Wednesday, December 23, 2009

မိုးရေထဲကကောင်မလေး

မိုးရေထဲမှာ  ကောင်မလေးကို တွေ့ခဲ့ကြရသည်ဆိုတော့ သူ တအံ့တသြတော့ မဖြစ်ပါ။ ဒါပေမင့် ရင်ထဲမှာတော့  ၀မ်းနည်းသလို နှမျောမိသလိုလို ဖြစ်လာရတာကိုတော့ ၀န်ခံရမည် ဖြစ်သည်။

 

 အင်းလေ . . . ဘယ်သူကရော မိုးရေထဲမှာ နေချင်ကြပါမည်လဲ။ အမိုးအောက်မှ နွေးထွေး လုံခြုံစွာနေရသည့် သက်တူရွယ်တူ ဘ၀တွေကိုရော  ကောင်မလေးက အားမကျတော့ဘူးတဲ့လား။ ဒါပေမင့် အခွင့်အရေးဆိုတာ လူအများကြီးထဲကမှ လူအချို့သာ ရွေးချယ် ခံစားရသည် အရာလေ။

 

    တကယ်တော့ ကောင်မ လေးသည် သူနှင့် စိမ်းလှသည့်တော့ မဟုတ်ပါ။ တစ်ရပ်ကွက်ထဲ တစ်လမ်းထဲ ပြီးတော့ ကောင်မလေး၏ ဘ၀သေးသေးကွေးကို  ကံကြမ္မာမုန် တိုင်းက ရက်ရက်စက်စက်မွေနှောက် သွား တာတွေရော၊ သူမ၏ ပခုံးသေး သေးကွေးကွေးတွင် မိသားစုတာဝန် တွေ တနင့်တပိုးကြီး ထမ်းဖို့ဖြစ်လာ တာ တွေရော  သူ  မသိတာတော့ မဟုတ် သိကို သိခဲ့တာပဲဖြစ်သည်။ သိုပေမင့် တစ်ခါတစ်ခါတွင်မူ သူ့ တွင်  သည်လိုဥပက္ခာနှလုံးသားမျိုး ရှိနေခြင်းကိုပင် အံ့သြဘနန်း ဖြစ်ရ ပြန်သည်။ လူသည် အဘယ်ကဲ့သို့ သော အခြေအနေမျိုးတွင် သူ့ဝန်း ကျင်သူ့လောကကို ဥပေက္ခာပြုရက် ကြပါသနည်း။

 

    တကယ်တော့ ကောင်မ လေးကို မိုးထဲရေထဲသို့  မရောက် စေချင်ပါ။ ပြီးတော့ နွေးထွေးမှုတွေ ပေးလို လှပါသည်။ ကောင်မလေး၏ ပခုံး သေးသေးကွေးကွေး နှင့် ပင့်ထမ်းထား ရသည့် ဘ၀ဒုက္ခ၀န်ထုတ်ဝန်ပိုးတွေ ကို သူလည်း မျှဝေခံစားချင်သည့်က တော့ သူ့ဆန္ဒအမှန်လည်း  ဖြစ်ပါ သည်။ သူ မှတ်မိသလောက်တော့ ကောင်မလေး ဆယ်တန်းနှစ်တွင် လား မသိ။ ကောင်မလေးမိဘတွေ ကားမှောက်၍ တိမ်းပါးသွားရသည်။ ကောင်မလေး ၏ အဘွားနှင့် ဥမမယ် စာမမြောက် ညီမလေးနှစ်ယောက်၏ ၀န်တာတွေ ကောင်မလေး အပေါ်သို့ ပြိုကြလာရသည်။ ဒါသည်ပင်လျှင် မိုးရေထဲ ရောက်ရသည့် ကောင်မ လေး၏ ဘ၀နိဒါန်းဟု ဆိုကြရပါ မည်လား။ ကောင်မလေးကို သူ မကူ ညီတာတော့ မဟုတ်။ ကူညီခဲ့သည် သာ။ ဒါပေသိ ကောင်မလေး ခမျာ အဆင်ပြေမှုတွေ မရခဲ့။ ပြီးတော့  ကောင်မလေးပြန်အလာကို မျှော်လင့် ခြင်းကြီးစွာဖြင့် မျှော်နေကြသည့် မျက်ဝန်းသုံးစုံအတွက် လက်ဗလာ နှင့် ပြန်မလာနိုင်သည့် အခြေအနေ ဆိုးကို လူတိုင်းသိနိုင်သည်မှ မဟုတ် ပဲလေ။

 

    နောက်တော့  ကောင်မ လေး စင်တင်တေးဂီတရှိသည့် စား သောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆို နေသည်ဟု သူကြားသည်။ သည် တုန်းကတော့ သူသည် ကောင်မ လေး အိမ်ကို အ၀င်အထွက် အသွား အလာ ရှိသေးသည်။ သူကိုယ်တိုင် လည်း တစ်နယ်တစ်ကြေးမှလာ၍   သူ့ဘ၀ကို ထူမတ် နေရသူမို့ တစ် ခါတစ်ရံတွင် ရေငုံနှုတ်ပိတ်နေခြင်း သည် စကားလုံး အသိန်းအသန်းကို ပြောပြနေခြင်းဟု ကောင်မလေးကို နားလည်စေချင်မိသည်။ ကြာလာ တော့လည်း ကောင်မလေးနှင့် သူ့ ကြားတွင် တံတိုင်းတွေ တစ်ခုပြီး တစ်ခုပြီး တိုးလာသလို ခြားနားချက် တွေ ကွာဟချက်တွေက ကြီးမားလာ လေသည်။

 

    တစ်ခါတစ်ရံတွင် အဆိုး ဆုံးကို အကောင်းဘက်က စတွေး တတ်တာ သူ့အကျင့်လည်း ဖြစ် သည်။ သူ့အကျင့်နှင့် သူဘာသာသူ တွေးလျင်တော့ ကောင်မလေး ဘ၀ ထူမတ်လာနိုင်တာကို ၀မ်းမြောက် ၀မ်းသာ ဖြစ်ချင်ဖြစ်နေလိမ့်မည်။ အင်းလေ . . . ဒီအတိုင်း ပြိုလဲကျ သွားမည့် ဘ၀တစ်ခုကို တစ်စုံတစ် ရာဖြင့် ကျားကန်လိုက်နိုင်သည်ဆို ရင် ထိုတစ်စုံတစ်ရာသည် ဘာပဲဖြစ် နေဖြစ်နေ မျက်စိစုံမှိတ်လိုက်ရမည် လား။

 

    မိုးထဲရေထဲ  ရောက်နေ သည့် ကောင်မလေးကတော့ မိုးစက် မိုးပေါက်တွေကိုတော့ ဂရုစိုက်နေ မည်တော့ မဟုတ်ပါ။ အဘွားနှင့် ညီမလေးနှစ်ယောက် လူတန်းစေ့နေ နိုင်ဖို့ မိုးထဲရေထဲထွက်နေရမှတော့ ပါးစပ်ပေါက်များစွာ၏ အပါနပ စကားတွေကို  ကောင်မလေးက  မိုး စက်မိုးပေါက်တွေနှယ် ထီမထင်ရှိ ပါလိမ့်မည်။

 

    တကယ်တော့  သူသည် ကောင်မလေးကို သူ့ဘ၀ထဲကို  စော စောစီးစီးဆွဲခေါ်ခဲ့မိရင်တော့ အခြေ  အနေတွေသည် တစ်မျိုးတစ်ဖုံတော့ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင် သည်လေ။

 

    ကောင်မလေး၏ ပခုံး သေးသေး ကွေးကွေးပေါ်သို့ ၀န် ထုတ်ဝန်ပိုးကြီး ကျရောက်လာချိန် တွင် သူသည် ယောက်ျားကြီးတန်မဲ့  တုံဏှိဘာဝေ  နေခဲ့ဖူးသည်လေ။ ရောက်မလာသေးသည် အနာဂတ် ဆိုတာကို စိတ်ကူးယဉ်ပုံဖော်နေသူ၊ ပစ္စုပ္ပာန်ကို လက်တွေ့ကျကျ မသုံး သပ်တတ်သူ  တစ်ယောက်အတွက် တော့ နောင်တတရားဆိုတာ ခပ်မြန် မြန် ရောက်လာတတ်သည်လေ။ လူတစ်ယောက်၏ အတ္တသည် လူ တစ်ယောက်၏ ဘ၀ကို အပြောင်း အလဲကြီး ပြောင်းလေစေနိုင်ပါ လား။

 

    ကောင်မလေးကတော့ မိုး ထဲရေထဲမှာပင် ရှိနေပါသေးသည်။ ဒါပေသိ သူ့မိသားစုကိုမူ ဘေးကင်း လုံခြုံသည့် အသိုက်အမြုံလေး ဖြစ် အောင် ကောင်မလေး စွမ်းဆောင်နိုင် ခဲ့ပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဒီ လို မိုးထဲရေထဲကို မထွက်သင့်ဘူးဟု သူ နာနာကျည်းကျည်းတော့ ရင်ထဲ က အကြိမ်ကြိမ် ရေရွတ်ခဲ့ဖူးသည် ကိုတော့ ၀န်ခံရပါမည်။ သည်လို အချိန်တွင် သူကျေကျေနပ်နပ်ကြီး ပြုံးပါမည်။ ပြီးတော့ မျက်ရည်တွေ လည်း ကျကောင်း ကျနိုင်ပါသည်။

 

