပေးတဲ့ ကပ္ပိယ ကြီး အပါအ၀င် သူတို့နှစ်ယောက် ဟာ ဒီအကြောင်း ကို စကား စပ်မိလို့တောင် မပြောကြပါဘူး။ ဌေးကြည်တို့ အဖေ ပါးစပ်ကလည်း မကောင်းဆိုးဝါး မမြင်ရလို့သာကွာ လူသာဆို ငါသတ်မယ် ဆိုတဲ့ စကား ကို ပါးစပ်ဖျားက မချဘဲကိုးဗျ။

 

ဆက်လက်ဖော်ပြပါမည်...


လေးစားစွာဖြင့်

နေစိုးနိုင်



6 comments:

flowerpoem said...

ဟား ၂ ရီရတယ် ကျေးလက် သဘာဝကိုး ကိုနေစိုးနိုင်ရယ် ပျော်စရာတော့ကောင်းမယ်နော်...

မြစ်ကျိုးအင်း said...

၁ ၂ ၃ လုံး အပြီးဖတ်သွားတယ်

တကယ့်ကျေလက်က အတိုင်းမြင်ယောင်မိပါတယ်

ကျနော်တို့ ရွာတွေဘက် သွားလည်ရင်လည်း အဲဒီလိုပါပဲ
တယောက်နဲ့တယောက် စကြနောက်ကြတာ သိပ်ပျော် ဖို့ကောင်းတယ်။

နောက်ထပ်အပိုင်းတွေ မျှော်နေမယ်ဗျ။
လင့်ပါယူသွားပါတယ်။

နှင်းနဲ့မာယာ said...

ဇာတ်ရှိန်တက်လာပီ...
ရီလဲရီရတယ်
မြန်မြန်ဆက်ရေးပါ...
နှင်း

ကောင်းကင်ပြာ said...

အဲ ကောင်မလေးတွေ တခုခု ဖြစ်ရင်တော့ ဒုခ တော့...
မြန်မြန်ရေးးးပါ...

Beauty Studio USA Branded Store said...

မျှော်နေမယ် ကိုနေစိုးနိုင်ရေ။ အရေးကောင်းတယ်ဗျာ။ တောဓလေ့ ဘာသာဘာဝဇာတ်လမ်းလေးဗျာ။

leomark said...

ဟားဟား...ဟား...
မိုက်တယ်ဗျို့။။
" ယောက်ျားလေး မိန်းခလေး တွေ အရွယ်ရောက်လို့ ရင်ခုန်တတ်တဲ့ အရွယ်ကို ရောက်လာတယ်ဆိုရင်ပဲ ရင်ခုန်စရာ ကလည်း ဒီလူပဲ ရှိတာဆိုတော့ အများစုက တော့ ငယ်သူငယ်ချင်းတွေ အချင်းချင်း ချစ်ကြိုက်ကုန်တတ်ကြတာပါပဲ။" ဆိုတာက ယျေဘူရ ဆန်တယ်နော်။ မှန်လည်း မှန်ပါတယ်လေ...နီးစပ်မူ့သဘောနဲ့တူတယ်နော်။
အရေးအသားတတ်လာပါတယ်...အပိုင်း ၄ ကို မျှော်နေမည်။