လူပေါင်းများစွာတို့က ခေတ်အဆက်ဆက်မှာ ယောက်ျားကမြတ်တယ်၊ မိန်းမကမြတ်တယ်ရယ်လို့ သက်သေပြကြ ငြင်းခုန်ကြ လေ့ရှိပါတယ်။ ကျွန်မကတော့ အဲဒီလိုငြင်းခုန်နေရတာကို သိပ်သဘောမတွေ့လှပါဘူး။ တစ်ကယ်တော့ ယောက်ျား၊ မိန်းမနှစ်ဦးစလုံးမှာ မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းတွေ သီးခြားစီရှိကြပါတယ်။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်စွမ်းပံ့ပိုးနိုင်ကြလျက် အပြန်အလှန် ပြည့်စုံချမ်းမြေ့စေနိုင်ကြပါတယ်။ ဒီသဘောကို အင်္ဂလိပ်သုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက အောက်ပါအတိုင်း ဟောပြောခဲ့ဖူးပါတယ်။
‘‘ယောက်ျားရဲ့စွမ်းအားဟာလှုပ်ရှားတဲ့သဘောရှိတယ်။ ရှေ့ကိုသွားတဲ့သဘောရှိတယ်။ ခုခံလိုတဲ့ သဘောရှိတယ်။ ယောက်ျားဟာ ပြုလုပ်သူဖြစ်တယ်။ ဖန်တီးသူဖြစ်တယ်။ ရှာဖွေတွေ့ရှိသူဖြစ်တယ်။ ကာကွယ်ပေးသူ ဖြစ်တယ်။ ယောက်ျားရဲ့ အသိဥာဏ်ဟာ စဉ်းစားချင့်ချိန်ဖို့ တီထွင်ဖန်တီးဖို့ဖြစ်တယ်။ သူ့ခွန်အားဟာ စွန့်စားဖို့ဖြစ်တယ်။ တရားတဲ့ စစ်ဆင်နွှဲဖို့ဖြစ်တယ်။ လိုအပ်ရင်အောင်နိုင်ဖို့ဖြစ်တယ်။
ဒါပေမယ့် မိန်းမရဲ့စွမ်းအားဟာ စစ်တိုက်ဖို့မဟုတ်ဘူး။ အုပ်စိုးဖို့ဖြစ်တယ်။ သူ့အသိဥာဏ်ဟာ တီထွင်ဖို့၊ ဖန်တီးဖို့ အဓိကမဟုတ်ဘူး။ ချိုသာစွာအမိန့်ပေးဖို့ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံနေရာချထားဖို့ဖြစ်တယ်။ အဆုံးအဖြတ်ပေး ဖို့ဖြစ် တယ်။ မိန်းမဟာ အရာဝတ္ထုတွေရဲ့ အရည်အသွေးကိုနားလည်တယ်။ အရာဝတ္ထုတွေရဲ့ အသုံးကျမှုကိုသိတယ်။ နေရာကိုသိတယ်။ မိန်းမရဲ့အဓိကအလုပ်ဟာချီးကျူးအားပေးဖို့ဖြစ်တယ်။ ပြိုင်ပွဲထဲဝင်မပါဘူး။ ပြိုင်ပွဲမှာအောင်မြင်မှု သရဖူကို ဘယ်သူဆောင်းသင့်တယ်ဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ဖြစ်တယ်…….။’’
ဒီလိုမတူညီခြားနားတဲ့ တန်ဖိုးများကို ပိုင်ဆိုင်ထားတဲ့ ယောက်ျား၊မိန်းမတို့ဟာ အချိန်အခါတစ်ခုမှာ၊ အခြေအနေ တစ်ခုအရ ပေါင်းစည်းဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါကိုတော့ ထိမ်းမြားလက်ထပ်တယ် (အိမ်ထောင်ပြုတယ်)လို့ ခေါ်လေ့ ရှိကြပါတယ်။ မိန်းမသားများအနေနဲ့ ယောက်ျားသားတစ်ဦးကို ထိမ်းမြားလက်ထပ်စေတဲ့ ယေဘုယျအကြောင်းများ ကတော့…
(၁) sense of maternity မိခင်စိတ်
(၂) sense of love အချစ်စိတ်
(၃) sense of creation ဖန်တီးလိုစိတ်
(၅) sense of importance အရေးပါအရာရောက်လိုစိတ်
(၄) sense of security လုံခြုံမှုအတွက်အားကိုးစိတ်
(၄.က) economic security စီးပွါးရေးဆိုင်ရာအာမခံချက်
(၄.ခ) environmental security ပတ်ဝန်းကျင်ဆိုင်ရာအာမခံချက်
(၅) duty for reproduction မျိုးပွါးခြင်းတာဝန်
မိန်းမတစ်ယောက်ကို မည်သို့သော အကြောင်းတရားကြောင့် လက်ထပ်ဖြစ်ခဲ့သည်ရှိစေ၊ လက်ထပ်ပြီးနောက်ပိုင်း duty of reproduction (မျိုးပွားခြင်းတာဝန်) ကို ထမ်းဆောင်ရသည့်အချိန်တွင် sense of maternity (မိခင်စိတ်) ၏ အရေးပါမှု စတင်လာ ပါတော့တယ်။ မိခင်စိတ် (sense of maternity) ဟာ မိန်းမသားဘဝအတွက် အလွန်ပဲအရေးပါလှပါတယ်။ တန်ဖိုးလည်း အလွန်ကြီးမား လှပါတယ်။ အချို့သောသူများက မိန်းမသားများဟာ လက်ထပ်ပြီးနောက်ပိုင်း မျိုးပွားခြင်းတာဝန်ကို မလွဲမရှောင်သာ ယူရတဲ့အချိန်မှ သာလျှင် မိန်းမများမှာ မိခင်စိတ်ကိန်းအောင်းလာကြတယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ တစ်ကယ်တမ်းစဉ်းစားကြည့်တော့ အိမ်ထောင်ပြုတယ် ဆိုတာ ဘာရယ်လို့ နားမလည်တတ်သေးခင် ဟိုးငယ်စဉ်ဘဝ ကတည်းက မိန်းကလေးများဟာ အရုပ်ကလေးများနဲ့ ကလေးထိန်းတမ်း ဆော့လေ့ရှိပါတယ်။ ဒါဟာ နူးညံ့သိမ်မွေ့တဲ့ မိခင်မေတ္တာရဲ့ မြစ်ဖျားပါ။
အဲဒီလိုနဲ့ အရင်းခံလာတဲ့ မိခင်မေတ္တာဟာ ဘယ်လောက်တောင် အင်အားကြီးပြီး အစွမ်းထက်သလဲဆိုရင် အညှီနံ့ထောင်းထောင်း ထပြီး၊ နီရင့်ရောင်အဆင်းရှိတဲ့ သွေးစိမ်းရှင်ရှင်ကိုသော်မှ ဖြူစင်ချိုမြိန်ပြီး အာဟာရနဲ့ ပြီးပြည့်စုံတဲ့ နို့ချိုရည်အဖြစ်ကို ပြောင်းလဲသွားစေ ပါတယ်။ လူ့ကိုယ်မှာရှိတဲ့ အစိတ်အပိုင်း(ကောဌာသ)များကို သုံးဆယ့်နှစ်ကောဌာသ သတ်မှတ်ရာမှာ မိခင်နို့ရည်ဟူသော ကောဌာသ မပါပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ရည်ဟာ သွေး(လောဟိတ) ဆိုတဲ့အုပ်စုထဲမှာ ပါပြီးတာကြောင့်ပါပဲ။ အဲဒီသွေးဆိုတာနဲ့ မိခင်မေတ္တာနဲ့ ရောစပ်လိုက်တဲ့အခါ ဓါတ်သဘာဝအားဖြင့် တစ်ခြားစီဖြစ်တဲ့ မိခင်နို့ချိုရည်ဖြစ်လာပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူသော မေတ္တာသုတ်တော်တွင်လည်း မိခင်၏မေတ္တာကို လောကရှိမေတ္တာတရား အားလုံးတို့အတွက် ပုံခိုင်းစရာစံအဖြစ် ဟောကြားတော်မူခဲ့ပါသည်။ ‘‘မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။ မာတာ၊ သမီးသား၌ ကြီးပွါးစေလို ဘထက်ပို၍ ဗြဟ္မစိုရ်စုံ နဂိုထုံလေ့ရှိသော ဂုဏ်ကျေးဇူးရှင် မွေးမိခင်သည်။ နိယံပုတ္တ၊ မိမိရင်၌ဖြစ်သော။ ဧကပုတ္တံ၊ အရေကိုလွှား အသားကိုခွဲ အရိုးစွဲအောင် မြဲမြံလှစွာ ကရုဏာနှုင့် မေတ္တာဗလဝ ချစ်ပါလှသော ဖွါးစနုနယ် တစ်ယောက်တည်းသော သားသူငယ်ကို။ အာယုသာ၊ ဇိဝိတိနြေ္ဒ တည်ငြိမ်စေလိုသောကြောင့်။ အနုရက္ခေယထာ၊ ပိုက်ပိုက်ထွေးထွေး နို့ချိုကျွေး၍ မအေးစေရ မပူရဘဲ နေ့ညမခြား ရင်ဝယ်ထား၍ လူလားမြောက်အောင် ကြံဆောင်ထွေထွေ စောင့်ရှောက်လေသကဲ့သို့။’’
ဖခင်ဖြစ်သူမှာ မိမိ၏သွေးသားစစ်စစ် ဖြစ်၊မဖြစ် မှန်၊မမှန် သံသယဆင်ခြေ ရှိလေနိုင်ငြားလည်း၊ မိခင်ဖြစ်သူ မိန်းမသားမှာမူ မိမိကိုယ်တိုင် ငုံပိုက်သန္ဓေ ဆောင်လေစွဲကပ်၊ မီးယပ်သားဖွါး၊ အာဝေဏိကတရားက အထင်အရှားဖြစ်သောကြောင့် သွေးသားရင်နှစ် သမီးသားစစ်စစ် ဖြစ်၊မဖြစ်ကို တစ်ဆစ်မှ သံသယမဝင်တော့ပေ။
နောက်ပြီး သားသမီးရဲ့ အန္တရာယ်ကို ကာကွယ်တဲ့နေရာမှာ ဖခင်ထက် မိခင်များက အသက်ကို စွန့်စားလေ့ ရှိတတ်ကြတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စတင်ကာ မိခင်ကသာ စားမှု၊နေမှု၊ထိုင်မှု ကိစ္စအဝဝအတွက် တစ်တွတ်တွတ် သင်ကြားနေတတ်ပါတယ်။ အမိဖြစ်သူ မိန်းမသားများဟာ စိတ်ရှည်တယ်၊ သည်းခံတယ်၊ သာယာစွာဖျောင်းဖျ ပြောဆိုတတ်ကြပါတယ်။
ဗိမ္ဗိသာရဇာတ်မှာ ဖခင်နှင့် အဇာတသတ် အရေးအခင်းမှာ သားရဲ့သတ်ခံရတာက ဗိမ္ဗိသာရဘုရင်ဖြစ်ပါတယ်။ နောင်တရအောင် ပြောဆိုဆုံးမတာကတော့ မယ်တော်ဝေဒေဟီ မိဖုရားသာဖြစ်ပါတယ်။ အကယ်၍သာ မယ်တော်အသတ်ခံရပြီး ခမည်းတော်သာ ကျန်ခဲ့မယ်ဆိုရင် သားကိုပြန်၍ အပြစ်ဒဏ်ပေးလျှင်လည်း ပေးနိုင်ကောင်း၍၊ သာယာဖျောင်းဖျ အကြောင်းအကျိုးလည်း ပြန်ရှင်းပြနေမှာ မဟုတ်ပါဘူး။ အဇာတသတ်မင်းသားအနေနဲ့လည်း ဗုဒ္ဓနဲ့တွေ့တောင်တွေ့သွားပြီး သတိသံဝေဂရတော့မှာ မဟုတ်ဘူး။ မိခင်ဆိုတော့ သားဆိုးသားမိုက်လည်း ကရုဏာထားတာပဲ။
အင်္ဂုလိမာလရဲ့ အမေဟာလည်း ဆိုးသွမ်းသောင်းကျန်းနေတဲ့သူ့သားကို မင်းကြီးက တပ်စုဗိုလ်ပါတွေနဲ့ ဖမ်းဆီးတော့မယ်လည်း ကြားရော သားမိုက်ကိုလိုက်ရှာပြီး သတိပေးဖို့ တောထဲကို တစ်ယောက်တည်း မကြောက်မရွံ့ ထွက်ခဲ့ပါတယ်။ သောင်းကျန်းဆိုးသွမ်းတဲ့ သားနဲ့တွေ့တော့ လက်ညှိုးပေါင်းတစ်ထောင်ပြည့်ဖို့ တစ်ချောင်းပဲလိုတယ်ဆိုပြီး မိခင်လက်ကိုဖြတ်ရအောင် လိုက်ပါတော့တယ်။ မြတ်စွာဘုရားရှင်က ရောက်လာပြီး ကြားဝင်ကယ်ချွတ်လို့သာ သားဆိုးဘေးမှလွတ်ခဲ့ရပါတယ်။ ဒီနေရာမှာ ဖခင်ပုဏ္ဏားကြီးသာ လိုက်သင့်သော်လည်း မိခင်ပုဏ္ဏေးမကြီးကသာ မိခင်မေတ္တာအရင်းခံနဲ့ မကြောက်မရွံ့လိုက်လာဝံ့တာပါ။
နောက်ပဒကုသလဇာတ်မှာလည်း မိခင်ကို ဘီလူးမကြီးမှန်းသိတာနဲ့ သားကအဖေကိုခေါ်ပြီး ထွက်ပြေးပါတယ်။ မိခင်ကသိတော့ နောက်ကအပြေးလိုက်ပြန်ခေါ်ဖို့ ကြိုးစားပါတယ်။ မိခင်ကမလိုက်နိုင်တဲ့အဆုံး မြစ်တစ်ဘက်ကမ်းကို ရောက်သွားပြီဖြစ်တဲ့သားကို လူတို့ရပ်ထံရောက်ရင် အသက်မွေးမှုတစ်ခုမပါက ဆင်းရဲရလိမ့်မည်လို့ ကြောင့်ကြတဲ့အတွက် ခြေရာခံတတ်တဲ့မန္တန်ကို တစ်ဘက်ကမ်းဆီ လှမ်းအော်ရင်း နှုတ်တိုက်သင်ပေးပါတယ်။ မန္တန်ရလို့ သားနဲ့လင်လည်း ထွက်သွားရော မိခင်ဘီလူးမကြီးလည်း ရင်ကွဲနာကျ သေရရှာပါတယ်။ မိမိကို ရွံရှာမုန်းတီးလို့ ရင်ကိုစုံကန်ထွက်သွားတဲ့ သားကိုသော်မျှ မေတ္တာမကွက် ကရုဏာသာ သက်တတ်တာ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့်လူ့လောကမှာ အပြည့်စုံဆုံးမေတ္တာရှင်အနေနဲ့ ဖေါ်ပြစရာဆိုလို့ မိခင်မှတစ်ပါး အခြားသူ မရှိနိုင်ပါဘူး။
ဒီလိုလူ့ဘဝရဲ့ အပြီးပြည့်စုံဆုံး မေတ္တာရှင်ဖြစ်ခွင့်ကို ရရှိထားတဲ့ ကျွန်မတို့ မိန်းမသားများအဖို့ တုနှိုင်းဖွယ်မရှိတဲ့ မိခင်ဂုဏ်ရည်ကို ထိန်းသိမ်းသင့်ပါတယ်။ ဆရာမကြီး ဒေါ်ခင်နှင်းယုကလည်း အဆိုပါဂုဏ်ရည်ကို ဆောင်းပါးတစ်ပုဒ်မှာ အောက်ပါအတိုင်း ရေးသားခဲ့ဖူးပါတယ်။
‘‘မိန်းမများအနေနဲ့လည်း မနာလို၊ဝန်တိုစိတ်တွေ၊ ရယူလိုစိတ်တွေ ပြင်းပျလာတိုင်း ငါတို့သည် မိခင်မျိုးနွယ်မှ ဆင်းသက်လာ သူများဖြစ်သည် ဟူ၍ မျိုးနွယ်ဂုဏ်ကို စောင့်ထိန်းသောအနေဖြင့် မိခင်မေတ္တာဖြင့် လင်သားအပေါ် ချစ်နိုင်ပါလျှင် မနာလိုဝန်တိုခြင်း ကင်းလာမည်။ သားငယ်တစ်ယောက်ကို ပြုပြင်သလို လင်သား၏ ဖောက်ပြန်မှု၊ သစ္စာမဲ့ မှုရှိလာလျှင်တောင် ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ငြိမ်းချမ်းသော လူ့ဘောင်ကို ယောက်ျားနှင့်မိန်းမ လက်တွဲ၍တည်ဆောက်ရမည်ဖြစ်သော်လည်း မိန်းမက သာသောအချက်မှာ မိခင်မေတ္တာကို မိန်းမများကသာ ပေးနိုင်ခြင်းဖြစ်သည်။ လေးစားမြတ်နိုးထိုက်သော မိခင်မျိုးနွယ်ဟူသော ဂုဏ်သရေ၊ သဘာဝအမွေကို ခံယူရသော အမျိုးသမီးများဖြစ်၍ ပြဿနာ တစ်ရပ်ရပ်နှင့် တွေ့ကြုံတိုင်း မိခင်မျိုးနွယ် ဂုဏ်သရေကို သတိရကာ မိခင်စိတ်ဖြင့် ဖြေရှင်းနိုင်ပါစေသတည်း။’’ (ခင်နှင်းယု ၂၅-၇-၉၇)
ကျွန်မဒီအက်ဆေးကို ရေးဖြစ်ခဲ့တာကတော့ မိန်းမသားဘဝကို တန်ဖိုးထားဖို့မေ့လျော့နေတာလား၊ မသိတာလား၊ မလိုအပ်ဘူးလို့ထင်နေကြတာလားမသိတဲ့ ညီမအရွယ်၊ အစ်မအရွယ် မိန်းမသားတစ်ချို့အတွက်ပါ။ ၂၁ရာစုကို ကူးပြောင်း လာပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံများမှာသာမက အာရှနိုင်ငံအတော်များများမှာပါ မိန်းမသားများရဲ့ အတွေးခေါ်ယူဆ ချက်များ ပြောင်းလဲလာပါတယ်။ တစ်ချို့ကဒီလိုဆိုကြပါတယ်…။ ‘‘လွတ်လပ်တဲ့မိန်းမတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ဂုဏ်သိက္ခါဟာ သူကိုယ်တိုင်အတွက်ဖြစ်ပြီး အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရဲ့အောင်မြင်မှုနဲ့ဂုဏ်သိက္ခါကတော့ သူ့ခင်ပွန်းနဲ့၊ သူ့ရဲ့မိသားစုအတွက်ဖြစ်ပါသတဲ့’’ ။ ဒီတော့ ရှိဖူးတဲ့ စကားတစ်ခွန်းလိုပါပဲ ‘‘ပညာအကျင့်နှင့်သိက္ခါမြှင့်’’ သင့်ကြပါတယ်။ ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါဘူး။ နှုတ်မှု၊လက်မှု ပညာသာမက အမှား၊အမှန် ပိုင်းခြားနိုင်တဲ့ အသိပညာကိုလည်းဆိုလိုပါတယ်။ အကျင့်စာရိတ္တအားဖြင့်လည်း မြင့်မြတ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် တစ်ချိန်ချိန်မှာ မိခင်တာဝန်ကို ထမ်းဆောင်ကြဖို့ (ရာခိုင်နှုန်းအတော်များများ) သေချာနေသော မိန်းမသားများအဖို့ မိမိရဲ့ဂုဏ်သိက္ခါကို မိမိကိုယ်တိုင် တန်ဖိုးထားတတ်ကြဖို့ အလွန်လိုအပ်ပါတယ်။ မိမိရဲ့အခြားသော ကိုယ်ရည်ကိုယ်သွေးများကိုလည်း မိမိရဲ့မျိုးဆက်သစ်များအတွက် တောက်ပြောင်အောင် ကြိုးစားသင့်ပါတယ်။ အနာဂတ်ကာလ မိမိရဲ့ရင်သွေးလေးများ လူဘုံအလယ်မှာ ညံ့ဖျင်းကာ၊ အကျင့်စရိုက်ပျက်ပြားသူတစ်ဦး၏ သားသမီးအဖြစ် ခေါင်းလျှိုနေရမည့်အစား၊ ရိုးသားမြင့်မြတ်သော မိခင်ကောင်းတစ်ဦး၏ သားသမီးများအဖြစ်၊ သာယာအေးချမ်းပြီး ပညာ၊သိက္ခါရှိသော မိသားစုဝင်အဖြစ်၊ တင့်တယ်ဂုဏ်ယူကြနိုင်စေဖို့ ကျွန်မတို့ မိန်းမသားများက တတ်စွမ်းသမျှကြိုးစားကြဖို့ လိုပါတယ်။ ။
နှင်း
7 comments:
ကို့  ညီမ အပျိုကြီးကလည်း ကြည့်ပါဦး တွေးတတ် ရေးတတ်နေလိုက်တာ။ လေးစားပါတယ် နှင်းရေ။ ဆက်လက်စောင့်မျှော် အားပေးနေမယ်နော်။
လွင်မင်းခန့် 
မိန်းကလေးတွေရဲ့ ပိုင်ဆိုင်ထားတဲ့ဘဝ
ဖြတ်သန်းနေရတဲ့ ဘဝတွေကို
မိန်းကလေးတွေကသာ ထပ်တူထပ်မျှ ခံစားလို့ရတာပါ...
မိန်းကလေးတိုင်းကို အမျိုးကောင်းသမီးလေးတွေ ဖြစ်စေချင်ပါတယ်...
ကိုယ့်ကိုယ်ကိုလဲ တန်ဘိုးထားစေချင်ပါတယ်...
မိန်းမသားဘဝကို ပေါ်လွင်အောင် ရေးထားတဲ့ပို့စ်ကောင်းလေးပါ...
နောက်ရေးမယ့် စာတွေကိုလဲ စောင့်ဖတ်နေမယ်နော်..
အစ်မရယ်....ရေးတက်လိုက်တာ..
ချက်နဲ့ လက်နဲ့ ။။။တိတိကျကျ။
တကယ်ကိုအားကျမိပါတယ်။
အစ်ကိုနေစိုးနိုင်တို့ ၊ အစ်ကိုလွင်မင်းခန့် 
တို့ ညီမလေးလို့ မပြောရဘူး။ :)
ရေးပုံရေးဟန်လေးတွေက..ပညာသား
ပါပါ။ :)
မိန်းမသားဘ၀ကို မြှင့်တင်ပြီးရေးပေးတာ ကျေးဇူးတင်ပါတယ် ရှင်
မနှင်းရေ.......
မိန်းမကောင်း၊ မိန်းမမြတ်တစ်ယောက် ရဲ့ အရည်အသွေးတွေ အမျိုးသမီးတိုင်းမှာ ရှိစေချင်သလို၊ ကိုယ်ကိုယ်တိုင်လည်း ဖြစ်အောင် ကြိုးစားသွားပါ့မယ်။
ခုလိုခေတ်အချိန်အခါမျိုးမှာ လိုအပ်နေတဲ့၊ အရမ်းကောင်းတဲ့ ပိုစ့်လေးအတွက် ကျေးဇူးအရမ်းတင်ပါတယ်။
ပိုပြီးလည်း လေးစားအားကျမိတယ်..တကယ်ပါ။
မနှင်းရေ
ကျွန်တော်လို စာရေးစားနေတဲ့ လူတောင် ဖျားသွားလောက်တဲ့ အက်ဆေးလေးပါပဲ။ အထောက်အထားတွေကလည်း နှံစပ်မှုကို ပြဆိုနေတယ်ဆိုတာ ငြင်းမရပေဘူးဗျို့။ လေးစားပါတယ်လို့ လေးလေးနက်နက်ကြီး ပြောလိုက်ပါရစေ။
အောင်စည်ဟိန်း
ထောက်ခံပါတယ်။ အရမ်းကောင်းတယ်။
Post a Comment