Friday, December 26, 2008

မေးခွင့်ရှိရင် မေးချင်ပါသည်

'ဟဲ့ကောင်လေးကျောင်းသွားရအောင် ပြင်ဆင်ရအုံးမယ် ထတော့' ဒီအသံကတော့ ငယ်စဉ်ဘ၀မှာ ကျွန်တော် အမုန်းဆုံး စကားလုံးများဖြစ်ပါသည် ။ ကျွန်တော်၏ အကျင့်တခုမှာ အိပ်ရာမှနိုးနေ သော်လည်း မထသေးဘဲ အိပ်ယာထဲတွင် မှိန်းပြီး ဇိမ်ယူနေတတ်ပါသည် ။ ထို ဖီလင် ကို ကျွန်တော်အရမ်းကြိုက်ပါသည်။ သို့သော် ကျွန်တော့်မိခင်မှာ ကျောင်းမသွားခင် စောစောထ စာကျက်စေလိုပါသည် ။ထို့နောက် ရေချိုး သနခါးလိမ်း ကျောင်းသွားရ ပါသည် ။ မနက်စောစောထ ရသော အကျင့်ကို ကျွန်တော်အလွန်ပျင်းပါသည်။ ထို့ကြောင့် အမေ နှိုးနေသည့်ကြားမှ ပြန်အိပ်လို့ ရအောင်ပြန်အိပ်တတ်ပါသည် ။ ထို့ကြောင့် အမေသည် ကျွန်တော်အား အိပ်ရာမှ နှိုးလျှင်မနိုးမချင်း စောင့် ပြီးနှိုးလေ့ရှိပါသည်။

အမေကျေနပ်စေရန် စာထကျက်ပါသည် ။ စာကျက်ရင်းနှင့်ပင် စိတ်ကပါလာပြီး စာတစ်ပုဒ်ကို ခဏလေးရသွားတတ်ပါသည် ။ ကျောင်းရောက်လို့ ဆရာ့ရှေ့မှာစာရလျှင် အမေကို ကျေးဇူးတင်ပါသည် ။
လွယ်အိပ်ကို မနိုင့်တနိုင် သယ်ပိုးပြီးကျောင်းတက် ခဲ့ရတဲ့ဘ၀။ မိုးရွာသောကြောင့် ကျောင်းကို ခြေလျှင် ဒိုးခဲ့ရတဲ့ အချိန် တွေကို ပြန်တွေးလိုက်ရင်
သြော် ငါဖြတ်သန်းခဲ့ရတဲ့ကျောင်းသားဘ၀ က မလွယ်ပါလား လို့ ကိုယ်ဖာသာ ပြန်လည်စဉ်းစားမိပါသည်။
အနည်းငယ်ရှင်းပြလိုပါသည် ။

ကျွန်တော်တို့ရွာတွင် မူလတန်းကျောင်းသာရှိပါသည်။ ထို့ကြောင့် အလယ်တန်းနှင့် တွဲဖက်အထက်တန်း ကို အခြားရွာကြီးတစ်ရွာမှာ သွားရောက် သင်ကြားရပါသည်။ ၄င်းရွာကြီးနှင့် ကျွန်တော့် မွေးရပ်ရွာမှာ ၄ မိုင် လောက်ဝေးပါသည်။ မြေလမ်းဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော်အပါအ၀င် သူငယ်ချင်း များသည် မနက် ၇နာရီ ခွဲတွင် ကျွန်တော်တို့ ရွာမှ စက်ဘီးကိုယ်ဆီဖြင့် ထမင်းဗူး ၊ စာအုပ် အစုံအလင်ဖြင့် ကျောင်းတော်ကြီးသို့ ပျော်ပျော်ပါးပါးသွားကြပါသည်။

ကျွန်တော်တို့ စာသင်ချိန်မှာ တနေ့တွင် ၇ ချိန် ရှိပါသည် ။ ထို့ကြောင့် ၄င်း ၇ ကြိမ်အတွက် လိုအပ်သော စာအုပ်မှန်သမျှကို လွယ်အိပ် ထဲတွင်ထည့်ပြီး သယ်ကြရပါသည် ။ ကျွန်တော်သည် ကျွန်တော့်လွယ်အိပ်ကို စာအုပ် အားလုံးထည့်ပြီး မ မနိုင်ပါ ။ ထို့ကြောင့် ပုံနှိပ်စာအုပ် အချို့နှင့် ထမင်းဗူး ကို စက်ဘီး နောက်ထိုင် ခုံ ပေါ်တွင် ကြိုးနှင့် တုပ်ပြီး သယ် ရပါသည်။

ကျွန်တော်တို့အတွက် အပင်ပန်းဆုံး ရာသီမှာ မိုးရာသီ ဖြစ်ပါသည် ။ မိုးရာသီမှာ မိုးရွာတာသဘာဝဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့အတွက် မူ ဒုက္ခပေါင်းစုံ စုဝေးသောရာသီ ဖြစ်ပါသည် ။ ကျွန်တော်တို့ ကျောင်းသွားရသော လမ်းမှာ မြေလမ်းဖြစ်သောကြောင့် မိုးရွာလျှင်စက်ဘီးစီး လို့မရပါ။ ထို့ကြောင့် ကျောင်းမသွားမီ ( ဥပမာ ။ ။ ညပိုင်း ၊ မနက်စောစော ) မိုးရွာလျှင် ကျွန်တော်တို့ ကျောင်းကို ခြေလျှင် သွားရပါသည်။ ၉နာရီမှာ တက်သောကျောင်း မိရန်အတွက် မနက် ၇ နာရီမထိုးမီကပင် သူငယ်ချင်း တစု ရွာမှထွက် ပြီး ခြေကုန်သုတ် ကြရပါတော့သည်။

အကယ်၍ ကျောင်းရောက်ပြီးမှ မိုးစရွာလျှင် အပြန်တွင် စီးလာခဲ့သော စက်ဘီးကို နည်းနည်းတွန်းလိုက် ရွံ့တွေ ကပ်လာလိုက် တုတ်ကလေးနှင့် ရွှံ့တွေ ခွာချလိုက် ၊ ပြန်တွန်းလိုက် တခါတလေ စက်ဘီးကို ပခုံးပေါ်မှာ ထမ်းပြီး မနိုင်တနိုင်နဲ့ သွားလိုက် တစ်ဦးနှင့်တစ်ဦး ပြောင်လိုက်နောက်လိုက်နှင့် ရွာကိုရောက်အောင်ပြန်ကြရပါ သည်။ စက်ဘီးက လူကို စီးသောနေ့ရက်များဖြစ်ပါသည်။

ကျွန်တော်အကြိုက်ဆုံးနှင့် အပျင်းဆုံး ရာသီဥတုမှာ ဆောင်းရာသီဖြစ်ပါသည်။ အိပ်ရာထရမှာ ပျင်းတတ်သော ကျွန်တော်နှင့် ဆောင်းရာသီမှာ လိုက်ဖက်လွန်းလှ၏။ အိပ်ရာကနိုးနေသော်လည်းမထသေးဘဲ ပေါင်ကြားလက်ညှပ်ပြီး ကွေးနေအောင် အိပ်ရသည့် အရသာကို အရမ်းကြိုက်ပါသည်။ ခိုက်ခိုက်တုန်အောင်ချမ်း တတ်တဲ့ အညာက ဆောင်းတွင်းမှာ ဝေလီဝေလင်း က ကျောင်းထသွားရတယ်ဆို ရင် ခင်ဗျားတို့ယုံမှာမဟုတ် ဘူး။

ပျင်း၍ စာမကျက်သောအခါများတွင် အမေသည် ပျစ်တောက် ပျစ်တောက် လုပ်ပါသည် ။ ငါတို့ကတော့ ကျောင်းထားပေးတယ် .. စာကျက်ရမှာပျင်းနေတယ် ။ ဒီပုံတိုင်းဆို ကြီးလာရင်ဘာလုပ်စားမှာတုန်း။ သူများခိုင်းစားတာခံရမယ် .. ဘာညာ စုံနေတာပဲ။

အမေရေ ... ပျင်းပေမယ့်လည်း စာကျက်ခဲ့ပါတယ် ..
အမေရေ ... ပျော်ရွှင်ပြီးလည်း စာကျက်ခဲ့ပါတယ် ..
အမေရေ .. စိတ်မပါပဲ စာကျက်ခဲ့သလို
အမေရေ . . .စိတ်ပါလက်ပါ စာကျက်ခဲ့ ပါတယ်
စာတွေလည်းရသင့် သလောက်တော့ ရခဲ့ပါတယ် အမေ .. . .

" စာမကျက်ချင်တဲ့ကောင် ကြီးလာရင် သူများခိုင်းတာခံရလိမ့်မယ်" တဲ့ ကရုဏာဒေါသော ပြောတတ်တဲ့အမေ

စာကျက်တာပဲပျင်းခဲ့လို့လား
ကျက်ခဲ့တဲ့စာတွေ မကျေခဲ့လို့ပဲလား
ဘာလား ... ညာလား
သားမသိဘူး အမေ
ခုတော့
သား သူများနိုင်ငံမှာ သူများခိုင်းတာခံနေရပြီ

သေချာစဉ်းစားပါဦး အမေ .... တခုခုတော့လွဲနေတယ်ထင်တယ်....

နေစိုးနိုင်

1 comment:

Anonymous said...

ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင်ကြိုးစားကြတာပေါ့