ရောက်မယ့်ရောက်ပြန်တော့လည်း မြေလတ်ပုံရိပ်တို့သည် ဖျတ်ခနဲသာ . . . ။
ခပ်သွက်သွက်လှန်မိသည့် စာမျက်တွေနှယ် ရှိလှသည်။ အလည် သက်သက်
အပျော်ခရီးမဟုတ်လေတော့ ရသမျှ အချိန်တိုတိုကလေးအတွင်း မြင်မိသမျှ
မြင်ကွင်းပုံရိပ်တွေကို မြင်မိ ငေးမိရုံသာ ဖြစ်သည်။
မကွေးမြို့စွန် မြသလွန်စေတီတော်ကြီးကို ဖူးခွင့်ရတော့ ည ၉
နာရီကျော်နေပေပြီ။ ပွဲတော်ပြီးစမို့ ဆယ့်နှစ်ပွဲဈေးသည်
တစ်ချို့ပင်ရှိနေသေးသည်။ ငယ်စဉ်က မြသလွန်ပွဲဈေးကို သတိရမိနေသေးသည်။
ကျေးလက်အိမ်သုံး ကြေးထည်သံထည်တွေ တပုံတပင်ကြီး ၀ယ်ကြခြမ်းကြတာ
မြင်မိသေးသည်။ ခုနှယ် များတော့ ကြေးထည်စစ်စစ်တို့ ရှားပါးကုန်ပြီ။
တစ်နေ့ကုန် မောဟဖိစီးခဲ့သမျှ ရင်ပြင်တော်ပေါ်ရောက် တော့ ကြည်နူးမှုဖြင့်
ပြေပျောက်ကုန်ကြ၏။ ရင်ပြင်တော်အရောက် ကားလမ်းဖောက်ထားသဖြင့် ရင်ပြင်
အရောက် ဆိုင်ကယ်ဖြင့်ပင် တက်ခဲ့ကြသည်။ သည်ဘက်ခေတ်တွင်တော့
တောင်ကုန်းမြင့်တွေပေါ်ရှိ ဘုရား စေတီတော်တွေ အားလုံးလိုလို
ရင်ပြင်တော်အနီးထိရောက်အောင် တောင်တက်ကားလမ်းတွေ ဖောက်ထား ကြသည်။
သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူတွေ အတွက်တော့ အဆင်ပြေလှသည်။
တိုးချဲ့ထားသည့် ရင်ပြင်တော်ကျယ်ကြီးမှ ကြည့်လေသော်
ဧရာဝတီမြစ်ကူးတံတား (မကွေး)ကို မီးထိန်ထိန်ဖြင့် မြင်တွေ့ရသည်။
လခြမ်းကွေးကွေး၏ မှိန်ဖျော့ဖျော့ အလင်းဖြင့် မြစ်မင်းဧရာ၏တစ်ဘက် ကမ်းရှိ
စက္ကိန်းတဲစေတီတော်ကို ဖျဖျကလေးဖူးမြင်ရသည်။ နံနက်လင်း လျှင်တော့
မင်းဘူးသို့ ကူးမည်။ ငယ်ငယ်က မင်းဘူးမှ မကွေးသို့ ဇက်ရေယာဉ်ဖြင့်ကူးကာ
ဘုရားဖူးလာရသည်ကို အမှတ်ရမိသည်။ သည်ချိန် သည်ခါလို ကားတွေက
မှန်လုံကားကြီးတွေနှင့် သွားကြလာကြရသည်တော့မဟုတ်။
ဘီအမ်ဟီးနိုးတွေနှင့်သာ။ ပြီးတော့ သည်ခေတ်သည်ခါလို လမ်းတစ်လျှောက် ရပ်စရာ
နားစရာ စားစရာ ဆိုင်ကြီးရယ်လိုလည်းမရှိလှ။ နားချိန်တန်ကျ
အရိပ်ကောင်းကောင်းမှာ နား၍ သယ်လာသည့် ဆန်၊ ဆီ၊ ဆားတွေနှင့် ထမင်းဟင်းတွေ
ချက်ကြပြုတ်ကြသည်။ နားရင်း စားရင်း ခရီးဆက်ကြပြန်သည်။
လွမ်းစရာလှကောင်းသည့်ကာလတွေဖြစ် သည်။
ရပ်ထဲရွာထဲ ခင်ရာဆွေမျိုးတွေချည်းစုကာ သွားကြလာကြသည်မို့
ကားတန်းကြီးက ရှည်လှသလို ခရီးစဉ်ရက်ကလည်း ရှည်လှသည်။ စုသွားစုလာကြရင်း
အစုအဖွဲ့နှင့် စုပေါင်းဆောင်ရွက်တတ်သည့် ရပ် ဓလေ့ရွာဓလေ့ကို ရကြသည်။
တစ်ဦးတစ်ယောက်ကြောင့် တစ်စုတစ်ဖွဲ့လုံး နှောင့်နှေးကြန့်ကြာတာမျိုး၊
အနှောက်အယှက်ဖြစ်တာမျိုး မရှိစေရ၊ ကြီးသူက ငယ်သူကို သွန်သင်ကြသည်။ ငယ်သူက
ကြီးသူပြောသ မျှဆိုသမျှ လေးစားလိုက်နာရင်း ခရီးဆက်ကြရသည်။
တစ်ချို့ကလေးတွေ မိရင်းဖရင်းမပါကြ။ စိတ်ချလက် ချပင် ထည့်လွှတ်လိုက်ကြသည်။
အရပ်က ထိန်းကြောင်းပေးသည့် မြန်မာ့ဓလေ့ကို ခုနှယ်မြင်ရတွေ့ရဖို့
ခက်လှသည်။
နံနက်ခင်းတွင်တော့ မကွေးမြို့မြစ်ဧရာကမ်းပါးဘက် ထွက်ခဲ့ကြသည်။
မြစ်ကမ်းပါးတစ်လျှောက် တွင် စားသောက်ဆိုင်လေးတွေ အစီအရီ မြင်ရတွေ့ရသည်။
ညနေခင်းဆိုလျှင်ဖြင့် မြစ်ဘေးတွင် လေနုအေး ကိုခံစားရင်း မိတ်ဆွေတစ်တွေ
စကားစမြီ ၀ိုင်းဖွဲ့လိုက်ကြမည်ဖြစ်ခြင်း။ တစ်နေရာတွင် အေးအေးလူလူ
ထိုင်စကားဝိုင်းဖွဲ့နေကြသည့် လူငယ်ကလေးတွေကို တွေ့ရသည်။ မကွေးမြို့ပေါ်က
တက္ကသိုလ်ကျောင်း သားကလေးတွေ ဖြစ်ဟန်တူသည်။ တစ်ချို့လူငယ်ကလေးတွေက
စာအုပ်ကလေးတွေနှင့် စာကျက်နေကြ ပုံရသည်။ တကယ်တော့လည်း မကွေးသည်
တိုင်းမြို့တော်ဖြစ်သလို တက္ကသိုလ်ကြီးတော်တော်များများ လည်း ရှိသည်။
ဆေးတက္ကသိုလ်လို ကွန်ပျူတာတက္ကသိုလ်လို တက္ကသိုလ်ကြီးတွေအပြင် မကြာမီ
စိုက်ပျိုးရေး တက္ကသိုလ်ပင် ဖွင့်လှစ်ပေတော့မည်။ မြို့ပေါ်တွင်
တက္ကသိုလ်ကျောင်းသားဦးရေက နှစ်စဉ်တိုးနေသည့်အတွက်
တက္ကသိုလ်ပတ်ဝန်ကျင်တွင် အဆောင်တွေ ဖွင့်လာကြသလို
ထမင်းနှင့်ကြိုက်နှစ်သာဟင်းကို ထမင်းနှင့်ရော ပုံပေးလိုက်သည့်
ပုံပြင်တစ်ပွဲ ကျပ် ၅၀၀၊ ကျပ် ၈၀၀ ဆိုင်တွေက ကျောင်းသားတွေ အကြိုက်တွေ့၍
ပေါ လာများလာပုံရသည်။ ဆေးတက္ကသိုလ်ဆို ရန်ကုန်၊ မန္တလေးနဲ့ မကွေး သုံးခုထဲ
ရှိတာဆိုတော့ အခြားနယ် က ကလေးတွေ ဒီကိုလာတက်ကြရတာပေါ့။ နောက်ဆို
စိုက်ပျိုးရေးတက္ကသိုလ်ပါ လာမယ်ဆိုရင် အခြားနယ် က ကလေးတွေ ပိုလာကြရဦးမှာ။
ကျောင်းသားလေးတွေ များလာတော့ အဆောင်ဖွင့်တာတို့ ထမင်းဆိုင်တို့
