Thursday, April 16, 2009

အောင်ချက်ကောင်းလိုက်ပုံက

2000 ခုနှစ် ၀န်းကျင်ကအဖြစ်အပျက်တစ်ခုပါ။ အထက်မြန်မာနိုင်ငံက နယ်မြို့ကလေးတစ်မြို့ကို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေ လာရောက်ကြစဉ်တုံးက အဖြစ်အပျက်တစ်ခုပဲ ဆိုပါတော့။ ၀န်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့မှာ စ က ထ လို့ခေါ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေး အထူးအဖွဲ့မှူး တစ်ဦးလဲ ပါတယ်ဗျ။ အဲဒီလူကြီးတွေတော့ အခုအနားယူသွားပါပြီ။ ၀န်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးတို့အဖွဲ့ဟာ သွားရောက်ရမယ့် ခရီးစဉ်ထဲမှာ မပါတဲ့ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းကို ယာဉ်တန်း ဖြတ်သွားရင်း ရုတ်တရက် ၀င်ရောက်လိုက်ကြတယ် ဆိုပဲ။ မျက်ဖြူဆိုက်ပြီး ဘုရားတ နေရတာက ဘယ်သူတွေဖြစ်မလဲဆိုတာ ပရိသတ်ကြီး သိပြီးသားပါ။ ပညာရေးဝန်ကြီး နဲ့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေ၊ အထူးသဖြင့် ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)မှူးပါပဲ။ သိတဲ့အတိုင်း အဲဒီတုန်းက ၀န်ကြီးချုပ်ကလဲ အင်မတန်သွက်တယ်ဗျ။ လက်ရှိ အစိုးရသက်တမ်း တလျှောက်မှာ ပထမဆုံး ၀န်ကြီးချုပ် ကိုးဗျ။ သူနဲ့လိုက်လာတဲ့ စ က ထ မှူးကလဲ မေးတတ်မြန်းတတ် ပုံတိုပတ်စ ပြောတတ်တဲ့နေရာမှာ ကတ်ဗိနက်မှာ နာမည်ကြီးဆိုတော့ ဟိုဆရာတွေ ရင်တမမ ဖြစ်တာ ဆန်းတော့ မဆန်းပေဘူးပေါ့ဗျာ။

အဲ .. ကျောင်းထဲရောက်တယ်ဆိုရင်ပဲ ကျောင်းအုပ်ဆရာမကြီးနဲ့ အင်တာဗျူးတော့တာပဲ။ ထုံးစံအတိုင်း စ က ထ မှူး က မေးတော့တာပဲ။

“ဆရာမကြီး ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီဆိုတော့ ဆရာမကြီးကျောင်း အခြေအနေ ဘယ်နဲ့လဲဗျ”

“ဗိုလ်ချုပ်ကြီး ဒီနှစ်ကျွန်မကျောင်းက တစ်ယောက်ပဲ ကျပါတယ်”

ဒီအဖြေကြားရပြီဆိုတော့ ဟိုဆရာတွေ သက်ပြင်းခိုးချနေကြမယ် ထင်တယ်။

“ဟား ... ဆရာမကြီး တယ်ဟုတ်ပါလား။ ဒါနဲ့ မနှစ်ကရော ဘယ်လိုလဲ”

“မနှစ်ကလဲ တစ်ယောက်တည်းပဲ ကျပါတယ် ဗိုလ်ချုပ်ကြီး”

ထိုစဉ် ၀န်ကြီးချုပ်က

“ဟား ဆရာမကြီးတို့ ဆုတွေဘာတွေ မရဘူးလာ။ ကိုလှ ( အမည်ရင်းမဟုတ် ) (ထို့စဉ်က ပညာရေးဝန်ကြီး) တို့က ကိုမောင်( အမည်ရင်း မဟုတ် )(စက်မှု-1 ၀န်ကြီး၊ တောင်သာသား) တို့ မြို့ကို အထင်သေးသကိုး။ ကျုပ်တို့ ခရီးစဉ်ထဲ ထည့်မဆွဲထားဘူး”

အားလုံးပြုံးပြုံး ဖြစ်နေချိန်မှာ စ က ထ မှူး က အခုလို ၀င်မေးပါတယ်။

“နေစမ်းပါဦး ဆရာမကြီးရဲ့။ ဒီနှစ်ဘယ်နယောက်ဝင်ဖြေသလဲ”

“တစ် တစ်ယောက်တည်းပါ ဗိုလ်ချုပ်ကြီး”

“အင်း ... ဆရာမကြီးကတော့ လုပ်လိုက်ပြန်ပြီ”

“ဒါဖြင့် မနှစ်ကရော ဘယ်နယောက်ဝင်ဖြေသလဲ”

“ဒီနှစ်ဖြေတဲ့ ကောင်လေးပါပဲ ဗိုလ်ချုပ်ကြီး”

ထိုစဉ် ၀န်ကြီးချုပ်က

““ကောင်းရောဗျာ။ ဆရာမကြီးနှယ် ဖြေလိုက်တာကတော့ ချောနေတာပဲ။ ကျုပ်ဖြင့် အဟုတ်မှတ်နေတာ”

“ကိုင်း ကျွန်တော်ပြောမယ် ၀န်ကြီးချုပ် ဒီလောက်အပြောကောင်းတာ ဒီဆရာမကြီးဟာ မဟုတ်မှလွဲရော ကိုမောင် ရဲ့ တပည့်ဖြစ်ရမယ်ဗျ။ ကိုမောင် က ကျောင်းဆရာ အကြာကြီးလုပ်ခဲ့ ဖူးတယ်ဗျ။ ဟား ဟား ဟား”

ဒါကတော့ စကထမှူး ဗိုလ်ချုပ်ကြီးရဲ့ အပြောပါ။ အမှတ်တရတွေက အမှတ်တရ တစ်ခုပါပဲ။

အောင်စည်ဟိန်း

No comments: