လောကမှော်ရုံတော
ပြောမပြချင်အောင်
မောလျခြေကုန်လို့…
ဒေါသဆူလောင်မြိုက်၊
သောကပူမှောင်မိုက်မှာ
ငါ…ခေါင်းငိုက်စိုက်ချ။
ဟိုး…အဝေးကြီးက
မနက်ဖြန်အတွက်
ပူပန်နေတုန်း…။
အောင်မြင်မှုပန်းတိုင်
လှမ်းနိုင်ဖို့အရေး
အကွေ့နဲ့အကောက်
လမ်းမှန်သမျှလျှောက်
အမြန်ရောက်လိုဇော
မောမျှမဖြေနိုင်၊
လောဘတွေလှိုင်လျက်
မနက်ဖြန်အတွက်
ထက်သန်နေတုန်း…။
ဖြုန်းခနဲ…နဲ့
နောက်ဘဝဟာ
အနီးဆုံးလက်တစ်ဆန့်မှာလာငြိ
ဖြန့်ကြည့်မိတော့…
ဖြန့်ကြည့်မိတော့…
ငါ့လက်ထဲမှာ……………ဘာမှမရှိ။ ။
(ဘဝအောင်မြင်ရေးလမ်းကြောင်းပေါ်မှာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အခက်အခဲတွေကြားက လျှောက်လှမ်းနေဆဲ၊ ဖြုန်းခနဲ…ခွဲခွါသွားကြသူများကို အမှတ်ရမိလို့ ရေးလိုက်တာပါ။ အဲဒီလိုခွဲခွါသွားရတဲ့အခါ ကျွန်မတို့လက်ထဲမှာ ဆုပ်ကိုင်သွားနိုင်တာဆိုလို့ ကောင်းမှုသိုလ်ပဲရှိပါတယ်။ ကောင်းမှုတွေကို လက်ထဲအပြည့် ဆုပ်ကိုင်သွားနိုင်ဖို့ကတော့ နေ့စဉ်ဘဝကို ရုန်းကန်ရင်းက ကျွန်မတို့ကိုယ်တိုင်ပဲ အများကြီး ကြိုးစားကြရဦးမှာပါ။)
နှင်း
3 comments:
ညီမ နှင်းရေ.... နောင်တ ဆိုတဲ့ သံဝေဂ ကဗျာလေးအတွက် ကျေးဇူးပါပဲ။ ဟုတ်တယ်နော်.. ကိုတို့ တွေလည်း တစ်နေ့ ကျရင် သေရဦးမယ်ဆိုတာ သေချာ သိသိကြီးနဲ့  လောဘ ဒေါသတွေနဲ့  တစ်နေ့ တစ်နေ့  ရုန်းကန်ပူပန်နေကြရတာ ပင်ပန်းလိုက်တာနော်.. တကယ့်တကယ် ကိုယ့်လက် ကိုယ်ပြန်ဖြန့် ကြည့်မိတော့လည်း လည်ရဦးမယ့် သံသရာအတွက် ဘာမှမရှိသေးဘူး... နှင်း ပြောသလိုပဲ နေ့ စဉ်ဘဝကို ရုန်းကန်လှုပ်ရှားရင်း တစ်ဘက်ကလည်း ကောင်းမှုကုသိုလ်တွေကို ဖြည့်တင်းဖို့  သတိတရားတွေနဲ့  ကြိုးစားကြပါစို့ ..
လေးစားစွာဖြင့်
လွင်မင်းခန့် 
ကောင်းမှုတွေကို အချိန်မဆိုင်းပဲ လုပ်နိုင်အောင်ရေးထားတဲ့ ကဗျာလေးကို လာဖတ်ပါတယ်..
ဘာမှလုပ်မထားရသေးတာသေချာတယ်
ဟင်း....
ပိုတောင်ဆိုးလာတယ်လို့ ကိုယ့်ကိုကိုယ် သုံးသပ်မိလာတယ်..
ကျေးဇူးတင်ပါတယ်အမရေ ....
Post a Comment