Wednesday, November 11, 2009

စကားမည်သို့ပြောကြမည်


စကား စကားပြောပါများ စကားထဲက ဇာတိပြ တယ်ဆိုတဲ့ စကားလေးဟာ ကျွန်တော်တို့ နဲ့ မစိမ်းတဲ့ စကားကလေးတစ်ခုပါ။ အဓိပ္ပါယ်ကို အလွယ်ယူလိုက်ရင်တော့ စကား တွေအများကြီး ပြောတတ်တဲ့လူဟာ သူဖုံးကွယ်ထားတဲ့ ဇာတိရုပ်အမှန်ကို သူ့ စကားထဲကနေ သူကိုယ်တိုင်သတိမထားမိပဲ ပါလာတတ်တယ်။ ဒါကို တဖက်လူ က အကဲဖြတ်နိုင်တယ် ဆိုပြီးနားလည်နိုင်သလို။ စကားပြောစတုန်းက တော့ ဟုတ်မလို လို နဲ့ နားထောင်ရင်း နားထောင်ရင်းနဲ့ ချော်တောငေါ့ သွားတတ်တဲ့ အခါလည်း ကြုံဖူးကြမှာပါ။

ကျွန်တော်တို့တွေ စကားမပြောဘဲ တေမိ လုပ်နေဖို့ လိုသလားဆိုတော့ လည်း မလိုပြန်ဘူးဗျ။ ဒါပေမယ့် လိုက်ပေါ ၊ လိုက်ဖောနေရလောက်အောင်လည်း မလိုပြန်ဘူး အစွန်း ၂ ဖက် ကို လွှတ်ထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ သူငယ်ချင်းတွေထဲမှာ ကျွန်တော် ဟာ စကား အများဆုံး ဖြစ်နေတတ်ပါတယ် ။ အခု ဆို ရန်ကုန်မှာ ကျွန်တော်တို့တွေ တလ တစ်ခါ ဆုံပြီး ဆိုင်ထိုင်ကြတယ်။ ပြောနေတဲ့ အကြောင်းအရာ စုံနေပေမယ့် ၀ိုင်းသိမ်းသွားလို့ ပြန်စဉ်းစားကြည့်ရင် စကားဝိုင်းမှာ စကား အများဆုံးပြောခဲ့ တာ ကျွန်တော်ပါလားဆိုတာ ကို သတိထားမိတယ်။ ကျွန်တော့် စကားထဲက ဘာဇာတိတွေပြလို့ သူတို့တွေ ဘာတွေနားလည်သွား ကြတယ်တော့ မသိပါဘူးဗျာ။

မုသားမပါ လင်္ကာမချောတဲ့ .. မုသားပါမှပဲ လင်္ကာ က ချော ရတော့မှာလား ။ ဒီလိုဆိုတော့လည်း မဟုတ်သေးပြန်ပါဘူး။ ဒါဆိုရင် အလင်္ကာ ရဲ့ သဘော ကို က အရှိတရား တစ်ခု ကို မြင်သာအောင် ဖော်ပြပေးတဲ့ မရှိတရား တစ်ခု ဖြစ်နေလို့ များ မုသား အဖြစ်သတ်မှတ်ခဲ့ လေသလား။ ကျွန်တော်လည်း တွေးရင်းလုံးချာလိုက်နေ ပြီ။ မြန်မာဖြစ်ပြီး မြန်မာစာ၊ စကား ကို မတတ်တဲ့လူလက်ညှိုးထောင်ပါ ဆိုရင် ကျွန်တော့်လက်ညှိုး မိုးကို ထိုးလို့ပေါ့ဗျာ။

