ကျောင်းသားဘ၀ပြီးဆုံးသွားလို့စာရင်းငှား(အလုပ်သမား)ဖြစ်လာရတဲ့ဘ၀မှာလည်း ၀င်းတင်ဟာ ဘ၀ကို ကြိုးစားပြီးပျော်ရွှင်အောင်နေခဲ့ရတာပါပဲ အလုပ်ဝင်စက လုပ်အားခလေးရလျှင် မောဓောမြင်သာ ဘုရားပွဲရောက်ရင်တော့(ဦးအောင်ဇေယျ တည်သောဘုရား) အပေါင်းအဖော်တသိုက် နဲ့ ပျော်လိုက် မဟဲ့ ဆိုပြီး အားတင်းထားခဲ့သမျှဟာ သူ အလုပ်မပြီးခင် ကတည်းက အိမ်က ကြိုငွေထုတ်သုံးထားသည်မှာ ကုန်ပြီဖြစ်ကြောင်းသိလိုက်ရချိန် ၀င်းတင် စိတ်ဓာတ် ကျမိရပြန်ပြီပေါ့။ သို့သော်လည်း သူနှင့်ဘ၀တူ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ငပွ ကိုပြောပြတော့ ။ ကိုယ့်ဘ၀ နဲ့ သူ့ဘ၀ ဘာမှမကွာခြား တစ်ယောက် ကို တစ်ယောက် အားပေးနေကြပုံများ အရက်မူးသမားနှစ်ယောက် မလဲအောင် အပြန်လှန်ဖေးမနေသလိုပါပဲ။ ဘေးက ကြည့်တဲ့သူအတွက် တော့ ရယ်စရာ ယိုင်နဲ့နဲ့ ပေါ့ဗျာ ။ ဒါပေမယ့် သူတို့စွမ်းသလောက်လုပ်နေကြတာပါ။
ငပွ …
ဟေ ..
ငါစိတ်ညစ်တယ်ကွာ .. ငါ့ လုပ်အားခ က မကျန်တော့ဘူးပြောတယ်ကွ… အခု ဦးသိန်းတို့ အိမ်မှာ အလုပ်လုပ်ပေးနေရ တာ က စိတ်ထဲမှာ အလကား လုပ်ပေးနေရသလို ခံစားရသကွာ ..
ဟ… ဂျာရစ် ရ မင်း ကတော်သေးတယ် မောင် .. ငါ အိမ်က ဆိုရင် နောက်တလင်းပေါ် (စပါးသိမ်းတဲ့ရာသီ) အတွက် ပါ ကြိုငွေယူထားသတဲ့ကွ ..
စိတ်မညစ်ပါနဲ့သူငယ်ချင်းရာ .. ငါတို့ အလုပ်သမားဘ၀ ဆိုတာ ဒီလို အကြွေးတွေနဲ့ပဲ လည်ပတ်နေရတာပါ။ ဒါကြောင့်ပဲ လယ်ရှင်၊ ယာရှင်တွေက လိုလိုလား လား ငွေထုတ်ချေးတာပေါ့။ ငါတို့လို အလုပ်သမားတွေက ပိုက်ဆံဆင်းရဲပေမယ့် စိတ်ဓာတ်အောက်တန်းမကျဘူးကွ။ သူများအကြွေး ချွေးနဲ့ ကျွန်ခံဆပ်တတ်တဲ့ လူစားတွေပါကွာ ။ ဒီစိတ်တွေကို သိလို့လည်း ငါတို့ မှာ ဘာစာချုပ်မှမပါဘဲ ကြိုပေးငွေ ယူရတာပေါ့ .. ကွ .. ဟုတ်ဘူးလား..
အေး .. မင်းပြောသလို တွက်ကြည့်တော့ ဟုတ်သားပဲကွ.. ကိုယ်ဆိုးလှမှတ်နေတာ .. သူများလည်း .. ကိုယ့်လိုပဲကိုးကွ..
အင်း .. လူဆိုတာ က လည်း ကိုယ်ရင်ဆိုင်ရတဲ့ ဒုက္ခကိုမှ အကြီးဆုံးဒုက္ခ လို့ ထင်တတ်တာက လား …
"ဒါနဲ့ စကားမစပ် ဟိုကောင် ဌေးမောင် ရော ပန်းရံ သင်မယ်ဆို ရွာက ထွက်သွားတာ တော် တော် ကြာပြီ ဘာသတင်းများကြားသေးတုံးကွ"
"မကြားမိပါဘူးကွာ .. ဒီကောင်အကြောင်းလဲ မင်း သိသားနဲ့ နေမိစွတ်လွတ် .. ထိုင်မိစွတ်လွတ် .. အားကြီးနေချင်တဲ့ကောင်မို့လား .. မင့်လူ ခုဆိုပျော် နေရာ ပေါ့ကွ"
"ဂျာရစ် .. မင်း မိမြ ကို ကြိုက်နေတာဆို"
"ဟာ .. မင်းကလည်း စကားကို ဟိုရောက်၊ ဒီရောက်နဲ့ကွာ.. မင့် ကို ဘယ်သူပြောသတုံး.."
"လုပ်မနေနဲ့ ကိုယ့်လူ ငါရိပ်မိနေတာ ကြာပြီ.. မင်း မိမြ ကို ကြိုက်နေတာ.."
ဟဲ .. ဟဲ..
( ၀င်းတင်ထံမှ ဟဲ .. ဟဲ ဆို သည့် အဓိပ္ပါယ် ဖော်လို့ မရတဲ့ အသံ နှစ်ခု အပြင် ဘာသံမျှ မကြားရ .. မျက်နှာကြီးကတော့ စပ်ဖြဲဖြဲ ကြီး )
ငပွ ပြောသွားမှ ပဲ မိမြ အကြောင်း ကို ၀င်းတင် ပြန်တွေးမိတယ်..
သူမက ၀င်းတင်တို့ထက် ငယ်တယ် ၊ ၀င်းတင်တို့ ရွာမှာ က ကလေးတွေ ပညာရေးအတွက် က ဆရာတော် ရဲ့ ကျောင်းတခု သာ ရှိတာဆိုတော့ သူမ လည်း အချိန်တန်တော့ ဆရာတော့် ကျောင်းကို ရောက်လာရတာပါပဲ။ သူမ ကျောင်းကို ရောက်လာချိန်မှာ ၀င်းတင်တို့ က စာတော်တော် ကျေနေတဲ့ ကျောင်းသားကြီးတွေပေါ့။
မိမြ တို့ မိဘတွေက ပိုက်ဆံချမ်းသာကြတယ်။ ဆွေမျိုးလိုက် ချမ်းသာကြတယ် ဆိုပိုမှန်မယ်။ မိမြတို့ အဖေ ဆို တာကလည်း ဒေါသအိုးကြီး ၊ အမေ က မာန အိုး … ဒီနှစ်အိုးပေါင်းပြီး ပေါက်ဖွားလိုက်တဲ့ မိမြ ။ ဘယ်ခေလိမ့်မလဲ ။ မိရော ဖ ဆီက ပါ အမွေတွေယူထားသူပါ။ ဒိတ်ဒိတ်ကျဲ ။ ယောက်ျားလေးတွေနဲ့ ရန်ဖြစ်တာ ၊ မိန်းခလေးချင်း ကျောက်သင်ပုန်းနဲ့ ခေါင်း ကို ခုတ်တာ ၊ ကျောက်တံနဲ့ထိုးတာ ၊ နပန်းသတ်တာ ဆရာတော် ကြိမ်လုံးနဲ့ မကြာခဏအဆုံ ရဆုံး မိန်းခလေးကို ပြစမ်း ဆိုပြီး ကျောင်း သူ ၊ ကျောင်းသားတွေကို မေးကြည့် ပြီးရင် လက်ညှိုးတွေ ဆုံးမယ့် အမှတ်ကို ကြည့်လိုက် မိမြ ဖြစ်နေမည်မှာ မုချ မလွဲ။
"ဟဲ့.. ဌေးကြည်"
"ဘာလဲ မိမြရယ် .. လန့်လိုက်တာ .. စကားကို အေးဆေးပြောစမ်းပါ.. နင့်မလဲ .."
"ဘာဖြစ်လဲ… ငါပြောတတ်သလိုပြောတာပဲ.."
"ဟဲ့ … ဌေးကြည် …. ဌေးကြည် .."
ဘာလဲ .. ပြော နာမည်ပဲ ခေါ်မနေနဲ့ ..
"မနေ့ က ဆရာတော် ရေးခိုင်းတဲ့စာတွေ .. ငါ့ကို ကူရေးပေးစမ်းပါဟ.."
"တော်ပြီမိမြ .. ငါကူရေးမပေးနိုင်တော့ဘူး .. ဆရာတော်က လည်း ငါ့ကို နောက်တခါရေးပေးရင် ရိုက်မယ် လို့ပြောပြီးပြီ… ရေးပေးဘူး…"
"လုပ်ပါဟ .. နင်ကလည်း .. အရင်ကလိုပဲ နင့်ကို စာရေးပေးခ ပေးမယ်လေ.."
"ရ ဘူး… ရေး..ပေး… ဘူး…"
"ငါ ရေးခ ပိုပေးမယ်လေ.."
"မရေးပေးပါဘူးဆိုနေ .. နင်ဖာသာ ပျင်းပြီးမရေးတာ ငါက ဘာကိစ္စ ရေးပေးရမတုန်း .."
"နင် မရှက်ဘူးလား ငဖျင်းမ ၊ ငအမ .."
"နင်ငါ့ကို ငဖျင်းလို့ မခေါ်နဲ့နော် ဌေးကြည် "
"ဘာဖြစ်လဲ .. ခေါ်မှာပဲ .."
ခွပ် ..
ခေါ်ဦးဟယ် ( ခွပ်ဆိုသော အသံမှာ ကျောက်သင်ပုန်း နှင့် ဦးခေါင်း ထိသံဖြစ်ပြီး ခေါ်ဦးဟယ် ဆိုသည်မှ မိမြ ပါးစပ်မှထွက်လာသော သဒ္ဒ အသံ ၊ ထိုအသံ နှစ်ခု တပြိုင် တည်းထွက်ပြီး တအောင့် အကြာ )
ဆရာတော်ဘုရား …
အီး …ဟီး.. ဟီး ..
ဆိုတဲ့ ဌေးကြည်၏ အသံ ၊ ဆရာတော် ၏ ကြိမ် လုံး ယူလို့ ကျောင်းပေါ်က ဂလောက် (ကြိမ်လုံးနဲ့ ကြမ်းထိသံ) ကြား ပြီး ဆရာတော် ကျောင်း အောက် ကို ဆင်းလာ။
ဘယ်မလဲ မိမြ…
ပြေးပြီဘုရာ့ ( ကျောင်းသားတစ်ဦး၏ တိုင်တန်းသံ)
ဟ… ဘယ်ပြေးသတုန်း ..
သူတို့အိမ်ပြန်ပြေးပြီဘုရား…
ဟေ…
ထိုနေ့မှစ၍ မိမြ ကျောင်းမလာတော့ … နောက်တော့ သိရသည်။ ကျောင်းမလိုက်တော့ဘူးတဲ့..။
ဒီလိုနဲ့ ၀င်းတင် သူနဲ့ မိမြ ရဲ့ ဇာတ်လမ်း ကို ဆက်ပြီး စဉ်းစားမယ် ကြံတုန်း ..
ဟေ့ ကောင် ၀င်းတင် ..
ဘာတွေသဘောကျပြီးပြုံးနေတာလဲ ကွ ဆိုတဲ့ ဦးကြီးဖြိုးအသံ ။ သူတို့ အလုပ် သမား ဦးစီးဖြစ်သူ တနည်း အလုပ် ဆရာဖြစ်သူ ဦးဖြိုး…
ဗျာ…
ဗျာ .. ဦး…ကြီး..
ဘာ .. ဘာ ..မှမဟုတ်ပါဘူးဗျ..
ဝင်းတင်၏ စကားသံတို့မှာ ထစ်ထစ်အ အ..
ဦးဖြိုးက ခေါင်း ကို ညိတ်ရင်း ၀င်းတင်ကို ပြုံးကြည့်နေလေတော့သည်။ စကားတခွန်းမှတော့ ထပ်မပြော ။ ငါသိတယ် ဆိုတဲ့ ပုံစံကြီးနဲ့ပါ။ သူက ဘာမှ ထပ်မပြောလေ ၀င်းတင်အနေခက်လေ။
ကျုပ်ပြန်တော်မယ်ဗျာ…
ဘယ်တုန်းဟ .. .
