Monday, March 19, 2012

မသိချင်ယောင်မဆောင်ကြေး

နိုင်ငံရေး ဟု စပြီးကျွန်တော်ရေးလိုက်လျှင် ယခု စာဖတ်သူမိတ်ဆွေ ကျွန်တော်၏စာကို ဆက်ဖတ်ချင်စိတ် လျော့နည်းသွားပေလိမ့်မည်။ မှားခြင်း ၊ မှန်ခြင်း ဆိုသည်ထက် ကျွန်တော် မရှင်းသည့် အချက်များကို ယခုကဲ့သို့ ဆက်လက်တင်ပြခွင့်ပြုပါ ။ အဘယ်ကြောင့်ဆိုသော် အခုမှ ရေးရဲ အခုမှ မေးရဲသောကြောင့်ဖြစ်ပါသည်။အကြောင်းဆိုရသော် ကျွန်တော် တို့ သည် နိုင်ငံရေး အား မစားကောင်းသည့် အသီး ၊ မပြောကောင်းသည့်စကား ၊ ချိုလားခါးလား သွားမစမ်းနဲ့ ဘ၀ပျက်သွားချင်လို့လား ဆိုတဲ့ စနစ်အောက်ကထွက်လာကြရလို့ပဲဖြစ်ပါသည်။ထို့အပြင် အပြောတခြား အလုပ်တခြား နိုင်ငံရေးသမား များ ကိုလဲ စိတ်ပျက်နေကြသောကြောင့်ဖြစ်ပါသည်။

နိုင်ငံရေး ဟုဆိုသော စကားလုံး နှင့် ဒီမိုကရေစီဆိုတဲ့စကားလုံးကို သုံးကြသည့်ပုဂ္ဂိုလ် တော်တော်များများ မှာ ထောင်နန်းစံကြရခြင်း ၊ နယ်မြေရပ်ခြားသို့ တိမ်းရှောင်ကြရခြင်းစသည့် အကျိုးကျေးဇူးများကို မုချ တစ်ခုမဟုတ် တစ်ခု ရရှိတတ်ကြရသည်မှာ ဖော်မြူလာ တစ်ခုလိုပင်လူအများ လက်ခံထားကြပါသည်။

ထိုသို့ ခေတ်တွေပြောင်း ၊ စနစ်တွေဟောင်းလို့ ၊ အသစ်တွေတောင်းဆို ကြတဲ့ အချိန်ရောက်လာတော့ လူတိုင်းပါးစပ်ဖျားမှ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ၊ ပြောမဆုံးပေါင် တောသုံးတောင် စကားလုံးတွေ ဆိုတာ အရင်တချိန်က လမ်းဘေးက ခွေးချေးပုံလို သဘောထားခဲ့တဲ့ အရာတွေကို အခုအခါမှာ အလှနံ့သာလို သုံးသူကသုံး ၊ သူမပါလျှင်ပဲ ထမင်းစားမမြိန်တော့သလို လေသံတွေနဲ့ စကားလုံး ဒီမိုကရေစီသမားတွေဆိုတာ လဲ တောင်ပုံယာပုံ ။

နိုင်ငံရေးပါတီဆိုသည်များမှာလည်း မှိုလိုပေါက် ၊ ဆွယ်တရားတွေက လဲ သူက ကုလားဆို ၊ ကိုယ်ကဘာဘူ ၊ သူကပေါက်ဖော်ဆိုရင် ၊ ကိုယ်က တရုတ်ကြီး ဆိုသလို သံတူကြောင်းကွဲ စကားလုံးတွေကို တွင်တွင်ကြားလာ သည့်အခါ မည်သူ့ စကားကို နားယောင်ရမည်မှန်းကို မသိနိုင်လောက်အောင်ပါပဲ။

ဟိုတစ်ချိန်က ဒီမိုကရေစီ ဆိုသည့် အသံကို ကြားရလျှင် နားထဲကို သံရည်ပူ နှင့် လောင်းချခြင်းခံရသလို ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး အပေါ်မှာ ခွေးချေး လောက်ကို သဘောထားသော လူတွေကလဲ ဒီမို လေးရယ်တဲ့မှ ကရေစီ ဆိုပဲ ။ ဒီမိုကရေစီ ကပဲ ဖမ်းစားနိုင်သည်လား ဒီလိုလူစားတွေက ပဲ သံရည်ပူတို့ ၊ ခွေးချေးတို့ ကြိုက်ကုန်လေရော့သလား ဟု အတွေးများကို ဖြန့်မိပြန်ပါတော့သည်။

ဒီမိုကရေစီ ဆိုတာ စည်းကမ်းပါ ဆိုပြီး အမြဲပြော ၊ အမြဲဟောနေတဲ့ ပါတီကြီးတွေက ၊ ပါတီဝင် အချို့ရဲ့ လုပ်ရပ်များဟာ အများပြည်သူအတွက် အတုယူချင်စရာ ၊စံထားချင်စရာ ဖြစ်နေပါရဲ့လား။ ၀ါးလုံးရှည်နှင့် မရမ်းချင်ပါ။သို့သော် ပုပ်သည့် ငါးခုံးမကိုတော့ ပွဲမထုတ်သင့်ပါ။ ပုပ်မည့် ငါးခုံးမ များကို ဆားသိပ်၊ အိုးထဲထည့်သိပ်ပြီး အရည်ကြိုလိုက်တာမှ အားလုံးအတွက် ငံပြာရည်ကောင်းကောင်းရနိုင်မယ်မဟုတ်လား။

ဟန်ပြလုပ်ဆောင်ချက်များ ၊ ရှေ့ကောင်းနောက်မေ့ ပုံပြင်များ ၊ ငွေက အဓိက မဟုတ်ပါဘူး ပိုက်ဆံက အဓိက ပါဆိုတဲ့ လူများ။ တိုင်းပြည်တွင်းမှာ အခွင့်ထူးခံလူတန်းစားတစ်ရပ် က မပျောက်ပျက်နိုင်ဘဲ ပုံစံတစ်မျိုးနဲ့ ထွက်ပေါ်နေတာတွေကို ဘယ်ပါတီက မှလဲ မပြော ကြ ၊ ဘယ်သူက မှလဲ တာဝန်မယူချင်ကြပါလားကရို့။ ကုမဏီထောင် အမျိုးစုံသော စီမံကိန်းများကို လေလံဆွဲ ၊ ပြီးလွယ်ပျောက်လွယ်လုပ် ၊ ငွေထုတ်ပြီး အသာနှပ်နေကြသော မကင်းရာမကင်းကြောင်း ဆိုသော မ တစ်ထောင်သားတို့ ဖွင့်ထားတဲ့ ကုမဏီများနှင့် ၄င်းတို့၏ လုပ်ရပ်များ။

လူကြီးလမ်းကြောင်းရှိမှ လမ်းကောင်းမည် ၊ လူမြင်သူမြင်နေရာမှာပဲ လုပ်ကွက်ကလေးပြထား လိုက်မည် ဆိုသော BOT စနစ်နဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မသိတာလား ၊ မသိချင်ယောင်ဆောင်နေတာလား ၊ ဒါမှမဟုတ် အခု အစိုးရ အဖွဲ့ က ဒီအဖွဲ့တွေဆီက လာဘ်စားထားလို့ ရေငုံနုတ်ပိတ်နေကြတာလား ၊ တစ်ခုခုတော့ တစ်ခုခုဖြစ်ပေလိမ့်မည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် လစာတွေ တိုးပေးဖို့ အကြံပေးသူက ပေး ၊ အော်သူက အော် တောင်းဆိုသူက တောင်းဆို ။ တိုးတာမတိုးတာ အပထား ကုန်ဈေးနှုန်းကစားသူတွေကတော့ ကစားလို့ကောင်းနေပြီ ။ စပါယ်ယာနဲ့ ခရီးသည်ကြားမှာလဲ ကားခတွေက မတူမညီတွေဖြစ်ကုန်ကြပြီ ။ ပြန်မအမ်းတဲ့ပြဿနာ ၊ ပိုယူတဲ့ပြဿနာတွေကို ကျွန်တော်တို့ ကိုယ်တိုင်ခံစားနေရပြီ။

အထူးကားတွေဆိုတာ ဈေးပိုတောင်းတာကို ခေါ်တာပါလား ၊ ဓါတ်ပြားဟောင်းကြီးကိုလဲ မဖွင့်လိုတော့ပြီ ၊ တစ်ခုတော့ ပြောပါရစေ ။ ရှောင်တခင် စစ်ဆေးခြင်း ဆိုတဲ့ လုပ်ရပ်ကြီးနဲ့တော့ အဆင်သိပ်မပြေပါ။ အဘယ်ကြောင့် ဆိုသော် စစ်ဆေးသူနဲ့ အစစ်ဆေးခံသူ ကြားမှာ ဆွေမျိုထက်၊ လင်မယားထက် ကောင်းတဲ့ ဆက်ဆံရေးတွေရှိနေတာ လူတိုင်းသိတာပဲ ။ စစ်ဆေးတဲ့ အဖွဲ့တွေ့ရင် စပါယ်ယာ ဆင်းသွား ပိုက်ဆံ သွားပေး ၊ ဟိုက လဲ ဘာမှမလုပ် ။

မေးခွင့်ရှိက မေးချင်ပါသည် ။ ယခု လွှတ်တော် အသီးသီးမှာ တာဝန်ယူနေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များရော ၊ တာဝန်ယူချင်လှပါရဲ့ တာဝန်ပေးကြစမ်းပါလို့ နားပူနားဆာ လုပ်ပြီး လွှတ်တော်ဝင်ခွင့်ရဖို့ အပြိုင်တိုးဝှေ့နေကြတဲ့ နိုင်ငံရေးပါတီပေါင်းစုံမှ လူပုဂ္ဂိုလ် အပေါင်းတို့ ခင်ဗျာ ။ ခင်ဗျားတို့တွေ လိုင်းကားရော စီးဖူးကြပါလား ။ မစီးဖူးလျှင်လဲ စီး ကြည့်စေချင်ပါသည်။ စီးဖူးလျှင်လဲ ဘာ ကိစ္စ နုတ်ပိတ်နေကြတာလဲ ခင်ဗျာ။

လူတွေမျဉ်းကြားက မကူးတော့ စီမံချက်နဲ့ဖမ်းတယ် ။ ကောင်းပါသည်ဟုပဲ ဆိုချင်ပါသည် ခင်ဗျာ။ ထိုသို့ ဆောင်ရွက်ချက်များ ၊ ပြည်သူလူထု စည်းကမ်းရှိဖို့လိုကြောင်း အသိပညာပေး စကားများ စာပေများ ကြောင့် မျဉ်းကြားမှ ဖြတ်ကူးသူဦးရေ များပြားလာတာ မြင်တွေ့နေရသည့်အတွက် ၀မ်းသာမိပါတယ်။ သို့သော်လဲ မျဉ်းကြားမှ လမ်းဖြတ်ကူးလျှင် သက်စွန့်စံဖျား ဖြတ်နေကြရတာတွေ ၊ ကိုယ်ပိုင်ယာဉ် ၊ အငှါးယာဉ် ၊ အကြီး ၊ အငယ် ၊ အရွယ်စုံ ကာလာစုံ သော ကားများကို မောင်းနှင်သူများမှာ မျဉ်းကြား၌ အရှိန်လျော့ပေးရတာ သူတို့နဲ့မဆိုင်သလို ပြုမူပြီး မောင်းနှင်နေတာတွေ ၊ မျဉ်ကြားက ကူးတာတောင် ဟွန်းသံ အရှည်ကြီး တီးပြီး မြည်တွန်တောက်တီးသွားတာတွေကိုရော ဘာဖြစ်လို့ အရေးမယူကြတာလဲ ။ ကားမောင်းသူလူတန်းစားမို့ တော့ ဟုတ်လောက်ပေဘူးဟု ယုံချင်ပါသည်။

မီတာနဲ့ တက္ကဆီကိစ္စ ဘယ်ရောက်သွားပါသလဲ ။ လမ်းမီးပွိုင့်တွေမှာ ဆိုလာစနစ်နဲ့ ကင်မရာတပ်ဆင်ပေးပါမယ် ဆိုပြီး တင်ဒါတွေအောင် အလုပ်တွေရသွားကြတဲ့ ဆိုလာပြားတွေ ၊ ဘက်ထရီအိုးတွေ ၊ အင်ဗာတာတွေ ၊ ကင်မရာတွေ ရှိရော ရှိရဲ့လား ၊ ရှိရင်ရော တကယ်အလုပ်လုပ်ရဲ့လား ဆိုတာ လူကြီးမင်းတို့ ဘာကိစ္စ မသိချင်ယောင်ဆောင်ရတာလဲ ။ အခွင့်အရေး နဲ့ ငွေ က လွဲရင် ဘာမှ မလိုချင်တဲ့ စီးပွားရေးသမား နဲ့ လုပ်ပိုင်ခွင့်ကို ငွေနဲ့ လဲ ကြတဲ့ ၀န်ထမ်းတွေရဲ့ကြားမှာ အစိုးရ ဆိုတဲ့လူတွေက ဘယ်သွားအိပ်နေကြတာလဲ။

ဝန်ထမ်းတွေ လာဘ်စားတာ လစာနည်းလို့ လစာတိုးပေးရမယ်ဆိုတော့ ။ တနည်းအားဖြင့် လစာမတိုးမချင်း မင်းတို့ လာဘ်စားကြ ဆိုတဲ့ သဘောများဖြစ်နေလားလို့ တွေးမိပါတယ်။ ဒါဆိုလဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။ အများပါးစပ်ကအပြောများတဲ့ ပွင့်လင်းမြင်သာမှု ဆိုတာပေါ့။

မြန်မာပြည်မှာတော့ လာဘ်မထိုးဖူးသူနှင့် လာဘ်မယူဖူးသူ မရှိလောက်ဘူးလို့ကို ကျွန်တော့် ထင်ပါသည်။ ရှိခဲ့လျှင်တောင် မပြောပလောက်သည့် ပမာဏနှင့် စိတ်မနှံသူများပင်ဖြစ်လိမ့်မည်။

သူတောင်းစား တောင်မှ တောင်းဖို့အတွက် သက်ဆိုင်ရာ ၊ သက်ဆိုင်ရာကို ပေးရသေးဆိုပဲဗျာ။

လေထိုးဆိုင်မှာ အလုပ်လုပ်တဲ့ကောင်ကလေး အဓိပါယ်ဖွင့်ထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာ ကတော့ “ အကိုရေ ... ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတာ ဆင်းရဲတဲ့လူတွေ ချမ်းသာလာမှာ ကို ပြောတာမဟုတ်ဘူး ... ဆင်းရဲတဲ့လူတွေ ငတ်သေကုန်မှာ ကို ပြောတာတဲ့ “ ဒါ သူနားလည်ထားပြီး ပြန်ပြောပြတဲ့ သူ့ခံစားချက်ပါ။

နောက်ဆုံးကျွန်တော် တောင်းဆိုချင်တာကတော့ မသိချင်ယောင် မဆောင် ကြပါနဲ့ လို့ပဲ ဖြစ်ပါသည်။

