Saturday, January 30, 2010

မြို့လွှာရုံခြုံလေတဲ့ ရွာကလေးတွေဆီ . . .

 

    ငယ်ငယ်က ကျောင်းပိတ်ရက် ရောက်ပြီဆိုတိုင်း အဖေ့ဇာတိရွာကလေးဆီသို့ သွားနေကျဖြစ်သည်။ နွေကျောင်း ပိတ်ရက်တွေကို အဖေ့ရွာတွင် နေထိုင်ရင်း ဖြတ်သန်းရသည်ကို သဘောကျတာလည်းပါသည်။  တွေးမိလေတိုင်းလွမ်း ရသည့် မြင်ကွင်းတွေထဲတွင် မီးသင့်ထားသည့် ရိုးပြတ်တွေကြား၊ ပက်ကြားအက်လယ်ကွင်းတွေကြား  ခြေဗလာနှင့် တစ်ရွာတစ်ရွာ့ ကူးရတာလည်း ပါသည်။ ကျောက်ပြားလေးတွေ စီရရီခင်းထားသည့် ရွာလယ်လမ်းတစ်လျှောက် ရွာ့ အရှေ့ဖျား အနောက်ဖျား ကူးချည်သန်းချည် သွားရတာလည်း ပါလေသည်။ မနက်စောစော လှည်းတကျွီကျွီနှင့် ရွာ လည် ထွက်ရတာလည်း ပါပါလိမ့်မည်။

    
   
အဖေ့ရွာကို မရောက်တာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း မျက်ဝန်းထဲတွင် မှတ်မှတ်ထင်ထင် စွဲထင်နေ တတ်သည့် ပုံရိပ်တွေထဲတွင်တော့ နှင်းစက်တို့ တွဲခိုနေတတ်သည့် စပါးနှံတွေပြည့်နေသည့် လယ်ကွင်းတွေ၊ ကြာတွေ ပြည့်လျှံနေတတ်သည့် ရေကန်ကြီး၊ ကိုးတောင်ပြည့်ထုံးစေတီဖြူဖြူဖွေးဖွေး၊ ကျွန်းတိုင်လုံးကြီးတွေ ရာချီရှိသည့် ရွာဦး ကျောင်ကြီး၊ ဖုန်းတထောင်းထောင်းထနေသည့် လှည်းလမ်းကလေး ကောက်ကောက်ကွေးကွေး၊ မြစ်ဆိပ်သို့ဆင်းသည့် သစ်သားတံတားရှည်ရှည်ကြီး . . . စသည် စသည်ဖြင့်ပေါ့ . . .


   
အဖေ့ရွာ တစ်ရွာတည်းကိုတော့ဖြင့် ချစ်တတ် မြတ်နိုးတတ် တန်ဖိုးထားတတ်သည်တော့ မဟုတ်ပါ။ သည် မြင်ကွင်း သည်ရှုခင်း သည်ပုံရိပ်တွေကို မြင်ရ ခံစားရသည့် ကျေးလက်မြင်ကွင်းတွေကို သဘောကျတာ ချစ်တာ တော့ အမှန်ပဲ ဖြစ်ပါသည်။  ရွာကလေးတွေရဲ့ မြင်ကွင်း ပုံရိပ်တွေကိုချည်း ချစ်တတ်တာတော့လည်း မဟုတ်ပြန်ပါ။ ရပ်ဓလေ့ ရွာဓလေ့ ကျေးလက်ဓလေ့တွေကို နှစ်ချိုက်မိတာလည်း ပါပါလိမ့်မည်။ သည်လိုနှင့်ပင် ရွာကလေးတွေကို ချစ်တတ် မြတ်နိုးတတ်သည့် စိတ်ကလေးကို ရင်ထဲတွင် သိမ်းဆည်းထားမိတာလည်း ဖြစ်ပါလိမ့်မည်။

    ခရီးသွားရလေ့ရှိတိုင်း မြို့နှင့် မနီးမဝေး ရွာကလေးတွေဆီကိုတော့ မရောက်အရောက် သွားတတ်ပါ၏။ ဒါ ကလည်း ရွာကလေးတွေကို ချစ်တတ်သည့် အရင်းခံစိတ်နှင့် ရွာကလေးတွေ၏ မြင်ကွင်း ပုံရိပ်တွေ ဓလေ့စရိုက်က လေးတွေကို ခံစားလို၍လည်း ဖြစ်သည်။ မြို့ကြီးပြကြီးတွေမှာ ဘယ်လိုမှ မရနိုင်သည့် ကျေးလက်ရနံ့ကို မက်မက် စက်စက် ရှိလို့လည်း ဖြစ်ပါ၏။ ပြီးခဲ့သည့် ခရီးမှာတော့ အထက်အညာဆီက ရွာကလေးတွေကို ရောက်ခဲ့ရပြန်ပါ သည်။  သည်နယ်ဘက်တွေကတော့ သီးထပ်ဧရိယာတွေမို့ အခြားဒေသက ရွာကလေးတွေထက် စီးပွားရေးတောင့် တောင့်တင်းတင်းရှိလှသည်။ တစ်ချို့ရွာလေးတွေကိုတော့ ခရီးလမ်းခုလတ်တွင် ခေတ္တရပ်မိသည့် အခိုက်အတန့်ကလေး သာနေဖြစ်ပါ၏။ တစ်ချို့ရွာလေးတွေမှာတော့ နားနားနေနေ အေးအေးလူလူ နားရခိုရသည်လည်း ရှိပါသည်။ တစ်ချို့ ရွာလေးတွေကတော့ ခရီးလမ်းတစ်လျှောက် ရွာလယ်လမ်းက ဖြတ်သန်း သွားရတာမျိုးတွေလည်း ရှိခဲ့ပါသည်။ ရောက်ခဲ့ရသည့် ရွာအများစုကတော့ အဝေးပြေးကားလမ်းမကြီးတွေနှင့် မနီးမဝေးက ရွာတွေပဲ ဖြစ်ပါသည်။

ဟိုတုန်းကလိုမျိုး . . .
   
ကျေးလက်မြင်ကွင်းပုံရိပ်တွေကတော့ ဆယ်စုနှစ် နှစ်စုကျော်ကျော်ကာလအတွင်း အပြောင်းလဲကြီး ပြောင်း လဲသွားကြပြီ ဖြစ်ပါသည်။ လှည်းလမ်းကြောင်းတစ်လျှောက် ဂွန်နောင်းတွေ ပြေးနေကြပြီ။ ရွာလယ်လမ်းတွေသည် လည်း လူတစ်ကိုယ်စာ မဟုတ်လေတော့။  ဟိုတုန်းကလို  နွားလှည်း တကျီတကျီနှင့် တအိအိ ခရီးမနှင်ကျရတော့။ တစ်ရွာ့တစ်ရွာ ခရီးကတော့ ဂွန်နောင်းနှင့်သာ။ ပစ္စည်းပစ္စယာ ၀န်စည်စလယ်တွေနဲ့ မြို့တက်ချင်လည်း ဂွန်နောင်းနဲ့ပင်။ ဟိုတုန်းကလို မြို့ကြီးပြကြီးတွေက လူတွေဆီ လူကြုံလှည်းကြုံနှင့် အမှာဆင့်စရာမလိုတော့ ရွာတွေတိုင်းလိုလို အဝေး ပြောဖုန်းတွေ ရှိလာပြီ။ အိမ်တိုင်းစေ့နီးပါး ဆိုင်ကယ်တွေရှိလာကြပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ ကြေးအိုး ဆီချက် ရှမ်းခေါက်ဆွဲ စားသောက်ဆိုင်တွေ၊ ဘိလိယက်ခုံတွေ၊ ကာရာအိုကေဆိုင်တွေ ရောက်လာကြပြီ။ မီးစက်မောင်းသံ တွေကိုလည်း နေ့ရောညရော ကြားရပြန်သည်။ ဟိုတုန်းကလို ရွာလယ်လမ်းပေါ် လျှောက်လိုက်သည်နှင့် နွားအော်သံ၊ ကြက်ဘဲသံတွေ ဆူဆူညံညံ အသံတွေကို  ကာရာအိုကေဆိုင်က သီချင်းသံတွေ၊ ဂွန်နောင်းစက်သံ၊ မီးစက်မောင်းသံတွေ က နေရာယူလိုသွားကြပြီ။ တွံတေးသိန်းတန်တို့ ဟင်္သာထွန်းရင်တို့လို မြန်မာသံစဉ်သီချင်းတွေနေရာတွင် တောဂေါ်လီနှင့် ဟစ်ဟော့ပ်သီချင်းတွေက နေရာတော်တော်များ ယူထားလိုက်ကြပြီဖြစ်သည်။ ပြောင်းလဲမှုကတော့ နေရာတကာမှာ တွေ့နိုင်ပါ၏။ မှတ်မှတ်ရရ ရှိနေတာကတော့ ရိုးရာအစားအစာတွေပဲဖြစ်သည်။ ရွာတော်တော်များမှာ မရနိုင် တော့။ ပြီးတော့ စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာလည်း တွေ့ရသည်။ ဟိုတုန်းကတော့ ရွာကအိမ်တွေ ဧည့်ခံကြ ပြီဆိုလျှင် ငါးပိရေချိုကလေး၊ ကြက်သားကာလသားချက်ကလေး၊ ရရာအသီးအရွက်အကြော်တစ်ခွက်တော့ ပါတတ်ပါ သည်။ အခုတော့ စားသောက်ဆိုင်ကပင် တရုတ်အစားအစာ လွယ်လွယ်ကူကူ မှာကျွေးလိုက်ကြတာပါပဲ။  နံနက် စောစောဧည့်ခံတတ်သည့် ဘူးသီးကြော်လို အကြော်စုံနှင့် ရေနွေးကြမ်းအစား တရုတ်မုန့်တွေနှင့် ကော်ဖီမစ်နှင့် ဧည့်ခံ လာကြသည်။ အိမ်တိုင်းမှာတော့ နံနက်စောစော ထမင်းကြမ်း၊ အကြော်စုံနှင့် ရေနွေးကြမ်း၊  စားတတ်ကြသည့် အစဉ်အလာတော့ နည်းပါးသွားကြပြီ ဖြစ်သည်။ နံနက်စောစော လဘက်ရည်ဆိုင်သွားကြတာက များသည်။

ကုန်စည်မျိုးစုံတို့ရဲ့ အဓိကပစ်မှတ်လေလား . . .
   
ရွာကလေးတိုင်း လိုလိုရှိ  အိမ်ခန်း နံရံတွေထက်မှာတော့ ကုန်စည်ကြော်ငြာမျိုးစုံ ပို့စတာတွေက နေရာယူ ထားလိုက်ကြပြီ ဖြစ်သည်။ မြို့ကြီး ပြကြီးတွေမှာပင် တွေ့ရ မြင်ရခဲသည် ကုန်စည်ကြော်ငြာတွေက အမြင်တွေ ဆန်းလို့နေသည်။ တစ်ချို့ကုန်စည်နာမည်တွေက  ကြားပင် မကြားဘူး။ သြော် . . . ရွာကလေးတွေက မြို့ကြီးပြကြီး ထက်ပင် ကုန်စည်ပစ္စည်းတွေ စုံလင်လှပုံရသည်။ အများစုကတော့ ယမကာတွေပဲ ဖြစ်လို့နေသည်။ ကုန်စည် အသစ် ပေါ်ပြီဟေ့ဆိုသည်နှင့် ရွာကလေးတွေကလူတွေ  ၀ယ်သုံးလိုက်ကြသည်ကများသည်။ တီဗီမှာ ကနေ့ ကြော်ငြာအသစ်ပါ လာလျှင် မနက်ဖြန်ဝယ်သုံးကြမည်။  ရွာကလေးတွေရဲ့ ဈေးကွက်ကပဲ အမှန်တကယ် စားသုံးသူများ ဖြစ်လို့နေသလား။  မြို့ကြီးပြကြီးမှာ တိုးမပေါက်နိုင်သည့် ကုန်စည်တို့၏ အဓိကပစ်မှတ်က ရွာကလေးတွေပဲ ဖြစ်လို့နေလေသလား။   ကုန်စည်မျိုးစုံတွေကတော့ ရွာကလေးတွေဆီသို့ ၀င်လာမဆဲ တသဲသဲပါပဲ။ တိုင်းရင်းဆေး အင်္ဂလိပ်ဆေး ဆေးဝါး အသစ်တွေ အဖျော်ယမကာနာမည်သစ်တွေ ကော်ဖီမစ် နို့ဆီ စားသောက်ကုန်မျိုးစုံကြော်ငြာဗီနိုင်း ကြီးငယ်တွေ မန် ကျည်းပင်ပေါ်မှာ အိမ်ဆိုင်တွေ လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်ငယ်လေးတွေမှာ အပြိုင်အဆိုင် ချိတ်ဆွဲထား ကြသည်။ 
   
မန္တလေးအက်ဖ်အမ်ကို အသံချဲ့စက်ဖြင့် တစ်နေကုန်တစ်နေ့ခမ်း ဖွင့်ထားတတ်သည့် ရွာကလေးတစ်ရွာ ကို လည်း ရောက်ခဲ့သည်။ အချို့ရွာတွေက ဆည်ရေ သောက်တွေမို့ မြောင်းရေကိုပင် အိမ်သို့ပိုက်ဖြင့်သွယ်ကာ သုံးနေကြ ပြီ။ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်းတွေ ရှိသည့် ရွာကလေးတွေကိုလည်း ရောက်ခဲ့သည်။ အပ်ပုန်းဟု လူသိများသည့် ဒေါက်တာရမ်းကုရန်က ကင်းဝေး၍ ၀မ်းသာရပါ၏။ ဒါပေသိ ဆေးဆိုင်က စပ်ဆေးကိုတော့ အားပေး နေကြဆဲပင်။ မူလတန်းလွန်ကျောင်း၊ အလယ်တန်းလွန်ကျောင်းတွေလည်း ရွာတော်တော်များမှာ ရှိလာကြပြီ။ ဟိုတုန်း ကလိုတော့ ပညာရေးအတွက် မြစ်ကူးချောင်းခြား မသွားရတော့။ ကျူရှင်ရှိနေတာတော့ နည်းနည်းဆန်းသည်။ ရောက် ခဲ့သမျှ ရွာလေးတွေက စီးပွားကောင်းကြတာ စိတ်ချမ်းမြေ့စရာပဲ ဖြစ်သည်။ စိုက်မှု ပျိုးမှုနှင့် ပတ်သက်၍တော့ လေ့လာအားကောင်းသူတွေရှိကြသလို ကြော်ငြာအားကိုးနှင့် သုံးစွဲနေကြတာတွေ ရှိသည်။ စာဖတ်အားကောင်းသည့် ရွာခံတွေလည်း မနည်းလှ။ စာကြည့်တိုက်တွေကတော့ ဟောတစ်လုံး ဟောတစ်လုံးပင်။ စာဖတ်သူတွေ ရှိမရှိတော့ သတိမထားမိ။

    ဟိုတုန်းကတော့ ကျေးလက်နှင့် မြို့ကြီးပြကြီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ၍ အခွင့်အရေးတွေကွာ လှသည်ဟု ဆိုကြသည်။ အခုတော့ မြင်တွေ့ရသည့် ကျေးလက်မြင်ကွင်းတွေသည် မြို့ကြီးပြကြီးနှင့်  အခွင့်အရေးသိပ် ကွာခြားမှုမရှိတော့ဘဲ  တူတာတွေ အများကြီးဖြစ်လို့ နေသည်။ နေ့နေ့ညည မီးစက်မောင်းရတာလည်း တူသည်။ ပေါ်ဦးပေါ်ဖျား ဘာကုန်စည်ပဲဖြစ်ဖြစ် ရွာကလေးတွေကို အချိန်မဆိုင်းဘဲ ရောက်လာတာချည်း။ စားသောက်ဆိုင် ကလေးတွေ ပေါလာတော့လည်း နေ့နေ့ညည  အနားယူအပမ်းဖြေနိုင်တာသည်လည်း တူသွားပြန်သည်။ တီဗီ ချယ် နယ်တွေကတစ်ဆင့် ကမ္ဘာ့အားကစားမြင်ကွင်းတွေကို ခံစားနိုင်တာလည်း တူပြန်သည်။ နေ့နေ့ညည လဘက်ရည်ဆိုင် ထိုင်နေကြသည်လည်း အတူတူပဲပင်ဖြစ်သည်။ ကလေးတွေ ကျောင်းပြီးတော့ ကျူရှင်ပြေးရတာလည်း တူနေပြန်ပါ သည်။ လူကြီးတွေ အလုပ်နှင့်လက်မပြတ်မို့ ကလေးတွေကို သိပ်မကြည့်အားတာလည်း တူသည်။  ဂိမ်းဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေမှာ နေ့နေ့ညည လူတွေစည်နေတာသည်လည်းတူလို့နေပါသည်။
   

မြို့ကြီးပြကြီးတွင် မရှိတော့သည့် ရပ်ဓလေ့ ရွာဓလေ့တွေလည်း ရွာကလေးတွေကို စွန့်ခွာသွားကြပုံရသည်။  အိမ်ခြေတွေ စိတ်မလာ တိုးမလာပေမယ့် ရွာနေလူဦးရေကတော့ သိသိသာလျော့ကျသွားကြသည်တဲ့။ မြို့တက်အလုပ် လုပ်သူတွေ၊ နိုင်ငံရပ်ခြားသွားကြသူတွေက နှစ်စဉ်တိုးလိုနေသည်။ ဘွဲ့ရပညာတတ်တွေ များလာတော့ သိသိသာ သာပါပဲဟု ရွာခံတွေက ဆိုကြသည်။ အများစုကတော့ ရွာပြန်လာလေ့မရှိ။ မြို့ကြီးမှာ ရရာအလုပ်လုပ်နေကြသည်။  ရွာကလေးတွေ အများစုကတော့ လူငယ်တွေ သိသိသာသာနည်းလာတာပါပဲ။ ရှိသည့်လူငယ်တွေကို  အားလပ်ချိန် တော်တော်များကို ဘီလိယက်ခုံတွေမှာ၊ လက်ဘက်ရည်ဆိုင်တွေမှာ စားသောက် ဆိုင်တွေမှာ တွေ့ရတာများသည်။
   
ရွာကလေးတွေရဲ့ နေထိုင်မှုတွေကတော့ မြို့ပြဆန်သထက် ဆန်လာတာ တွေ့ရသည်။ အထူးသဖြင့်တော့ မှုခင်းတွေ ပေါလာတာပဲဖြစ်သည်။ ဒါလည်း မြို့ပြနှင့်တူသည်အထဲမှာပါသည်။ ခိုက်ရန်ဖြစ်ပွားမှု နှုန်းတွေ တက် လာသည်။ ဟိုတုန်းကလို မိသားစုပဋိပက္ခ၊ လယ်မြေအရှုပ်အရှင်းတွေ၊ ငွေပေးငွေယူကိစ္စတွေကို ရွာလူကြီးတွေ ရွာဦးကျောင်းက ဆရာတော်တွေက ဖြေရှင်းပေး၍ရသည့် ဓလေ့တွေ မရှိလေတော့။ တုတ်တပြက် ဓားတပြက် ရှင်း တတ်လာကြပြီ။ ဟိုတုန်းကတော့ ရွာဆိုသည်မှာ အိမ်ခြေကလည်း နည်းသေးသည်။ ပြီးတော့ ဟိုအိမ်သည်အိမ် အမျိုးတွေတော်စပ်ကြသည်ချည်း။  သည်လိုအခြေအနေမျိုးတွင် ရွာက သက်ကြီးသူတွေက သြဇာကိတ္တမ ရှိသည်။ ရွာဦး ကျောင်းဆရာတော်ဆိုလျှင် တစ်ရွာလုံးက  အရိုအသေ အလေးအမြတ်ထားရဆုံး ပုဂ္ဂိုလ်အဖြစ် အရှိန် အ၀ါကြီး လှသည်။ ခုချိန်တွေမတော့ ဟိုတုန်းကလို အိမ်ခြေနည်းနည်း ဆွေမျိုးတွေ စုနေသည့်ရွာကလေးတွေလည်း မဟုတ် လေတော့။ ဟိုတုန်းကလို ဆွေနီးမျိုးစပ်တွေချည်း နေသည့်ရွာလည်း မဟုတ်တော့ ကူးလူးဆက်ဆံမှုတွေ များလာ၍ မျက်နှာစိမ်းသူတွေလည်း ရွာကလေးတွေမှာ အခြေချလာကြပြီ။ ဟိုတုန်းကလို လူတစ်ဦးကို မြင်လိုက်ရုံဖြင့် ဒါကရွာ  အရှေ့ဖျားက ဘယ်သူ့သားသမီး မောင်ဘယ်သူဟု အတတ်မသိကြတော့။ စည်းလုံးညီညွတ်မှုအားဖြင့် တားထား ကြသည့် တစ်အိမ်တစ်အိမ် စည်းရိုးတွေ ခုနှယ်တော့ အခိုင်အမာ ကာလိုက်ရံလိုက်ကြရပြီ။ နှစ်အိမ်တစ်အိမ် နေကြ သည့် ဓလေ့တွေ ပျောက်ကုန်ကြပြီ။ အိမ်နီးချင်းတွေကို အိမ်အပ်ပြီး မြို့တက်နိုင်ဖို့ ခရီးရှည်သွားနိုင်ဖို့ကတော့ ဝေးသွားကြ ပြီတဲ့။

မျှော်လင့်ချက်မနက်ဖြန်   
   
ရောက်ခဲ့ရသည့် ရွာကလေးတွေကတော့ အထက်အညာဆိုပေမင့် ရန်ကုန်-မန္တလေး၊ မန္တလေး-လားရှိုး အဝေး ပြေးကားလမ်းမကြီး မနီးမဝေးက ရွာကလေးတွေမို့ မြို့ပြဆန်နေတာလည်း ဖြစ်ပါမည်။ ဟိုတုန်းကလို မြင်ကွင်းမျိုး တွေ ဓလေ့ကလေးတွေ ရှိနေသေးသည့် ရွာကလေးတွေလည်း အများကြီး ရှိပါဦးမည်။ ဘာပဲဖြစ်ဖြစ် ရွာကလေးတွေ ကို ချစ်တတ်သည့် စိတ်ကလေးကတော့ ဘယ်လိုအခြေအနေတွေ ရောက်ရောက် လျော့ပါးသွားမည်တော့ မဟုတ်ပါ။ ရောက်ခဲ့ရသည့် ရွာကလေးတွေ၏ တည်နေရာတွေသည် မြေပြန်ဒေသတွေ၊ တောင်ကုန်းဒေသတွေ မြေမြင့်ဒေသ တွေ ကွဲပြားခြားနားနေပေမင့် ရွာသူရွာသားတွေ၏ မျက်ဝန်းတွေထဲက မျှော်လင့်ချက်တွေကတော့ အတူတူတွေချည်း။ ၀င်ငွေနည်း မိသားစုတွေအတွက်ကတော့ ဘယ်နေရာမှာတွေမှာပဲနေနေ မနက်ဖြန်တွေအတွက် သည်နေ့တွေကို စ တေးလိုက်ကြပုံကတော့ အတူတူချည်းပါပဲ။ မြို့ပြရယ် ရွာကလေးတွေရယ်လို့တော့ ကွာဟမသွားကြပါ။ သူတို့အတွက် မနက်ဖြန်တွေ ရှိလာဖို့တော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါဦးမည်။ အပြောင်းအလဲတွေကိုတော့ ဘယ်လိုပဲဖြစ် ဖြစ် လက်ခံကြရမှာပါပဲ။ ဒါပေသိ အပြောင်းအလဲတွေတိုင်းသည် အံဝင်ခွင်ကျနှင့် အလိုက်အသင့်အလျားသင့် ပြောင်း လဲသွားဖို့ကော မလိုပေဘူးလားဟုလည်း စဉ်းစားမိပါ၏။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အပြောင်းအလဲတွေ ဖြစ်စမှာတော့ ပဋိပက္ခအသွင်တွေ ပေးဆပ်လိုက်ရတာတွေ အနည်းငယ်တော့ ရှိတတ်ပါသည်။ ဒါတွေကို ရင်မဆိုင် ချင်၍ အပြောင်းအလဲတွေကို မလိုချင်လို့တော့ မဖြစ်ပါ။ အပြောင်းအလဲတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတတ်သည့် သဘောတရား အရှိတရားကို လက်ခံနိုင်ဖို့တော့ ပြင်ဆင်ထားရပါလိမ့်မည်။

 
အောင်စည်ဟိန်း


 

 

No comments: