Saturday, December 19, 2009

အတောင်ပံတို့ ရိုက်ချိုးခံရခြင်း


    မတွေ့ဖြစ်  အဆက်အသွယ် မရဖြစ်ခဲ့သည်မှာ  ကြာပြီဖြစ်သော  သူငယ်ချင်းတစ်ယောက်နှင့်  ရုတ်တရက် ပြန်ဆုံမိသည်။ သူလည်း ကျောင်းပြီး သွားကတည်းက ဘာလုပ်နေမှန်းမသိ။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်။ ရုတ်တရက်ပြန်တွေ့မိလိုက်ရတော့ အတိုင်းထက်အလွန် ပျော်ရွှင်ဝမ်းသာ သည့် ပုံနှင့် သူငယ်ချင်းက နှုတ်ဆက်လေသည်။ ကိုယ်လည်း သူ့ကို ပြန်တွေ့ရသည့်အတွက် ၀မ်းသာမိသည်မှာ အမှန် ပင်ဖြစ်ပါသည်။

တစ်ယောက် နဲ့တစ်ယောက် မေး ကြ မြန်းကြ။ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြ။ ပြီးတော့ နင်ဘာလုပ်နေသလဲ၊ ငါဘာလုပ်နေသလဲပေါ့။ ငါကတော့ ကုမ္ပဏီ ၀န် ထမ်းလို့ ပြောလိုက်သည်။ သူငယ်ချင်း က '' အေး ငါအခု စီးပွားရေး လုပ်ငန်း အသစ် တစ်ခု လုပ်နေတယ်။ အရမ်းအောင်မြင်ပြီး အရမ်း အလား အလာ ရှိတဲ့ လုပ်ငန်းတစ်ခုပဲ။ ကိုယ်လုပ် နိုင်ရင် လုပ်နိုင်သလို ပြန်ရမယ်။ နင်နဲ့တွေ့တာ အတော်ပဲ ''လို့ ဆို၏။ ကျွန်မကလည်း ''ပြောစမ်းပါဦး၊ ဘာအလုပ်တုန်းလို့ ဆိုတော့'' Multilevel Marketing"  ။ နောက်တစ်မျိုး ခေါ် ကြတာက Network Marketing  ပေါ့။ ကွန်ယက်စနစ်နဲ့ ဈေးကွက်ဖြန့်ချိခြင်းစနစ်၊ ဆင့်ပွား နည်းနဲ့ ဈေးကွက်ဖြန့်ချိ ခြင်းစနစ်လို့ ခေါ်ကြမည် ထင်ပါသည်။ သူပြောပြတော့ ကျွန်မ ပြုံးလိုက်မိ ပါသည်။ သူကတော့ သူ့အလုပ်အပေါ်တွင် အလွန်တကကနေသည့်ပုံ။ '''နေစမ်းပါဦး၊ ဘာပစ္စည်းကိုဖြန့် ရမှာလဲ''  လို့မေးတော့၊ သူက   '''အလှကုန်နဲ့ ဆေးတွေ ''   တဲ့။ အင်း  တူနေပြန်ပြီဆိုပြီး တွေးမိပြန်သည်။ ''  အလှကုန်နဲ့ဆေးတွေ ဖြန့်တာဆိုတော့FDA ခွင့်ပြု ပြီးသားလား''    ဆိုတော့ သူဘာမှ ပြန်မပြော။ ကျွန်မက စပ်စပ်စုစု  ဟိုမေးဒီမေး လုပ်သည့်အခါ မေးခွန်းတော်တော်များများကို သူပြန်မဖြေနိုင်။ ''   ကောင်းပြီ ငါ့ရဲ့ အပေါ်က ခေါင်းဆောင်နဲ့ နင့်ကိုတွေ့ပေးမယ်၊ နင်အလုပ်က ကုမ္ပဏီဝန်ထမ်း ဆိုတော့ လစာ ဘယ်လောက် ရလဲ။ ဒီအလုပ်က ကိုယ့်အပေါ်ပဲ မူတည်တဲ့အလုပ်၊ နင်အခုရနေတာနဲ့ ဘာမှမဆိုင်ဘူး ''   ဟုဆို၏။ ကျွန်မလည်း စိတ်ထဲမှာ ခံစားလိုက်ရပေမဲ့ မတွေ့တာကြာနေသော သူငယ်ချင်း အပေါ် အ တိုက်အခံ မလုပ် တော့ ဘဲ ကောင်းပြီဟုသာ ပြန်ပြောလိုက် သည်။ အဲဒါနဲ့ ကျွန်မသူငယ်ချင်းက သူ့အိမ်ကို အလည်လာဖို့ ချိန်းလေသည်။ သူ့ရဲ့ အလုပ်က ခေါင်း ဆောင် ကိုလည်း ခေါ်ထားမည်ပေါ့။

 
        
ဒီလိုနဲ့ ကျွန်မသူ့အိမ်ကို သွားခဲ့သည်။ စကားတွေပြောခဲ့သည်။ သူငယ်ချင်းရဲ့ အလုပ်က ခေါင်းဆောင်ဖြစ်သူက ကျွန်မကို သူတို့အလုပ် အကြောင်း ကြက်တူရွေးနှုတ်တိုက် ကျင့်ထားသည့်အတိုင်း စနစ်တကျ နှံ့နှံ့စပ်စပ် ပြောလေသည်။ ဒီစီးပွားရေးက အသစ်ပဲ၊ အခုမှ ခေတ်စားလာတာ၊ ကိုယ်လုပ် နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိတယ်၊ အလှပြင် ပစ္စည်းပဲဖြစ်ဖြစ်၊ ဆေးဝါးပဲဖြစ်ဖြစ် ကိုယ်ကြိုက်လို့သုံးစွဲရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင် က ဒီပစ္စည်း ကို ကြိုက်နှစ် သက်တဲ့လူတွေဆီကိုလည်းဖြန့်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုး ရှိတယ်၊ ကိုယ်ကသုံး နေရင်းနဲ့ ပိုက်ဆံပြန်ရတဲ့ အလုပ်ပေါ့၊ တခြားအလုပ် တွေနဲ့  မတူဘူး၊ ညီမလေးက ကုမ္ပဏီဝန်ထမ်းဆိုတော့ ကုမ္ပဏီမှာ မန်နေဂျာရှိမယ်၊ အထက်အရာရှိတွေ ရှိမယ်၊ ကိုယ်က ကြိုးစာပေမဲ့ သူတို့က နှိပ်ကွပ် ရင် ခံရဦးမယ်၊ ဒီ အလုပ်မှာ  အဲဒီလိုမရှိဘူး၊ ကိုယ်ရဲ့ အောက်ကလိုကိုတွဲခေါ်ရင်းနဲ့ သူလည်း တက်လာမယ်၊ သူတက်လာတာနဲ့အမျှ ကိုယ်လည်းအဆင့်တစ်ခုကို ရောက်မယ်၊ အကျိုးရှိမယ်၊ အားလုံးအတူတူ တက်သွားမဲ့ စနစ်လေ}} လို့ဆိုပြီး ဆက်တိုက် ပြောလေတော့သည်။

ပြီးတော့ ဒီစနစ်မှာက စက်ရုံကထုတ်လိုက်တာနဲ့ နိုင်ငံကိုယ်စားလှယ်၊ ဒေသကိုယ်စားလှယ် အဆင့်ဆင့် ဖြန့်ဖြူးတဲ့စနစ်မဟုတ်ဘဲ စားသုံးသူဆီ တိုက်ရိုက် ရောက်စေတဲ့အပြင် ထုတ်ကုန်အတွက် ကြော်ငြာခစရိတ်၊ ၀န်ထမ်းစရိတ်တွေလည်း မရှိဘူးလို့ ဆိုလေသည်။ အဲဒီအတွက် ဒီပစ္စည်းတွေဟာ ဈေးနှုန်းသက်သာပြီး အရည်အသွေးပိုင်းကို အဓိကထား ထုတ်လုပ်ထား တယ်လို့ ဆိုပါသည်။ အဲဒီမှာ ကျွန်မက သူ့ကို မေးလိုက် သည်။   ''   အစ်မတို့ ပစ္စည်းတွေက ဈေးဘယ်လောက်လဲဆိုတော့....''    ဆေးဝါးတွေရော အလှကုန်တွေ ပါ ငွေကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိနေသည် ပစ္စည်းများပင် ဖြစ်ပါသည်။ ။ အဲဒီပစ္စည်းကို ကိုယ်ကကြိုက်လို့ ၀ယ်ချင်ရင်တောင် သူတို့ က မရောင်းပါဘူးတဲ့။ အဖွဲ့ဝင်  ၀င်ရမှာပါ။ အဖွဲ့ဝင်ကြေး ပေးသွင်းပြီးမှ ကုန်ပစ္စည်းဝယ်တဲ့စနစ်ပေါ့။ ပြီးတော့ အဲဒီကုန်ပစ္စည်းတွေကို ကိုယ်ကလည်းသုံး၊ ကိုယ့်လိုပဲ သုံးမယ့်သူတွေကို ထပ်ရှာ၊ အဖွဲ့ဝင်ခိုင်း။ ပစ္စည်းတွေဖြန့်ပေါ့။ ဒီလိုစနစ်ပါ။ အဲဒီမှာ တစ်ခုရှိတာက သူတို့အနေ နဲ့ ကုန်ပစ္စည်းပိုင်းကို အဓိကထားပြီး ဈေးကွက်ရှာဖွေခြင်း မပြုတာပါပဲ။ ဒီ စီးပွား ရေး၊ ဒီစနစ်က ဘယ်လိုကောင်းတယ်၊ ဘယ်လိုအကျိုးအမြတ် ရတယ်ဆိုတာကိုပဲ ဦးတည်ပြောနေကြတာပါ။

ဘယ်လောက်ရင်းရင် ဘယ်လောက် ရမယ်ပေါ့။ ဘယ်နှစ်ယောက်လောက် ရှာနိုင်ရင်တော့ အရင်းကြေမယ်၊ မြတ်မယ် ဆိုတာတွေကို ဦးတည်ပြောဆိုကြ၊ တွက်ချက်ကြပါတယ်။ ပုံတွေလည်း ဆွဲပြကြ၊ ပုံပြင်တွေ ဥပမာတွေနဲ့ ရှင်းပြကြတာပေါ့လေ။ ပြီးတော့ သူတို့ကို သူတို့ အထက်ကလူတွေက အဆင့်ဆင့် သင်တန်းတွေပေး၊ ဈေးကွက်ရှာဖွေ တဲ့ပုံစံတွေ၊ စီမံကိန်းတွေကို ထပ်ထပ်သင်ပေး၊ အသစ်တွေချပေး။ စနစ်တကျ စည်းရုံး ထားကြတဲ့ပုံပါပဲ။


          
ဒါပေမဲ့ ကျွန်မကလည်း ထပ်မေးလိုက်ပါတယ်။ ''  အစ်မတို့ ပစ္စည်းတွေက သုံးစွဲသူအချင်းချင်း ဖြန့်သွားတဲ့အတွက် ဈေးသက်သာတယ်ဆိုပြီး ဘာဖြစ်လို့ ဈေးတွေက အရမ်းကြီးနေရတာလည်း။ ကျွန်မ ဖတ်ဖူးသလောက်တော့ ပညာတတ်သူရော၊ ပညာမတတ်သူရော၊ အရွယ်မရွေး၊ လူ မရွေး လုပ်နိုင်တဲ့ဟာ ဖြစ်ရမယ်ဆို။ လူတိုင်း လုပ်နိုင်တဲ့၊ ၀င်နိုင်တဲ့ ဈေးနှုန်းမျိုးဖြစ်ရမယ်ဆို။ အစ်မတို့ဟာက  လူတန်းစားတစ်ရပ်နဲ့ အပေါ်ယံလွှာတွေပဲ စိတ်ဝင်စားကြမှာ။ ပြီးတော့ ဒီပစ္စည်းတွေက ဘယ်လောက် အာမခံချက်ရှိနိုင်လဲ။ နောက်ပြီး ကိုယ်ကသုံးနေရင်းနဲ့ ပိုက်ဆံပြန်ရတယ်ဆိုတာကလည်း တကယ်တမ်းတွက်ကြည့်ရင် သိနိုင် ပါတယ်။ ပစ္စည်းရဲ့ တန်ရာတန်ကြေးကို ကျော်လွန်ပြီး ဈေးနှုန်းသတ်မှတ်ထားမယ် ဆိုရင် ကိုယ်က ပိုပေးမိနေပြီး သား ဖြစ်နေပြီ။ ကိုယ်ဝယ်သုံးတဲ့အပေါ်မှာ ကိုယ့်ကို ပြန်ပေးတာဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ရသလိုပဲ။ ဒီလိုပဲ လူတစ်ယောက် ၀င်လာတိုင်း၊ ၀င်လာ တိုင်းလည်း အပေါ်ကလူတွေက ရပြီးရင်းရ။ စားပြီးရင်းစားပဲ။ နောက်တစ်ခုက ကိုယ်ရဲ့မိတ်ဆွေတွေဝင်လာမှ အကျိုးအမြတ်ရတာဆိုတော့ ဒီပစ္စည်း တွေအပေါ်မှာ ယုံ ကြည်ချက်နဲ့ ဖြန့်ဖြူးတာ၊ ရောင်းတာမဟုတ်ဘဲ၊ လူကို အဓိကရှာသလို ဖြစ်မနေဘူးလား။ လူကို အဓိကရှာဖွေတဲ့ စီးပွားရေး ဖြစ်မနေဘူးလား။ ပြီးတော့ အစ်မတို့က ပြောတယ်။ အသည်းရောဂါတွေ၊ နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါတွေ အစုံပဲ ပျောက်တယ်လို့၊ ကိုယ်ခံ အား တိုးစေတယ်လို့၊ နောက်ဆုံးအနာ ပေါက်တွေကအစ ဒီဆေးလိမ်းပြီး ဒီဆေးနဲ့ ဒီဆေးတွဲသောက်ဆိုတာတွေကလည်း မဟုတ်သေးဘူး။ အဲဒီလို ပျောက်နေရင် အထူးကုတွေ ထိုင်ငိုရတော့မှာ လား။ ကမ္ဘာမှာ အထူးကုတွေ ထပ်ထပ်ပြီး ပေါ်လာပါတော့မလား။ သုတေသနတွေ၊ စမ်းသပ်စစ်ဆေး ချက်တွေကို ငွေတွေအများကြီးကုန်ပြီး လုပ်နေပါ့မလား။ စဉ်းစားစရာတွေက အများကြီးပဲ ''   ဟု ပြန်ပြောလိုက်သည့်အခါ ဘာမှ ပြန်မပြောနိုင်ရှာ။ တကယ်တော့ ကိုယ့်ကို မျက်လှည့်ပြထာသော မျက်လှည့်ဆန်သော စီးပွားရေးတစ်ခုဟု ပညာရှင်အချို့က သုံးသပ်ထားသည့် စနစ်တစ်ခုပင် ဖြစ်ပါသည်။


           
ကျွန်မက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံပြောပြလိုက်သောအခါ သူတို့ကျွန်မကို ဆက်လက်ပြောဆိုခြင်း မပြုတော့ပါ။ ကျွန်မ ဒီလုပ်ငန်းတွေအကြောင်း ဘယ်ကသိခဲ့ရပါသနည်း။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်လောက်ကလည်း ဒီအတိုင်းပင်။ ဒီစကားများ၊ ဥပမာများ၊ ပုံပြင်များကို ကြားခဲ့ရဖူးပြီးပြီ။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ၊ တက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်းတွေအများကြီး ၀င်လုပ်ခဲ့သည့် စီးပွားရေး လုပ်ငန်း ကြီးတစ်ခုပင် ဖြစ်ပါသည်။ သူတို့တွေ အားကြိုးမာန်တက် လုပ်ခဲ့ကြသည်။ အချိန်တွေ၊ ဘ၀တွေ ပေးခဲ့ကြသည်။ ပြီးတော့ ဘ၀တွေ၊ ရည်ရွယ်ချက် တွေလည်း ပျက်သုန်းခဲ့သည့် လုပ် ငန်းကြီး တစ်ခုပင် ဖြစ်ပါသည်။ အမှန်တော့ လူထုနဲ့အလှမ်းကွာဝေးတဲ့၊ လူတိုင်းမသုံးနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေကို ငွေသိန်းပေါင်းများစွာ အကုန်ခံ၍ အဖွဲ့ ၀င်လုပ်။ ပစ္စည်းတွေ ၀ယ်ကြရပြီး လူတွေရှာကြရသည်။ ထိုအလုပ်ထဲတွင် လူပေါင်း ရာနဲ့ချီ၍ ပါဝင် ပတ်သက် ခဲ့ပြီး ငွေကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးနစ် နာမှုတွေ ဖြစ်ပေါ်ခဲ့သောကြောင့် ဘ၀ပျက်ခဲ့ရသော   စီးပွားရေးလုပ်ငန်းကြီးတစ်ခုဟု    တင်စားလိုက်ရခြင်း ဖြစ်ပါသည်။ အခုတော့ အဲဒီလုပ်ငန်းကို နိုင်ငံတော် က အမည်ပျက်စာရင်းသွင်းလိုက်သည့်အပြင် သက်ဆိုင်သူ တို့ကို လည်း တရားစွဲဆိုထားလေသည်။ သို့သော် နစ်နာသူတွေ၊ ဆုံးရှုံးမှုတွေကတော့ များလွန်း အားကြီးပါသည်။