အော် ဒါနဲ့ မေ့နေလို့ ဘယ်တုန်းကမှ အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်က ရေမီတာ .... ပြီးခဲ့တဲ့၂ ရက်က အခွန်လာကောက်သွားတယ် ၁ သောင်းခွဲတဲ့ ။ သာဓုပါဗျာ ... သက်ဆိုင်ရာ လူကြီးမင်းများ ချမ်းသာကြပါစေ။

လေးစားစွာဖြင့်

နေစိုးနိုင်

Saturday, September 17, 2011

ကျေးဇူးတင်လွှာ

အနှစ်နှစ် အလလ က ပိတ်ထားသော Blogger ဆိုဒ် အား ယခု လို ဖွင့်ထားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။

Thursday, June 9, 2011

ခေတ်ဘုန်း


လူတွေက တရုံးရုံး . . .
ဆိုင်ကယ်သံက တ အုံး ... အုံး ...
လူပုံကြည့်တော့ ... ကတုံး ကြီးနဲ့ ...
အများ အခေါ်မတော့ ..
သူက ဘုန်းဘုန်း ...
ဖန်ရည်စွန်း .. ရောင်ရှိန်ဝါအား
ဦးနှိမ်ကာ .... ကြည်ညိုဖို့ကြိုးစား . . .
မလွယ်ပါလား ...
ငါကား .. ပါရမီ နည်းလှ ပါသေးတော့သည် တကား . . .

မှတ်ချက် ။ ။ ၀ါးလုံးရှည်နှင့် သိမ်း၍ ရမ်းခြင်းမဟုတ် ... ယခု ကဲ့သို့သော အပြု အမူ အား မှန်သည် ၊ မှား သည် ကျွန်ုပ်မဝေဖန် ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အရှိတရား တစ်ခုကို တင်ပြခြင်းသာဖြစ်သာသည်။ မိမိ ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် .. ဖြစ်သင့်သည် ... မဖြစ်သင့်သည် ကို သင့်သလို ယူကြပါကုန် . . .

( တရုတ်ပြည် နယ်စပ် အ၀င် ဂိတ် အနီး ရိုက်ကူးထားသော ပုံဖြစ်ပါသည် )

လေးစားစွာဖြင့်
နေစိုးနိုင်

Saturday, June 4, 2011

ကျွဲပါး .. စောင်းတီး . . .

မီးရောင်စုံတို့ ဟိုပြေး ဒီထိုး အမျိုးမျိုး ကစားထားတဲ့နေရာ . . . သာယာနာပျော်ခြင်း အလျင်းမရှိသော ဂီတအမည်ခံ ဆူညံသံ တို့နှင့်အတူ ရမ္မက်မျက်နှာဖုံး နှင့် ပြုံးပြုံး ပြီး တီးနေကြတဲ့ လက်ခုပ်သံတွေကြားထဲမှာ သူမ ဘ၀ နှင့် သူမ ရဲ့ဇာတ်ကြောင်းပဲပေါ့ . . .


သူမ ဘ၀ မှာ တွေ့ခဲ့ကြုံ ခဲ့ ရတဲ့ ဇာတ်လမ်း တွေက ပေါင်းစုံ . . . အထက်တန်းကျောင်းသူ တစ်ဖြစ်လဲ . . . အမေ ကို ဈေးကူရောင်းပေးခဲ့ဖူးသော ... မိဘကို ကူညီတတ်တဲ့ သမီး အဖြစ် က တစ်မျိုး . . .


မိခင် ၏ ဆုံးဖြတ်ချက် တွေကြောင့် သူမ တို့ မိသားစုထဲမှာ ပထွေးဆိုသော ဝေါဟာရ နှင့် လူတစ်ဦးရောက်ရှိလာပြီး . . . ကို နေတဲ့ ကိုယ့် နေရာ အနီး မှာ ခြင်္သေ့ တစ်ကောင် လာပြီး အိပ်ပျော် နေတဲ့ အခါ ဖြစ်ပေါ်လာနိုင်တဲ့ ယုန်သူငယ် တစ်ကောင် ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ သူမ ... နေခဲ့ ရတဲ့ နေ့နဲ့ ညတွေမှာ ဘ၀ ရှေ့ရေးကို ရေးရေးလေးတောင် စိတ်ကူးမယဉ်ချင်လောက်အောင်ပါပဲ . . .


ဘ၀ကို ဖြစ်သလိုဖြတ်သန်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ . . မိခင်နှင့် အိမ်ကို ကျောခိုင်း ... ဘ၀ ကို ခပ်ရိုင်းရိုင်း ပဲ ခရီးနှင်တော့မယ် ဆိုပြီး မြို့ပြည တွေဆီကို မသိခြင်း တွေ ... မရှိခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ အနာဂတ် အိပ်မက်များစွာ ကို စိတ်ကူးယဉ် ပြီး ပုံဖော်ဖို့ကြိုးစားခဲ့တာပေါ့ . . .


အဆက်သွယ် က မရှိ ... ပညာဆိုတဲ့ လှည်းဝင်ရိုးကလည်း ခါးလယ် က ကျိုး နေတော့ မြို့ပြ ရဲ့ အလုပ်ခေါ်စာ တွေထဲမှာ သူမ အားမွေးဖို့လိုလာပြီ . . .

ရှိတဲ့ ခွန်အားတွေအားကိုးပြီး ... နေ့စား ပန်းရံ အလုပ်သမ အဖြစ် လဲ ဘ၀ ကို ရုန်းကန် ဖူးပြီ ...

ဟိုဆက် ဒီစပ် လုပ်ရင်း နိုင်ငံခြားသား ပိုင် ပြည်တွင်းအထည်ချုပ် စက်ရုံမှာ လည်း စက်ချုပ်သမ အဖြစ် အတွေ့အကြုံကစုံ . . .

ဒီလိုဖြတ်သန်းလာရင်းနဲ့ ဘ၀ မှာ တွေ့ကြုံလာရတဲ့ ခါးသီးစရာအတွေ့ အကြုံတွေ က တော့ မပြော ပြ ချင်လောက်အောင်ပါပဲ ...

အရွယ် က ငယ်ငယ် ... ပထွေး ရန်ကို ကြောက်လို့ မျက်စိမှိတ်ပြီး ဘ၀ ကို ဖြတ် သန်း ခါ မှ ပထွေးထက် ဆိုးတဲ့ မနုဿ မုဆိုးပေါင်း စုံ ကို နဖူးတွေ့ဒူးတွေ့ ကြိမ်ဖန်များစွာ တွေ့ လာရတော့ တယ် ... လောက မှာ စေတနာ ဗန်းပြပြီး သားကောင်ကို အမိဖမ်းနေကြတဲ့ သူတွေ .... သူတစ်ပါးရဲ့ အားနည်း ချက် ကို (မသိမသာ )ထိုးနှက်ပြီး မိမိရဲ့ ဆန္ဒကို အပြည့်ဖြည့်နေကြတဲ့ သူတွေ တော်တော်များတာကို သူမ သိလာခဲ့တယ် ....


သူမ ရဲ့ ဘ၀ မှာ ယုံကြည်မှုတွေ ကို ပထမ ဆုံး ချေဖျက် ခံလိုက်ရတာကတော့ တစ်ချိန်မှာ ဘ၀ လက်တွဲဖော် အဖြစ် သူမ ကို စိတ်ကူး ယဉ် တတ်လာအောင် စကားလုံး လှလှလေးတွေနဲ့ သူမ ရဲ့ အပျိုစင်ဘ၀ ကို မလှမပ သိမ်း ယူ သွားခဲ့ တဲ့ အမျိုး တူ ... ဇာတ် တူ .. လူတွေထဲ က လူတစ်ယောက် ဆိုပါတော့ ...


သူမ ဘ၀ မှာ တန်ဖိုး အရမ်းထား ခဲ့တဲ့ အရာတစ်ခု ကို သူတစ်ပါး က အလွယ် တစ်ကူ ချိုးယူဖျက်စီး ခံလိုက်ရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းမှုမျိုး ကို ဘ၀မှာ မကြုံဘူးတော့ ပေ...

ဖိနပ်မပါဘဲ ခြေဗလာ လာနေတဲ့လူကိုမှ ခရောင်းလမ်း တွေနဲ့ ပဲ ဆီး ကြိုတဲ့ လောကကြီး ကို အရွဲ့တိုက် ရင်း နဲ့ ပဲ .. ပုရိသ တွေရဲ့ လက်ထဲမှာ မလှမပ ကြွေလွင့်ခဲ့ ရတဲ့ ဘ၀ ကြီး ကို ခါးသီး လွန်းလို့ ပုရိသ တွေကို ကစား တတ်တဲ့ အလမ္ပာယ် ဆရာမ တစ်ယောက် အဖြစ် မခံချင်စိတ် ဆိုတဲ့ မျိုးစေ့ကို ရေးလောင်းပေါင်းသင်ခဲ့ . . .

ဒီလိုနဲ့ ... စင်တင်မယ် ... ကာရာအိုကေ က ကောင်မလေး ... ကလပ်က အလန်းစား ကလေး အဖြစ် ဘ၀ ကို ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေရင်း နဲ့ ကံဇာတာတက်လာတော့ ... နိုင်ငံခြားကို ပို့ပေးနိုင်တဲ့ ဘဲ တစ်ပွေနဲ့ ငြိရော ဆိုပါတော့ . . .

သူမ ကိုယ်တိုင် တန်ဖိုးမထားတော့ တဲ့ သူမ ရဲ့ ပိုင်ဆိုင်မှုတွေ အပေါ်မှာ မှ လာပြီး သာယာနေတဲ့ ငနဲ ကောင်းမှုနဲ့ နိုင်ငံခြားဆိုတဲ့ တိုင်းပြည် တစ်ခုကို ရောက်ခဲ့ရော ဆိုပါတော့ . . .

နိုင်ငံခြားတိုင်းပြည် ရောက်တော့ လဲ လူမျိုးပေါင်း စုံ နေကြပေမယ့် ... တူညီတာတွေကတော့ မျက်နှာဖုံး နောက်ကွယ် က ရမ္မက် မျက်နှာ နဲ့ သားကောင်ကို နည်းမျိုးစုံနဲ့ ချောင်းနေကြတာပါပဲ ... သူတို့မသိ ထားတာ က သားကောင် က မုဆိုး ကို ပြန်ပြီး ကျုံးသွင်းလို့ ရတယ် ဆိုတာ ကိုပါ . . . သူမကတော့ ဘ၀ က သင်ပေးလိုက်လို့ သားကောင်ယောင်ဆောင်ပြီး မုဆိုးကို ပြန်သတ်တတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ ... နိုင်ငံပေါင်းစုံ က ပုရိသ ပေါင်းစုံ ရဲ့ ရင်ခွင်ပေါင်းစုံ မှာ ပျော်ဝင်စံစားရတာကို ပဲ ပန်းခင်းကြီးထဲမှာ ဟိုနားဒီနား ပျံသန်းနေတဲ့ လိပ်ပြာ လေးအလား ပေါ့ . . .


အချို့ မျိုး ချစ်စိတ်ဓါတ် ပြင်းထန်ကြတဲ့ ကိုကို မမ တွေကတော့ မချိတင်ကဲ ဝေဖန်သံတွေ ကို စကား နဲ့ တစ်မျိုး စာနဲ့တစ်ဖုံ အမျိုးမျိုးစုံအောင် ဖျောင်းဖျကြပါတယ် . . .


ဒါပေမဲ့ ကိုကိုမမ တို့ရေ . . .


မိဘကယုံကြည်ပေမဲ့ .... မိဘယုံကြည်မှု ကို အလွဲသုံးစားပြီး ထင်ရာ စိုင်းနေကြတဲ့ သူတွေ

ပညာတွေ တတ်ပြီး .... ပညာ မရှိကြတဲ့ ... မိုက်ရူးရဲတွေ . . .

ဘ၀ ပေး အခြေအနေ အရ မဟုတ်ဘဲ မိမိ ရဲ့ ဆန္ဒ အရ အပျိုစင်ဘ၀ ကို တန်ဖိုးမထားကြသူတွေ . . . တဖြည်းဖြည်း များလာပြီး . .

ကျားဆိုပြီးရော .. အမြီးကျားကျား ခေါင်းကျားကျား ဆိုတဲ့ ပုရိသ မုဆိုး မိန်းမပျိုတွေ ကြားထဲမှာ .. .

သူမကတော့ သူမ ဘ၀ ကို ဒီလိုပဲ ဖြတ်သန်း နေပေလိမ့်မည် . . .


စောင်းတီးလေ့ကျင့်နေတဲ့ ကျွဲကျောင်းသား ... အကိုကြီး ကိုမိုးဇော်လွင် နှင့် ရောင်းရင်းများ အတွက် ... အမှတ်တရ ...


လေးစားစွာဖြင့်

နေစိုးနိုင်



Friday, January 14, 2011

အကျိုးဆက်

စာတစ်ပုဒ်ရေးမည်ဆိုပြီး ခေါင်းစဉ်ပေးလိုက်သည်။ ကိုယ်ပေးလိုက်သော ခေါင်းစဉ်ကိုကြည့်ပြီး ခေါင်းခဲသွားရပြန်သည်။ ဒီခေါင်းစဉ်သည် ကိုယ်နှင့် မတန်သလိုခံစားရပေသည်။ သို့သော် မိမိမြင်သည့်အမြင် ၊ တွေးမိသည့်အတွေး ချရေး လိုက်တော့ ဘာဖြစ်သေးလဲ ဆိုသည့် တင်းအားလေး တစ်ခုဖြင့် ကျွန်တော် ဒီစာကို ဆက်ရေးပါမည်။
ကောင်းသော လုပ်ဆောင်ချက်ဖြစ်စေ ၊ မကောင်းသော လုပ်ဆောင်ချက်ဖြစ်စေ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်မိလိုက်ပြီဆိုလျှင် ၄င်းတို့နှင့် ဆက်စပ်လျှက် နောက်ဆက်တွဲ ကောင်းကျိုး ၊ ဆိုးကျိုး စသည့် အကျိုးဆက်တို့မှာ စဉ်ဆက်မပြတ် ဆက်တိုက် တွဲလျှက်ပါလာတတ်ပေသည်။
ဘာမှမဖြစ်စလောက် ပြဿနာကလေးမှသည် စစ်ပွဲကြီးတွေအထိ အကျိုးဆက် ဖြစ်သွားကြတဲ့ သာဓကတွေ ကလည်း ကျွန်တော်တို့တွေ မျက်စိရှေ့မှောက်မှာ ဒုနဲ့ဒေး။
တနေ့ ရန်ကုန်မှာ လူငယ်လေးတွေစုပြီး ပရဟိတ အသင်း ဖွဲ့မယ် .. ဆိုတဲ့ မေးလ်တစ်စောင်ကျွန်တော့်ဆီရောက်လာ သည်။ သူတို့ လုပ်ချင်သည့် ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပင်ရေးသားထား၏။ အလုပ်တစ်ဖက် နှင့် ကျူရှင်တက်ရန် အခက်အခဲဖြစ်နေသော တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုချင်သည့်ကလေးများကို ပညာဒါန အဖြစ် သင်ကြားပေးမည့် အစီအစဉ် ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ကြောင်း ပါရှိလေသည်။ ကျွန်တော် ကလည်း ပါလေရာ ဖြစ်သည့် အလျှောက် စိတ်ဝင်စားကြောင်း နှင့် အစည်းဝေးပြုလုပ်သည့် အချိန် လာတက်မည်ဖြစ်ကြောင်း ပြန်လည်ဆက်သွယ်ခဲ့ပါသည်။
ဒီလိုနဲ့ ပရဟိတ ပညာဒါန လုပ်မည့် ဘုန်းတော်ကြီးကျောင်း ကို ရောက်သွားတော့ ဘုန်းတော်ကြီးကျောင်းဟူ၍ အရမ်းကြီးခမ်းနားနေခြင်းမျိုးမဟုတ် ။ ကျောင်းထိုင်ဘုန်းတော်ကြီးမှာလဲ အသက်အရွယ်သိပ်မကြီးသေးပေ။ လူငယ်တွေ အစည်းအဝေးလုပ်ပြီးကြချိန်မှာ မွန်ကျောင်း ဆရာတော် ဦးပညာသီရိ ( ကျောင်းထိုင် ) နှင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စု စကားလက်ဆုံကျတော့ တာပါပဲ။
ဘုန်းတော်ကြီးမှာ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသွားခြင်းပါ။ ဘုန်းတော်ကြီး ပြောပြခဲ့သော အဖြစ်အပျက်ကလေးများ ထဲမှာ မြောပါသွားပြီး အချိန်ကုန်မှန်းမသိကုန်လွန်ခဲ့ရတဲ့နေ့တစ်နေ့ပါပဲ ။
လူတွေက ပြောတတ်ကြတယ် ။ ဒီအရပ်က ကလေးတွေ (သင်္ဃန်းကျွန်း ) ရိုင်း သတဲ့ ။ အမှန်တကယ်လဲ ရိုင်းတာပဲ ။ ကား ကိုကြောက်ရကောင်းမှန်းမသိ ၊ လူကြီးကို လူကြီးမှန်းမသိ ရှိပါတယ်တဲ့ ။ အချို့ကလေးတွေဆိုရင် ကားဟွန်းတီးလို့ တီ ကနဲ အသံကြားရင် တီမပြောနဲ့ မြွေတောင်မကြောက်ဘူး ဆိုပြီး ပြန်လည်ပြောဆိုတာတွေတောင် တွေ့နေရကြောင်းပြောဆိုပါတယ်။
ဆရာတော် ဆက်မိန့်တာက
ဟုတ်ပါပြီ . . . ဒီကလေးတွေ ရိုင်းတာကိုတော့ သိကြပါပြီတဲ့ ဒီကလေးတွေကို ယဉ်လာအောင်ဘယ်လိုလုပ်ကြ မှာလဲ ။ ဒါကို တော့ မစဉ်းစားပါဘဲနဲ့ "ရိုင်းလိုက်တာ … ရိုင်းလိုက်တာဟယ်" ဆိုတဲ့ မှတ်ချက်မျိုးလောက်နဲ့တော့ ဒီကလေးတွေ ယဉ်ကျေးလာမှာမဟုတ်ပေဘူး ဆိုတဲ့ အကြောင်းပါ ။
ဒီတော့ ဆရာတော်ဘာလုပ်သလဲ ဆိုတော့ ကလေးတွေ ကျောင်းကို လာချင်အောင် စည်းရုံးရတယ် ကလေးဆိုတဲ့အမျိုးက ဘုန်းကြီးကျောင်းကို ကြောက်တတ်မို့လားဗျ။ ဘုန်းကြီးကျောင်းဆိုတာက လည်း ပြောသမျှနားထောင်ပြီး အခန့်မသင့် အအော်အငေါက် အကြိမ်းအမောင်း ဒဏ်က ခံရသေးသကိုး ။ ကလေးတွေကိုမုန့်ခေါ်ပေးတယ် ။ နောက် ပုံတိုပတ်စ ပြောပြတယ် . . . ဒီလိုနဲ့ ကလေးလေးတွေ စုမိလာတော့ အရပ်ထဲမှာ သတင်းဖြန့်ရတယ် ကလေးတွေအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်မယ်ပေါ့။ မိဘတွေကလည်း ၀မ်းပမ်း တသာနဲ့ကို ဘုန်းကြီးကျောင်းကို လာပို့ကြတာပေါ့။
ဖခင်လုပ်တဲ့လူက ဆိုက်ကားနင်းတယ် ၊ မိခင်လုပ်တဲ့လူက ဈေးရောင်းတယ် … မွေးထားတာက တစ်ပြုံတစ်ခေါင်း . . .
ဈေးရောင်းထွက်ရင် ဘယ်စိတ်နိုင်ချပါ့မတုန်း .. အခု သူတို့ကိုယ်စား ဘုန်းကြီး က ကလေးထိမ်းပေးမယ် ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဘုန်းကြီးက ကလေးတွေအတွက်မုန့်ကကျွေးဦးမယ် … ထမင်းလည်း ရံဖန်ရံခါကျွေးသေးတာကိုး ။ ( ဒီလိုလုပ်နိုင်ဖို့အတွက် ရှိတဲ့ သင်္ကန်းလေးတွေ ရောင်းရတာ ၊ တရားပွဲ ကို လိုက်ပြီး တရားဟောရတာတော့ ရှိပေသပေါ့)
ဒီလိုနဲ့ ဆရာတော် သင်ပေးလိုက်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ အခြေခံဘုရားရှိခိုးမှ အစ ၊ သရဏဂုံသုံးပါး ၊ ပုံပြင် စသည်တို့နှင့် ၃၈ ဖြာမင်္ဂလာ ၊ အခြေခံ တရားထိုင်နည်း စတာတွေကို သင်ပေးတာပေါ့ ။ ဆရာတော်ရဲ့ စိတ်ထဲမှာလည်း ကလေးတွေကို သင်ရတာ ဒါလေးတွေနဲ့လိုက်ဖက်မယ် ထင်တာလေးတွေ ရွေးသင်တာပေါ့ဗျာ။
တနေ့မှာ ဆရာတော်က ကလေးတွေကို မေးခွန်းလေးတွေမေးတယ် ။ ကလေးတို့ မင်းတို့ ခွေး ကလေးတွေနဲ့ ခွေးမကြီး ကိုတွေ့ဖူးလား ဆိုတော့
တွေ့ဖူးတယ်ပေါ့ဗျာ။
ခွေးမကြီးက ခွေးကလေးတွေကို နို့မတိုက်ဘူးလား
တိုက်ပါတယ် ပေါ့
ခွေးမကြီးက ခွေးကလေးတွေကို ရန်ပြုမယ့် သူဆိုရင် ကာကွယ်မပေးဘူးလား
ကာကွယ်ပေးပါတယ်ပေါ့
ဒါပေမဲ့ကွာ ဒီခွေးပေါက်စကလေးတွေက ခွေးမကြီးကို ပြန်ပြီး ကန်တော့ အိပ်တာများ မင်းတို့ မြင်မိကြလား ဆိုတော့
မမြင်မိပါဘူး ( အသံကျယ်ကျယ်နဲ့ ကို ပြန်အော်မှာပေါ့)
ဒါပေါ့ကလေးတို့ရေ . . .
ကလေးတို့ အဖေ ၊ အမေတွေ ဆိုတာလည်း မင်းတို့လေးတွေ စားဖို့ ရှာမပေးဘူးလား
ရှာပေးပါတယ် ပေါ့
နေစရာရောမပေးဘူးလား
ပေးပါတယ်ပေါ့
သူများနဲ့ ရန်ဖြစ်ရင်ရော ကိုယ့်ဖက်က ပါသလား ဆိုတော့
ပါပါတယ် ပေါ့
ဒါဆိုမင်းတို့လေးတွေ အပေါ်မှာ ကျေးဇူးရှိလား ဆိုတော့
ရှိပါတယ် ပေါ့
ဒါနဲ့ ကလေးတို့တွေများ ကိုယ့် အပေါ် ကျေးဇူးရှိတဲ့ ကိုယ့် အဖေ ၊ အမေ ကို ကန်တော့ အိပ်ရဲ့လား ဆိုတော့
အသံကတိပ်သွားတယ် ။ နောက်တစ်ခေါက်လောက် ထပ်မေးတော့မှ
မကန်တော့ပါဘူး ဆိုပြီး အသံထွက်လာတယ် ။
အေး … မင်းတို့ ကိုယ့် မိဘကို ကန်တော့မအိပ်တဲ့ လူဟာ ခွေး ကလေးတွေနဲ့ တူတယ်မဟုတ်လား … မင်း တို့ ခွေးကလေးတွေ မဖြစ်ချင်ရင် ကိုယ့် မိဘ ကိုယ် ကန်တော့ အိပ်ကြ .. ဆိုပြီး ဆရာတော် က သူပေးချင်တဲ့ message ကလေးကို ကလေးတွေကို ပေးပြီး သင်တန်းဆင်းလိုက်တာပေါ့။
ဆရာတော်ဒီလို ပြောလိုက်တဲ့ ကလေးတွေထဲမှာ အဖေက ဆိုက်ကားနင်း ၊ အမေက ဈေးရောင်းရတဲ့ အသက် ၄ နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက် လည်းပါလာတာကိုး ။
ဆရာတော်ကျောင်းကပြန် ညနေ အိမ်ပြန်ရောက်တော့ ကလေးက သူ့အမေ ညနေဈေး ပြန်လာချိန်ကိုစောင့် ..
အမေဖြစ်သူကပြန်လာ …
အမေ ထိုင်နေတဲ့ ရှေ့ကလေးမှာ ဒူးကလေးတုပ် … အမေ့ ကို ကန်တော့မလို့လို့ပြောလိုက်တော့ အမေဖြစ်တဲ့ သူက မယုံတစ်ဝက်ယုံတစ်ဝက် ။ ဒါကြောင့် ဘာကြောင့်ကန်တော့မှာလဲ ဆိုတော့ ကလေးက ပြန်ပြောတယ် နေ့လည်က ဘုန်းဘုန်းကြီး ကပြောတယ် မိဘကို မကန်တော့တဲ့သူက ခွေးကလေးတွေနဲ့တူတယ်တဲ့ .. ဒါကြောင့် အမေ့ကို ကန်တော့ တာပါဆိုတော့ … မိခင်ဖြစ်သူမှာ .. မျက်ရည် လည် တဲ့ အထိ ပိတိ ဖြစ်ရတာပေါ့ဗျာ။
ညနေမိုးချုပ်ချိန်ထိ အဖေလုပ်တဲ့သူက ပြန်မလာသေးဘူး ။ နေ့တိုင်း ဒီပုံစံပါပဲ ။ ဆိုက်ကားနင်း ညနေ သောက်စားပြီးမူးမှ ပြန်လာတတ်တာ အကျင့် ။
သမီးဖြစ်တဲ့ လေးနှစ် ကလေးလေးက မအိပ်ဘဲစောင့်နေတာ ပေါ့ ။ မိခင်ဖြစ်သူက သမီး အိပ် ဆိုလည်း အဖေ့ကို မကန်တော့ရသေးလို့ မအိပ်ဘူး ပေါ့။ မအေဖြစ်သူကလည်း ကလေးကို အတင်း အဓမ္မ မအိပ်ခိုင်းရက်ဘူး ။ ဒီလိုနဲ့ ကလေးက အိမ်ရှေ့ ဘုရားစင် ရှေ့မှာ အိပ်ပျော်သွားရော ။ ကလေးရဲ့စိတ်ထဲမှာ က သူ့အဖေကို မကန်တော့ရရင် မအိပ်ဘူးဆိုတဲ့ စိတ်ကရှိနေတော့ လုံးဝကြီးအိပ်ပျော်နေတာ တော့ မဟုတ်ဘူး ။ ဒါကို မအေဖြစ်သူက သမီးလေး အိပ်ပျော်သွားပြီဆိုပြီး မ ရွှေ့ တော့ ကလေးက ငိုရော ။ မအေဖြစ်သူကလည်း စိတ်မရှည်တော့ အော်လား ငေါက်လားပေါ့ ။
အဲဒီအချိန်မှာ မ အဖေ ငမူး က အိမ်ပြန်ရောက်တာကိုး ။ အိမ်မှာ မိန်းမဖြစ်သူက လည်း အော်လား ငေါက်လား ။ သမီးဖြစ်သူကလည်းငိုနေဆိုတော့ မူးလာတဲ့ အရှိန်နဲ့ မိန်းမရော ကလေးရော ရိုက်ရော ။ တစ်မိသားစုလုံး ဆူညံပွက်လော ရိုက်ကုန်ရောပေါ့ဗျာ။
နည်းနည်းသွေးအေးသွားတဲ့ အချိန် ရောက်တော့ ကလေးက ဖအေနားကပ် ပြီးတော့ အဖေ့ကို ကန်တော့မလို့ပြောတယ်ပေါ့ ။ သမီးက အဖေ့ကို မကန်တော့ဘဲမအိပ်ဘူး ဆိုပြီးတော့ နေတာကို အမေက ရိုက်တယ် ဆိုပြီး သူ့အဖေကို တိုင်ပြောပြောတာပေါ့။
ဒီမှာ သောက်ထားတဲ့ ငမူး မူးနေတာ အကုန်ပျောက် . . . သူကြားတဲ့နားမှ သူမယုံနိုင် .. လက်တောက်လောက် ရှိတဲ့ သူ့သမီး လေးပြောလိုက်တဲ့စကား သူ့တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမျှော်မှန်းဘူးတဲ့ စကား ။ ဒီ ငမူး တစ်ညလုံး ငိုလို့ကို မဆုံးတော့ဘူး ။ ရလိုက်တဲ့နောင်တတွေဆိုတာကတော့ ရင်ဘက်ကို မဆံ့ချင်တော့ဘူးပေါ့ဗျာ။
နောက်တစ်နေ့နံနက် ဆရာတော်ဆီ အစောကြီးသွားပြီး ညတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြ ပြီး သူကိုယ်တိုင်မှားခဲ့ မိုက်ခဲ့ကြောင်းနဲ့ နောက်နောင်ကို အရက် လုံးဝမသောက်တော့ဘဲ ရာသက်ပန် လှူကြောင်း လာလျှောက်သွားသတဲ့ဗျာ။ အရင်က ဈေးသည် လုပ်ရင်း ပါးစပ်စည်းမစောင့်ခဲ့တဲ့ မအေ ဖြစ်သူကလည်း အခုဆို ဥပုသ်စောင့် ရတာနဲ့ ဆွမ်းအုပ်ပို့ရတာနဲ့ အရင်ကထက်ပိုပြီးသာယာလာတဲ့ မိသားစုကလေးတစ်ခုအဖြစ် နေထိုင်လျှက်ရှိကြောင်းပါခင်ဗျာ။
ဒီ အဖြစ်အပျက်ကလေးကနေပြီးတော့ ကျွန်တော် သိလိုက်ရတာကတော့ ဆရာတော် ကလေးငယ်ကလေးကို သင်ကြားပေးလိုက်တယ်ဆိုတာ ခက်ခဲနက်နဲလှတဲ့ တရား တွေလည်းမဟုတ် ၊ အသင်ခံရတဲ့ ကလေး ကလည်း လူလားမမြောက်သေးတဲ့ အရွယ် ။ ဒါပေမဲ့ ဒီစကားလေးတစ်ခွန်း ၊ အဆုံး အမကလေး တစ်ခုလောက်ကို ကလေးငယ်ရဲ့ စိတ်ထဲကို ထည့်ပေးလိုက်နိုင်တာနဲ့ … တစ်သက်လုံးက ရေစုံမြောလာကြတဲ့ မိသားစုတစ်ခုလုံး အကောင်းဖက်ကို ပြန်ဦးတည်ပေးလိုက်နိုင်တာကို အံ့သြပြီးရင်း ကြည်နူးရင်း ပါပဲ ။
စာဖတ်သူ အားကျွန်ုပ် ဓါတ်ပုံကလေး နှစ်ပုံ ၊ သုံးပုံလောက်ပြပြီး မေးခွန်းကလေး ၂ ခုလောက်မေးပါရစေခင်ဗျာ

ပုံ (၁)အမှိုက်ပုံကြားမှကလေးငယ်များ ပုံ (၂)

ပုံ (၃) ပုံ(၄)
အထက်ပါပုံကလေးများမှာ ဆရာတော်ကျောင်းသို့ကျွန်တော် သွားစဉ်မှာ လမ်းတစ်လျှောက်တွေ့ခဲ့ရတဲ့ ကလေးတွေကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ကျေးဇူးပြု၍ အောက်မှ ပုံများကို ဆက်လက် ကြည့်ရှုပေးစေလိုပါသည်။

အခြေခံ တရားထိုင် နည်း ပျော်ပျော်ရွင်ရွှင်စားသောက်နေကြစဉ်

ဆရာတော် နှင့် သင်တန်းမှ ကလေးငယ်များ တရားပွဲ ကြွချီစဉ်

လွမ်းတယ်

၁၉၈၆-၈၇ ကာလများ
ခုထိစိတ်ကူးတွေ ပျံသန်းနေမိ

အမိကျောင်းတော်ကြီးရင်ခွင်မှာ
ပျော်ခဲ့ရတဲ့ရက်တွေဆီကိုလေ။

ခုချိန်များမတော့
ဘယ်မြို့ ဘယ်ရွာ ဘယ်ကမ္ဘာရောက်ရောက်
နာရီစင်ကြီးတွေ မြင်တိုင်း

နာရီစင်ကြီးနဲ့ အလုံလေးဆိုတဲ့
တို့ရဲ့ကျောင်းတော်ကြီးကို
သတိရတတ်တဲ့ အလွမ်းစိတ်တွေ ပေါ်လာတယ်။
၁၉၉၅ ပတ်ဝန်းကျင်ကာလများ

အမိ စီးပွားရေးတက္ကသိုလ်မှာ
ပညာရည်နို့ ဆက်လက်သောက်စို့
အလွန်နာမည်ကြီးတဲ့ မာလာဆောင်ဆိုမှ
ချက်ချင်း ပြန်တမ်းတမိရ
သီရိ ဇေယျာ မာလာ
တို့အမိကျောင်းရဲ့ အဆောင်တွေဆီကိုလေ။
ဆရာဦးမိုးဇက်ချစ် အိမ်ရှေ့ဆင်ဝင်အောက်
မုန့်စားဆောင်နောက်က လမ်းကြားလေး
ဘောလုံးကွင်းကို ဖြတ်သွားရတဲ့ ရတနာဆောင်
ဘုရားကျောင်းလေး နောက်က အိမ်တန်းလေးတွေ
ခုရော ဟိုတုန်းကလိုပဲလား
ခုထိ အိပ်မက် မက်နေတတ်တယ်။
ခုလို နှင်းတွေကျတတ်တဲ့ ဒီဇင်ဘာဆိုရင်ပေါ့
ဘုရားကျောင်းလေးထဲက ခေါင်းလောင်းသံချိုချို
ပြီးတော့ ခင်ရတဲ့ သူငယ်ချင်းတွေရော
ခုထိ ရှိနေသေးသလား
ခရစ်မတ်နီးတိုင်း တွေးနေတတ်တယ်။
တက္ကသိုလ်ဝင်တန်းဆို
အမြဲပဲ အောင်ချက်ကောင်းတတ်တဲ့တို့ကျောင်း
တို့တွေနှစ်မှာလည်း အောင်ချက်ကောင်းခဲ့
ကျောင်းဂုဏ်ဆောင်ခဲ့တဲ့ တို့သူငယ်ချင်းတွေ
သူတို့ရော ခု ဘယ်ဆီမှာလဲ
လေးဖြူရဲ့ စာမျက်နှာ ၁၅ သီချင်း
တို့အတွက်တော့ သံယောဇဉ်တမ်းချင်းပေါ့။
သင်္ချာသိပ်ညံတဲ့ အကောင် နင်အချိန်ပိုတတ်ရမတဲ့
ဆရာမ ဒေါ်ကြည်ကြည်ညွှန့် ဒေါ်ခင်မေဦး
အီကိုရောက်မှ ကျေးဇူးတွေ သိလာရ
ဒီကဗျာနဲ့ပဲ ကျေနပ်ပါ ဆရာမတို့ရယ်

ပထ၀ီမှာ လူတိုင်းရတဲ့ လက်တွေ့ပိုင်း တွက်ချက်မှု
နင်ဘယ်တော့မှ မရတဲ့ကောင် နင်အဒေါ်နဲ့ တိုင်မယ်တဲ့
ပထ၀ီဆရာမ ချစ်ရတဲ့ ဒေါ်ခင်ပြုံးရီ
အီကိုကို ဂုဏ်ထူးထွက်အောင် သင်ပေးခဲ့တဲ့ ဆရာဒေါ်စီစီလှ ဒေါ်ရှုကြည်
သမိုင်းဂုဏ်ထူးထွကအောင်သင်ပေးတဲ့ ဆရာမ ဒေါ်ခင်အုန်း
အားလုံးအားလုံးကို အလွမ်းတွေနဲ့ ကန်တော့မယ်။
လာမယ့် ဒီဇင်ဘာ ၂၆ အရောက်လာခဲ့ပါတဲ့
သူငယ်ချင်းတွေ လှမ်းပြောပေမယ့်
ကဗျာလေးနဲ့ပဲ အလွမ်းဖြေရ
မြန်မာပြည်ထဲမှာ နေရပေမယ့်
ရန်ကုန်မြေနဲ့ ဝေးနေဆဲလေ။

အောင်စည်ဟိန်း

Monday, October 18, 2010

Mr. Know All

သဘောင်္ကြီးတွေနဲ့ ခရီးသွားလှည့်လည်ကြတဲ့ ကမ္ဘာလှည့်ခရီးစဉ် တစ်ခုမှာပေါ့ ။ သဘောင်္ပေါ် မှာ လူတစ်ယောက်….

ထူးထူးခြားခြားပဲ လူတွေက သူ့ကို တရိုတသေ တလေးတစားနဲ့ လာရောက်နုတ်ဆက် ကြတယ် ။ ခင်မင်လိုသော ၊အားကိုးလိုသော ၊ မေးမြန်းလိုသော မျက်နှာအထင်းသားတွေနဲ့သူ့အပါးချဉ်းကပ်နေကြတယ် ။

သူ့ကိုတော့ လူအများက Mr. Know All လို့ခေါ်ပါတယ် ။ မြန်မာလိုဘာသာပြန်ရရင် ကိုစွယ်စုံ ပေါ့ ။ လောကအသိ ၊လောက ပညာတွေမှာ သူမသိတာမရှိဖူးပေါ့ ။ သူတို့သိချင် တာတွေကို အကြောင်းအရာမရွေးသိရှိနိုင်ကြလို့လည်း သူ့ကို အားကိုးခင်မင်ကြတာ ဖြစ်ပါတယ် ။

အဲသလို လူတွေက Mr. Know All ကို ဝိုင်းဝန်းနုတ်ဆက်နေတာကို အဲဒီ့ကမ္ဘာလည့်သဘောင်္ ကြီးပေါ်မှာ ပါလာတဲ့ စုံတွဲတစ်တွဲက တွေ့သွားတယ် ။ ဒါနဲ့ စုံတွဲထဲကအမျိုးသားက ဘေးနားက လူတစ်ယောက်ကို မေးမြန်းလိုက်ပါတယ် ။ လူတွေဝိုင်းနုတ်ဆက်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲပေါ့ ။ အမေးခံရတဲ့သူကလည်း Mr. Know All အကြောင်းသိသူဖြစ်တာ မို့ ပြန်လည်ရှင်းပြပါတယ် ။ လူတွေဝိုင်းဝန်းအနုတ်ဆက်ခံရတဲ့ပုဂ္ဂိလ်ကို လူတွေက Mr.Know All လို့ခေါ်ကြတဲ့အကြောင်း ၊ လောကပညာအရာရာ နှံ့စပ်ကျွမ်းကျင်ကြောင်း ပြောပြလိုက် ပါတယ် ။

ဒီအခါ စုံတွဲထဲက အမျိုးသားက ပြန်ပြောပါတယ် ။လောကမှာ လူတစ်ယောက်က အရာရာ သိရှိနှံ့စပ်တယ်ဆိုတာ မဖြစ်နိုင်ဖူး ။ သူမယုံနိုင်ဖူး ။ Mr. Know All လို့လူတွေ အမည်ပေး တာကိုလည်း လက်မခံနိုင်ဖူး ။ Mr. Know All သာ အကုန်ဖြေနိုင်တယ်ဆိုရင် သူ့ကို အလောင်းအစားလုပ်ပြီး မေးခွန်းမေးချင်ပါရဲ့လို့ ပြောသတဲ့ ။

ဒီလိုနဲ့ Mr. Know All ထံမှောက် ထိုစုံတွဲရောက်ရှိခဲ့တယ် ။ အလောင်းအစားမလုပ်လိုသော် ငြား မိမိပညာနဲ့ပါတ်သက်နေတဲ့အတွက် Mr. Know All က အလောင်းအစားလုပ်ဖို့ လက်ခံ လိုက်ပါတယ် ။ အလောင်းအစားအနေနဲ့ စုံတွဲမှ အမျိုးသားက ကြိုက်နှစ်သက်ရာ မေးခွန်း သုံးခု မေးမှာဖြစ်ပြီး Mr. Know All မှ မေးခွန်းသုံးခုစလုံးကို ပြန်လည်ဖြေဆိုနိုင်ရမှာ ဖြစ်ပါ တယ် ။ လောင်းကြေးအဖြစ် ၇ှုံးတဲ့သူက နိုင်တဲ့သူကို $10000ပေးရမှာဖြစ်ပါတယ် ။

ပထမမေးခွန်းအနေနဲ့ ဆေးပညာနဲ့ဆိုင်တဲ့မေးခွန်းတစ်ခုမေးပါတယ် ။ Mr. Know All က အားလုံးလက်ခံအောင် ဖြေဆိုနိုင်ခဲ့ပါတယ် ။ နောက်တစ်ခါ စုံတွဲမှ အမျိုးသားက ဓာတုဗေဒ နဲ့ ပါတ်သက်တဲ့မေးခွန်း ပြောင်းမေးပါတယ် ။ ဒါကိုလည်း မှန်မှန်ကန်ကန်နဲ့ ကောင်းမွန်စွာ ပြန်လည် ဖြေဆိုနိုင်ခဲ့ပါတယ် ။ အလောင်းအစားအတွက် အဖြေပေးဖို့ နောက်ဆုံးမေးခွန်း တစ်ခုပဲကျန်ပါတော့တယ် ။

နောက်ဆုံးမေးခွန်းအတွက် စုံတွဲမှ အမျိုးသား စဉ်းစားနေပါတယ် ။ ထို့နောက် ရုတ်တရက် ဘေးမှ သူ့အမျိုးသမီးဆင်မြန်းထားတဲ့ ပုလဲဘယက်ကို ဖြုတ်လိုက်ပြီး အဲဒီပုလဲရဲ့ တန်ဖိုး ကိုမေးမြန်းလိုက်ပါတယ် ။ အဲဒီအခါ Mr. Know All က ဘယက်ကို အသေအချာစစ်ဆေးပြီး ဘယက်တန်ဖိုး စုစုပေါင်း $20000 ကျတဲ့အကြောင်း ဖြေကြားခဲ့ပါတယ် ။

အဲဒီအခါ စုံတွဲမှ အမျိုးသားက အားရပါးရ ရီမောလိုက်ပါတယ် ။ အဲဒီဘယက်ကို သူကိုယ်တိုင် ပဲ ဝယ်ပေးခဲ့တဲ့အကြောင်းနဲ့ ဘယက်တန်ဖိုးကို $10000ပဲပေးရတဲ့အကြောင်း အားလုံးကို ပြောလိုက်ပါတယ် ။ အဲဒီငွေကိုတောင် သူတစ်နှစ်ပတ်လုံးစုဆောင်းပြီးတော့မှ ဝယ်ပေးနိုင်တဲ့ အကြောင်း လှောင်ပြောင်ပြောဆိုလိုက်ပါတယ် ။

ဒါနဲ့ Mr. Know All က ဘယက်ကို နောက်တစ်ခေါက် စစ်ဆေးကြည့်ရှုရန်အတွက် စုံတွဲမှ အမျိုးသမီးထံ ထပ်မံတောင်းခံလိုက်ပါတယ် ။အဲဒီအခါ အမျိုးသမီး ရုတ်တရက် မျက်နှာပျက် သွားတာကိုလည်း Mr. Know All သတိပြုမိလိုက်ပါတယ် ။ အဲဒီနောက် Mr. Know All က ဒုတိယအကြိမ် ဘယက်ကို သေချာစွာစစ်ဆေးပြီး ပထမအကြိမ်တုန်းက သူပေါ့လျှော့စွာ စစ်ဆေးမိတဲ့အကြောင်း နဲ့ သူရှုံးနိမ့်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ် ။ လောင်းကြေးငွေ $10000 ကိုလည်း ပေးခဲ့ပါတယ် ။

အဲလိုနဲ့ ဝေဖန်မှုအမျိုးမျိုးကြားကနေ နေဝင်လို့အိပ်ချိန်ရောက်တဲ့အခါ Mr. Know All လည်း သူ့ရဲ့ သီးသန့်အိပ်ခန်းမှာ ဝင်ရောက်အိပ်စက်ခဲ့ပါတယ် ။ မနက်မိုးအလင်းမှာတော့ တံခါး ကြားကနေ Mr. Know All အတွက်စာအိတ်တစ်အိတ် ရောက်ရှိနေခဲ့ပါတယ် ။ Mr. Know All ဖွင့်ကြည့်လိုက်တဲ့အခါ စာတစ်စောင်နဲ့ ငွေ $10000 ကို တွေ့ရှိခဲ့ပါတယ် ။ စာကို ဖွင့်ဖတ် ကြည့်လိုက်တော့ အထဲမှာ Thanks You . ဆိုတဲ့ စာလေးတစ်ကြောင်းသာ ပါရှိခဲ့ပါတယ် ။

အဲဒီအခါ Mr. Know All အနေနဲ့ အသိတစ်ခု ရရှိလိုက်ပါတယ် ။ အဲဒါဘာလဲဆိုတာ.........

စာဖတ်သူကိုယ်တိုင်သာ တွေးကြည့်ကြပါတော့ခင်ဗျာ ။
***စေတနာငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ဘာသာပြန်တစ်ပုဒ်ရယ်ပါ ။***

စေတနာ
18:10:2010(18:55)