အလုပ်ဖြစ်တယ်လေ။ တစ်ချို့ဆို တည်းခိုခန်းတောင် မဖွင့်တော့ဘဲ
အဆောင်လုပ်လိုက်တာတွေတောင်ရှိ တယ် မကွေးမြို့ခံတစ်ဦးက ဆိုလေသည်။
မြစ်ကမ်းတစ်နေရာတွင်တော့ ရေချိုးအ၀တ်လျှော်နေကြသူ
ရေချိုးနေကြသူတွေကို တွေ့ရသည်။ မြန်မာနိုင်ငံတစ်နံတစ်လျား
ဘယ်မြို့ဘယ်ရွာရောက် မြစ်ဆိပ်ဟု ဆိုလျှင်တော့ သည်လိုမြင်ကွင်းရှိမှ မြစ်
ဆိပ်ဆိုသည့်အင်္ဂါရပ်နှင့် ပြည့်စုံပေလိမ့်မည်။ ဒါသည်ပင်လျှင်
မြစ်ဆိပ်တို့၏ အလှပင် ဖြစ်ပေလိမ့်မည်။ တံတားကြီးပေါ်မှ
မင်းဘူးဘက်သို့ကူးတော့ မြစ်ကြီးဧရာကို တိတိပပ မြင်ရတွေ့ရပြန်သည်။
မြစ်လယ်တွင် သောင်ပြင်ကြီးကို စိမ်းစိမ်းစိုစိုတွေ့ရသည်။ လယ်တဲကလေးတွေ
စီရရီမှ မီးခိုမျှင်လေးတွေ တန်းနေတာ တွေ့ရပြန်သည်။ မင်းဘူးဘက်နီးလာလေ
သောင်ပြင်ကျယ်ကြီးက မြစ်ဘက်သို့ ကပ်လာလေဖြစ်သည်။ ဘာရယ်မဟုတ်
ပုဂံရာဇ၀င်ထဲက ညောင်ဦးဖီးကို သတိရမိသေးသည်။ ဘိုးတော်မင်းတရား၏ အမတ်ကြီး
ဦးပေါ်ဦးကိုလည်း အမှတ်ရမိသေးသည်။ သတင်းသမားတစ်ယောက်၏
မြင်ကွင်းတစ်ခုအပေါ်မှ ရလိုက်သိ လိုက်သည့် အတွေးတွေသည်
ရိုးရိုးရှင်းရှင်းကြီးတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သည်လိုပဲ
အမြီးအမှောက် မတည့်တာတွေ တွေးချင်တွေးတတ်သည်။ ဒါသည်ပင်လျှင် သတင်းသမား
ဆိုရပါမည်။
မင်းဘူးဘက်ရောက်တော့ သိသိသာသာ ပူလာသည်။ အပူပိုင်းဆိုပေမင့်
ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်းစိုစိုတော့ ရှိလှသည်။ မြေလတ်ဒေသ ရယ်မှမဟုတ်
အထက်အညာဘက်တွင်လည်း စိမ်းစိမ်းစိုစို မြင်ကွင်းတွေ ရှိလာပြီ။
မန်းရေနံမြေဘက် ခရီး ဆက်ခဲ့ကြသည်။ မြစ်ကမ်းတစ်နေရာတွင်
ပြည်တွင်းရေကြောင်း သင်္ဘောတစ်စီးပေါ်၌ ရေနံတူးဖော်ရေး ပစ္စည်းကိရိယာတွေ
တင်နေချနေတာ မြင်ရသည်။ ရေနံမြေသည် မြန်မာဘုရင်တွေ လက်ထက်ကတည်းက
မြန်မာနိုင်ငံအပေါ် တာဝန်ကျေခဲ့သည်။ မခမ်းခြောက်သေးသည့် အသွေးအသားတွေနှင့်
ပေးဆပ်နေဦးမည်သာ ဖြစ်သည်။ ဘယ်နေရာကြည့်ကြည့် ရေနံခိုးယူသူတွေကို သတိ
ပေးထားသည့် ဆိုင်းဘုတ်တွေချည်း။ ရေနံခိုးယူလျှင်
ထောင်ဒဏ်ဆယ်နှစ်အပြင်မိသားစုပါ နယ်နှင်ခံရ မည်တဲ့။ စာရေးဆရာ
မောင်သိန်းဆိုင်၏ ရေနံ့သာခင်ခင်ကြီးဝတ္ထုကို အမှတ်ရပြန်သည်။ ရေနံတွင်းကို
ဆွေစဉ်မျိုးဆက် ပိုင်ဆိုင်ကြသူတွေမဟုတ်ဘဲ အကြောင်းကြောင့်
ပိုင်ဆိုင်လာကြသူ ရေနံတွင်းပိုင်တွေကို တောင်ပံနီဟု ရေနံတွင်းရိုးတွေ
(ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်လာသူ) ခေါ်ကြသည်။ ဘယ်ကလောက် ချမ်းသာချမ်းသာ
ဆေးဖော်ကြောဘက် မလုပ်ကြပါတဲ့။ ဘာရယ်မဟုတ် အမြီးအမောက်မတည့်သည့် တွေး
မိတွေးရာတွေသာ ဖြစ်ပါသည်။
မန်းရေနံမြေမှ နဂါးပွက်တောင်သို့ ထွက်ခဲ့ကြသည်။ နဂါးပွက်တောင်၏
တစ်ဘက်တွင် နောက် ထပ် တောင်ကလေးတစ်လုံးကို မြင်ရသည်။ တစ်ချက်ချက်
ပွက်နေသော ရွှံ့စေးပြင်သည် အေးစက်စက်ရှိ သည်။ ငယ်ငယ်တုန်းကတော့ နဂါးကြီးရေ
ပွက်ပြပါဦးဆိုလျှင် ဗွက်ခနဲ့ ရွှံ့ပြင်မှ ရေဗွက်ကြီးထလာ သည်ကို
တအံ့တသြဖြစ်ရသလို ရွှံ့ပြင်ကြီးအောက်က နဂါးကြီးတကယ်ရှိသယောင်
တွေးမိတတ်သည်။ လှေကားအတက်အဆင်းတွေ ရွှံ့နှင့်လုပ်ထားသည့် အရုပ်ကလေးတွေ
ရောင်းနေသည့် ကလေးတွေကို တွေ့ ရသည်။ နဂါးဗွက်တောင်သို့လာသည့်
မိသားစုဝင်တွေထဲက ကလေးတွေလည်း ၀ယ်ကြတာမြင်ရသည်။ ရွှံ့နှင့်လုပ်ထားသည့်
ပစ်တိုင်းထောင်၊ နွားရုပ်ကလေးတွေ၊ နဂါးရုပ်ကလေးတွေ ဖြစ်သည်။ တန်ဖိုးဘာမျှ
မကြီးပေမင့် ကလေးတွေ ၀ယ်ကြတာကို အားရနေမိသည်။ ကစားစရာအသစ်အဆန်းတွေ
ပေါ်လာသလို ကလေးတို့ဝန်းကျင်တွင် ကိုရီးယား၊ တရုတ်သူရဲကောင်းတွေ
လွှမ်းမိုးထားကြသည်။ နယ်မြို့တွေက ဘုရား ပွဲဈေးတန်းတွင်
ရှေးမြန်မာစစ်သည်တွေ ဆောင်းသည့် မောက်တိုမောက်ရှည်၊ ဓားတိုဓားရှည်
စက္ကူထည် တွေနေရာတွင် တရုတ်ရုပ်သံစီးရီးထဲမှ ကျန်ကျောင်း၏
အုပ်ထုတ်နှင့်ဓားက နေရာယူထားသည်မှာ ကြာပဲ ကြာလှပြီ။
မြန်မာ့မြင်းရုပ်ပင်လျှင် ကိုးရီယားရာဇ၀င်ကားမှ
ဂျူမုံ၏မြင်းဖြစ်သွားရသည်။ လေးနှင့်မြားလည်း ကိုရီးယားတို့လက်
အပ်လိုက်ရပြီဖြစ်သည်။
နဂါးဗွက်တောင်အောက် တန်ဆောင်းတွေင် စပါးကြီးမြွေကြီးနှစ်ကောင်ကို
သေတ္တာတစ်လုံးထဲတွင် ကျပ်ကျပ်တည်းတည်း မြင်လိုက်ရသည်။ မြွေစာအတွက်
နဂါးဗွက်တောင်လာသူတွေက အလှူငွေတွေထည့် ကြဟန်တူသည်။
မြွေကြီးနှစ်ကောင်ကိုမြင်တော့ မြွေတွေရှိသည့် မြန်မာနိုင်ငံတစ်နံတလျားက
ဘုရားအဆူ ဆူကို စိတ်ထဲမှာ ရေတွက်မိသည်။ လှူသူတွေကလည်း ကြံကြံဖန်ဖန်
ဘုရားတွင် မြွေလာလှူကြသလို ထူး ထူးဆန်းဆန်းတိုက်တိုက်ဆိုင်ဆိုင်
မြွေကြီးတွေရောက်လာသဖြင့် ဂေါပက ကြည့်ရှုထားရသည့် အနေအထား များလည်း
ရှိပေမည်။ ဘာရယ်တော့မဟုတ် တွေးမိတွေးရာတွေသာ ဖြစ်ပါသည်။
နဂါးဗွက်တောင်မှ စက္ကိန်းတဲဘုရားသို့ ထွက်ခဲ့ကြပြန်သည်။
စက္ကိန်းတဲ့စေတီတော်ကြီး၏ အထက် ပစ္စယံမှ မြစ်ဧရာ၏တစ်ဖက်ရှိ မြသလွန်ကို
လှမ်းမျှော်ဖူးရပြန်သည်။ တစ်ဖက်တွင်တော့ နဂါးဗွက်တောင် ကို
မြင်ရပြန်လေသည်။ နဂါးဗွက်တောင်၊ စက္ကိန်းတဲစေတီတော်နှင့်
မြသလွန်စေတီတော်ကြီးတို့ တစ်တန်း တည်း ကျနိုင်လေသည်။
စက္ကိန်းတဲစေတီတော်ကြီး အထက်ပစ္စယံမှ ကြည့်လေသော် တောင်ကုန်းမြင့်မြင့်
များထက်တွင် မြန်မာအသံထပ်ဆင့်လွှင့်တာဝါတိုင်နှင့်
ဂျီအက်စ်အမ်တာဝါတိုင်တို့ကို မြင်ရသည်။ မင်းဘူး ကအပြန်ခရီးမှာတော့
မွန်းတည့်ချိန်ပင် ကျော်ခဲ့ပေပြီ။
မြေလတ်ခရီးသည် တကယ်တော့ ဖျတ်ခနဲ ခပ်သွက်သွက်လှန်မိသည့်
ဓာတ်ပုံအယ်လဘန်လို မြင်ရ တွေ့ရသည်သာ ဖြစ်သည်။ ဖျတ်ခနဲ ဖျတ်ခနဲ
မြင်ကွင်းပုံရိပ်တို့ ပြောင်းသွားပေမင့် မျက်လုံးအိမ်ထဲတွင် စွဲ
ထင်ကျန်ရစ်နိုင်သည့် ပုံရိပ်တို့ပါကောင်းပါနိုင်ပါသည်။
ထိုပုံရိပ်ထိုမြင်ကွင်းကို အခြေတည်သည့် အတွေးစ တို့သည်လည်း မြောက်မြားစွာ
ပေါက်ပွားခဲ့ကြပြီဖြစ်ပါသည်။ သတင်းသမားတစ်ယောက်၏ အမြင်နှင့်အတွေး သည်
သမားရိုးကျတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ အရိုးတွေကြားထဲတွင်
ဆန်းချင်ဆန်းနေပါလိမ့်မည်။ ဇောက်ထိဇောက်ထိုးတွေလည်း
ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သတင်းသမားတို့မည်သည် မြင်
သမျှ တွေ့သမျှ မြင်ကွင်းပုံရိပ်များကို ဇောက်တိဇောက်ထိုးမှသည်
တဖြည်းဖြည်းချင်း တည့်မတ်မှန်ကန် သည့်အနေအထားသို့ရောက်အောင်
ချည်းကပ်ကြခြင်း ဖြစ်ပါသည်။
အောင်စည်ဟိန်း
--
Nay Soe Naing
www.naysoenaing.com
No comments:
Post a Comment