Monday, December 14, 2009

ဒြပ်တစ်ခု၏ ပုံရိပ် ( အပိုင်း ၈ )

 

လောကဌာနေ လူတို့ပြည်မှာ အရာရာ သည် အချိန်နှင့်အမျှ ပြောင်းလဲနေကြလေသည်။ ပြောင်းလဲသွားသောအရာများထဲမှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးစသည်တို့ အပြင် သဘာဝရာသီဥတုများ ပင်ပြောင်းလဲကုန်ကြလေသည်။ သို့သော် ၄င်းတို့ပြောင်းလဲခြင်မှာ သာမာန်ထက်မပိုသော ပြောင်းလဲမှုဖြစ်လေသည်။ ပြောင်းလဲမှုတွေထဲမှ ကြောက်စရာ အကောင်းဆုံး ပြောင်းလဲမှုမှာ လူများ စိတ်ဓာတ်တွေပြောင်းလဲသွားကြခြင်းဖြစ်လေသည်။

 

ဝင်းတင်တို့ မှီတင်းနေထိုင်ရာ အမိမြန်မာပြည်တွင် နိုင်ငံရေးအပြောင်းအလဲ မျိုးစုံကြုံခဲ့ရသည့်အလျောက် ၊ ဥပဒေတွေကလည်း အမျိုးမျိုး ၊ ဒီနေ့ဥပဒေ နဲ့မနက်ဖြန်ဥပဒေ မတူချင်တော့ ။ ကွဲပြားနေသည်ကများသည်။ ၀င်းတင်တို့နေထိုင်ရာ ကျေးလက် ဇနပုပ် တွင်တော့ သူတလူ ငါတမင်း ကိုယ့်ဥပဒေနဲ့ ကိုယ် ဆိုသလိုဖြစ်နေသည်။

 

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လူကြီးတွေပြောပြလို့ ၀င်းတင်ကြားဖူးသည်။ မင်းလောင်း တစ်ပါးအလား စိတ်မှာထားခဲ့သည်။ သူ လုပ်ကြံခံရတဲ့ ဇာတ်လမ်းကို ပြန်လည်ကြားသိရတော့် စိတ်မကောင်းဖြစ်မိ သည်။ ငိုတော့မငိုပါ။ စာတွေထဲမှာတော့ ပြည်သူတွေငိုကြသည်ဟုတ်တွေ့ဖူးသည်။ ငိုသည့်ပြည်သူထဲမှာ တော့ ၀င်းတင်မပါ။ ဗိုလ်ချုပ်ကိုတော့နှမြောမိပါ သည်။

 

နောက်ပိုင်း အစိုးရ အမျိုးမျိုးတက်ပြီး နိုင်ငံကို နာမည်အမျိုးမျိုးပေးကြသည်။ ၀င်းတင်ကတော့ ဘာမှစိတ်မ၀င်စား သူစိတ်ဝင်စားသည်မှာ မိသားစုစားဝတ်နေရေး သာဖြစ်လေသည်။ အတ္တဟိတ ၊ ပရဟိတ လေ ။ ကိုယ်ကျိုးပြီးမှ အများအကျိုးလာတဲ့ခေတ်မဟုတ်လား ။ ကိုယ့်မိသားစုစားဝတ်နေရေးကို ဖြေရှင်းရင်း ပြောင်း လဲနေတဲ့ အုပ်ချုပ်သူ တို့ရဲ ပြောင်းလဲနေတတ်တဲ့ ဥပဒေတွေကို ပဲ လိုက်နာနိုင်အောင်ကြိုးစားပါသည်။

 

အစိုးရသစ်တက်လာလိုက် နိုင်ငံကို နာမည်အသစ်ပေးလိုက် နဲ့ နာမည်တွေလည်းမနဲ ၊ အစိုးရတွေလည်းမနဲ ဟုထင်ပါသည်။ မြန်မာနိုင်ငံကြီးမှာလည်း လင်ရလိုက် ၊ သေလိုက် ၊ နောက်လင်ရလိုက် ၊ ထပ်သေလိုက် ၊ နောက်ထပ် လင်ထပ်ရလိုက်နဲ့ လင်အခါခါရဖူးသော ရွတ်တွတွ အဖွားအိုတစ်ယောက်နှင့် ပင်တူနေသည်ဟု ၀င်းတင် ထင်မိပါသည်။

 

