Sunday, December 21, 2008

တွေ့ကြုံခဲ့ရကျွန်တော့်ဘဝ

ကျွန်တော်အသက် ငါးနှစ်မပြည့်မှီ အချိန်မှ စတင်ပြီး ကျောင်းအရမ်းတက်ချင်ခဲ့ပါသည်။ ရပ်ကွက်ထဲမှ အစ်ကိုကြီး၊ အစ်မကြီးများ ကျောင်းသွားတာကို မြင်လျှင် ကျောင်းလိုက်ချင်လွန်းလို့ ငိုခဲ့ရသော ရက်တွေအရမ်းကိုများပါသည်။ ကျေးရွာဖြစ်တဲ့အတွက် ကျောင်းမတက်ရသေးသော ကလေးများလည်းကျောင်း တွင် သွားကစားလို့ရပါသည်။ ထို့ကြောင့် ကျောင်းသားမဟုတ်သော ကျွန်တော် ကျောင်းမှာပဲပျော်နေ
ခဲ့ပါတော့သည်။

အမေကတော့ နောက်နှစ်ဆိုရင် ကျောင်းအပ်ပေးမည်ဟုပြောပါသည်။ ကျောင်းအပ်ပြီးသောအခါမှသာလျှင် စာသင်ခန်းအတွင်းသို့ဝင်ခွင့်ရမည်ဖြစ်သောကြောင့် ကျောင်းအပ်ပေးမည့်ရက်ကို တွေးတောပြီး စိတ်ကူးယဉ်နေတတ်ပါသည်။ သူငယ်ချင်းများကို လည်း နှောက်နှစ်ဆိုလျှင်ကျောင်းနေရတော့မှာဖြစ်ကြောင်း ကြွားပါသည်။ သူတို့ကလည်းအားကျမခံ ပြန်ကြွားကြပါသည်။

ကျောင်းအပ်လက်ခံပြီဆိုပြီး သူများတွေ ကျောင်းသွားအပ်သည်ကိုကြည့် ပြီးလျှင် ကျွန်တော် မိဘကို နားပူနားဆာလုပ်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းအပ် နောက်ကျသွားလျှင် ကျောင်းမလိုက်ရမည်ကို တွေးကြောက်နေသောကြောင့်ဖြစ်ပါသည်။

ကျောင်းအပ်ပြီး ကျောင်းတက်ရသော နေ့များကိုပျော်ပါသည်။ ကျောင်းမနေရခင်က ကျောင်းနေလိုက်ရလျှင် တော်တော်ကိုပျော်စရာကောင်းလိမ့်မည် ဟု တွေးထင်ထားမိခဲ့ ရာ လက်တွေ့ကျောင်းနေရသောအခါတွင်မူ
ထင်ထားသလောက်ပြောင်းလဲခြင်းမရှိပါ ။ သူငယ်ချင်းများနှင့် ကစား ၊ မုန့်စား စာသင်..

စာသင်နှစ်တ၀က်လောက်မှာ ကျွန်တော့် အဖွားဆေးရုံတက်ရပါသည်( အမေ၏မိခင်) မန္တလေးဆေးရုံတွင် သွားရောက်ကုသရမှာ ဖြစ်ပါသည်။ ထို့ကြောင့် အမေသည် သူ၏မိခင်ဖြစ်သူ အား လိုက်လံပြုစုပေးရန်အတွက်
မန္တလေးသို့ လိုက်သွားရပါသည်။

အဖွားသည်ထင်ထားသည်ထက်ပိုပြီး ဆေးရုံတွင်နေရပါသည် ထို့ကြောင့် အမေရှိရာသို့ ကျွန်တော်လိုက်သွားရပါသည်။ ကျွန်တော် အဖွား၏ခြေထောက်ဖြတ်ရပါသည် ။ အမေငိုပါသည် ။ အဖိုးငိုပါသည်။ အဒေါ်တွေငိုပါသည် ။အားလုံးလိုလိုငို ကြပါသည်။ ကျွန်တော်မငိုပါ။

အဖွားဆေးရုံတွင် နေရသော အဆောင်မှာ ကူးစက်ဆောင် ဖြစ်သောကြောင့် ကလေးများကို ဆရာဝန်ကြီးများ က၀င်ခွင့်မပေးပါ။ ထို့ကြောင့် ကျွန်တော့်ကို လူနာဆောင် အပြင်ဖက် လမ်းဘေး ဗန္ဓာပင်အောက်တွင် ဖျာခင်းပေးထားပါသည်။ တစ်နေကုန် ဖျာပေါ်မှာနေရပါသည်။ ထမင်းစာလျှင် သီချင်းဆိုရပါသည်။ ထိုအခါ အမေထွက်လာပြီး ကျွန်တော့်ကို ထမင်းကျွေးပါသည်။ ရေဆာလျှင်သောက်ရန် ရေအိုးသေးသေးလေး ပေးထားပါသည်။ တနေကုန် နေရသောကြောင့် ပျင်းနေမယ်လို့ မထင်စေလိုပါ။ ကျွန်တော့်တွင် သူငယ်ချင်း များစွာရှိပါသည်။ သူတို့သည် ငုံးဥ၊ မြေပဲပြုတ် ၊ ကြက်ဥပြုတ် ..စသည်တို့ကိုရောင်းပါသည်။ နားချိန်ရောက်လျှင် ကျွန်တော့် ဖျာပေါ်တွင်လာနားကြပါသည်။ ရံဖန်ရံခါ ထမင်းစားကြပါသည်။ ကျွန်တော်သူတို့နှင့် ကစားပါသည်။

ကျွန်တော်၏ ပညာရေးအတွက် နပ်စ် မ များမှာ ကျွန်တော့်၏ ဆရာမ များဖြစ်ကြပါသည်။ သူငယ်တန်းဖတ်စာကို နပ်စ်မ များသင်ပေးပါသည်။ ကျွန်တော် ဘာလုပ်စရာမှ မရှိသောကြောင့် သင်ပေးသမျှစာတွေကို တနေကုန် ပျင်းလိုက်နားလိုက် ပြန်ကျက်လိုက် နှင့် သူငယ်တန်းဖတ်စာကို မြည်းပြန် ခေါင်းပြန် အလွတ်ရနေပါတော့သည်။

ယခင် မန္တလေးဆေးရုံ မှာ ယခုကဲ့သို့ သပ်သပ်ရပ်ရပ် မရှိသေးပါ။ အဖွားနေရသောအဆောင်မှာ လမ်းဘေးမှာ ဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော့်ကို ဆေးရုံအတွင်းသို့ဝင်ခွင့် မပြုသော်လည်း ဆေးရုံဝန်းထရံနှင့် ကျွန်တော့်နေသော ဖျာမှာ နီးပါသည်။ ၄င်း အဆောင်၏ ဘေးတွင် ရေစဉ် ကြီးရှိပါသည်။ ရေစဉ် ဘေးတွင် အမှိုက်ပုံကြီးရှိပါသည်။ ၄င်းအမှိုက်ပုံပေါ်တွင် စွန့်ပစ်ထားခဲ့သော ကလေးအလောင်းများကို ခွေးများ စားသောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ဖူးပါသည်။

အပိုင်း၂ ဆက်ရန်

No comments: