Tuesday, November 24, 2009

ဒြပ်တစ်ခု၏ပုံရိပ် ( အပိုင်း ၄ )

အတားအဆီး တံတိုင်းကြီးတွေဖြစ်တဲ့ ငွေတို့ ၊ ဂုဏ်တို့ ၊ ပကာသန တို့ ဆိုတဲ့ အရာတွေဟာ လူငယ်တွေ ရဲ့ ရင်ထဲက အချစ်ဆိုတဲ့ ရေလှိုင်းလုံးအောက် မှာ စုန်းစုန်း မြှုပ်နေကြရတဲ့ အရာတွေပါ။ အခုလည်း ကြည့် ငွေဂုဏ် ၊ ဆွေဂုဏ် မောက်နေတဲ့ အသိုင်း အ၀ိုင်း ထဲက မိမြ ဆိုတဲ့ ကလေးမ နဲ့ အရက် ၊ လောင်းကစား ၊ ၀မ်းစာရေး ဆိုတဲ့ အသံတွေညံနေတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ၀င်းတင် ခေါ် ဂျာရစ် ဘယ်လိုဖြစ်လို့ ချစ်သူတွေဖြစ်သွားကြတာလဲ ။ ဇာတ်ဆရာ ရယ် .. ဇာတ်နာအောင်များ တမင် စေစားလေရော့သလား။ အဖြေက ရှင်းပြီးသားပါ။ မိမြတို့ အသိုင်း အ၀ိုင်း က လုံးဝ သဘောမတူနိုင်ဘူး။ အကြောင်းပြချက်က ရှင်း ပါတယ်။ မျိုးရိုး မကောင်းလို့ ။ အဖေ လုပ်သူက လောင်း ကစား သမား ၊ အရက်သမား ၊ ဘ၀ ရှေ့ရေး မသေချာ ။ နောက် က မိသားစုဝင်တွေက ရှိသေး။ အဖေလုပ်သူရဲ့ စရိုက်ဆိုး သားဆီပါမှာ သေချာသလောက်ပဲ စတဲ့ အကြောင်းပြချက် ပေါင်းစုံကို ကောက်ချက်ချလိုက်တော့ ။ ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင် ။

"မမြ .. နင်နဲ့ငါ့ကို နင့်အိမ် က သဘောမတူဘူးဆို"
"အင်း ..ဟုတ်တယ်တော့ .. တော် နဲ့ ကျုပ်ကို သဘောမတူဘူးတဲ့ .. တော့်အဖေ က အရက်သမား ၊ လောင်းကစား သမား မို့တဲ့ .."
"ဟာ.. ကွာ .. နောက်တခါ ငါ့အဖေကို အဲလို မပြောနဲ့ ငါ .. မကြိုက်ဘူး…"
"ငါ ကတော့ နင့်ကို လက်ထပ်ချင်တယ်.."
"နင့်ဖာသာ နင်ဆုံးဖြတ်ပါ .. နင့် မိဘ သဘော ကိုလိုက်မလား ။ ငါ့ နောက်ကိုပဲ လိုက်မလားဆိုတာကို .."
"နင်လည်း သိပြီးသားပဲ ငါ့ ဘ၀ ၊ ငါ့ ရဲ့ အခြေအနေ ကို .. ငါ့ နောက် လိုက် ရင်တော့ နင် ဆင်းရဲမှာပဲ .. နင်ဆုံးဖြတ်ပါ.."

ချစ်သူနှစ်ဦး ချိန်းတွေ့ နေရချိန်ကလေးမှာ အများနည်းတူ တီတီတာတာ စကား မပြောနိုင်ကြ ။ မရေရာ တဲ့ ဘ၀ ခရီး ကို စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်တော့ ကြမ်းလိုက်တဲ့စုတ်ချက် ။ တစ်ချက်ကလေးမှ ပြေပြေပျစ်ပျစ် မရှိလှပါလား ။ ဒါပေမဲ့ ဒါဟာ အမှန်တရား တစ်ခုပဲ ဆိုတာ ကို ချစ်သူနှစ်ဦးစလုံး သိနေကြလေတော့ သက်ပြင်း ကိုယ်စီ ချရုံ မှတပါး အခြား မရှိတော့ပေ။ရှေ့ရေးကို တွေးကြည့်လိုက်ရင် အဖြေက မှုန်ဝါးဝါး ။ မရေ မရာ မသေမချာ ကြီး ပါ ။ ဒါပေမယ့် သေချာတာကတော့ ကြမ်းတမ်းမယ်ဆိုတာပါပဲ။