ကဲ.. ထားပါတော့ မုသား မပါ ..လင်္ကာမချော .. လင်္ကာချော ဖို့ မုသားပြောကြစို့ ဆိုပြီး ဆိုင်းဘုတ်ထောင်လိုက်ရင် ကျွန်တော့်ကို ၀ိုင်းရိုက်ခံရကိန်းမြင်တယ်။ ဥပမာလေးတွေ လျှောက်တွေးကြည့်မယ်ဗျာ .. ဖတ်မှတ်ဖူးတာတွေထဲကရော ..ကျွန်တော် ကဂျောင် လုပ်ပြီးလျှောက်တွေးထားတာတွေရောပေါ့။
ကဲ… ( ကဲဆိုတိုင်းတော့မကဲနဲ့ဗျနော် .. အဖမ်းခံရရင်ကျွန်တော် မပါဘူး )ကျွန်တော်က ပြောမယ်ဗျာ ဘလော့ တွေအားလုံးထဲမှာ ပေးဆပ်သူ ဆိုတဲ့ ဘလော့ က အကောင်းဆုံး လို့ ပြောလိုက် ရင် ကျွန်တော့် တို့ ရဲ့ ပေးဆပ်သူ ဘလော့သာ အကောင်းဆုံး လို့ပြောတာပါဆိုပြီးတော့ မိတ်ဆွေ နှခေါင်းရှုံ မယ်ဟုတ်တယ်ဟုတ်       ( အရင်ကတည်းက နှာစေးနေသူတော့ မပါဘူးပေါ့) ဒါဆိုရင် ကျွန်တော့် ကို ၀ိုင်းပြောကြမယ်.. ဘာမှအဖြစ်မရှိဘဲနဲ့များ အကောင်းဆုံးလေး ဘာလေး နဲ့ပေါ့။ ဒီတော့ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်မယ် . . ပေးဆပ်သူ ဘလော့သာ အကောင်းဆုံး .. ဒါပေမဲ့ ပေးဆပ်သူလောက်တော့ ဘယ်ဘလော့ဖြစ်ဖြစ် ကောင်းတယ် .. ဆိုတာလေးကို စာဖတ်သူ တွေးကြည့်ဖူးပါရဲ့လား။ သေချာတယ် .. နိုး…

ပေးဆပ်သူ ဘလော့ ကအကောင်းဆုံးလို့ ပြောလိုက်တာနဲ့ အော်တိုပဲ ဦးနှောက်က အလုပ်လုပ်သွားတာ က ကျန်တာတွေပေးဆပ်သူလောက် မကောင်းဘူး ဆိုတာ ကို တန်းရောက်သွားတယ်။ ဒီစိတ်ကလေးတွေကြောင့်ပဲ ကြော်ငြာ ရှင်တွေ အကွက်နင်းပြီး..
ဒီဆေးက …
ဒီဒီဇိုင်း က
ဒီပစ္စည်း ..


လို့ပြောတိုင်း အားပါးပါး ယုံခဲ့ကြတယ်နော်။
ဒါကို ဒီကြော်ငြာ တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို သွားပြီး ခင်ဗျား လိမ်တယ် ၊ မဟုတ်ဘဲနဲ့ လျှောက်ပြောတယ် ဘာညာ သွားလုပ်လို့ ရလား ။ မရဘူးနော် .. ဒီလိုပြောပြီး အောင်မြင်နေတဲ့ ကြော်ငြာတွေ အများကြီးပါဗျာ ။ ဘာလို့လဲတော့မသိဘူး လင်္ကာတော့ချောနေတာပဲ။

ကျွန်တော် တို့ ကျောင်းတက်တုန်းက မခင်တင့် အကြောင်းလဲ သင်ရတယ်ဗျ( Marketing ကိုနောက်ခေါ်တဲ့ နာမည်ပါ) အဲဒီမှာ ဆရာ ကပြောပါတယ် ။ Potential Customer ကို Actual Customer ဖြစ်အောင်လုပ်ရပါမယ်တဲ့ ။ ကိုယ့် Customer ဖြစ်လာနိုင်ချေ ရှိတဲ့သူတော့ ကိုယ်ဖာသာကို သိရပေမပေါ့ ။ အမျိုးသမီး သုံး ဘာညာ ဘာညာ ပစ္စည်း ကုမ္ပဏီ အတွက် အမျိုးသားတွေ က တော့ Potential Customer ဖြစ်လောက်ပေဘူးလေ။ ဒီမှာ ဆရာက ပြောပါတယ် ကိုယ့် Potential Customer ကို နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းနိုင်ရမယ်တဲ့ ။ ဒါကို ထပြီး ဂဂျောင်ထလုပ်တာ က ရေတမာ (www.yaytamar.blogspot.com) ပါ စည်းရုံးတယ် ဆိုတဲ့ အထဲမှာ သူကတော့ သွေးဆောင် ဖျားယောင်း တာ တွေပါ ပါနေတယ် ထင်တယ်ဆိုပြီး ထလုပ်တာပါ။ ဆရာ တော်တော်လေးရှင်းလိုက်ရပါတယ်။ ရေတမာ လည်း ဆရာမ ရဲ့ လက်သည်းရှည်ရှည်နဲ့ ဆွဲဆိတ် ခြင်းကို ခံခဲ့ရဖူးပါတယ်။

ကျွန်တော် က ရေတမာ ကို အသားလွတ်ထောက်ခံပေးနေတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ဆီက စီးပွားရေးလုပ်ငန်း ( အထူးသဖြင့် ကြော်ငြာ ) တွေမှာ ဆိုရင် Customer ကို သိမ်းသွင်း တာလား ကျုံးသွင်းဖမ်းနေတာလား မခွဲခြားတတ်လောက်အောင်ဖြစ်လာတယ်။ ကျွန်တော်နဲ့ ခင်တဲ့ ဈေးကွက် ဖော်ဆောင်တဲ့နေရာမှာ နာမည်ရ တဲ့ အမ တစ်ယောက် ပြောတာကြားရတော့ ဟင်း ပဲ ချက်မိတော့တယ် ( သက်ပြင်းချ တာကိုပြောတာပါ ) တော်တော်လိမ်တတ် နေပြီတဲ့ ..

မုသားတစ်ခုကို ပြောစမရှိရင် ပြောမထွက်ပါဘူး။ နောက် ပြောပါများလာတော့လည်း လန်ကြုတ်မပါဘဲ ပြောကို မပြောတတ်သလောက်ကို ဖြစ်လာတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ တဲ့ ။ စကား စကား ပြောပါများ လည်း ပြောနေကျက ဇာတိမပြ လို့ တောင် ပြင်လိုက်ချင်တယ်ဗျာ။

ကျွန်တော်တော့ စကား ကို ဇာတိပြအောင်ပဲ ပြောရမလား ၊ ဇာတိမပြအောင်ပဲ ပြောတတ်အောင်လုပ်ရမလား ဝေခွဲမရသေးပါဘူးဗျာ… ပြောတော့ပြောနေရတာပဲ .. ပြောနေရ ဦးမှာပဲ .. အင်း … မိတ်ဆွေလည်း ဒီလိုပဲနေမှာပါလေ…

လေးစားစွာဖြင့်
နေစိုးနိုင်

--
Nay Soe Naing
www.naysoenaing.com

3 comments:

leomark said...

အင်း...ဗျာ... မုသားတော့ လူအားလုံး မရိုးနိုင်အောင် ပြောနေကြတာပဲ လို့ထင်တယ်။ ထိခိုက်အောင်ပြောတဲ့ မုသားကတော့ မကောင်းဘူးပေါ့ဗျာ။ မုသားပါမှ လင်္ကာချောတယ် ဆိုတာကတော့ ပြောကောင်းအောင်ပြောနေကြတာလို့ထင်တယ်ဗျာ။ ကို့ ကိုယ် ကို ညှာ ပြီးတော့လေ။ သူလိမ်တာ လင်္ကာချောအောင်လို့ဆိုပြီးတော့လေ။း)
ကောင်းတယ်ဗျာ..ဒီလို ပိုစ့်လေးများများတင်နိုင်ပါစေ...။

flowerpoem said...

မုသားမသုံးချင်ပါဘူး သုံးလိုက်လို့. သူများထိခိုက်မယ် အကျိုးတွေ ဆုတ်ယုတ်မယ်ဆိုရင်တော့ မသုံးသင့်ပါဘူးနော်.

ကောင်းကင်ပြာ said...

အင်း ကိုယ်ပြောတဲ့ စကားတွေ ကိုယ် ပြန်စဉ်းစား သွားတယ်...မုသားတွေမျာ ပါကုန်သလားဆိုတာ...