အိမ်ပေါ့ဗျ…
အိမ်မပြန်လို့ ကျုပ်က ဘယ်ပြန်ရမှာလဲ..
သိပါဘူးကွာ .. ငါက မင်းယောက္ခမ အိမ်များပြန်မှာလားလို့ပါ.. ဟ ဟား ဟား
ဆိုတဲ့ ရယ်သံကြီးမှ မဆုံးခင်
ဟာဗျာ .. ဆိုတဲ့ ကြားသံလေးတစ်ခုကို ၀င်းတင်ပါးစပ်မှ ထွက်လာပြီး ပြေးထွက်သွားတဲ့ ၀င်းတင်ကို ကြည့်ရင်း .. ငပွနှင့် ဘကြီးဖြိုးမှာ ဟား တိုက်၍ကောင်း ဆဲ။
ထိုနေ့က ရာသီဥတု ဘယ်လိုနေသည် မသိ ။ ၀င်းတင် ရင်တွင်းမှာတော့ ပဲ့တင်ထပ်သံတွေ နဲ့ အပြည့်…
ဆက်လက်ဖော်ပြပါမည်
လေးစားစွာဖြင့်
နေစိုးနိုင်
--
Nay Soe Naing
www.naysoenaing.com
6 comments:
ဟားဟားဟား ဦးလေးဝင်း ကိုပြန်ရောက်မှ ပြန်ပြောရမယ်။ အကိုရေ ကျနော်လည်း အမေတို့ အဖေတို့ အကြောင်းကို မေးပါတယ်။ အကို့လိုတော့ ခရေစိတွင်းကျမဟုတ်ပါဘူး။ အိမ်ထောင်ဦးပစ္စည်းတွေနဲ့ အတူ မှတ်တမ်းမှတ်ရာတွေလည်း မီးထဲပါသွားတယ်။ သူတို့အကြောင်းမေးတိုင်း မျက်နှာမှာတော့ ရှက်ပြုံးတွေ တွေ့နေရသေးတယ်ဗျ။ ထားပါလေ။ ဘုန်းကြီးကျောင်း အတွေ့အကြုံတွေ တောသူတောင်သားတွေရဲ့ ဘ၀ကို ဖော်ကျူးတဲ့ ဒီမှတ်တိုင်ကို အရမ်းသဘောကျတယ် စာရှည်ရှည်လေးတော့ ဖော်ပြပေးပါ။ ဖတ်ရတာ အားမရလို့
ဖတ်လို့ကောင်းတယ် ကိုနေစိုးနိုင်ရေ ကျွန်မတို့မသိသေးတာတွေသိရတယ်...
တစ်ကိုရော နှစ်ကိုပါ ဆက်လက်ဖတ်ရှုနိုင်သွားနိုင်အောင် ဇာတ်လမ်းလေးက စွဲဆောင်အားကောင်းတယ်ဗျာ။ High lightလေးတွေနဲ့ ရေးသားထားတဲ့ စာသားတွေကလည်း ဇာတ်အိမ်ရဲ့ အားကို ကောင်းသွားစေတယ်ဗျာ။
ဆက်ဦးမယ်ဆိုစောင့်ဖတ်မယ်ဗျာ။
၃မျှော်နေပါပီ၊ ကြိုက်တယ်..း)
နေမိစွတ်လွတ် .. ထိုင်မိစွတ်လွတ် ဆိုတာ ဘာလဲဗျ။ ရှင်းပြပါအုံး။
အပိုင်း ၃ မျှော်နေမယ်ဗျို့။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..
Leoမေးထားတာကတော့ အလွယ်ဖြေရင် အညာစကားပဲဖြစ်မယ်ထင်ပါတယ်... စာအုပ်စာပေ တွေထဲမှာ ပါ မပါ မသေချာပေမဲ့. ကျွန်တော်တို့ဒေသမှာ ပြောလေ့ပြောထရှိတဲ့စကားပါပဲ...
ခြေကျရာမှာ ပျော်အောင် နေတယ် ဆိုတဲ့ အဓိပါယ်နဲ့ ဆင်မယ်လို့ ထင်ပါတယ်
Post a Comment