"မိမြ"
"ရှင်"
"ညည်း အခု ဘယ်က ပြန်လာတာလဲ"
"ဌေးကြည်တို့ အိမ်ဖက် က ပြန်လာတာပါ အမေ"
"ဘာသွားလုပ်တာလဲ .. အေ.. ရယ်"
"သွားလည်တာပါ အမေ"
"အေး .. ငါ မသိဘူး ဆိုပြီး ငါ့ ကို လိမ်ရင် နင် နာမယ်နော် "..
"နင်ခြေလှမ်းပျက်နေတာ ငါသိတယ်။ အိမ်မှာ ထိုင်နေလို့ နင့် အကြောင်း ဘာမှမသိဘူးမထင်နဲ့ .. နင် ဟို ကောင် ၀င်းတင် ဆိုတဲ့ အရက် သမား သား နဲ့ ကြိုက်နေတယ်ဆို.."
….

"အေး ညည်းမပြောလည်း ငါကတော့ ပြောစရာ ရှိတာ ကို ပြောရမှာပဲ
ရပ်တန်းကရပ်
လုံးဝသဘောမတူဘူး "
ဘမျိုး ဘိုးတူ ဆိုတာ အလကား ပြောထား တာမဟုတ်ဘူးနော်
အနေအထိုင်ဆင်ခြင် စမ်း … ငါ နောက်ထပ် ဘာမှ မကြားချင်ဘူး.. နင့် အဖေသိရင် နင်အသတ်ခံရမှာနော်…"

တဖက် က ချစ်ရသူ ၊ တဖက် က မိဘ အသိုင်း အ၀ိုင်း ဒီလွန်ဆွဲပွဲကို ရှေးတုန်း က မိန်းခလေးတွေရော ၊ ယခု ခေတ်မိန်းခလေးတွေရော ၊ နောင် ခေတ်မိန်းခလေးတွေပါ ရင် ဆိုင်ရကြရသော ၊ ရင်ဆိုင်ရမည်ဖြစ်သော ဘုံပြဿနာ ဖြစ်လေသည်။ သို့သော်လည်း ဒီပြဿနာ ကို နဖူးတွေ့ဒူးတွေ့တွေ့ ရသော မိန်းခလေးများအတွက် မှာမူ ဆုံးဖြတ်ရ ခက်လိုက် သည့်ဖြစ်ချင်း။

"ဌေးကြည"်
"နင် ငပွက နေတဆင့် ကိုဝင်းတင် ကို ပြောပေးပါ။ ငါ့ ကို လာခိုးပါလို့ "
"ဟဲ့… မိမြ.. နင်ဆုံးဖြတ်ပြီးပြီလား .."
"အေး… ငါ့မိဘက ဘယ်လိုမှမှ သဘောမတူတာ .. ဒီတစ်နည်းပဲ ရှိတော့တယ်လေ… နင်ပြောပေးနော်.".
"မိမြ… နင်နဲ့ ဂျာရစ် နဲ့ … ဟို ..လို .. များ ဖြစ်ထားကြသလား"
"ဘာလဲဟ"
"ဟိုလေ.. ကျူး ကျူး.. လွန် .."
"တော် စမ်းပါဟာ .. ငါတို့ က အခုချိန်ထိ သန့်ရှင်းကြပါသေးတယ်"
"ငါ သူ့နောက်ကို လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာ က ငါ့ မိဘရဲ့ စိတ်ဓာတ် ကိုကောင်းကောင်းသိထားတာရယ်… ငါ သူနဲ့ လက်ထပ် ဖို့ ဆုံးဖြတ် ထား တာရယ်ကြောင့်ပဲ …"

"နင်ပြောမှာသာပြောလိုက်ပါဟယ်.."
"အေးအေး ငါပြောလိုက်ပါ့မယ်.."

