အင်း အခုတလော ဘလော့တွေကို လိုက်ဖက်ကြည့်တော့ မူပိုင်ခွင့် ဘာညာဆိုပြီးတော်တော်လေး ရေးထားတာ တွေ့နေရတယ်။ ဘယ်သူ့က ဘယ်သူ့ရဲ့ ပုံကို ဘယ်လို ခိုးပြီး သူ့ဘလော့ မှာတင်လိုက်တယ်.. ပုံဆိုတာ လူပုံ ကိုပြောတာမဟုတ်ဘူး ။ အဲဒါကို ခွင့်ပြုချက်မရှိပဲ ကူးယူပါတယ်ဆိုပြီး ခိုးတယ် ဘာညာ ဆိုပြီး ပြောနေကြတယ် ။ ဒါကို ဘေးကနေပြီး ၀ိုင်းပြီးတော့ ပတ်မ တီးကြတဲ့လူတွေလည်းမနည်းပါဘူး။
ကျွန်တော်အထင်ကို ပြောရရင် ကူးယူလိုက်တဲ့လူဟာ ခိုးယူလိုတဲ့ဆန္ဒနဲ့ ယူလိုက်တယ်လို့ ကျွန်တော်တော့ မယူဆဘူး Web site တစ်ခုကိုရောက်လို့ ကိုသဘောကျတာလေး တွေ့ရင် စာပဲဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ် ကူးယူ ထားမိ တတ်ကြတာပါပဲ။ မိမိဖန်တီး ထားတဲ့ စာတွေ ၊ ပုံတွေကို ကူးမယူစေချင်ဘူးဆိုရင် စာလုံကြီးကြီးနဲ့ ခွင့်မပြုဘူး လို့ ရှင်းရှင်းလင်းလင်း ရေးထားလိုက်ဖို့ကောင်းတယ်။ လယ် ဖူးတဲ့ Blog တွေထဲမှာတော့ ကို ညီလင်းဆက် Blog မှာ သတိပေးထားတာတွေ့ဖူးတယ်။
နောက်ဒီယူသုံးလိုက်တယ်ဆိုတဲ့ ပုံတွေကိုလည်း စီးပွားဖြစ်သုံးစားတာမှ မဟုတ်တာဗျာ။ နားလည်ပေးလိုက် ကြရင်ကောင်းမယ်။ ငါဒီစကားကို ပြောလိုက်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ သိတယ် ငါ တတ်တယ် ဆိုတာ ကိုပြချင်လို့ လူတစ်ဖက်သားကို သူခိုးလိုလို ဘာလိုလို မပြောသင့်ပါဘူး။ အခုကိစ္စကို ပြောနေကြတဲ့ လူတွေထဲမှာ သူ့ကိုယ်သူ ဗဟုသုတ အိုးကြီးထင်ခံ ရအောင်လို့ ပြောနေတဲ့လူတွေပါတယ်ဆိုတာ ခံစားလို့ ရနေတယ် ။
ဒီလိုပြောတတ်ကြတဲ့ သူတွေကို မေးခွန်းလေးတစ်ခုလောက်တော့မေးချင်တယ်..
ခင်ဗျားတို့သုံးနေတဲ့ ကွန်ပျူတာ ထဲက hardware တွေ software တွေက အားလုံး ကုမ္ပဏီ ကတရားဝင် ၀ယ်ထားတဲ့ ၊ မူပိုင်ခွင့်လိုင်စင် ယူထားတဲ့ ပစ္စည်းတွေ ပဲလို့ ခင်ဗျားတို့ပြောရဲလား။ ကျွန်တော်ကတော့ ကျွန်ပျူတာသုံးလာတဲ့ ၈ နှစ် ၉ နှစ်ကာလ တလျှောက်လုံးမှာ တရားမ၀င်ခိုးယူပြီးသုံးရတဲ့ Software တွေ တပိုင်းတစဆီ ၀ယ်လို့ ရတဲ့ hardware တွေကိုပဲသုံးခဲ့တာပါ။ မှတ်မှတ်ရရ တရားဝင် Software ဆိုလို့ Kespersky Antivirus 2009 ကိုဝယ်သုံးဖူးပါရဲ့။
ခုလိုသူတပါးခွင့်မပြုတာကို ယူသုံးမိလိုက်တဲ့ သူကို ပြောနေကြတဲ့ အစ်ကို အစ်မများကို မိမိတို့ကိုယ်တိုင်ရော သူတပါးခွင့်ပြုမှသုံး ကြတာလား ဆိုတာ ကို စဉ်းစားစေချင်ပါတယ် ။ ဆရာကြီးလုပ်တာမဟုတ်ပါ။ ကျွန်တော့်အမြင်ကို တင်ပြခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် မှားခြင်း မှန်ခြင်း မှာ သက်ဆိုင်သူ၏ ကြည့်ရှူသော အမြင်ပေါ်မှာသာမူတည်နေပါလိမ့်မည်။
"သူတပါး အပြစ်ကို မြင်လွယ်၏ .. မိမိအပြစ်ကိုကား မြင်နိုင်ရန်ခဲယဉ်း၏" ဆိုတဲ့ စကားလေးက ဆင်ခြင်စရာကောင်းပါတယ် ...
အင်း......... ဆင်ခြင်မှ... ဆင်ခြင်မှ
နေစိုးနိုင်
No comments:
Post a Comment