Thursday, February 26, 2009

အားကိုးစရာ မြတ်သံဃာ

ဘုရားကို ဘုရားမှန်း သိသောသူ ရှိသော အရပ်သည် ဘုရားရှိသော အရပ်ဖြစ်သည်
တရားကို တရားမှန်း သိသောသူ ရှိသော အရပ်သည် တရားရှိသော အရပ်ဖြစ်သည်
သံဃာကို သံဃာမှန်း သိသောသူ ရှိသော အရပ်သည် သံဃာရှိသော အရပ်ဖြစ်သည်

ဆိုသော ကျွန်တော် ၏ ယုံကြည်ချက်သည် ယနေ့ အကောင်အထည်ဖော်နိုင်ခဲ့လေပြီ ။ အကြောင်းမှာ သံဃာတော် အရှင်သူမြတ်တို့ ၏ ကျေးဇူး ကရုဏာ ကြီးမားလှသောကြောင့် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက် နိုင်ငံခြားတိုင်းပြည်တစ်ခု ( ဗုဒ္ဓဘာသာ နှင့် ပတ်သက်သော အကူအညီ မရနိုင်သော ) မှာ သေဆုံးသွားခဲ့၍ ဗုဒ္ဓဘာသာဝင် ထုံးစံ နဲ့အညီ မပြုလုပ်နိုင်ခဲ့ဘူးဆိုလျှင် ကျန်ခဲ့သောဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ ကျွန်တော် တော်တော် ရှက်နေတာပါ။ ဘာသာရေး အားငယ်မှူလည်းဖြစ်ခဲ့မိပါတယ်။

သို့သော် မထင်မှတ်ဘဲ တူရကီနိုင်ငံမှာ ရောက်နေတဲ့ အစ်မတစ်ယောက် က စာရေးဆက်သွယ်လာပြီး ကျွန်တော်ခံစားချက်ကို နားလည်ကြောင်း နှင့် သူ့ အတွေ့အကြုံကလေး ကို မျှဝေပေးပါတယ်။ သူလည်း ဆရာတော်ဘုရား တစ်ပါးထံမှ Gtalk မှတဆင့် Online သီလဆောက်တည်ဖူးကြောင်း ကြိုးစား ကြည့်စေလိုကြောင်း အကြံပေးသည့် စာတစ်စောင် ရောက်လာပါသည်။ ထို့ကြောင့် လက်လှမ်းမှီရာ ဆရာတော်များ အား ကြိုးစား ဆက်သွယ်ရာ ဆရာတော် ဦးလောကနာထ www.lknt.org နှင့် ဆရာတော် ဦးပဏိစ္စ အား ဆက်သွယ် ရခဲ့ပါတယ်။ ဆရာတော် ဘုရား ၂ ပါးစလုံးမှ သေဆုံးသူ နှင့် ကျန်ရစ်သော မိတ်ဆွေ အသိုင်း အ၀ိုင်း အတွက်လိုအပ်သော တရားဓမ္မများကို ဟောကြားပေးခဲ့ကြပါတယ်။

ဘ၀မှာ ပထမဦးဆုံးအကြိမ် ပါပဲ။

အတိုင်းမသိအောင် ကို ကြည်နူးပိတိဖြစ်ရပါတယ်။ ကျွန်တော်ပဲလားဆိုတော့ ကျွန်တော်အပါအ၀င် အားလုံးရဲ့ ခံစားချက်ကအတူတူပါပဲ။

ယခုလို ခေတ်ပညာတတ် ဆရာတော် အရှင်မြတ်တို့ သာသနာပြုနေတဲ့ ခေတ် ၊ ယခုလို နည်းပညာတွေ တိုးတက် နေတဲ့ခေတ်မှာ ဘုန်းကြီးမရှိလို့ တရားမနာလိုက်ရဘူး ဆိုတဲ့ ဗုဒ္ဓဘာသာဝင် အဖြစ်ကို အရောက်မခံကြပါနဲ့။

ကျွန်တော်ကတော့ တတ်နိုင်သလောက် ဗုဒ္ဓဘာသာရဲ့ဂုဏ် ၊ ဗုဒ္ဓဘာသာဝင် တို့ရဲ့သိက္ခာကို ကြိုးစားကာကွယ်ခွင့်ရလိုက်ပါပြီ။ ( ဆရာတော်တို့ရဲ့ ကရုဏာကြောင့်ပါ ။ ဆရာတော်တွေနှင့် တူရကီမှ အစ်မ တို့၏ ကျေးဇူးအား ကျွန်တော့် တသက် မမေ့ပါဘူး ) ဘာသာရေးငတ်မွတ်မှူ ဒဏ်ခံနေကြရသော ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်း ကိုယ်စား ဆရာတော်များ နှင့် တူရကီနိုင်ငံမှ အစ်မ ကို ကျေးဇူးတင် ကြောင်းမှတ်တမ်းတင်လိုက်ပါသည်။

ဒူဘိုင်းမှာ သေဆုံးသွားရှာသော မိန်းခလေးမှာ ဗုဒ္ဓဘာသာဝင် ဖြစ်သည်အားလျှော်စွာ ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။

ဗုဒ္ဓသာသနာ ထွန်းလင်းကာ ရောင်ဝါ နေ သို့လင်းစေသော်
ဓမ္မသာသနာ ထွန်းလင်းကာ ရောင်ဝါ လ သို့အေးစေသော်
သံဃာ့ မေတ္တာ လွှမ်းခြုံကာ ဒုက္ခခပ်သိမ်း ငြိမ်းစေသော်

( ဆရာတော်ဘုရားတို ဟောကြားပေးသော တရားတော်များကို လည်း အားလုံးကို မျှဝေ ပေးပါမည်ခင်ဗျား )

သေဆုံးသူ အမှူ မှာ မူ တရားခံအား မဖော်နိုင်သေးပါ။ ရဲဌာနမှ စုံစမ်းစစ်ဆေးလျှက်ရှိပါသည်။ ယခု သေဆုံးသူ ၏ အလောင်း အား မြန်မာပြည်သို့ပြန်ပို့ရန် စီစဉ်နေကြပါသည်။ ကုမ္ပဏီမှ အားလုံးတာဝန်ယူပါသည်။ အသေးစိတ် ကိုဆက်လက်ရေးသား ပေးပါမည်။

လေးစားစွာဖြင့်
နေစိုးနိုင်

1 comment:

Anonymous said...

ကြက်သီးထလောက်အောင်ကြည်နှုးပိတိ ၀မ်းသာမိပါတယ်။ UAE လိုနိုင်ငံမှာတောင် ယခုလိုဆောင်ရွက်နိုင်တဲ့အတွက်လေးစားပါတယ်။
သာဓု သာဓု သာဓု