နွေရာသီ၏ပူပြင်းအံ့ဆဲဆဲ နေရောင်ခြည်အောက်တွင် အရိုးပြိုင်းပြိုင်းဖြင့် သစ်ရွက်တွေကြွေနေသော သစ်ပင်များ ၊ထိုးလိုးထောင်လောင် နှင့်တမျိုး လှဲ၍တဖုံ အမျိုးမျိုးစုံသော ပုံစံတို့ဖြင့် ရိုးပြတ်ငုတ် လက်ကျန် ( ရိတ်သိမ်းထားသော စပါးပင်) တို့ကိုဖြတ်၍ လေပူလေးတစ်ချက်တိုက်လိုက်လေသည်။
ထိုလေပူနွေးလေးသည် ရိုးပြတ်တောကို ဖြတ်လျှက် ကျေးရွာတစ်ခု ၏ တစ်ခုတည်းသော ဖြစ်သော သာသနာ့ အဆောက်အဦးဖြစ်သည့်ဘုန်းကြီးကျောင်းဝင်းထဲသို့ဖြတ်သန်းတိုက်ခတ်သွားလေသည်။ ထိုဘုန်းကြီးကျောင်းဝင်းအတွင်းမှာတော့ က ၊ခ မှအစ နမက္ကာရ ၊ အောင်ခြင်းရှစ်ပါး ၊ ပရိတ် ကြီး ၁၁ သုတ် မှ သဒ္ဒါ သင်္ဂြိုဟ် အထိ စာပေသင်ကြားနေကြရှာသော ကျောင်းသား ကျောင်းသူ များနှင့် ကိုရင်ငယ်ကလေးများ၏ စာဖတ်သံ ၊ စာရွတ်သံတို့ဖြင့် ဆူညံစွာသာယာနေလေတော့သည်။
"ဂျာရစ် . . ."
' ဘုရား '
" မီးဖိုချောင်ထဲသွားပြီး ရေနွေးခပ်လာခဲ့ "
"တင်ပါ့ဘုရား"
"အေး .. လက်ဖက်ခြောက်တခါတည်းခပ်ခဲ့ … များများခပ် .. သိပ်တော့လည်းမများစေနဲ့ကွ"
"မှန်လှပါဘုရား"
ဒီကလေးနာမည်က တော့ ၀င်းတင် တဲ့ ။ ဒါပေမယ့် သူ့ကိုဘယ်သူက စပြီး ပေးတဲ့နာမည်လဲတော့မသိရဘူး ။ သူ့ဆံပင်ပုံဆံကို ဆံရစ်ဝိုင်းပုံစံ ပြုလုပ်ထားခြင်းကြောင့် ဂျာရစ်ဟု တွင်သွားခြင်းဖြစ်လေတော့သည်။ သူသည်လည်း သူ့ကို ဂျာရစ်ဟုပဲခေါ်ခေါ် ၀င်းတင် ဟုပဲ ခေါ်ခေါ် သူ့ကိုခေါ်တယ်ဆိုတာကောင်းကောင်းသိလေသည်။ အမည်နာမဆိုသည်မှာ ဒါပဲလိုရင်းမဟုတ်ပါလားအဆွေ။
ဂျာရစ်ရဲ့ အသက် က ၁၄ နှစ် ၊ ဘုန်းကြီးကျောင်းသား ဘ၀ နဲ့ နေလာ တာ ကြာပြီဖြစ်သည်။ သူ ၇ နှစ်သားလောက်မှာ သူ့မိခင် ဒေါ်ညို နှင့် သူ့ဖခင် ဦးထွန်း တို့ ရွာဦးကျောင်းဆရာတော်ထံ ကန်တော့ပွဲကလေးနှင့် လာအပ်ထားခြင်းဖြစ်လေသည်။ စာကိုလည်း ကျေညက်အောင်ဖတ်နိုင်သည်။ ဆရာတော် ခိုင်းသမျှကို လည်းမညည်းမငြူလုပ်ကိုင်ပေးလေသည် ။ ညနေ ရောက်လျှင် ကျောင်းမှ အိမ်ပြန် ။ အိမ် ရောက်တော့ အိမ်ကဝေယျာဝစ္စ တွေကို သိမ်းကျုံးလုပ်ရ ရှာလေသည်။ သူတို့မိသားစုတွင်သူသည် အကြီးဆုံးဖြစ်လေသည်။ ဖခင်မှာ အရက်သောက်သည်။ လောင်းကစားလုပ်သည်။ နှမလေး နှစ်ယောက်မှာ အရွယ်မရောက်သေး။
"ဘုန်းဘုန်း ဘုရား ဂျာရစ် တပည့်တော်ကို လက်သီးနဲ့ထိုးတယ်ဘုရား"
'' ဟဲ့ .. ဘာဖြစ်ကြတာတုန်း သေချာလျှောက်စမ်း .. ဘာဖြစ်လို့ လက်သီးနဲ့ထိုးရတာလဲ .. သွား .. ဂျာရစ်ကို သွားခေါ်ချေ"
ဂျာရစ်ဘုန်းကြီးရှေ့ရောက်လာလေသည်။
"ဂျာရစ် .. မင်းဘာဖြစ်လို့ ငထွန်း ကို လက်သီးနဲ့ထိုးရတာလဲ "
"တပည့်တော်အဖေ ကို အရက်သမား ၊ လောင်းကစားသမားလို့ပြောလို့ပါဘုရား"
"မင်းတို့ကလည်း သူမကြိုက်တာကို သွားမစကြနဲ့ ၊ ဂျာရစ်ကလည်း ကျောင်းသားအချင်းချင်း သီးခံစိတ်မွေးရမယ်။ ကြားကြလား ။ အေး .. ရန်ဖြစ်တဲ့ ကောင်တွေ တော့ ငါက ချမ်းသာမပေးတတ်ဘူး သွား ကျောင်းထောင့် က တုတ်သွားယူချေ"
ဂျာရစ်တို့ ဆရာတော်ဘုရား၏ တုတ်ချက် ကိုကောင်းကောင်းခံစားလိုက်ရလေသည်။
ဂျာရစ်ကျောင်းမှာနေရတာပျော်သည်။ စာကျက်ရတာကို သူမမှုတော့ ပရိတ်ကြီး ၁၁ သုတ်ဆိုတာ ကလည်း အစက စပြီးဆိုဆို နောက် က စဆိုဆို သူရလောက်ပြီ။ နှစ်ပေါင်းများစွာ ရွတ်ဖတ်လာခဲ့တာလေ ကျောင်းနေဖက် သူငယ်ချင်းများနှင့် ရန်ဖြစ်လိုက် ၊ ပြန်ခေါ်လိုက် ဖြစ်သော်လည်း ဒီသူငယ်ချင်းများကို သူခင်သည်။ သူတို့တွေလည်း ဂျာရစ်ကို ချစ်ကြသည်။သို့သော် သူ၏ ကျောင်းသားသက်တမ်းကား သိပ်ကြာမရှည်လိုက် ..
တစ်နေ့တော့ သူ့အဖေ သူ့ကိုခေါ်လေသည်။
"၀င်းတင်"
"ဗျာ"
"မင်းကျောင်းထွက်တော့ .. မင်း အလုပ်လုပ်ရမယ်။ မင်းလည်းအရွယ်ရောက်လာပြီ ခုတည်းက တောင်သူပညာကိုသင်ထားမှ မင်း မျက်နှာမငယ်ရမှာ ငါတိုလို့ တောသူတောင်သားဆိုတာ တောင်သူလုပ်တတ်မှ မျက်နှာမငယ်ရတာကွ . . . ငါတို့မှာ သူများလို လယ်မြေလည်း မရှိဘူး မင်း ဒီနှစ် မိုးဦးကျကစ ပြီး ဦးသိန်းတို့ အိမ်မှာ ထွန်စီးကျွဲကျောင်း စနေရမယ် ကြားလား"
"ဟုတ်ကဲ့"
ဒီစကားပဲ သူပြောရဲတာပါ ။ သူ့ ဖခင်ပြောတဲ့ စကားကို ဆန့်ကျင်ပြီးသူမပြောရဲ။ သူ့ရင်ထဲက ခံစားချက်ကို သူမထုတ်ဖော်ရဲ .. အခု အသက်အရွယ် ရောက်သည်အထိ .. သူ့ ခံစားချက် ကို ထည့်မတွက် သူ့ အဖေ ဖြစ်စေချင်သည့်အတိုင်းသာသူနေသည်။ သူ့ အဖေ ကို ချစ်မချစ်တော့ သူမသိ ဒါပေမယ့် သူ့အဖေကို လွန်စွာမှကြောက်လေသည်။ ထိုနေ့သည် သူ ဘ၀ အတွက် အချိုးအကွေ့တစ်ခုသာဖြစ်လေတော့၏။ သူဝမ်းနည်းနေ၏ ။ သူ၏ ကျောင်းသား ဘ၀ ကို နှမြောနေမိ၏ . .. သို့သော် .. အရာအားလုံးမှာ ပြီးဆုံးသွားပြီဖြစ်သည်။
မိုးရာသီ၏အစ ကို မိုးဦးကျ ဟု ခေါ်ဆိုကြ၏ ။ မိုးဦအစ မိုးဦးကျ ဆိုတာ တောနေ တောင်သူ တို့အတွက် လုပ်ငန်းခွင် ၀င်ရန်အချိန်ဖြစ်လေတော့သည်။ ဒီမိုးဦးကျ မင်း အလုပ်စ၀င် ဆိုတဲ့ သူ့ ဖခင်၏ စကားကြောင့် သာ သူ ဘုန်းကြီးကျောင်းမှထွက်ခဲ့ရသည်။ အလုပ် ထက် သူများ တကာလို အင်္ဂလိပ်ကျောင်းကလေးတက်ပြီး အင်္ဂလိပ်စာသင်ချင်သည်။ သို့သော် .. ပြီးဆုံးသွားပြီဖြစ်သည်။
"၀င်းတင်ရေ … မနက်စောစောထရမယ် .. နွားတွေကို မလင်းခင် ထပြီးကျွေးထား .. မိုးမလင်းခင် လယ်ဆင်းထွန်ရမယ် ကြားလား "
"ဦးကြီးဖြိုး ပြောလေသည် ။ ဦးကြီးဖြိုးသည် သူအလုပ်လုပ်ရမည်း ဦးသိန်း အိမ်တွင် သက်တမ်း အရှည်ဆုံး နှင့် တောင်သူလုပ်ငန်း အတွေ့ အကြုံရှိသော လုပ်သားကြီးဖြစ်လေသည်။ ဦးစီးပေါ့ ကျန်တဲ့ အလုပ်သမားတွေက သူခိုင်းသမျှကို လုပ်ကြရလေသည်"
သူအလုပ်သည် ထွန်စီးကျွဲကျောင်း ဟုခေါ်သည်။ ထွန်စီးဆိုသည်မှာ ရှေ့မှ လယ်ယာထွန်ယက်သည်ကို ကျွမ်းကျင်သော အလုပ်သမား ထွန်သွားသော နောက်သို့ နောက် နွားတရှင်း ထွန်တတုန်း ဖြင့် နောက်မှလိုက် ၍ ထွန်ရခြင်းဖြစ်သည်။ ပြီးလျှင် နားခွင့်မရ ရှိသမျှသော ကျွဲ ၊ နွားများ ကို ကျွေးမွေးရသည်။
"၀င်းတင် ရေ မင်း သီချင်းလေးဘာလေးမရဘူးလားကွာ .. ပျင်းစရာကြီး ဆိုစမ်းကွာ"
ဦးကြီးဖြိုး ပြောသောလည်း ၀င်းတင် မလှုပ် .. အဘယ့်ကြောင့်ဆိုသော် ရှေ့မှသွားသော ထွန်လမ်းကြောင်း အတိုင်းလိုက်နိုင်ဖို့ မနည်းကြိုးစားနေရသောကြောင့်ဖြစ်လေ၏။ နွားနှစ်ကောင်က သွားနေကျမို့ ရွှံ့ထဲမှာ သွားနိုင်ကြသော်လည်း နောက်မှလိုက်ရရှာသော ၀င်းတင်ခမြာ နွားနှစ်ကောင် အတွက် ကြိုးနှစ်ချောင်း နှင့် ကြိမ် ကို လက်တစ်ဖက် ။ ကျန်တစ်ဖက် က ထွန်ကို လိုရာရောက် အောင်ထိမ်း ရင်း နေရရှာ၏ ။ ခြေနှစ်ချောင်းမှာမူ ရွှံထဲမှာ နစ်နေ၏ တစ်ချောင်း ချင်း ရွှံထဲမှ ရုန်းပြီး ရင်း ရုန်းနေရသည်။ နွားနှင့် ဖက်ရုန်းရသည် ဆိုသည်ကို ဒါပဲဖြစ်လိမ့်မည်ထင်သည်။
ဒီတစ်ရက် ပင်ပန်းသွားလို့ အိမ်ပြန်ရောက် ကျွဲနွားကျွေး ပြီး အမိ အရ အိပ်ရသည်။ မနက် မိုးမလင်းခင် ဘကြီးဖြိုး ၏ "၀င်းတင် ထတော့ " ဆိုသည့် အသံ မကြားခင်အချိန်ထိဖြစ်လေ၏။ ဒါဟာ ၀င်းတင်ရဲ့ ထွန်စီးကျွဲကျောင်းဘ၀ ဖြစ်လေသည်။
ထိုကဲ့သို့ပင်ပန်းရှာသော ၀င်းတင် အတွက် ရမည့်ငွေကြေးကား တစ်မိုးကုန်လျှင် စပါး ငါးတောင်း ။
ကျောင်းသားဘ၀ အဆုံး တောင်သူဘ၀ အစ … ၀င်းတင်၏ ဘ၀ ဟုပင်ဆိုရပေလိမ့်မည်။
( ဆက်လက်ဖော်ပြပါမည်)
လေးစားစွာဖြင့်
နေစိုးနိုင်
7 comments:
ဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ အရေးကလည်းကောင်းဆိုတော့ ဖတ်ရတာ အရသာ ရှိပါ့ဗျာ
ဖတ်လို့ကောင်းတယ်ဗျို့
အရသာရှိတဲ့ ဒီလိုစာမျိုးဖတ်ရတာ ပျော်တယ်။
အဆက်ကို မျှော်နေမယ်နော်။
ပေါက်ကရမပြောဘူးနော်။ သမီးလိမ်မာနေတယ်။ အဟဲ
မုန့်စားရတော့မယ်လေ။ ဟေးးးဟေးးးးးး
ဆက်ရေးပါဗျို့... ဖြစ်ရပ်မှန် လိုပဲနော်။ မျက်လုံးထဲမှာ မြင်ယောင်ပြီး ဇာတ်လမ်းထဲမှာ မျောပါနေတာဗျ။ ရုပ်ရှင်ကြည့်နေရသလိုပဲ။ ကောင်းတယ်ဗျာ။ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ကို တွေးနေမိတယ်။
နာမည်ကိုလည်း ရင်းနှီးနေသလိုပဲ။။ အဟီး..
ဆက်ရန်ကိုစောင့်နေပါသည်...
ဂျာရစ် ဘာဖြစ်မလဲမသိ...
နှင်း
ကိုနေစိုးနိုင်ရဲ့ အရေးအသားကတော့ဗျာ အရမ်းကိုကောင်းတယ်။ဇာတ်လမ်းကိုလဲ ထိထိမိမိရှိစေတယ်။ အပိုင်း ၂လေးလဲ သွားဖတ်လိုက်ဦးမယ်ဗျာ။
၁ အရင်ဖတ်တာ ...
Post a Comment