Thursday, December 17, 2009

ဒြပ်တစ်ခု၏ ပုံရိပ် အပိုင်း ( ၉ )

နိုင်ငံရေး ၊ စီးပွားရေး အခြေအနေဘယ်လိုပင် ဖြစ်နေစေကာမူ ၀င်းတင်တို့လို လူတန်းစား အတွက် ကတော့ ထမင်းစားဖို့ တွေ့ရ ကြုံရာ အလုပ်ကို မညည်းမငြူ လုပ်နိုင်မှ မိသားစု ၀မ်းမီးငြိမ်းနိုင်ပေမည်။

 

အညာဒေသ ၏ စိုက်ပျိုးရေးမှာ မိုးရေ ကို အားထားရလေသည်။ မိုး ၊ လေ မှန်သော နှစ်တွင် တောင်သူတို့ ပြုံးပျော်နိုင်ကြ၍ မိုးလေမမှန် သောနှစ်များ တွင် တောင်သူတို့ ဒုက္ခပင်လယ်ဝေကြလေသည်။ ယခု အခါတွင် နိုင်ငံတော် အုပ်ချုပ်သူ တို့ ၏ စီမံချက်ဖြင့် ဆည်မြောင်း များမှ တဆင့် ရေပေးဝေ နိုင်ရန်အတွက် ဆည်မြောင်းများ တူးဖော်သွယ်တန်းကြလေသည်။ ဆည်မြောင်းများကို အညာ ဒေသတွင်း မူး ဟု ခေါ်ဆိုကြ၏ ။ မူး တူး ခြင်း အလုပ်များမှာ လတ်တလော ခေတ်စားလှပေ၏။ မိမိတူးလျှင်တူးနိုင်သလောက်ပိုက်ဆံ ရလေသည်။

 

ဝင်းတင်လည်း တောင်သူ အလုပ်ပြီး ချိန်တွင် မူးတူးခြင်း အလုပ်ကို ၀င်ရောက်လုပ်ကိုင်၏ ။ ၀င်းတင်နှင့် အကူလူတစ်ယောက် ၀င်း တင်မှာ မြေကြီးကို တူး၍ ရလာသော မြေသားများကို အကူလုပ်သူ က တောင်းဖြင့်သယ်ယူ၍ တာဘောင် ပေါ်သို့ သယ်ပို့ ရလေသည်။ ရလာသည့် အဖိုး အခကို တစ်ယောက် တ၀က် ခွဲဝေယူရ၏။

 

ညနေအိမ်ပြန်ချိန်မိသားစု ထမင်းလက်စုံစားနေချိန်တွင် မိမြ တစ်ယောက် ခင်ပွန်းသည်ကို စကားစ၏။

 

"ကိုဝင်းတင်"

 

"အေး …ပြော"

 

"အခု တော်တို့ တူးနေတဲ့ မူးက ပြီးတော့မှာ လို့ ကြားတယ် .. အဲဒါဟုတ်လား .."

 

"အေးဟုတ်တယ်ဟ .. ငါတို့ မူး က တူးတယ်ဆိုပေမယ့် အသစ်တူးရတာ မဟုတ်ဘူးလေ .. ရှိပြီး သား ရေမြောင်း ကို ရေသွားရေလာ ကောင်း အောင် ပြန်တူး ထား နှင့် ယုံပဲ .. ဒါကြောင့် အရမ်းမြန်တယ် .. တူးကြတဲ့ အဖွဲ့ ကလည်း မနည်းဘူး ဆိုတော့ ခဏနဲ့ ပြီးမှာပဲ .."

 

မိမြမှာ မိမိသိချင်သည်ကို ခင်ပွန်းသည်အား မေးရ၏။

 

"ဒါပြီးသွားရင် နောက်ထပ်မရှိတော့ဘူးလား တော့ … မူးတူးတာ က ပိုက်ဆံ အရမြန်တယ်… တောင်သူခွင် မ၀င်ခင် ရက်ကြာကြာ တူးရတဲ့ အလုပ် ရရင်ကောင်းမယ်နော်…"

 

"အေး ဟ..

ဟိုကောင် ဌေးမောင်ပြောတာတော့ ရွာဆိုး ဘက်မှာ မူး အသစ်တူးမယ်ဆိုလားပဲ .. သူတို့လည်း စုံစမ်းနေကြတယ်.. မူးအသစ်တူးမှာ ဟုတ်တယ် ဆိုရင်တော့ ငါလည်း လိုက်သွားမယ်ဟာ.. အသစ်တူးမှာဆိုရင်တော့ ကြာလည်း ကြာမယ် .. ပိုက်ဆံလည်း မနည်း စုမိမှာပဲ .."

 

မိမြမှာလည်း ဒီသတင်းကို ကြားပြီးသားဖြစ်လေသည်။ ထို့ကြောင့်ပင် မိမိလိုချင်သည့် အကွက်ရောက်အောင် ခင်ပွန်းသည်အား စကားနှိုက်နေခြင်းဖြစ်ပါသည်။ မိမြ စကားဆက်၏..

 

"ကိုဝင်းတင် .. တကယ်လို့ ရွာဆိုး မှာ မူး အသစ် တူးမယ်ဆိုလို့ တော်သွားရင် ကျုပ်ရော လိုက်ခဲ့မယ်လေ.. အခုဟာ က တော် က တစ်ယောက်တည်း တူး ပြီး အကူလုပ်သူ ကို တစ်ဝက် ခွဲပေးရတာဆိုတော့ သိပ်မစုမိဘူးလေ… တကယ်လို့ တော် က မြေတူးပြီး ကျုပ်က မြေသယ် ရင် ပိုစုမိမယ်တော့.."

 

ဝင်းတင်စဉ်းစား၏ ။ ထို့နောက်တွင်မှ ပြန်ပြောသည်။

 

"အင်း … နင်ပြောတာလဲ မှန်ပါတယ် .. ဒါပေမယ့် ပင်ပန်းလွန်းပါတယ်ဟာ .. ပြီးတော့ သား နှစ်ယောက် ကလည်း ရှိသေးတယ် .. မဖြစ်ပါဘူး .. နင်မလိုက်ပါနဲ့ .."

 

"ရပါတယ် ကိုဝင်းတင်ရဲ့ ကလေးနှစ်ယောက် က အဘိုးအဘွားတွေနဲ့ ထားခဲ့လို့ ရပါတယ် .. ခဏပဲ ကိုး သူတို့ အဒေါ်တွေကလည်း သည်းသည်းလှုပ်ပါ .. ကျုပ်ပြောတော့ .. ရပါတယ် .. တဲ့ .."

 

"ဟာ… ငါ့ မိန်းမကတော့ ကွာ .. အားလုံးစီစဉ်ပြီးမှ .. ငါ့ကိုပြောတာပေါ့လေ.. ဒါဆိုလည်း .. မင့်သဘောပဲ ကွာ… ဒါပေမယ့် သား ငယ်လေး ၀င်းစိုးက သိပ်ငယ်လွန်းတယ်နော် … "

 

"ရပါတယ် ကိုဝင်းတင်ရယ် .. သိပ်ပြီးလည်း သည်းသည်းလှုပ်မနေပါနဲ့ .. ကျုပ်လဲသူ့အမေပါတော့…"

 

အေးပါ… ဒါဆိုလည်း .. သွားဖြစ်ရင် .. တို့လင်မယား နှစ်ယောက် သွားကြတာပေါ့ ..

 

ဝင်းတင်နှင့် မိမြ စီစဉ်ထားသည့် အတိုင်းပင် ရွာဆိုး မူး တူးရာသို့ လင်မယားနှစ်ယောက်လိုက်သွားကြလေသည်။ ရွာဆိုးဆိုသည့် ရွာမှာ ၀င်းတင်တို့ ရွာနှင့်သိပ်တော့ မဝေးလှ ။ ခြေချင်သွားလျှင် နေ့တ၀က်ဖြင့် ရောက်နိုင်လေ၏။ မူးတူးသည်ဆိုသည့်အတွက် ရွာအပြင်ဘက် တောထဲတွင် တဲထိုး၍ စတည်းချ ကြရလေသည်။ ရွာမှ အတူ လာသူ များနှင့် တပျော်တပါးကြီးပင်ဖြစ်လေသည်။

 

အရင် မြေတူးစဉ်က အကူဖြစ်သူနှင့် တ၀က်စီခွဲဝေယူရသောကြောင့် ၀င်ငွေ အရနည်းလေသည်။ ယခုတွင်မူ လင်ဖြစ်သူက မြေတူး မယားဖြစ်သူက မြေသယ် နှင့် တက်ညီလက်ညီကြိုးစား အလုပ်လုပ်နေကြလေသည်။ မမောနိုင်မပန်းနိုင်အား .. သူတို့ အလုပ်လုပ်နေရသည်မှာ ပူပြင်းလှပါသည်ဆိုသော အညာနွေ ၏ အပူရှိန်အောက်တွင် အမိုးအကာ မပါ .. ဖြင့် လုပ်ရသည်က အလုပ်ကြမ်း .. တွေးကြည့်ရုံနှင့် ပင် မည်မျှပင်ပန်းမည်ကို သိနိုင်ပါ၏။ သို့သော် သူတို့ မျက်နှာပေါ်တွင် သနခါး အဖွေးသားနှင့် ပင်ပန်းရိပ်မရှိ။

 

ဝင်းတင် တူးပေးသော မြေ များကို တောင်းထဲသို ၀င်းတင်ထည့်ပေးသည်။ ထိုတောင်းကို မိမြ ခေါင်း ဖြင့်ရွက်၍ မူးဘောင် ပေါ်သို့သွားပုံရ လေသည်။ လင်ယောက်ျား ဖြစ်သူ ရှေ့တွင် ဟန်ဆောင်နေသော်လည်း မိမြ အလွန်ပင်ပန်းလှပါသည်။ ၀င်းတင်မှာ အလုပ်ကြမ်းလုပ်နေကျ ဖြစ်သည်က တစ်ကြောင်း ဇနီးဖြစ်သူ လည်း အတူပါသဖြင့် အလုပ် ကို မညည်း မငြူ လုပ်နိုင်သည်။
 
မိမြမှာမူ အိမ်မှုကိစ္စများကို သိမ်းကျုံးလုပ်နိုင်သော်လည်း ယခု ကဲ့သို့ အလုပ်ကြမ်းများကို မလုပ်သည်မှာ ကြာပြီ ဖြစ်သည်က တကြောင်း ၊ ကလေးမီးဖွားပြီး သွေးနုသား နုဖြစ်သည်က တကြောင်းတို့ ကြောင့် ပင်ပန်းလှပေသည်။သို့သော် မိမိပင်ပန်းတာကို ခင်ပွန်းသည် သိလျှင် .. အလုပ်မလုပ်စေဘဲ ..အိမ်ပြန်ခိုင်းမည် ဖြစ်သောကြောင့် လင်ယောက်ျား မသိအောင် ဟန်ဆောင်နေရသည်။

 

"မမြ .. နင်.. သယ်နိုင်ရဲ့လား ..

နားနားနေနေ …သယ်လေ..

ခဏနေငါသယ် လိုက်မယ် … နားလိုက်ဦး…"

 

"ရပါတယ်တော်.. မြေတူးမှာ သာ တူးစမ်းပါ .. ဒီလောက် တော့ ကျုပ်လုပ်နိုင်ပါတယ်တော့.."

 

ခင်ပွန်းသည်အား စိတ်ချမ်းသာအောင်ပြောခဲ့ရသော်လည်း မိမြ ဦးခေါင်းမှာ မြေတောင်းရွက်ရလွန်းသောကြောင့် ကျိန်းစပ် လှပေပြီ .. မြေတောင်းနှင့် ခေါင်း အထိပင်မခံနိုင်တော့ ပေ။ ထို့ကြောင့် ခင်ပွန်းသည် ရှေ့တွင် ဦးခေါင်းပေါ်သို့ပင့်တင်ပေးသော မြေတောင်း ကို မျက်နှာမပျက် ဟန်ဆောင်ပြီး ရွက်လာသောလည်း .. ခင်ပွန်းသည် မမြင်လောက်သည့်နေရာရောက်လျှင် လက်နှစ်ဖက်ဖြင့် မြေတောင်းကို ဦးခေါင်း နှင့် မထိစေရန်မ ပြီးသယ်ရလေ၏။
 