ချစ်သူနှင့် မိဘကြားမှာ မိမြတစ်ယောက် ဗျာများနေရသလို ။ ၀င်းတင်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ ငပွ ၊ ဌေးမောင် တို့နှင့် တိုင်ပင်ရလေပြီ။ ဘယ်သို့ ဘယ်ပုံ မိန်းမခိုးမည်ပေါ့။
"ဟေ့ .. ဂျာရစ်"
"အင်း .. ပြော"
"မင်း .. မိန်းမခိုးတာ တော့ ဟုတ်ပါပြီ"
"ဘယ်ခိုးသွားမှာလဲ …"
"ငါ့ ဦးကြီး ရှိတဲ့ ရွာကို ခိုးသွားမယ်ကွာ"
"ပြီးရင် မင်းတို့ ဘာလုပ်စား ကြမှာလဲ .."
"ဟာ .. ဌေးမောင်ရာ .. မင်းက လည်း တမှောင့် ကွာ ..
အခု ငါတို့ ဘာလုပ်စားနေကြလဲ .. စာရင်းငှား ( အလုပ်သမား ) ပေါ့ကွာ .. တခြား ကိုယ်မှဘာမှမလုပ်တတ်တာဘဲကွာ။"
"အေး .. နော"်
"မပူပါနဲ့ ကွာ ငါသူများ သမီးကို ယူပြီး ထမင်းတော့ နပ်မှန်အောင် ကျွေးနိုင်မှာပါ။"
"အေးကွာ မင်း လုပ်ကျွေးနိုင်လို့ မင်းယူတာပဲ ကောင်းပါတယ်.".
"ဟေ့ကောင်ဂျာရစ် .."
"ဘာလဲကွ"
"ငါတို့ သူငယ်ချင်း ၃ ယောက်ထဲမှာ မင်း က ရည်းစား နောက်ဆုံးရပြီး အိမ်ထောင်ပြုတော့ အရင်ကွနော် ..
တော်တော်လက်သွက်တဲ့ကောင်.."
"မင့်ကြီးတော်ကြီးလက်သွက် .. ယောက္ခမ ကြီးတွေ က သဘောမတူလို့ မဝေးရအောင် ယူထားရတာကွ.. ငါ့ စိတ်ကူး အရ ဆိုရင်တော့ ပိုက်ဆံလေးဘာလေး စုပြီးမှ ယူမလားလို့ပါ။ ဒါပေမယ့် … ပိုက်ဆံစုဖို့ဆိုတာကလည်းကွာ .. ဟူး…. မလွယ်ပါဘူး"

သူငယ်ချင်းတစု တိုင်ပင်ပြီး ချစ်သူနဲ့ မဝေးဖို့ ချစ်သူကို ခိုးဖြစ်ခဲ့ကြပါတော့တယ်။ ရင်ခုန်တာတော့ပြောမနေနဲ့တော့ဗျာ ။ ဘာလိုလိုကြီးပါ။ မပြောတတ်တော့ပါဘူး။ သူတို့ လူငယ်တွေက လည်း စိတ် အလိုလိုက်ပြီး လုပ် ချင်တာကို လုပ်ခဲ့ကြတယ်ဆိုရင်ပဲ .. လူကြီးတွေကလည်း ဒေါသ တွေပွား ရှေ့မထားသင့်တာတွေ ရှေ့ထား ကြတော့တာပေါ့။

မိမြ ရဲ့ မိဘတွေဆီက လွှင့်လိုက်တဲ့ သတင်းက …
သေခန်းပြတ် .. အိမ်အရိပ်ကိုတောင် မနင်းနဲ့ တဲ့ ..
ဂျာရစ် ခေါ် ၀င်းတင် တို့ မိဘတွေကတော့…
ကိုယ့်ဇာတ်ကို နိုင်အောင်က နိုင်ရင်ပြီးတာပဲ တဲ့ … ကိုယ်စတဲ့ ဇာတ်လမ်း ကိုယ်ဖာသာရှင်း .. ဆိုပဲ…

လောလောဆယ် နေစရာ မရှိဖြစ်နေသေးတာကို တော့ ၀င်းတင်တို့ အဖေ အိမ် မှာ ခဏနေကြတဲ့ ။ နောက် တအိုးတအိမ် ခွဲနိုင်တဲ့ အခါမှ ခွဲကြပေါ့။ ဒီလိုနဲ့ပဲ မိမြလည်း ၀င်းတင်တို့ ရဲ့ မိသားစု အတွင်း ကို ရောက်သွားပါတော့တယ်။
ဝင်းတင် ကလည်း အိမ်ထောင်မကျခင်ကတည်း က တောင်သူ တွေအိမ်မှာ စာရင်း ငှား လုပ် ခဲ့တာဆိုတော့ ၊ အိမ်ထောင်ကျတော့လည်း ဒီလက်ငုပ် အလုပ် ကိုပဲ လုပ်ရတာပေါ့။ မိမြက တော့ ယေက်ျား မျက်နှာ တစ်ရွာထင်ပြီး ယောက္ခမ အိမ် ပေါ်ရောက်လာခဲ့ပါပြီ။

မနက်မိုးလင်းတာနဲ့ တောင်သူခွင်ဝင်ဖို့ ဘကြီးဖြိုးရှိရာ ၀င်းတင်ထွက်သွားပြီဆိုရင် ပဲ … အိမ်မှု ကိစ္စ တွေကို ယောက္ခမ နဲ့ အတူ ၀ိုင်း ကူလုပ်ရသူက မိမြပါ။ ၀င်းတင်ရဲ့ ညီမ နှစ်ယောက် ရှိသော်လည်း အရွယ်မရောက် ကြသေးတော့ ဆရာတော်ကျောင်းမှာပဲ စာသင် ၊ စာအံတဲ့ အရွယ်။ ယောက္ခမတွေက မိမြကို ချစ်ကြပါတယ်။

"ဟဲ့ .. ညိုရင် .."
"တော်.".
"ငါ့ အရက် ပုလင်း ယူခဲ့စမ်း .."
ဝင်းတင်ရဲ့ ဖခင်ဖြစ်သူမှ အရက်ပုလင်းတောင်းနေခြင်းပါ။ ဒီအချိန်မှာ ၀င်းတင် အမေ ဒေါ်ညိုရင် နဲ့ မိမြတို့ မီးဖိုချောင်ထဲမှာ ထမင်းချက်နေကြချိန်ပေါ့။ ဒါကြောင့် မိမြက လူငယ်ပီပီ သွက်သွက်လက်လက် နဲ့ အရက်ပုလင်းကို ယူပြီး ယောက္ခမ ဦးထွန်းရှေ့သွားအချ။

ညိုရင်………..
ဆိုပြီး ဦးထွန်း အော်ပါတယ်။ လှမ်းနေတဲ့ မိမြရဲ့ ခြေလှမ်းတွေလည်း ရောက်တဲ့နေရာမှာ တုန့်ခနဲရပ်နေပြီး ရှေ့ဆက်မလှမ်းဝံ့ ၊ လက်ထဲမှ အရက် ပုလင်းက လည်း ကြောက်စိတ်နဲ့ တိုက် ရိုက် အချိုးကျပြီး တုန်နေလေရဲ့။
လာပြီ… ဆိုတဲ့ အသံနဲ့အတူ ဒေါ်ညိုရင် မီးဖိုချောင်ထဲကနေအပြေးထွက်လာပါတယ်။
ယောက်ျားဖြစ်သူရှေ့ရောက်ရင်ပဲ .. ဦးထွန်း စကား စပါတယ်…
"ဒီမှာ ညိုရင် .. နင်မသေမချင်းမှတ်ထား .. ငါ အရက် ကြိုက်လို့ .. အရက်သောက်တယ်.. သူများ အရက် မသောက်ချင်လို့ ..ကိုယ့်အိမ်မှာ ကိုယ် ချက်သောက်တယ်။ နင် က ငါ့မိန်းမဖြစ်တဲ့ အတွက် ငါ့ ဝေယျာဝစ္စကို နင်လုပ်ပေးရတယ်။ ဒါသဘာဝကျတယ်။
နောက်တခါ မိမြ ကို အရက် ချက်ခိုင်းတာတို့ ၊ ငါ့ အတွက် အရက်ပုလင်း ချခိုင်း တာတို့ မလုပ်ခိုင်းနဲ့ ..
နင်မသေမချင်းမှတ်ထား …
ကြား လား .."
"ဟုတ် .. "
ယောက္ခမဖြစ်သူ အရက်သမား ကြီး ၏ စကား ကြောင့် ၊ မိမိပေါ်မှာ ယောက္ခမ အရက် သမား ကြီး စေတနာ ထားပုံကို တွေ့ရတော့ မိမြ ကျေနပ်မိပါရဲ့ ။ အရင် က အရက်သောက်တတ်တာကြီးကို မကြိုက်ပါ။ သို့သော် မိမိခင်ပွန်၏ ဖခင်ဖြစ်နေသည့်အတွက် မပြောဝံ့၍မပြော ခြင်းပါ။ သို့သော် ယခု ကဲ့သို့ မိမိအပေါ် စိတ်ကောင်းထားပေးမှန်းသိရသည့်အတွက် မိမြ ကြည်နူးမိပါသည်။

ဆက်လက်ဖော်ပြပါမည်
လေးစားစွာဖြင့်
နေစိုးနိုင်

4 comments:

leomark said...

ဇာတ်ရှိန်ကျသွားပေမဲ့ စိတ်ဝင်စားဖို့ ပိုကောင်းလားတယ်။ တချို့နေရာတွေမှာ စာရေးသူ ပြောသံလေးတွေပါလာတယ်နော်။ ကိုဝင်တင် အသံနဲ့ ပြောတာ မဟုတ်ဘူးလို့ ခံစားရပါတယ်။
အပိုင်း ၅ ကို မျှော်နေမည်။

flowerpoem said...

ဆက်ရန်ကို မျှော်နေပါတယ်

ကောင်းကင်ပြာ said...

တို့လဲ စောင့်နေပါတယ်....

ရေတမာ said...

ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးသယ်