Thursday, November 26, 2009

ဒြပ်တစ်ခု၏ပုံရိပ် ( အပိုင်း ၅)

ဝင်းတင်နဲ့ မိမြတို့မှာလည်း အိမ်ထောင်ကျပြီးသော်လည်း နှစ်ဦး လွတ်လွတ်လပ်လပ် နေနိုင်ကြသည်မဟုတ်သေး။ ၀င်းတင်၏ မိဘများအိမ်တွင် နေသည်ကတကြောင်း ၊ ၀င်းတင်မှာ စာရင်းငှားဖြစ်သည့်အလျှောက် မနက်မိုးမလင်းခင်မှအစ ညနေ နေ၀င်ချိန် အထိ တောင်သူလုပ်ငန်း လုပ်ရင်း ဦးသိန်းတို့တောတွင်သာနေရလေ၏။ ထို့ကြောင့် ပြောစရာ ၊ တိုင်ပင်စရာများကို အိပ်ချိန်ထဲမှ ဖဲ့ပြီး ဆွေးနွေးရ ၊ တိုင်ပင်ရလေတော့၏။

"ကိုဝင်းတင်.."

"တော့် ကို ကျုပ်ပြောစရာရှိတယ်တော့ သိလား .."

"အင်း …"

"ကျုပ်တို့ ဒီလိုပဲ နေလို့ကတော့ လူမွှေးလူတောင်ပြောင်နိုင်မှာ မဟုတ်တော့ဘူး …"

"တော် လည်း ကြိုးစား ကျုပ်လည်း ကြိုးစားပြီး တဖက်တလမ်း က ၀င်ငွေရအောင် မုန့်လုပ်ရောင်း ရရင်ကောင်းမလားလို့တော့ … "

"မလုပ်ပါနဲ့ ဟာ
နင့်ဖာသာ အေးအေးဆေးဆေးနေစမ်းပါ.. ငါ နင့် တ၀မ်းတခါး လုပ်ကျွေးနိုင်ပါတယ်ဟ.."

"ဒါပေမယ့် နောင်ရေးဆိုတာ ရှိသေးတယ်မဟုတ်လား"

"အေး ..လေ .. စဉ်းစား ကြသေးတာပေါ့ ..

ဒါနဲ့ ဒီ တဆောင်း ကုန်လို့ နွေ ဦးရောက်ရင် ဘကြီးဖြိုးတို့ တောခြေ ကို ထင်း ခုတ်သွား မယ် ပြောတယ်ဟ .. ငါလိုက်သွားမလား လို့ စဉ်းစား နေတယ်..

ဒီအလုပ်က မဆိုးဘူးဟ .. ထင်းခုတ်ရင်း နဲ့ ၀ါး .. အိမ်တိုင် အစရှိတာလေးတွေ ပါ ခုတ်လို့ ရတယ်။ ပြန်ရောင်းရင်လည်း ဈေးကောင်းရတယ်ဟ။ ငါလိုက်သွားကြည့်မယ်လေ။"

"တော့်သဘောပါတော် .. .ကျုပ်ကတော့ ဘာမှမပြောတတ်ပါဘူး."

တောခြေကို ထင်းခွေသွားကြခြင်း ဆိုသည်မှာ တောရိပ်တောင် ရိပ် ကျန်သေးသည့် နေရာများ မှာ သစ်ပင် ၊ ၀ါးပင် များ သွား ခုတ် ကြခြင်းကို ဆိုလိုပါသည်။ တောခြေ ဆိုသည်မှာ အရပ်သုံးစကား ဖြစ်၍ ဟိုးယခင်က မဲဇာတောင်ခြေ ပေါ့ဗျာ။ သစ်ပင် ဆိုရာမှာလဲ တဲဆောက်ရန် ၊ တောင် သူလုပ်ငန်းသုံး ရန် အတွက် သာ အသုံးဝင်ပါသည်။ သို့သော် ၀င်ငွေအတန်အသင့်တော့ ရလေသည်။ ထင်းခုတ်သွားလျှင် တစ် လ မှ ၂ လ ခွဲအထိ ကြာမြင့်တတ်လေ၏။ လှည်းနွား ရှိသော သူနှင့် ခွန်အား ရှိသောသူ ဆတူ ခွဲဝေ ယူကြ ရလေ၏။