ကြာလာတော့ လက်ဖြင့်လည်း မ၍ မသယ်နိုင်တော့ .. ပင်ပန်းလှပြီ.. ဦးခေါင်းမှာလည်း ကျိန်းလှ စပ်လှပေပြီ.. ခင်ပွန်းသည်ကို လည်း အသိမပေးချင်…ထို့ကြောင့် ခင်ပွန်းသည်၏ ပုဆိုး အဟောင်းများကို ခေါင်းပေါင်း အဖြစ် အထပ်ထပ်ပေါင်း ၏ ။ ထို့ကြောင့် အနည်းငယ်သက်သာရာရ၏။ နာလာလျှင် နောက်ထပ် အ၀တ်ဖြင့် ထပ်ပြီး ခေါင်းပေါင်းလုပ်ပြန်၏။

 

"မမြ ရာ .. မင့် ခေါင်းပေါင်းလုပ်ထားတာလဲ .. အ၀တ်က များလှပါလား .."

 

ခင်ပွန်းသည်၏စကားကို မိမြ ဘာပြန်ပြောရမည်မသိ.. ပါးစပ်ထဲတွေ့ရာပြောမိ၏…

 

"နေပူလို့ပါတော် .. အပူသက်သာတာပေါ့…"

 

ဆိုင်သည်မဆိုင်သည် မစဉ်းစားအား .. ၀င်းတင်လည်း စကားဆက်မပြောတော့ .. ထိုအချိန်ကြမှ .. မိမြသက်ပြင်းချနိုင်၏…

 

မိမိခေါင်းမှာ ကျိန်းစပ် နေသောနေရာများတွင် အဖုကြီးများ ထွက်လာလေသည်။ ထိုအဖုများနှင့် မြေတောင်းထိလိုက်သည့်အချိန်တွင် မိမြတစ်ယောက် မည်မျှခံစားရမည်နည်း။ ပါးပေါ်မှာ ၀က်ခြံသေးသေး လေး ပေါက်လျှင်တောင် ညှစ်လျှင် ရှုံမဲ့နေအောင်နာသေးတာ .. ယခု .. အနာ ..အဖုပေါ်သို့ လေးလံသည့် မြေတောင်းတင်သည့်ကိစ္စပါ… မိမြ မျက်နှာတချက်မပျက်အောင် ဟန်ဆောင် ကောင်းခဲ့ပါ၏..

 

သူတို့ လင်မယား ဒီလောက်ပင်ပန်းတဲ့ဒဏ်ကို ဘာလို့ အံကြိတ်ခံနေကြသလဲဆိုရင်.. အဖြေက တစ်ခုတည်း .. သားတွေရဲ့ရှေ့ရေး အတွက် ဆိုသည့် အဖြေ ပဲ ဖြစ်မည်မှာမလွဲ။

 

မိမြခေါင်းပေါ်မှ အဖု အပိန့်တို့မှာ ရင့်မှည့်က ပေါက်ကွဲထွက်ကုန်၏.. ထိုအချိန်များမှာ မိမြ အဖို့ အသက်ရှင်လျှက် ငရဲ ခံနေရသော အချိန်များဖြစ်ပေသည်။ မိမိခေါင်းပေါ်သို့ မြေတောင်းကိုပင့်လိုက်ချိန် .. မြေတောင်းနှင့်ခေါင်း ထိမည်ကို အသက်အောင့် ကာ စောင့်ရသည်။ ထိပြန်တော့လည်း မည်မျှပင် နာစေခါမူ ခင်ပွန်းသည်မရိပ်မိအောင် ဟန်ဆောင်ရသေး၏။

 

မိမြမှာ မိမိခေါင်းပေါင်းချွတ်လျှင် မိမိ ဦခေါင်းပေါ်မှာ ဒဏ်ရာများ အခြေအနေကို ခင်ပွန်းသည်သိမည်စိုးရိမ်သည့်အတွက် ခေါင်းပေါင်းကိုမချွတ် .. နေ့ရောညပါ ခေါင်းပေါင်းထား၏.။

 

"မမြရာ .. နင့်မလဲ ဒီခေါင်းပေါင်းကြီးနဲ့ နေ့ရောညရောပဲ .. ခေါင်းလေးဘာလေးလျှော်ပါဦး…"

