Saturday, August 15, 2009

အချစ်ကို ကြောက်တဲ့ သူငယ်ချင်း

ဒီစာလေးဟာ ကျွန်တော် ခင်မင်ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက် (လူကြီးလေး) ကို ရေးပေးခဲ့တဲ့ စာလေးကို အခြေခံပြီး နည်းနည်းအကျယ်ချဲ့ရေးလိုက်တာပါ။ တစ်ခါ ကိုစေတနာကလည်း အချစ်အကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း လောက် ရေးကြည့်ပါလားဆိုတာနဲ့ ကျွန်တော် သိသလောက်လေး ရေးကြည့်လိုက်တာပါ။ ဒီစာလေး ပေးစာသဘောမျိုး ရေးထားတာပါ။
လူကြီးလေး
ပျော်ရွှင်ပါစေ။ လူကြီးလေးက ကျွန်တော့်ကို ခဏခဏ မေးတတ်တယ်နော်။ အချစ်ဆိုတာကို နားမလည်ဘူး။ အချစ်ကို ကြောက်တယ်ဆိုတာလေ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို စွန့်ပစ်သွားမှာကိုလည်း ကြောက်တယ်လို့ လူကြီးလေးက ခဏခဏ ပြောတတ်တယ်နော်။ အချစ်အကြောင်းမေးတိုင်း ကျွန်တော်ကလည်း ခဏလေးအတွင်းမှာ မဖြေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးလေးသိချင်နေတဲ့ ´အချစ်´ ဆိုတာက တခဏလေးအတွင်းမှာမှ ပြောပြလို့မှ မရတာ။ ခဏခဏ မေးတော့လည်း ကျွန်တော် သိသလောက် ပြောပြမယ်နော်။ လူကြီးလေးနဲ့ အမြင်အယူအဆချင်း တူချင်မှ တူမှာနော်။ အချစ်ဆိုတာက လူအများ သိကြတဲ့အတိုင်း ချိုချဉ်လိုပဲတဲ့။ ချိုလည်း ချိုတယ်။ ချဉ်လည်း ချဉ်တယ်။ အချိုချည်းပဲ မရနိုင်ဘူးနော်။ အချဉ်လေးပါ တွဲပါပြီးသားဆိုတော့ အကောင်းချည်းပဲ မဖြစ်နိုင်သလို အဆိုးတွေချည်းပဲလည်း မရှိပါဘူး။ အဲဒါက အချစ်ဆိုရင် လူကြီးလေး ဘယ်လိုလုပ်မလဲ။
ကမ္ဘာလောကထဲမှာရှိတဲ့ သတ္တ၀ါတွေဟာ ခံစားမှုရှိတာချည်းပါပဲ။ ခံစားမှုနည်းတာနဲ့ များတာပဲ ကွာတာလေ။ အဲဒီအထဲမှာမှ လူသားတွေက ခံစားမှုအမြင့်ဆုံးသတ္တ၀ါလို့ သတ်မှတ်ထားကြတယ်။ ခံစားမှု အမြင့်ဆုံးတဲ့။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ တမ်းတခြင်း၊ မျှော်လင့်ခြင်း စတာတွေဟာ လူသားတွေရဲ့ ခံစားမှုအပိုင်းမှာ တိုင်းတာလို့မရတဲ့အရာတွေပါ။ ဒီခံစားမှုတွေဟာ ချစ်သူတွေကြားမှာမှ ရှိကြတာ မဟုတ်ဘူးလေ။ မိသားစု၊ သူငယ်ချင်း၊ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း ရှိကြတာပဲ။ အစကတည်းက ပြောထားသားပဲ။ လူတွေဟာ ခံစားမှုအမြင့်ဆုံး သတ္တ၀ါပါလို့။ ချစ်ခြင်းမေတ္တာကို ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားတတ်ကြတယ်။ မိသားစု၊ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာကို ၅၂၈ နဲ့ သတ်မှတ်ကြပြီးတော့ ၁၅၀၀ (၅၂၈ + ၉၇၂) မေတ္တာကိုကျ တော့ သမီးရည်းစား၊ ချစ်သူချင်းအကြားမှာရှိတဲ့ မေတ္တာလို့ သတ်မှတ်ကြတယ်။ သံယောဇဉ်ဆိုတာဟာလည်း တွဲတာနှောင်ဖွဲ့တတ်တဲ့ အရာတစ်ခုပဲလေ။ ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲဖြစ်စေ သူတို့မှာ သူတို့ပတ်ဝန်း ကျင် (မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်း) အပေါ် သံယောဇဉ်အနည်းအများတော့ ရှိတတ်ကြတာပဲ။ သူတို့နဲ့အတူ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ၊ မျှော်လင့်ခြင်းတွေကို အတူခံစားကြတာပဲလေ။ ဒါကြောင့် သံယောဇဉ် အ၀န်းအ၀ိုင်းထဲက လွတ်ကင်းနိုင်တဲ့သူဆိုတာ မရှိပါဘူး။ ဗုဒ္ဓတောင်မှ ဘုရားလောင်းဘ၀မှာ သံယောဇဉ်အနှောင်အဖွဲ့က မလွတ်ကင်းနိုင်ခဲ့ပါဘူး။ တောထွက်ခါနီး သားတော် ရာဟုလာကိုတောင် သံယောဇဉ်မပြတ်ဘဲ တိတ်တဆိတ် ရပ်ကြည့်ခဲ့မိသေးတာပဲ။ ဒါတောင် သူက ပါရမီရှင်နော်။
ဆိုတော့.... သာမန် လူသားတွေအတွက်ကတော့ သံယောဇဉ်အ၀န်းအ၀ိုင်းထဲက ရုန်းထွက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်ပတ်ဝန်းကျင်အတွက် သူတို့နဲ့အတူ တစ်ခါတရံ ခံစားရတာ (ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း) တွေလည်း ရှိတာပဲလေ။ ဒါဟာ သံယောဇဉ်ပါပဲ။ ချစ်ခြင်းမေတ္တာမှာကျတော့ အဲဒီထက်ပိုတာလေးတွေ ရှိလာတယ်။ လူတွေဟာ အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ခြင်းဆိုတဲ့ အတ္တကနေ သူတစ်ပါးဆီက ရယူပိုင်ဆိုင် လိုတာတွေ ပေါ်ပေါက်လာတတ်ကြတာပါပဲ။ လူတိုင်းမှာ ငါ့အတွက်ဆိုတဲ့ အတ္တဆိုတာ ရှိကြစမြဲပါ။ အတ္တမရှိဘူးလို့ ပြောတဲ့သူရှိရင် အဲဒါဟာ လိမ်လည်တာပါပဲ။ အတ္တရှိတာမှာ နည်းတာနဲ့ များတာပဲ ကွာပါတယ်။ လူဆိုတာ အတ္တရှိကြစမြဲပါ။ ပြီးတော့ ကျွန်တော်တို့ဟာ လူ့အသိုင်းအ၀န်းထဲမှာ တစ်ယောက်ထဲ နေလို့မရပါဘူး။ ကျွန်တော်တို့အတွက် ပတ်ဝန်းကျင်ဆိုတာ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘ၀အတွက် ပတ်ဝန်းကျင်ကို အမှီသဟဲပြုကြရလို့ ပါ။ အဲဒီပတ်ဝန်းကျင်ထဲကမှ ကျွန်တော်တို့အတွက် အကျိုးပြုမယ့်သူတွေကို ရှာဖွေပေါင်းသင်းကြရတယ်။ ရင်းနှီးမှုယူကြရတယ်။ အတူလက်တွဲကြတယ်။ ဒီလူတွေဟာ မိန်းကလေးတွေလည်း ဖြစ်နိုင်သလို၊ ယောက်ျားလေးတွေ လည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့နဲ့အတူ ကာလတစ်လျှောက် လက်တွဲကြတဲ့သူတွေအပေါ် ကျွန်တော်တို့တွေ သံယောဇဉ်ထားတတ်လာကြတာ မထူးဆန်းပါဘူး။ သက်ရှိမပြောနဲ့ သက်မဲ့ပစ္စည်းလေးတွေကိုတောင်မှ ကျွန်တော်တို့တွေ သံယောဇဉ်ထား၊ ချစ်တတ်ကြသေးရင် သက်ရှိလူသားတွေအပေါ် ကျွန်တော်တို့ သံယောဇဉ်ရှိကြတာ၊ ချစ်တတ်ကြတာဟာ မှားယွင်းတဲ့လုပ်ရပ်မှ မဟုတ်တာ။ ပြီးတော့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူဖန်တီးတာ မဟုတ်ဘဲနဲ့ အလိုအလျောက် ပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုပါ။ ပြီးတော့ အချစ်ဆိုတာဟာ လူတွေရဲ့ မတူညီတဲ့ဘ၀နှစ်ခုကို အတူလက်တွဲပြီး ရင်ဆိုင်ပြီး ဘ၀တစ်ခုကို တည်ဆောက်ချင်တာကြောင့်လည်း ပါပါတယ်။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တာ၊ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်တာဟာ မမှားယွင်းပါဘူး။ အပြစ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ကို တမင် ဖန်တီးယူတာမျိုး မဖြစ်ဖို့တော့ လိုတာပေါ့။ အချစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်အနှောင်အဖွဲ့ထဲကနေ အတင်းရုန်းထွက်ဖို့ မကြိုးစားသင့်ပါဘူး။ ဒီချစ်ခြင်းမေတ္တာ သံယောဇဉ်တွေကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ပဲ လိုတာပါ။ (ရှေးပါရမီရှိလို့ အချိန်ကာလတစ်ခုမှာ သံယောဇဉ်အနှောင်အဖွဲ့ထဲက လွတ်ကင်းနိုင်ခဲ့ပြီး လောကုတ္တရာလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကောင်းမွန်တဲ့ လမ်းစဉ်တစ်ခုပါပဲ။)
တစ်ချို့လူတွေဟာ ချစ်ခြင်းမေတ္တာ သံယောဇဉ်အနှောင်အဖွဲ့က ကင်းလွတ်လိုကြတယ်။ အဲဒီမှာ အကြောင်းပြချက်နှစ်ခု ရှိတယ်။ တစ်ခုက မိမိဘ၀ (ယခုလက်ရှိဘ၀နဲ့ နောင်ဘ၀)အတွက် ဘာသာရေးကို အမှီသဟဲပြုပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ချင်တာကြောင့်ရယ်၊ နောက်တစ်ခု ဒီသံယောဇဉ်အနှောင်အဖွဲ့ထဲက ဒုက္ခတွေကို မခံစားလိုတာကြောင့်ရယ်ပေါ့။ လူ့ပတ်ဝန်းကျင်မှာ နေထိုင်ရင်းနဲ့ ကိုယ့်ဘ၀အတွက် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူသွားလို့ ရနိုင်ပါတယ်။ ဗုဒ္ဓတောင်မှ လူ့အသိုင်းအ၀န်းထဲမှာ နေထိုင်ရင်းနဲ့ သူ့ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားတာပါ။ ဘယ်အရာကိုပဲဖြစ်ဖြစ် တစ်ဖက်စွန်းရောက်သွားတာဟာ မကောင်းပါဘူး။ နောက်တစ်ခုက သံယောဇဉ်ကြောင့်၊ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာမယ့် ဒုက္ခတွေကို မခံစား၊ မလိုချင်ဘူးဆိုရင် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကနေ ဖြစ်ပေါ်လာတဲ့ သုခတွေကြတော့ ဘာလို့ လိုချင်ကြတာလဲ။ ဒါဟာ မိမိစိတ်ကို မိမိကိုယ်တိုင် လှည့်စားနေတာပါ။ ပြီးတော့ လူတွေဟာ ထီးတည်းနေလို့ရတဲ့ သူတွေမဟုတ်ပါဘူး။ လူ မပြောနဲ့၊ တိရစ္ဆာန်တွေတောင်မှ ထီးတည်းနေလို့မှ မရတာ။ လူမှုအသိုင်းအ၀န်းထဲမှာနေရင်း ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက် သွားနိုင်ရင် ဒါဟာ လူတော်တွေရဲ့အလုပ်တစ်ခုပါ။ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း လူမှုရေး၊ စီးပွားရေးတွေနဲ့ အမြဲတမ်း ရောထွေးယှက်တင်နေကြရတာပါ။ အဲဒီလိုနေကြရင်းနဲ့ ကိုယ့်ဘ၀အတွက် အကောင်းဆုံးအဖော်မွန် ဆိုတာ ရှာတတ်ကြစမြဲပါ။ လက်တွဲဖော်ဆိုပါတော့။ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ဟာ ကိုယ့်အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ဖို့တော့ လိုတယ်။
နောက်တစ်ခုက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကျွန်တော်အပေါ်မှာ ရေးခဲ့ တဲ့ ၁၅၀၀ ချစ်ခြင်းမေတ္တာမှာ ၅၂၈ နဲ့ ၉၇၂ နှစ်ခုကို ပေါင်းထားတာကို လူကြီးလေး သတိပြုမိလား မသိဘူး။ ဘာကြောင့်လဲဆိုတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာမှာ ၅၂၈ မေတ္တာဟာ ပါနေပြီးသားကို ပြောချင်လို့ပါ။ အခု ပြောနေတာ က လူကြီးလေးကို ချစ်သူထားပါလို့ ပြောနေတာ မဟုတ်ဘူးနော်။ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာအပေါ် ဘယ်လိုသဘောထားသင့်သလဲဆိုတာကို ပြောပြနေတာ။ အဲဒါကို သေချာနားလည်တော့မှ ကိုယ့်ဘ၀အတွက် လက်တွဲဖော် ဆိုတာကို စဉ်းစားဖို့ ပြောချင်တာ။ ကျွန်တော်တို့ ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ Definiation လေးတစ်ခုကို မှတ်မိသေးလား။ စွမ်းအင်ဆိုတဲ့ Definiation လေ။ ``စွမ်းအင်ဆိုတာ ဖန်တီးယူလို့ မရပါဘူး။ ဖျက်ဆီးလို့လည်း မရပါဘူး။ လောကကြီးထဲမှာ သူ့ ဘာသာအလိုအလျောက် ရှိနေတတာပါ´´ တဲ့။ အချစ်ဆိုတာလည်း ဒီလိုပါပဲ။ တမင် ဖန်တီးယူလို့ မရပါဘူး။ တမင် ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ သူ့ဘာသာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု တစ်ခုပါ။ အချစ်ကို ဖန်တီးယူလို့ရတယ်ဆိုရင် ဒါဟာ အချစ်စစ်တစ်ခု မဟုတ်တော့ပါဘူး။ အတုအယောင် အချစ်တစ်ခုသာ ဖြစ်လိမ့်မယ်။ ဖျက်ဆီးပစ်မယ်ဆိုရင်လည်း သူ့ဟာ ပျောက်ကွယ်မသွားဘဲ နောက်ထပ် အမုန်းတစ်ခုသာ ထပ်မံပေါ်ပေါက် လာတာပါ။ ကျွန်တော် နားလည်ထားတာက အချစ်ဆိုတာ ယုံကြည်မှု၊ နားလည်မှု၊ သစ္စာတရားတို့နဲ့ ဖွဲ့စည်းပေါင်းစပ်ထားတာပါ။ ဒီသုံးချက်မပါဘဲနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို မရနိုင်ပါဘူး။ ကျွန်တော့်ရဲ့ gtalk notes လေးမှာလည်း ဒီစာသားလေးအတိုင်း တင်ထားတာပါ။ ဒါဟာ အချစ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ယုံကြည်ချက်လေးတစ်ခုပေါ့။ နောက်တစ်ခုက အချစ်က ´´မီး´´ နဲ့ တူတယ်လို့ ကျွန်တော် ထင်တယ်။ ပူလောင်မှုကို ပြောချင်တာ မဟုတ်ပါဘူး။ မီးကို သုံးတတ်သူတွေအတွက်ဆိုရင် ကာယကံရှင်အတွက်ရော၊ ပတ်ဝန်းကျင်က လူတွေအတွက်ပါ အသုံးဝင်ပြီး သေသေချာချာ ဂရုမစိုက်ဘဲ ပေါ့ပျက်ပျက်နဲ့ သုံးမယ်ဆိုရင် ကာယကံရှင်အတွက်ရော သူ့ပတ်ဝန်းကျင်အတွက်ပါ အရမ်းအန္တရာယ် ဖြစ်နိုင်ပါတယ်။
ချစ်ခြင်းမေတ္တာအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ကောင်မလေးကို ပေးတဲ့စာတွေထဲမှာ အများကြီး ရေးပေးတတ်တယ်။ ဒီအတိုင်းသာ ပြန်ရေးရမယ်ဆိုရင် ဒီစာလေးဟာ လူကြီးလေးကို ပေးတဲ့စာမဟုတ်တော့ဘဲ ရည်းစားစာ ဖြစ်သွားလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ဟာ လောကီလူ့လောက လူ့ပတ်ဝန်းကျင်ထဲမှာ နေနေကြသ၍ သံယောဇဉ် ချစ်ခြင်းမေတ္တာတွေနဲ့ မကင်းနိုင်ကြတာမို့၊ အဲဒီက ရုန်းထွက်ဖို့ ခဲယဉ်းကြတာမို့ တကယ်လို့ အချစ်နဲ့ တွေ့ဆုံကြုံတွေ့လာခဲ့ကြမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး အရင်ဆုံး နားလည်ထားသင့်တယ်လို့ ထင်လို့ လူကြီးလေးကို ရေးပေးလိုက်တာပါ။ လူကြီးလေး ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် နားလည်သလောက် လူကြီးလေးကို ရှင်းပြပေးတာပါ။ ကျွန်တော်ကိုယ်တိုင် လောကကြီးအကြောင်းကို သင်ယူနေတုန်းပါ။ သင်ယူလို့ရသမျှတော့ သင်ယူနိုင်အောင် ကြိုးစားနေတုန်းပါပဲ။ လူကြီးလေးလည်း လောကကြီးထဲက သင်ယူလို့ရသမျှ သင်ယူပေါ့။ ပြီးလို့ရှိရင် တခြားသူတွေကိုလည်း ပြန်ပြီးဝေမျှပေါ့။

လူကြီးလေး ..... ပျော်ရွှင်ပါစေ

ဇေယျာဦး

5 comments:

Anonymous said...

မိမိနီးစပ်ရာ မိတ်ဆွေများအပေါ် နှုတ်၏ဆောင်မခြင်း ဆောင်းပါးလေးတစ်ပုဒ်အဖြစ် ကြည်နူးစွာ ခံစားမိပါ
ကြောင်းဗျာ...
အချစ်ဆိုတာ လောကီအလိုအရတော့ ကြောက်ဖို့ ကောင်းတယ်...
လောကီအလိုအရတော့ ကြောက်ဖို့ထက် သတိကောင်း ဖို့လိုတယ်ထင်တာပဲ..
ဘယ်လိုသတိမျိုးလဲဆိုရင်တော့...............................................................
ခင်မင်လေးစားလျှက်
စေတနာ

Angel Shaper said...

ကိုဇေယျာဦးရဲ့ အချစ် ဖွင့်ဆိုချက်လေးတွေ သဘောကျတယ်ဗျာ။။။ မှန်လဲမှန်တယ်။ စွမ်းအင်လိုမျိုးလေး၊ မီးနဲ့ နှိုင်းထားတဲ့ပုံလေးတွေ။
အချစ်ဆိုတာ ယုံကြည်မှု၊ နားလည်မှု၊ သစ္စာတရားတို့နဲ့ ဖွဲ့စည်းပေါင်းစပ်ထားတာပါ။ ဆိုတာလေးတွေပေါ့။
သမီး လုံးဝတွေးမထားမိတဲ့ အချက်တွေ
အများကြီးတွေ့  ရတယ်။ ကြိုက်တယ်။
အရမ်းကျေးဇူးတင်တယ်နော်။
ဆက်ရေးပါ အကိုရေ....

နေစိုးနိုင် said...

အချစ်ဆိုတာ ကြာလာတော့ဘာမှန်းကိုမသိတော့တာပါဗျာ
အစ်ကိုပြောသလိုတော့လည်း ဟုတ်နေတာပဲ
ဒါပေမယ့်
ကျွန်တော့်ကိုမေးရင်တော့ ဆင်ဆိုတာ
ယက်တောင်နဲ့တူတယ်... ဘာညာ ဆိုတဲ့ ပုဏားတွေ ရဲ့ အဖြေမျိုးပဲထွက်လာလိမ့်မယ်

အစ်ကိုတော်တယ်ဗျာ

Beauty Studio USA Branded Store said...

ကိုဇေယျာဦးရေ ရေးထားတဲ့အချစ်အကြောင်းပေးစာ ဆောင်းပါးကအတော်ကောင်းတယ်ဗျာ။စာရေးကောင်းပြီး လေးနက်တဲ့အတွေးတွေအတွက် လေးစားပါတယ်ဗျာ။
ပျော်ရွှင်ပါစေဗျာ။

Beauty Studio USA Branded Store said...

အခုတလောတွေကတော့ အခုတလောပါပဲဗျာ။ပျော်ရွှင်ပါစေဗျာ။