ဝင်းတင် ထင်းခုတ် သွား နေသည့်အချိန်မှာ စပါးပေါ်သော ရာသီဖြစ်သည့် အလျှောက် ၊ ကျေးလက်နေပြည်သူတို့ အလှူအတန်းပြုလုပ်တဲ့ ရာသီလည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မိမြလည်း မကြာခဏ ဆိုသလို အလှူလည် လိုက် ရ ၊ မင်္ဂလာဆောင်လက်ဖွဲ့ရ နဲ့ ပွဲဆက်နေလေ၏။

"မိမြရေ . . ."

"ရှင် .. လေးညို "( ယေက္ခမ ဖြစ်သူကို ခေါ်တဲ့ နာမည်ပါ)

"အေး .. ဒီနေ့ ခင်ကြည်တို့ အိမ် က အလှူ ကို ငါမသွားနိုင်လို့ ညည်းပဲ သွား လိုက်ပါအေ.."

"ဘုန်းကြီးလှူဖို့ လာယူသွား ဟုတ်လား "

"ဟုတ် .. "

မိမြလည်း ရှိသမျှ အ၀တ်အစား ကလေး များ ထဲမှကောင်းနိုးရာရာ လေးများကို ရွေးချယ်ပြီး ၊ ဘုန်းကြီး လှူရန် ပစ္စည်း များ ယူပြီး အလှူအိမ် သို့ အလာ မိမိ အိမ်ရှေ့ ( မိဘ အိမ်ရှေ့ ) မှ ဖြတ် သွား ရမှာပါလား ဆိုတာ ကို လမ်း တ၀က်ရောက်မှ သတိထားမိ။ ဒီလို သတိထားမိတယ်ဆိုရင်ပဲ ရင်ခုန်ရပါတော့သည်။ မိဘများ စိတ်ဓာတ်ပြတ်သား နိုင်လွန်းလှပါသည်။ ယခု အချိန်ထိ ဘာမျှ သတင်း မမေး ။ အိမ်သို့လည်း အလာမခံ ။ လမ်းတွေ့ရင်တောင် နုတ်မဆက်ဖို့များပါသည်။ သို့သော် မိဘ ဖြစ်နေသည်က တကြောင်း မိမိ ငယ်စဉ်တောင်ကျေး ကလေးဘ၀ မှ စပြီး အိမ်ထောင်ပြု ချိန် အထိ နေထိုင် ခဲ့သော အိမ်ဖြစ်သည်က တကြောင်း စတဲ့ အကြောင်း ကြောင်း တို့ကြောင့် မိမြတစ်ယောက် အိမ်အတွင်း သို့ လှမ်းငေးမိလေတော့သည်။ ဒီမှာ သူတွေ့လိုက်ရတာက မီးဝင်းဝင်း တောက် နေတဲ့ မိခင်ဖြစ်သူရဲ့ မျက်လုံးများ ။ မိမြ မျက်နှာလွှဲလိုက်သည်။

"မိမြ…"

မိခင်ဖြစ်သူ၏ အသံဖြစ်ကြောင်း လှည့်မကြည့်ပါဘဲနှင့် မိမြသိလေသည်။ လေသံအနေအထားရ ဒေါသ သံမှန်းသိလေ၏။

"လာစမ်းပါဦးအေ့.. သမီးလိမ္မာလေးမျက်နှာကြည့်ချင်လွန်းလို့ပါအေ့.."

မ၀ံ့မရဲနှင့် လှမ်းလာသော ခြေလှမ်းများ နှင့် အပြိုင် မျက်ရည် များ က မျက်ဝန်းအပြည့် ..

"အနားတိုးစမ်းပါအေ့ .. ညည်းမျက်နှာ ဖူးချင်လွန်းလို့ပါ…( အမေ ဖြစ်သူ ၏ ထေ့ငေါ့သံ)"

"မိခင်မျက်နှာနား အတိုး"

မိခင်ရဲ့ ယာလက်တဖက် လေထဲမှာ မြှောက်တက်လာတာကို မြင်လိုက်ရပြီးဘယ်ဘက် နား တစ်ဖက် ပူခနဲဖြစ်သွား မှန်းသိလိုက်တယ်။

ပျာပျာသလဲ နဲ့ မိခင်လက်ကို လှမ်းကြည့်လိုက်တော့ နား ကပ် တစ်ဖက် ။ ပူခနဲဖြစ်သွားသော နား တစ်ဖက် ကို လက်နှင့်စမ်းကြည့် လိုက်တော့ ပျစ်ချွဲချွဲ စေးပျစ်ပျစ် အရည်များ ။ လက်ကိုပြန်ကြည့်လိုက်တော့ အနီရောင်များ ။ အများ သမုတ်ထားတဲ့နာမည်က တော့ သွေး တဲ့ ။

"ညည်း… ဖာသာညည်း မနေနိုင်လို့ လင်နောက်လိုက်တဲ့ ကိစ္စ ကို ဘာဖြစ်လို့ ငါဆင်ထားတဲ့ ရွှေတွေ ၀တ်သွားရတာလဲ .."

"ကျန်တဲ့တဖက် ညည်းလက်နဲ့ ချွတ်ထားခဲ့စမ်း.."

"မဟုတ်ရင် ကျန်တဲ့နားပါပြတ်ချင်လို့လား…"

မဖိတ်ခေါ်ပါဘဲ ကျနေတဲ့ မျက်ရည်များ နဲ့ အတူ တုန်ယင်နေတဲ့ လက် တို့ ၏ နှေးကွေးလှတဲ့ လှုပ်ရှား မှူ အောက်မှာ ကျန်နားကပ်တဖက် ကို ချွတ်ပြီး မိခင်လက်သို့ ထည့်ပေးလိုက်လေသည်။

မိခင်ကို ကန်တော့ ဖို့ ထိုင်လိုက်ပြီး ကန်တော့မယ်လုပ်တော့ ..

"ညည်း.. ငါ့ကို မကန်တော့နဲ့ .. အခုချက်ချင်း ငါ့အိမ်ကထွက်သွား…"

ရင်ခွင်တခုလုံး ဗလောင်ခတ်ကုန်သည်ဟု ပင် မိမြထင်မိသည်။ အသိစိတ်သည် မိမိ ခန္ဓာကိုယ်အတွင်းမှာ ရှိသေးသလော မရှိတော့ပြီလော ပင် ခွဲခြားမသိနိုင်တော့ပေ။ မိမိကိုယ်မိမိ ပြန်သတိထားမိချိန်မှာ အိမ်နှင့် အတော်ဝေးရာ လမ်းပေါ်ရောက်နေပြီ။ အလှူအိမ်သို့ သွား ချင် သည့်စိတ် လည်းမရှိ တော့ အင်္ကျီမှာလည်း သွေးတို့စွန်းနေလေပြီ။ တိုးတိုးတိုင်ပင်ဖော် ခင်ပွန်းသည်မှာလည်း တောထဲမှာ ထင်းခုတ်သွားနေသည်။ မျက်ရည်သည်သာ မိမိအတွက် အကောင်းဆုံးအဖော်ဖြစ်တယ် လို့များ မိမြတစ်ယောက် ယုံကြည်နေသလား ကိုယ်တိုင် ပင်မသိပါ။ အချိန်ရှိသ၍ သူအဖော်ပြုမိသည် က မျက်ရည်စများ။ နှလုံးသားမှာတော့ တစစ်စစ် ကိုက်လျှက်…။

မိခင်ဖြစ်သူ၏ စကားများကို ပြန်ကြားယောင်တိုင်း မိမြငိုမိသည်။ သို့သော်လည်း အချိန်က ကုစားသွားပါသည်။ မိဘဆင်ထားသည့် နားကပ်ကလေး ကို မိမြ အလွန်မြတ်နိုးပါ၏။ မိမိ အပျိုဖော် ၀င်စ အရွယ်မှာပင် ဖခင်ကိုယ်တိုင် ၀ယ်ပေးထားခဲ့သော နားကပ် ကလေး ကို တန်ဖိုးထားမိပါ၏။ ခင်ပွန်းဖြစ်သူမှာ လည်း မည်မျှပင် ဒုက္ခပင်လယ်ဝေနေပါစေ မိမိ လက်ဝက်လက်စား များ ကို ယောင်လို့မျှ လှည့် မကြည့်ခဲ့သူပါ။

"မင့် မျက်နှာမကောင်းပါလား ကွ .. ဘာဖြစ်လို့လဲ …"

ခရီးရောက်ရောက်ချင်း မေးလာသည့် ခင်ပွန်းသည်ရဲ့ အမေးစကားပါ။

"ဘာမှမဖြစ်ပါဘူးတော် .. ရေချိုးနောက်ကျလို့ ထင်တယ် လူက သိပ်မကြည်ဘူးဖြစ်နေလို့ပါ။"

"နေစမ်းပါဦး မင့် နားတစ်ဖက်က ဘာဖြစ်တာလဲ…"

မိမြနုတ်ဆိတ်နေမိ၏ .. ရင်ထဲတွင် စကားလုံးများပြည့်နေသော်လည်း ပွင့်အံထွက်ဖို့ခွန်အားမရှိ

"ပြောလေ.. ဘာဖြစ်တာ လဲ .."

"နား ကပ် ရော ဘယ်ရောက်သွားတာလဲ .. ငါ့ကို ပြောစမ်းကွာ .. ဘာတွေဖြစ်နေကြတာလဲ .. ပြောစမ်း အမှန်အတိုင်း …"

မိမြမနေသာတော့ .. ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရ၏. . .
မိမြ ၏ စကားများ အဆုံး ..

"ဟာ .. ကွာ" .." တောက်" … ဆိုပြီး

ဝင်းတင် တစ်ယောက် ငြိမ်ကျသွား၏ ။ဘာစကားမှလည်းမပြောတော့ ..
ပွင့်အံထွက်ကျမလာတဲ့ စကားသံတွေကတော့ ရင်ခွင်ကိုယ်စီ အပြည့်ပါ… ဒါကို သူတို့ ဇနီးမောင်နှံ ဘာသာပြန်မလိုဘဲ အလိုလို နားလည်ကြလေသည်။

ဆက်လက်ဖော်ပြပါပါမည်

လေးစားစွာဖြင့်
နေစိုးနိုင်

4 comments:

flowerpoem said...

ဆက်တိုက်လာဖတ်ပါတယ် ကိုနေစိုးနိုင်

မြစ်ကျိုးအင်း said...

ရင်မောစရာပါလား

မပြေလည်တဲ့ ဘ၀တွေက အဲဒီလိုပဲ ခက်ခဲ ကြမ်းတမ်း လွန်းပါတယ်။

စာရေးကောင်းလို့ ဇာတ်လမ်းတခုလုံး ဖတ်နေရင်းနဲ့ စိတ်ထဲမှာ လိုက်ပါ ခံစားသွားမိပါတယ်

နောက်အပိုင်းတွေ မျှော်နေပါအုံးမယ်

leomark said...

ဇာတ်ရှိန်တတ်လာပြီဗျ။ လေးမြရဲ့ ခံစားချက်ကို နားလည် မိသလို... လေးမြအမေရဲ့ လုပ်ရပ်ကိုလည်း သြချမိတယ်ဗျာ။
ကိုဝင်းတင်ရဲ့ ရင်ထဲက ယောကျာင်္း “ မာန ” ထွတ်လာမယ်လို့ ခံစားမိတယ်။ အပိုင်း ၆ ကို မျှော်နေမယ်ဗျို့။

ရေတမာ said...

စိတ်မကောင်းဘူး