    မျက်ရည်နှင့် ပတ်သက် ၍မူ သူတက္ကသိုလ်တက်စဉ်ခဲ့စဉ်က မြန်မာစာဆရာ၏ စကားအချို့ကို ကြားယောင်လာမိသည်။ မိမိအောင် မြင်မှုအတွက် ပျော်ရွှင်ကြည်နူးစွာ ကျသည်မျက်ရည်တွေ ရှိခဲ့ဖူးပါမည်။ ထိုမျက်ရည်တွေသည် အရောင်က ကြည်လဲ့လဲ့ဖြစ်မည် ပြီးတော့ မျက် ၀န်းက စီးကျလာပြီး ပါးပြင်နှင့် ထိ ချိန်၌ နွေးထွေးမှုကို ရမည်။ ဒါကို ပီတိမျက်ရည်ပါတဲ့။ သူတစ်ပါး၏ အောင်မြင်ကို ဂုဏ်ယူခံစားရ၍လည်း မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက် ကျ တတ်ပါသေးသည်။  အရောင်က ကြည့်လဲ့လဲ့ပါပဲ။ မျက်ရည်တို့ ပါး ပြင်နှင့်အထိတွင် အေးမြမှုကိုရမည်။ ဂရုဏာမျက်ရည်တွေပါ တဲ့။ ကြေကွဲ မှု နာကျင်မှု ဆုံးရှုံးမှု တွေကြောင့် မျက်ရည်တွေကျတတ်ပါသေးသည်။ အရောင်ကတော့ အပြာ။ ပြီးတော့ ပါးပြင်နှင့် အထိတွေ့ကတော့ အေး စက်လွန်း လှသည်။ အပြာရောင်မျက် ရည်တွေပေါ့။ ခံပြင်းမှု ဒေါသကြီး စွာထွက်လျင်လည်း မျက်ရည်တွေ အလိုအလျောက် ထွက်လာတတ်ပါ သည်။ အရောင်က အနီ။ ပြီးတော့ ပါးပြင်တစ်လျှောက် ပူလောင်စွာ စီး ကျတတ်သည်တဲ့လေ။

 

    ကောင်မလေး အတွက် သူမျက်ရည်တွေ တကယ်ပဲ ကျခဲ့ပါ သည်ဆိုရင် ဘယ်လို မျက်ရည်မျိုး တွေပါလိမ့်။ ပီတိ မျက်ရည်တော့ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါ။ ဂရု ဏာလား၊ အပြာရောင်လေလား၊ အနီရောင်မျက်ရည်လား သူမတွေး တတ်တော့ပါ။ မျက်ရည်တွေ စီးကျ နေသည်ကတော့ သေချာပါသည်။

 

    မိုးထဲရေထဲမှာ ကောင်မ လေးကို  တွေ့ခဲ့ကြရသည် ဆိုတော့ သူတအံ့တသြတော့ မဖြစ်ပါ။ ဒါပေ မင့် ရင်ထဲမှာတော့  ၀မ်းနည်းသလို နှမျောမိသလိုလို ဖြစ်လာရတာကို တော့ ၀န်ခံရမည် ဖြစ်သည်။

 

    အင်းလေ . . . ဘယ်သူ ကရော မိုးထဲရေထဲမှာ နေချင်ကြပါ မည်လဲ။ အမိုးအောက်မှ နွေးထွေး လုံခြုံစွာနေရသည့် သက်တူရွယ်တူ ဘ၀တွေကိုရော  ကောင်မလေးက အားမကျတော့ဘူးတဲ့လား။ ဒါပေ မင့် အခွင့်အရေးဆိုတာ လူအများ ကြီးထဲကမှ လူအချို့ကို ရွေးချယ် ခံစားရသည် အရာလေ။

 

အောင်စည်ဟိန်း

 
 
 

4 comments:

Beauty Studio USA Branded Store said...

အေးဗျာ သူ့ဘဝနဲသူ ကိုယ်ဘဝနဲံကိုယ်ပေမို့ပဲ...။ သူတိုလိုလေးတွေလဲ ဘယ်လောက်တောင်များ မိုးရေတွေ ရွဲနစ်နေမလဲလို့ဗျာ။ အရေးကောင်းတော့ ဖတ်ရသူရင်ထဲ ဟာတာတာဖြစ်ကျန်ခဲ့တယ်ဗျာ။

Anonymous said...

မိုးရေထဲက လူတွေအားလုံးကို နွေးထွေးလုံခြုံနိုင်တဲ့ အမိုးအကာကြီးကြီးမဖြစ်ရင်တောင်
တစ်ယောက်တစ်လေ လုံခြုံစေနိုင်မယ့် ထီးတစ်လက် တော့ ဖြစ်ခွင့်ရချင်မိပါတယ် ။

Anonymous said...

မိုးရေထဲက လူတွေအားလုံးကို နွေးထွေးလုံခြုံနိုင်တဲ့ အမိုးအကာကြီးကြီးမဖြစ်ရင်တောင်
တစ်ယောက်တစ်လေ လုံခြုံစေနိုင်မယ့် ထီးတစ်လက် တော့ ဖြစ်ခွင့်ရချင်မိပါတယ် ။

Unknown said...

ကိုယ့်ခေါင်းပေါ်မှာတောင် ဦးထုပ်မဆောင်းနိုင်သေးပါဘူးဗျာ ...

ဦးထုပ် ဆိုတာ ဦးထုပ်နော် ...
ဦးထုပ်ဆိုလို့ ခေါင်းညိတ်တဲ့သတ္တ၀ါသွားသတိရနေဦးမယ်