          
အဲဒီလုပ်ငန်းအကြောင်း စတင်သိရှိခဲ့သည့်အချိန်တွင် ကျွန်မလည်း စိတ်ဝင်စားမှုရှိခဲ့ပါသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်ခန့် လိုက်၍ လေ့လာ ခဲ့ပြီးသည့်နောက်တွင် စဉ်းစားစရာများစွာ ပေါ်ပေါက် လာပါသည်။ မေးခွန်းတွေများစွာ ပေါ်ပေါက်လာပါသည်။ သူ တို့ကတော့ ဒီလုပ်ငန်းအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ ပြီးတော့ ဒီအလုပ်နဲ့ပတ်သက်လို့ ကိုယ်အယုံအကြည်ရဆုံး၊ ကိုယ့်ကို ပိုက်ဆံထုတ်ပေး မယ့်သူ၊ မိသားစုမှာ အဓိကကျတဲ့သူ ကိုပဲ ပြောပါတဲ့။ မသိတာရှိရင် သူတို့ကိုပဲမေး၊ သူတို့နဲ့ပဲ တိုင်ပင်ပါတဲ့။ အဲဒီအချက်ကို ကျွန်မသဘောမတွေခဲ့ပါဘူး။ ငွေသိန်းပေါင်းများစွာ အကုန်အကျခံ ပြီး လုပ်ရမဲ့ အလုပ်တစ်ခုမှာ ဘယ်သူမှ မတိုင်ပင်ဘဲ လုပ်ရမှာလား။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်မ သိ သမျှ တတ်သမျှ လေ့လာသည်။ စူးစမ်းသည်။ ပြီးတော့ အတွေ့အကြုံရင့် စီးပွားရေးသမားတွေ၊ မိတ်ဆွေတွေ၊ ပညာရှင်တွေကို မေးမြန်းကြည့်သည်။တိုင်ပင်သည်။ အဲဒီမှာ အဖြေကို ရှင်းရှင်းလင်း လင်း သိမြင် လာခဲ့ရသည်။ သိမြင်လာသည့်အတိုင်း သူငယ်ချင်းတွေနဲ့ အခြေအတင် မေးမြန်းပြောဆိုကြည့်သောအခါ သူတို့ဆီက တိကျတဲ့အဖြေတွေ၊ ရှင်း လင်းချက်တွေကို မရရှိခဲ့ဘဲ ဥပမာ၊ ဥပမေယတွေသာ ပြန်ကြားခဲ့ရသည်။

''   နင် ဘတ်စ်ကားမှတ်တိုင်မှာ ကားရပ် စောင့်နေတုန်း လာတဲ့ကားကို တက်မစီးရင် နင်နောက်ကျ ကျန်ခဲ့မှာပဲတဲ့။ နောက်ကားနဲ့လိုက်ရတဲ့အတွက် နင်ကျန်ခဲ့မှာပေါ့ '' ဆိုပြီး ဥပမာ ပေးလေသည်။ ကျွန်မကလည်း ပြန်ပြော လိုက်လေသည်။ '' အဲဒီကားကြီးက ပျက်သွားရင်ရောလို့၊ ဒါမှမဟုတ် နောက်ကားက ကျော်မတက်နိုင်ဘူးလား ''   လို့ပေါ့။ ဟုတ်ပါသည်။ သူတို့ တက် စီးသွားသော ကားကြီးမှာ တကယ်ပင် ပျက်သွားပါသည်။ ရိုးရိုးတန်းတန်း ပျက်ခြင်းမဟုတ်ပါ။ ချောက်ထဲထိုးကျ ပျက်ခြင်းပင် ဖြစ်ပါသည်။ သူတို့တွေ အလူးအလဲ ခံလိုက်ကြရသည်။ သူတို့ရဲ့ ဘ၀တွေ သေသွားကြသည်။ ပြန်မထနိုင်လောက်အောင်ကို ဖြစ်သွားကြရသည်။ 

 မိသားစု နောက်ခံငွေကြေး တတ်နိုင်သူတွေနဲ့၊ အနုပညာ အသိုင်းအ၀ိုင်းကလူတွေ၊ အပေါ်ယံလွှာတွေက သူတွေလောက်သာ ခံသာခဲ့ကြသည်။ အရင်လို ရပ်တည် နိုင်ခဲ့ ကြသည်။ သာမန်လူတန်းစား အသိုင်းအ၀ိုင်းတို့မှာ အိမ်ပေါင်၊ မြေရောင်း၊ ဘ၀ပျက်သွားကြရသူတွေ အများကြီးပင်။ ဒီအလုပ်သည် အလုပ်လုပ်ချင်စိတ်ရှိ၍ တက်ကသော လူငယ်များကိုသာ ဦးတည်၍ စည်းရုံးသိမ်းသွင်းခဲ့သော အလုပ်ဖြစ်လေသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ အရှေ့တောင်အာရှလို နိုင်ငံတွေကို ဦးတည်ထားပြီး လိမ်လည်လာကြသော အလုပ်တစ်ခု ဖြစ်လာလေသည်။ သို့သော်လည်း လူထုနဲ့ နီးစပ်သည့် အလှကုန်ပစ္စည်းမျိုးတွေကို မှန်မှန်ကန်ကန်နဲ့ ဖြန့်ဖြးရောင်းချနေသည်များလည်း ရှိနိုင်ပါသည်။ 

 ပြီးတော့ သူတို့ကသာ ဒီအလုပ်ကို ပုံစံသစ်၊ စနစ်သစ် စီးပွားရေးဟု ဆိုနေကြသည်။ အမှန်တော့ ဒီစနစ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အနောက်နိုင်ငံတို့၌ ပေါ်ပေါက်ခဲ့ဖူးလေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက အမေရိကန်နိုင်ငံတွင် စတင်ပေါ်ပေါက်လာခဲ့သော ယင်းစနစ်သည် ဥရောပ၊ အာရှတို့သို့ ပျံ့နှံ့လာခဲ့သည်။ သို့သော် ယင်းစနစ်ကို နိုင်ငံတော်တော် များများတွင် မတွေ့ရှိရတော့ သော်လည်း မြန်မာနိုင်ငံကို ရောက်ရှိလာသည်မှာ မကြာလှသေး။ ထူးခြားသည်မှာ သည်စနစ်၊ သည်ပစ္စည်း တွေ ကို စတင်ထုတ် လုပ်ဖြန့်ဖြူးနေသည့် ပုဂ္ဂိုလ်တို့မှာ ထိုင်ဝမ်နိုင်ငံမှသာ အစပြုလာကြခြင်း ဖြစ်ပါသည်။ သူတို့၏ ကုန်ပစ္စည်းများတွင် သက်ဆိုင်ရာနိုင်ငံတို့မှ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များ မတွေ့ရှိရ။ သဘာဝ သစ်မြစ်သစ်ဥတွေနဲ့ ထုတ်လုပ်ထား၍ ဓာတုပစ္စည်းများ လုံးဝမပါဝင်ပါဟု ဆိုကြပြီး ကုန်ပစ္စည်း ၏ သတ်မှတ်သက်တမ်းကိုလည်း သေချာစွာဖော်ပြထားခြင်း မရှိကြပါ။  ပြီး တော့ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး အဓိကထား မဆွဲဆောင်ဘဲ လူ ဘယ်နှစ် ယောက်ကို ကိုယ်ရဲ့ အောက်လက်   အဖြစ်ရှာနိုင်ရင် အရင်းကြေပြီဆိုပြီး စည်းရုံးကြသည့်အချက်ပင် ဖြစ်ပါသည်။ ကုန်ပစ္စည်း၏ သက် ရောက်မှု၊ ကုမ္ပဏီ၏ အာမခံချက်၊ ပြီးတော့ စာချုပ်စာတမ်းနဲ့ အရောင်းအ၀ယ်စာချုပ်၊ အဖွဲ့ဝင် စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် စုံစမ်းမေး မြန်းခြင်း မပြုပါဘဲ၊ အဲဒီအချက်တွေကို အဓိကထား မဆွေးနွေးဘဲ ဘယ်နှစ်လ၊ ဘယ်နှစ်ယောက်နဲ့ အရင်းကြေသည်။ ဘယ်လောက်ကြာရင် မြတ်ပြီဆို သည့် လောဘကို ရှေ့တင် ဆုံးဖြတ်ခဲ့သည့်အတွက် လူငယ်တွေ မှားခဲ့ရခြင်းဖြစ်သည်ဟု စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ကြီး တစ်ဦးကသုံးသပ်ခဲ့လေသည်။

 
             
ဒီအလုပ်တွင် ပါဝင်ပတ်သက်ခဲ့သူများမှာလည်း ပညာတတ်၊ ဘွဲ့ရများ အများအပြားပါဝင်နေပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ LCCI, ACCA ပညာရပ်တွေကို ဆည်းပူးနေသူတွေ၊ ဘွဲ့ရရှိခဲ့သူတွေ၊ နိုင်ငံခြားကို ပညာတော်သင် သွားမယ့်သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ချမ်းသာ တဲ့ အသိုင်းဝိုင်းက လူတွေ၊ သာမန်လူ့အဖွဲ့အစည်းကလူတွေ၊ နောက်ဆုံး သတင်းမီဒီယာလုပ်ငန်းက ဂျာနယ်လစ်တွေအပြင် နယ်ပယ်အစုံမှပါဝင်ခဲ့ သည်။ သူတို့ဆီမှာ ကိုယ်စီကိုယ်ငှ ရည်ရွယ်ချက်များ ရှိခဲ့ကြမည်။ သို့သော် သည် အလုပ် ကို ၀င်ရောက်လုပ်ကိုင်ပြီးသည့်နောက်ပိုင်း သူတို့ရည်ရွယ်ချက် တွေ ပျက်သွားခဲ့ရသူတို့က များလေ သည်။ ဘ၀တွင် ဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားကြရသည်။ အဲဒီအတွက် ဘာမှလည်း မလုပ်ချင်ကြတော့။ ဘာမှလည်း ဦးဆောင်ဦးရွက်ပြု၍ မလုပ်ကြရတော့ပေ။ ကြာလာတော့ သူတို့ရဲ့ အရည်အသွေး အရည်အချင်း တွေ    ပျောက်ကွယ် လာကြရလေသည်။ ဒီအတွက် ကာယကံရှင် သူတို့ကိုယ်တိုင်သာ နစ်နာသည် မဟုတ်။ တိုင်းပြည် အတွက် အလားအလာကောင်းနိုင်သည့် လူငယ်တွေလည်း   ဆုံးရှုံးသွားနိုင် သည်။ ပြီးတော့ တစ်ဦးကို ကျပ်သိန်းတစ်ရာလောက် ဆုံးရှုံးခဲ့မည်ဆိုလျှင် လူတစ်ရာလျှင် ဘယ်လောက်လဲ။ လူအယောက် တစ်ထောင် လောက်ဆိုလျှင် ရော။ ဒီငွေတွေသည် ဘယ်ကို ရောက်သွားကြပြီလဲ။  တကယ်တော့ ကိုယ့်အနာဂတ်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့် အသိုက်အ၀န်းအတွက် အကျိုးရှိရှိ သုံးစွဲနိုင်သည့် ငွေကြေးများပင်ဖြစ်ပါသည်။ ကိုယ်တိုင်တွင် ဆုံးရှုံးမှုရှိခဲ့သလို နိုင်ငံအတွက်လည်းဆုံးရှုံးမှု ရှိနိုင်ပါသည်။ အဆိုးဝါးဆုံး ဆုံးရှုံးမှုသည် အလုပ်လုပ်ချင်စိတ်ရှိသော၊ တက်ကသော၊ စွန့်စားလိုသော လူငယ်တို့၏ စိတ်ဓာတ် များ ပင် ဖြစ်ပါသည်။ သည်လို အဖြစ်မျိုး ရောက်ရှိအောင် ကျူးလွန်ခဲ့သူတွေကို ဥပဒေအရ ထိရောက်သော ပြစ်ဒဏ်များချမှတ်ခြင်းသည် မှန်ကန်ပါသည်။ သို့သော်လည်း နစ်နာခဲ့သူတွေမှာ တစ်ယောက် နှစ်ယောက်တော့မဟုတ်ပေ။

 ငွေကြေးနစ်နာမှုတွေကို ပြန်လည်ပေးလျှော်နိုင်မည်လား။ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကိုရော...။ နောင် ဒါမျိုးဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ မကြုံတွေ့ကြရအောင် ဘယ်လို အသိပညာပေးကြမလဲ။ ဘယ်လို အာမခံချက်တွေပေးကြမလဲ။ ဘယ်လို ကာကွယ်မှုတွေ လုပ်ကြမလဲ။ ဖြစ်ပြီးသွားမှ ဖြေရှင်းခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်မှသာ ဆုံးရှုံးနစ်နာမှုတွေကို ရှောင်ကြဉ်နိုင်ပေ မည်ဖြစ်ပါသည်။ သည်စနစ်ကို အသုံးချ လိမ်လည်ခဲ့သူတို့ကြောင့် ဒီလုပ်ငန်းတွင် ပါဝင် ပတ်သက်မိခဲ့သူ လူငယ်တို့မှာမူ အရင်ကလို ဘ၀တွင် လွတ်လပ်စွာ ပျံသန်းနိုင်ကြခြင်း မရှိတော့ သည်ကို ချစ်တဲ့သူငယ်ချင်းများ၏ အတွေ့ အကြုံများကြောင့် သိရှိခဲ့ရလေသည်။ သူတို့၏ဘ၀တွေသည် အတောင်ကျိုးသွားကြသည့် ငှက်များသဖွယ်၊ အမြင့်ကို ပျံဝဲ ပျံသန်းနိုင်ကြသည့် အင်အားများမရှိကြတော့။

တစ်ချိန်က ရဲရင့်သော၊ သားကောင်ကို သုတ်ချီတော့မည့် စွန်ရဲငှက်တွေအလား ကောင်းကင်မှာ ၀ဲပျံတော့မယ့် လူငယ်တွေရဲ့ အားမာန်တွေကတော့ အတောင်ပံတွေ ရိုက်ချိုးခံရလို့ စိတ်ရှိတိုင်း မပျံနိုင်ကြတော့တာကို ဘယ်လိုကုစားကြမလဲ။ ဘယ်လိုပြန် ထူကြမလဲ။ အနိမ့်အမြင့် အတက်အကျတို့နဲ့ ကြုံတွေ့ရတိုင်း၊ အပြောင်းအလဲတို့နဲ့ ရင်ဆိုင်ရတိုင်း အခက်အခဲများကြားက ပြန်လည်ရုန်းထ ကြိုးစားနိုင်ကြ မည်ဆိုပါက သူတို့ဆီတွင် သူတို့ရဲ့ အနာဂတ်များ ရှိနေပါသေးသည်ဟုတော့ ထင်မြင်နေမိပါသည်။

 

တစ်ချိန်က အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရသော သူငယ်ချင်းများသို့ အမှတ်တရ...
နောင် သင်ခန်းစာ ရယူကြရန်နဲ့ ထပ်မံကြုံတွေ့လာနိုင်သော အသစ်အသစ်သော လိမ်လည်မှုများကို
သတိပြုဆင်ခြင်နိုင်ကြပါစေ ဒီအရိပ်မည်းကြီးအောက်က ကြိုးစားရုန်းထွက်နေကြသော ချစ်တဲ့ သူငယ်ချင်းများကိုလည်း
ကိုယ်ချင်းစာအားပေးလျှက်........
 
ရွှေစင်အိ.......

5 comments:

shwezinu said...

သေချာရေးပြထားတာကောင်းပါတယ်
ကျနော်လည်းသိတယ် သေချာရှင်းမပြတတ်ဘူး

Anonymous said...

လင်ဇီးအကြောင်းရေးထားတယ်လို့ တော့ ခန့်မှန်းမိတယ် :P
အောက်ပိုင်းရေးထားတဲ့စာက နည်းနည်း ဗလုံးဗထွေးဖြစ်နေတယ် :)(ဝေဖန်ရုံပါ)
အားပေးလျက်
HM

Anonymous said...

လွန်ခဲ့တဲ့ငါးနှစ်ကျော်ကျော်လောက်က စတယ်ထင်ပါတယ် ။ ကိုယ်လည်း လောဘသားပေမယ့်
ဆရာသမားတွေကျေးဇူးနဲ့ ဒီဝဲထဲ မဝင်ခဲ့ဖြစ်ဘူး ။
ရေးသင့်တဲ့ စာတစ်ပုဒ်ပါ ။
စိတ်ရှည်လက်ရှည်ရေးသားထားတဲ့ ဒီလိုစာကောင်း
အများကြီးကို မျှော်လင့်မိပါတယ် ။

Shwe Sin Ei said...

လင်ဇီးအကြောင်းရေးထားတာ မဟုတ်ပါဘူး။ ဒီလိုပဲ စနစ်တစ် ခုကို အသုံးချပြီး လိမ်လည်နေကြတာကို သိစေချင်တာပါ။ ဒီစနစ်အကြောင်း ရေးမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။ ဂျာနယ်မှာ ထည့်တုန်းက စာမျက်နှာအခက်အခဲကြောင့် အဓိက အချက်တွေ၊ ချန်လှပ်ထားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အသစ်သစ်သော လိမ်လည်မှုတွေက မြန်မာလို နိုင်ငံမျိုးကို ရောက် ရှိလာဦးမှာပါပဲ။ လူငယ်တွေ ဖြစ်ချင်ဇောတွေများပြီး လောဘကို ရှေ့ထား မဆုံးဖြတ်ကြစေဖို့ပါ။ အခုထိလည်း အဲဒီစနစ်တွေ အသက်ဝင်နေသလို၊ လှုပ်ရှားမှုတွေလည်း ရှိနေလို့ ဒီဆောင်းပါးကို ထပ်ရေးလိုက်ရတာပါ။ အရင်က ဒါနဲ့ ပတ်သက်တာတွေ ရေးခဲ့ဖူးပါတယ်။ ဝေဖန်အားပေးမှုတွေကို အထူးကျေးဇူးတင်ရှိလျှက်ပါ။ ပေးဆပ်သူကိုလည်း ကျေးဇူး တင်ပါတယ်။

Anonymous said...

အခု စင်ကာပူမှာ မြန်မာတစ်ချို့ အသင်းဝင်ဖြစ်တဲ့ Amway ဆိုတဲ့ ကုမ္မဏီနဲ့ ဆင်သလိုပဲ... သူကတော့ အသင်းဝင်ကြေး
$75 လောက်တောင်းတယ်ထင်တယ်. မဝင်ဖြစ်ပါဘူး။ သူ့ ပစ္စည်း
တွေတော့ ဝယ်သုံးဖြစ်တယ်။ ကောင်းပေမယ့် ဈေးကြီးတယ်...