ဝင်းတင် သည် စာတတ်ပေတတ် ပညာရှိမဟုတ် ၊ နွားကျောင်းသား ဘ၀မှ အလုပ်သမားဖြစ်လာတဲ့ တောင်သူစာရင်းငှား ဖြစ်သည့်အလျှောက်ဝင်းတင်၏ အတွေးတို့မှာ နွားကျောင်းသား အတွေး ဟုပညာရှိတို့ ကဲ့ရဲ့ကောင်းကဲ့ရဲ့ နိုင်ပါ၏ ။သို့သော် ၀င်းတင် ဖြတ်သန်းလာသည့်ဘ၀တစ်လျှောက် ၀င်းတင် မကျေနပ်ဆုံးအရာမှာ နိုင်ငံရေးအပြောင်းအလဲ ၊ အစိုးရ အပြောင်းအလဲတို့ကြောင့် ဖိဖိစီးစီး မရှိသော လျော့တိလျော့ရဲ ဥပဒေ ကို အခွင့်ကောင်းယူ ၍ သူတလူ ငါတမင်း လက်ခမောင်း ထခတ်ကြသော တောကြောင်တို့ ရဲ့ စိတ်ဓာတ် ၊ တနည်းအားဖြင့် ပျက်စီးသွားသော လူတို့ ၏ စိတ်ဓာတ်များကို နှမြောနေမိပါသည်။

 

ဝင်းတင် သည် ၄င်းတို့ ငယ်စဉ်ဘ၀နှင့်ယှဉ်၍ တွေးတောနေမိလေ၏။ သူတို့ငယ်စဉ်က ကျွဲကျောင်း နွားကျောင်း သွားသည့်အခါ တခါတရံတွင် မိမိကျွဲ နွားများမှာ ခြုံတန်း ၊ ခင်တန်းကြားထဲတွင် ပျောက်နေတတ်ပါသည်။ တခါတရံ နှစ်ရက်လောက်နေမှ ပြန်တွေ့တတ်သည်။ ကျွဲနွား ပြန်မတွေ့ဖူးသည်ဟူ၍ မရှိသလောက်ပင်။ ယခုမူ ထိုကဲ့သို့မဟုတ်တော့။

 

ဘယ်ရွာမှာ နွားခိုးခံရလို့ ၊ ဘယ်သူ့ ကျွဲအုပ်ကို အုပ်လိုက်လာမောင်းသွားတယ် ။ ဓါးပြ အတိုက်ခံရလို့ ၊ လူပါသတ်သွားတယ် ၊ ဘယ်နှလောင်းပြိုင် သတ်ပြီး အိမ်တွင်းပစ္စည်း ရှိသမျှ ဘယ်လောက်ဖိုးပါသွားသည် ဆိုသည့်သတင်းများမှာ ကြားရဖန်များ၍ မထူးဆန်းချင်တော့ပေ။

 

ဝင်းတင်တို့ အလုပ်သမား တစုမှာလည်း မိမိအလုပ်ရှင်၏ ကျွဲနွားများ အခိုးမခံရစေရေးအတွက် ညဖက်မှာ အလှည့်ကျစောင့်အိပ်ရလေသည်။ အလုပ်ရှင် ၏ ကျွဲနွားများပင်ဖြစ်သော်ငြား လယ်ထဲတွင် ၀င်းတင်တို့နှင့် ရုန်းကြရသော လုပ်ဖော်ကိုင်ဖက် များဖြစ်လေသည်။ သံယောဇဉ်ကလည်း ကြီးပါပေ၏။

 

ကိုဝင်းတင် .. တော် .. ဒီည နွားသွားမစောင့်ရဘူးလား .. သွားရမယ်ဆို ကျုပ် ဆေးလိပ်ပို လိပ်ပေးလိုက် မယ် လေ.. ညဖက် သောက်လို့ရတာပေါ့..

 

မသွားရဘူးဟ .. ဒီည .. တခြားသူတွေလဲစောင့်မယ်ပြောတယ်.. ငါလည်း ညဆက်တော့စောင့်မပေးနိုင်ဘူး .. အိပ်ရေးကပျက်လှပြီ .. တခါတလေ တော့ အားရ ပါးရ အိပ်ပြီး နားချင်တယ် ဟာ..

 

အင်းပါ.. ဒါဆိုလဲ ..စောစော အိပ်လိုက်လေ.. ကျုပ်ကတော့ မနက်လုပ်ရမယ့် မုန့်အတွက် ပြင်စရာရှိတာပြင်ဆင်လိုက်ဦးမယ်…

 

အေး…

အေး .. ဆိုသည့်အသံနှင့် အတူ ၀င်းတင် အိပ်ရာ ၀င်သည်။ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်တယ်ဆိုလျှင်ပဲ .. မျက်စိများ က မှေးကျလာ၏ ။ အလိုက်သင့်မှိတ် ပေးထားလိုက်သော ခဏအတွင်း ၀င်းတင် အိပ်စက်ခြင်း ဆိုသည့် ခေါင်းစဉ်အောက်ရောက်၏။ အိပ်ရင်းဖြင့် အသံများပင်ထွက်နေလေသည်။

 

မိမြမှာ လင်ယောက်ျားဖြစ်သူ၏ ပင်ပင်ပန်းပန်းဖြင့် အလုပ်လုပ်ထားရပြီး အိပ်နေပုံကိုကြည့်ပြီး လေးစားမိ၏ ။ ကြည်နူးမိ၏ ။ မိဘ သဘောမတူသော ခင်ပွန်း သည်ဖြစ်သူကို အိမ်ထောင်ပြုခဲ့မိသော်လည်း မိမိနှင့် သားနှစ်ယောက်အပေါ်တွင် တာဝန်ကျေလွန်းသော မိမိလင်သား အိမ်ထောင်ဦးစီး ဖြစ်သူ အိပ်နေပုံကိုကြည့် ပြီး မိမိဘ၀ကိုမိမိကျေနပ်မိသည်။ မိမိအပေါ် ကြင်နာသောယောက်ျား ၊ ချစ်စဖွယ် သားနှစ်ယောက် နှင့်မိမိတို့ မိသားစု ဘ၀လေးမှာ သာယာလှပေသည်။ စိတ်ကူးယဉ်မိလေတိုင်း သားနှစ်ယောက် မှာ အားကိုးလောက်စရာ ပုံစံများဖြင့်သာ ကဏ္ဍ စုံမှပါလာကြ၏။ ထို့နောက် မိမြသည် တာဝန်ကျေလွန်းသော ခင်ပွန်းသည်အား ဦးသုံးကြိမ်ချ ကန်တော့ပြီး အိပ်ရာသို့ဝင်လေသည်။

 

ဒေါင် .. ဒေါင် .. ဒေါင် …

 

ဒေါင် .. ဒေါင် .. .. ဒေါင်

 

ဆိုသည့် အဆက်မပြတ်ထွက်ပေါ်လာသော သံချောင်းခေါက်သံတို့မှာ တိတ်ဆိတ်လှသော ညည့်ယံကိုထိုးဖောက်ပြီး အေးဆေးစွာ အနားယူနေကြသော ကျေးငှက်များနှင့် လူများကို လန့်ဖြန့်စေကုန်ပြီး ခဏအတွင်းမှာပင် .. ကျေးငှက်တို့ လန့်ပြီး အော်ဟစ် ပျံသန်းသော အသံ ။ လူများစွား၏ ပါးစပ်ပေါက်များစွာမှ ထင်ရာပြောနေကြတဲ့ကောက်ချက်ချတဲ့ အသံတို့ဖြင့် တိတ်ဆိတ် သောည မှသည် ဆူညံသော ည အဖြစ်သို့ပြောင်းလဲသွားလေသည်။ အသံလာသည်မှာ မိမိတို့ နှင့် ကပ်လျက်ရွာမှဖြစ်လေသည်။

 

သံချောင်းခေါက်သံ ၏ အဓိပ္ပါယ်မှာ သံချောင်းခေါက်ရာ အရပ်`၌ မမျှော်လင့်သော ဒုက္ခတစ်ခု ကြုံနေရပြီ ဖြစ်ကြောင်းနှင့် လာရောက်ကူညီ ရန် အသိပေးသည့်  အဓိပ္ပါယ်ပင်ဖြစ်လေသည်။ အနီးအနား ရွာများနှင့် သူ့အရေး ကိုယ့်အရေး မခွဲခြားဘဲ တရွာဒုက္ခကို အခြားရွာက ကူညီဖြေရှင်းပေးနေကြပင်ဖြစ်လေသည်။

 

နွားခိုး ဖြစ်မယ်ကွ ..

ဓါးပြတိုက်ခံရတယ်ထင်တယ်…

မီးလောင်တာလားမသိဘူး..

မီးတော့မဟုတ်လောက်ဘူးကွ .. မီးဆိုရင် မီးညွန့်တက်လာတာ မြင်ရမယ်..

 

ကဲ.. ဟေ့ .. လူစုပြီး သွားကြမယ်.. ဟိုရောက်မှပဲ ဘာဖြစ်တယ် သေချာသိရမှာပဲ .. ရွာလုံခြုံရေးအတွက် လူ ချန်ပြီး ကျန်တဲ့လူတွေသွားမယ် ..