 

ထိုစကားကို ၀င်းတင်ပြောသည်မှာ လည်းအကြောင်းရှိသည်။ ဇနီးသည်၏ ခေါင်းမှ အနံ့နံသည်ဟု တိုက်ရိုက်မပြောချင်၍ ဥပါယ်တမျှင်ဖြင့် ခေါင်းလျှော်ရန်ပြောခြင်းဖြစ်လေသည်။

 

"ဟုတ်ကဲ့ပါတော် .. အိပ်မှာသာအိပ်စမ်းပါ . . နောက်နေ့ရေချိုးရင် .. ခေါင်းပါလျှော်လိုက်ပါ့မယ်.. ကျုပ်က ခေါင်းလျှော်ရင် ..နေမကောင်းဖြစ်မှာစိုးလို့ မလျော်တာပါ.."

 

ခင်ပွန်းသည် အား ပြေရာပြေကြောင်းပြောလိုက်သော်လည်း မိမြ ကိုယ့်ကိုယ်ကို သိလေသည်.. ထို့ကြောင့် နောက်ကိစ္စနောက်မှရှင်း သဘောထားကာ အိပ်လိုက်လေတော့သည်။

 

တစ်ရက်နှစ်ရက်နေတော့ ၀င်းတင်စိတ်မရှည်တော့..

 

"မမြ .. ဒီနေ့ မင်း ရေချိုးရင်…ခေါင်းလျှော်ကွာ…

မင့်မလဲ ..ဒီခေါင်းပေါင်းကြီးနဲ့ … ချွတ်လိုက် အခု .."

 

မိမြသိလိုက်ပြီ .. လင်ယောက်ျားဖြစ်သူ သံသယ ၀င်ချေပြီ .. ။

ရပါတယ် .. ကျုပ် ရေချိုးတော့ တခါတည်း ခေါင်းလျှော်မှ ပဲ ချွတ်လိုက်တော့ မယ် .. အခု အလုပ်သွားကြစို့ ..

 

"မရဘူးကွာ .. အခုချက်ချင်း အဲဒီခေါင်းပေါင်းကို ချွတ် ..

 

မင်း .. မကြားဘူးလား .. အခု ချက်ချင်း အဲဒီခေါင်းပေါင်း ကို ဖြည်စမ်း …"

 

မိမြ ဘာမျှမတတ်နိုင်တော့ … ခေါင်းပေါင်းကို ဖြည်းညှင်းစွာ ချွတ်လေသည်။ ….

 

မိမြ ခေါင်းပေါင်း ဖြည်နေ သည်ကို ၀င်းတင် မမှိတ်မသုန် စိုက်ကြည့်နေ၏။

 

မိမြ ၏ ဦးခေါင်းပေါ်မှ အ၀တ်အထပ်ထပ် ကွာပြီး ဆံပင် ကိုမြင်လိုက်ရချိန်မှာ ၀င်းတင်မှာ ကြက်သေသေ နေမိတော့၏ ..

 

မိမြလည်း မထူးတော့ပြီမို့ .. ဘီး .. ဖြင့် ဆံပင်များကို ဖြီးလိုက်လျှင် .. ဘီး မှာ ဆံပင်အဖျားသို့ ရောက်အောင်ဆွဲချ၍ မရဘဲ ထစ်နေပြီး ဆံပင် အရင်း မှ အုံလိုက် ၊ ချ့ပ်လိုက် ကျွတ်ထွက်လာလေသည်။  ဆံပင်များကို ကြည့်ပြီး ၀င်းတင် မျက်ရည်ကျလေပြီ။ 

 

"မမြရာ .. မင်း… မင်း… ဘာဖြစ်လို့ ငါ့ကို မပြောတာလဲ .. ငါ ပင်ပန်းလို့ သေချင်သေပါစေ… မင်း … ဒီလိုတော့ ငါ့ကို မညာသင့်ဘူး..ကွာ .. ငါဆိုတဲ့ကောင်ကလည်း ညံ့ပါတယ် .. ကိုယ့် မိန်းမ ဒီလောက် ဖြစ်နေတာ တောင် မသိဘူး … "

 

သွေးနုသား နု ဖြစ်နေချိန်တွင် အဆမတန် ပင်ပန်းသော အလုပ်ကြမ်းကို လုပ်ကိုင်ရသောကြောင့် မိမြ၏ ဦးခေါင်းမှာ အနာပေါက် .. ချပ်တည် ပြီး ဆံပင်များ ကျွတ်ရလေပြီ။

 

ဝင်းတင် တွေးမိလေတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး .. ငိုလည်း ငိုမိသည်.. ၀င်းတင်ဘ၀မှာ ဒါပထမဦးဆုံးကြသောမျက်ရည်ဖြစ်လေသည်။ ၀င်းတင်ငိုတော့ မိမြလည်းငိုသည်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ ကိုယ်ဆီရှိကြလိမ့်မည်။

 

"အခုချက်ချင်း သိမ်းစရာရှိတာသိမ်း .. အိမ်ပြန်မယ်… ဒီအလုပ်မလုပ်ရလည်း .. ငတ်တော့မသေဘူး .. နောက်တခါ ဒါမျိုးဘယ်တော့မှမဖြစ်စေရဘူး.."

 

"ကိုဝင်းတင်ရယ် စဉ်းစားပါဦး .. အခု ကျုပ် ခေါင်း က မနာတော့ပါဘူး .. အကျင့်ဖြစ်သွားပါပြီ.. အခုမှတော့ ပြန်မနေပါနဲ့ .. ဒီမူးကြီး ပြီးအောင် တူးရအောင်နော်…"

 

"တော်ပြီ.. မမြ … နင်ငါ့ ကို ဘာမှမပြောနဲ့တော့ .. အခုချက်ချင်းအိမ်ပြန်မယ်… ပြင်စရာရှိတာ ပြင်ထား ..ငါရစရာရှိတဲ့ ပိုက်ဆံသွားရှင်းလိုက်ဦးမယ် .. ငါပြန်လာတာနဲ့ ရွာကိုပြန်မယ် .. အဆင်သင့်ပြင်ထား…"

 

ဝင်းတင် မိမြ ကို ပြောပြီး စိတ်မကောင်းခြင်းကြီးစွာဖြင့် ရစရာပိုက်ဆံကို ရှင်းရန် အလုပ်သမား ခေါင်းထံ သွားလေသည်။ လမ်းတစ်လျှောက် မှာ မိမိ အသုံးမကျ သဖြင့် ဇနီးဖြစ်သူ ဒုက္ခတွေ့ရပုံကို တွေးမိတိုင်း မိမိကိုယ်မိမိ အပြစ်တင်မိလေသည်။

 

ဒီလိုနဲ့ပဲ ၀င်းတင်တို့လင်မယား ဟာ မူးတူးခြင်း ဟူသော လုပ်ငန်းကို တခန်ရပ်ပြီး မိမိ ရပ်ရွာသို့ပြန်ခဲ့ကြလေတော့သည်။
 
လမ်းတစ်လျှောက်မှာတော့ ၀င်းတင်ရင်ထဲမှာ လင်ယောက်ျားကောင်း နဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ဆိုတဲ့ ခေါင်းစဉ် ရောက်လာတယ်။ ခေါင်းစဉ်ကိုအကောင်အထည်ဖော်ရာတွင်မတော့... ၀င်းတင် ဒူးတွေ ခွေယိုင်ချင်သလိုဖြစ်လာသည်။
 
ရင်နှင့် အပြည့် ဦးနှောက် အပြည့် အတွေးများက လေးလံလွန်းလှပေသည်။
 
ဆက်လက်ဖော်ပြပါမည်
 
လေစားစွာဖြင့်
နေစိုးနိုင်

--
Nay Soe Naing
www.naysoenaing.com

3 comments:

ကြည်ဖြူပိုင် said...

ဆက်ဖတ်ဖို့မျှော်နေပါမည် :)

flowrepoem said...

အပိုင်း (၉) ကိုလာဖတ်ပါတယ်..

leomark said...

အင်းဗျာ..။ မိဘမေတ္တာ ကြီးမာလှပါပေတယ်။ သားတွေအတွက် ဆိုတဲ့ စိတ်က ခေတ်သစ် ဗိန္မသရ ကို ဖြစ်စေတယ်။ ဆက်ရေးပါအုံးဗျာ။