ဆိုတဲ့ သူကြီးဖြစ်သူ ရဲ့ အသံအဆုံးမှာ လေးခွ ၊ ဓါး ၊ လှံ ၊ တုတ် စသည့် လက်နှက်ကိုယ်စီဖြင့် နီးစပ်ရာ ရွာသို့ သွားကြသည်။

 

ဝင်းတင်မှာ လည်း အိပ်ရာ က လန့်နိုးပြီး ဓါးတစ်လက်စွဲပြီး လူအုပ်နှင့်ပါသွားချေပြီ ။ ရွာမှာ ကျန်ရစ်ကြသော လူကြီးလူငယ် တို့မှာလည်း ပြန်လည် အိပ်စက် ခြင်း ငှာ မစွမ်းတော့ ။ မိမိတို့ရွာ လုံခြုံရေး အတွက် ကင်းစောင့်သူစောင့် .. ဟိုဖက်ရွာအကြောင်း ကိုယ်ပိုင် စိတ်ကူး ၊ ကိုယ်ပိုင် အတွေးတို့ဖြင့် ထင်ရာ ပြော ရင်း စကားတွတ်ထိုးနေကြလေသည်။

 

မနက်မိုးလင်း ပြီး ညပိုင်းက ကူညီရန်သွားကြသူများ ပြန်ရောက်လာချိန်တွင် ကြားလိုက်ကြရသော သတင်းမှာ အသည်းထိတ်ဖွယ်ကောင်းလှပေတော့သည်။

 

တောကျောင်းမှာ သီတင်းသုံးနေသော တောထွက်ဘုန်းကြီး ထံ ဓါးပြ၀င်တိုက်သွားခြင်းဖြစ်သည်။ ဘုန်းကြီးကို လည်းရိုက်နှက်သွားပြီး ကပ္ပိယကို သတ်သွားသည်  ဆိုသည့်သတင်းမှာ ကြားရသူတို့အဖို့ မကျေနပ်ချင်စရာ။ သို့သော် အဖြစ်မှန်ကို လွန်ဆန်၍မရ ။  စိတ်မကောင်းခြင်းနှင့် ဒေါသဖြစ်ခြင်း တို့ ကိုပူးတွဲခံစားကြရသော ကာလဖြစ်လေသည်။

 

ပြောင်းလဲခြင်းဟူသော ခေါင်းစဉ်အောက်တွင် အရာများစွာရှိပါ၏။ ထိုအရာများထဲတွင် လူတို့၏ အကျင့်စာရိတ္တ နှင့် စိတ်ဓာတ်များပြောင်းလဲသွားခြင်းမှာ နှမြောစရာ ကောင်းလှပေ၏ ။ လောကဓံကို ရင်ဆိုင်ရဲသောသတ္တိနည်းပါးခြင်း ၊ သံယောဇဉ် တည်းဟူသော အနှောင်အဖွဲ့တို့ ၏ ဒဏ်ပြန် ရိုက်ခတ်ခြင်း တို့ကြောင့် လူများစွာတို့၏ စိတ်ဓာတ်များပြောင်းလဲကြရလေသည်။

 

လူအများစုမှာ မိမိ ဆင်းရဲမည် ၊ငတ်မည်ကို မကြောက်ကြ။ သို့သော် မိမိနှင့်ပတ်သက်သော မိဘ ၊ သားသမီး ၊ ဇနီး စသည့် သံယောဇဉ် အမျှင်တန်းနေသူတို့ ငတ် မည်ကို တော့ လက်ပိုက်ကြည့်မနေနိုင်ကြ။ ထို့ကြောင့် ပင် မမိုက်ချင်ဘဲ မိုက်နေကြသော ဘ၀များမှာလည်း များစွာပင်ရှိပေလိမ့်မည်။ ခေတ်စနစ် တစ်ခု ၏ သားကောင်များအဖြစ် မိမိကိုယ်ကိုယ် စတေးလိုက်ကြသော ဘ၀များပင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်
 
လေးစားစွာဖြင့်
နေစိုးနိုင်
Nay Soe Naing
www.naysoenaing.com

2 comments:

flowerpoem said...

စာလာဖတ်ပါတယ် ကိုနေစိုးနိုင်ရေ

leomark said...

အင်း..ဇာတ်ရှိန် ပြန်တတ်လာပြန်ပြီဗျို့။။။ မြန်မြန် ဆက်ရေးပါ ဗျိုးးးး...