Monday, October 26, 2009

ငါ့ဓါးဘာကြောင့်တုန်းသနည်း

 

အကယ်၍သာ ကျွန်ုပ်မှာသစ်တစ်ပင်ကိုခုတ်လှဲဖို့ အချိန် ရှစ်နာရီသာ ရ မည် ဆိုပါက ခြောက်နာရီကို ဓါးသွေးဖို့အတွက် သုံးမယ် ။ ဆိုတာ အေဗရာဟမ်လင်ကွန်းပြော ခဲ့တဲ့စကားလေးပါ။ တော်တော်လေး မှတ်သားဖို့ကောင်းတဲ့ စကား တစ်ခုအဖြစ်အထူး ပြောစရာမလိုလောက်အောင်ပါပဲ။

 

သူငယ်ချင်း တစ်ယောက် (မကပါ) forward လုပ်လိုက်တဲ့ ပုံပြင်ကလေး တစ်ခုလည်း ရှိပါသေးတယ်။ အဖိုးအို တစ်ယောက် နဲ့ လူငယ်တစ်ယောက် သစ်ခုတ်သွားကြတဲ့ အခါ အမြဲတမ်း အဖိုးအိုက နောက်မှတောထဲဝင်ပြီး အမြဲတမ်း ထင်းပိုရတဲ့ပုံပြင်လေး ပါ။ အကျဉ်းချုပ်လိုက်ရင် အဖိုး အိုဟာ သူ့ဓါး ကို အမြဲမပြတ်သွေး ထားလို့  သစ်တစ်ပင်ကို အချက်နည်း နည်း နဲ့သက်တောင့်သက်သာ ခုတ်ယူနိုင်ခြင်း ဖြစ်တယ် ဆိုပြီး နိဂုံးချုပ်ထားတဲ့ပုံပြင်ကလေး ပါ။ မှတ်သားလောက်ပါပေရဲ့။

 

ကျွန်တော်တို့ ဘ၀ တွေမှာလည်း အချိန်ကုန် ခံ လူပင်ပန်း ခံ ငွေကုန်ကြေးကျခံပြီး အတန်းပညာတွေဆည်းပူကြခြင်း ၊ သင်တန်းပေါင်းစုံမှာ ဆည်းပူးလေ့လာ ကြခြင်း အစရှိသည်တို့မှာလည်း မိမိတို့၏ အရည်အချင်း ကို သွေးနေခြင်း တနည်းအားဖြင့် ကျောက်ရိုင်း တစ်ခု အား သွေးနေကြခြင်း သာဖြစ်သည်ဟု အကြမ်း အားဖြင့် မှတ်ယူထားလို့ရပါတယ်။

 

သို့သော် တိုးတက်လာတဲ့ လူဦးရေ တွေကြားထဲမှာ resourses များ က တိုးမလာတဲ့အပြင် ကြာလေလျော့လေ လျော့ လာတော့ ကမ္ဘာမြေမှာ နေရာတစ်နေရာ ရဖို့ အတွက် အတော်ကို ကြိုးစားလာကြရပါတယ်။ ဓါးကို များများ သွေးနိုင် တဲ့ လူ က နေရာ ရနိုင်ဖို့ နီးစပ် နိုင် ဆုံးလူပေါ့ဗျာ ။ ဒါပေမဲ့ ကျွန်တော်တို့ ဓါးကို အလွယ်တကူ သွေးချင်တိုင်း သွေး လို့ ရနိုင်ကြပါသလား ။

 

လူငယ်တွေရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးအဖြစ် ပညာရေး (သင်ညာရေး ) ကို သတ်မှတ်ထားကြပါတယ်။ မှန်လည်း မှန်ပါတယ် လူမျိုးတစ်မျိုး ၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် ပညာရေးဟာ လွန်စွာမှအရေးပါပါတယ်။ ပြောင်းလဲလာခဲ့တဲ့ ခေတ်စနစ်တွေကြားထဲမှာ ကျွန်တော်တို့ လူငယ်တွေဟာ အသက်ရှူကျပ်နေကြရပါတယ်။

 

ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျွန်တော်က ကပ်ပြီးနေခဲ့ဖူးပါသေးတယ် ။ အိပ်စရာကျော တနေရာ စာအတွက်ပါ။ ဒီမှာ ကျွန်တော် ၊ ရေတမာ (www.yaytamar.blogspot.com) အတူပါ။ သူနဲ့ကျွန်တော်ကတော့ အမေတစ်ယောက်တည်း ဗိုက်မဆံ့လို့ အဖေ မတူ မမေခွဲပြီး လူ့ပြည်ဆင်းလာကြတဲ့ နတ်သား လေးတွေ ထင်ပါတယ် ဗျာ ;) နောက်ကျွန်တော်တို့ နဲ့ အတူ ဘုန်းကြီးကျောင်းမှာကပ်နေတဲ့ ကျွန်တော်တို့ ရဲ့ စီနီယာ အစ်ကို ကြီး တစ် ယောက်ရှိပါသေးတယ် ။ အဲဒီအချိန် မှာသူ က ကွန်ပျူတာ Service ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာပါ။ ကျွန်တော်နဲ့ ရေတမာ က ဘွဲ့ရ အလုပ်လက်မဲ့ ။  တစ်ထွာလောက်ရှိတဲ့ ခြေဖ၀ါးလေး နှစ်ဖက် ကိုယ်စီကို ရန်ကုန်မြေ နင်းနေချိန် ပေါ့။ ကျွန်တော်တို့ နည်း တူ ကျောင်းမှာ ကပ်နေတဲ့ ဆိုက်ကား သမား က မင်းတို့ လစာဘယ်လောက် ရမှာလဲ ဆို တဲ့ မေးခွန်းကို မကြားချင်ယောင်ဆောင်ခဲ့ရတဲ့ ကာလတခု ပါပဲ။

 

ကျွန်တော်တို့ မန္တလေးက ထွက် လာစဉ်မှာ ၂ ယောက်ပေါင်းမှ ပိုက်ဆံက သူဌေးသားတစ်ယောက် တစ်ရက်စာ မုန့်ဖိုးလောက်တောင်ရှိမယ်မထင်ပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ သင်တန်းတွေတက်မယ်။ အခွင့်အလမ်းတွေရှာမယ်ပေါ့လေ။ ဒါပေမယ့်လဲ ယနေ့ထက်ထိ ရန်ကုန်မှာကျွန်တော်တို့ သင်တန်းမတက်ဖူးပါဘူး     (တယောဦးတင်ရီဆီမှာ ခဏ တယောထိုး သင်ဖူးတာ မပါ ) ။ ဘာလို့ ကျွန်တော်တို့ သင်တန်းမတက်ကြတာလဲ ။ တက်ချင်စိတ်မရှိကြတာလား ဆိုတော့ တက်ချင်လိုက်တာမှ ရူးတောင် ရူးတော့မလို့ ဒါပေမယ့် သင်တန်းကျေး မတတ်နိုင်ကြဘူးဗျ။

 

အလုပ်တွေလျှောက်တယ်။ အရောင်းစာရေးတောင်လျှောက်ဖူးတယ် ။ မျှော်မှန်းလစာဆို ၃ သောင်းဆို တွယ်ထည့်လိုက်တယ်။ (ကျောင်းသိက္ခာကျမှာစိုးလို့ ၁၀တန်းအောင်နဲ့လျှောက်တာပါ )တကယ်တန်းပေးမှာက ၈ထောင် တဲ့ ။ ခွီး မပဲ တစ်နေ့လက်ဖက်ရည်တစ်ခွက်ပဲသောက်ရမလိုဖြစ်နေပြီ  ။ မလုပ်ဘူးပေါ့။

 

သင်တန်းကြေးတွေစုံစမ်းတော့ ကျွန်တော်တို့တက်ချင်တဲ့သင်တန်းက သိန်းဂဏန်း အောက်ကိုမဆင်းတာကများတယ်။ ဒါနဲ့ပဲမတက်ဖြစ်တော့ပါဘူးဗျာ။

 

ဒီလိုနဲ့ပဲ ကျွန်တော်လည်း သူငယ်ချင်းကောင်းမှုနဲ့ ဒူဘိုင်းရောက် ၊ ရေတမာ က စင်္ကာပူရောက် သွားကြတာပါပဲ။

 

မြန်မာပြည်က မသွားခင်တုန်းက တော့ plan တွေကိုယ်စီနဲ့ပါပဲ ။ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့။ ဟိုလည်းရောက်ရော အလုပ် - စား - အိပ် - နိုး - အလုပ် ဆိုတဲ့ looping ကို မမောနိုင် မပန်း နိုင် လုပ်ကြရတော့တာပါပဲ ။

 

ကျွန်တော်တို့ ကွန်ပျူတာသင်တော့ နောက်နေကျ စာသားလေးရှိပါတယ် ။ programming မှာပါ။

 

Do အလုပ်, Until မသေမချင်း

 

ဆိုတဲ့ Coding လေးပါ။ မှန်လိုက်တာဗျာ တကယ်တမ်းအဲလိုပါပဲ ။ အလုပ်ကို မသေမချင်းလုပ်နေကြရတာပါပဲ။

 

ပြည်တွင်းမှာနေတုန်းက ဓါးသွေးစရိတ်မတတ်နိုင်လို့ ကျွန်တော်တို့ ကိုယ်ပိုင်ဓါးကလေး တုန်း သွား ရ ။ ပြည်ပရောက်တော့ ဓါးသွေးချိန် ချို့တဲ့တာကြောင့် တုန်းနေတဲ့ဓါးကလေး သံချေးကိုက် ရ နဲ့ ခုဆို တော်တော် တုန်းတဲ့ လူ့ နလပိန်းတုန်း တစ်ယောက်ဖြစ်နေပေါ့ဗျာ ( ဂုဏ်ယူစရာကြီး )

 

ဒါက ကျွန်တော် တို့ လူငယ်တွေဖက် ကနော် ။ ကျွန်တော်တို့ ကျေးဇူးရှင်မိဘ များ ဘက် ကရော ဘယ်လိုနေပါလဲ ။ ကလေးတစ်ယောက် အသက် ၅ နှစ်ပြည့်လို့ ကျောင်း စအပ်ပြီ ဆိုကတည်းက ( ကျွန်တော်တို့ ခေတ်ပြောတာနော် ခုခေတ်ဆို ၃ နှစ် ) ရွှေအိုးလေး ဖြစ်လာနိုး ဖြစ်လာနိုးဆိုတဲ့ မျှော်လင့်ချက်ကလေးတွေနဲ့ ထည့်လိုက်ရတဲ့ စည်းစိမ်တွေ ၊ အချိန်တွေ ၊ မျှော်လင့်ချက်တွေ နည်း နည်းနောနောမှမဟုတ်တာဘဲ ဗျာ ။ ဒါပေမယ့် ရွှေအိုးကြီးဖြစ်လာခဲ့ပါသလား ။ ဝေးပါသေးရဲ့ဗျာ ဒီကောင်တွေနှိပ်စက်လို့ အဖေ ၊ အမေ လူမွှေးလူတောင်မပြောင်တာပဲ အဖတ်တင်ပါတယ်။

 

သြော် … အတတ်သင်စေ ဆိုတဲ့ဝတ္တရား ရဲ့နောက်မှာ ပေးဝေနှီးရင်း ဆို တဲ့စကားလုံးကို မိဘရော သားသမီးပါ မေ့ချင်ယောင်ဆောင်နေလိုက်ကြရတယ် ။ အတတ်သင်ဖို့ အတွက် အရင်းအနှီးပေးပြီးသားပဲလေ။

 

မိဘတွေကတော့ ဓါး မသွေးတတ်တဲ့ လူတစ်ယောက်လက်ထဲက ဓား ကလေး တစ်နေ့ထက်လာလိမ့်နိုး မျှော်ကိုးနေမိတဲ့ ပန်းပဲ သမား တစ်ယောက် နဲ့တူနေတော့တာပါပဲ ။ ဒီလိုမျှော်လင့်ချက်နဲ့  မိဘတွေလည်း ဒုနဲ့ဒေးပေါ့။

 

ဦးလင်ကွန်း (မြန်မာမှုပြုလိုက်ခြင်း) ကို ခုနေတွေ့ရင်ပြောလိုက်ချင်တယ်ဗျာ ။ ဓါး ကို ခင်ဗျား သွေးချင်တိုင်း သွေးလို့ ရမယ်ထင်သလား ။ အခုခေတ်မှာ ခင်ဗျား ကို ဓါးသွေးဖို့ အချိန် ခြောက်နာရီမပေးနိုင်တော့ဘူး လို့ . . .

 

သံချေးကိုက်ပြီး တုန်းနေတဲ့ ဓါး တစ်လက် ကနေ ဘ၀တူ ဓါး များ အတွက် ခံစား ရေးသားထားပါသည်။

 

(ဒီပို့စ် နာမည်က မေးခွန်းလေးနော် ငါ့ဓါးဘာကြောင့်တုန်းသနည်း တဲ့ မိတ်ဆွေတို့လည်း ဖြေကြည့်ကြပါဦး ။ ကျွန်တော့် အဖြေကို သိချင်နေကြမည့် မိတ်ဆွေများ အတွက် ဖြေပေးလိုက်ပါတယ် )

မေး ။    ။ ငါ့ဓါး ဘာကြောင့် တုန်း သနည်း

 

ဖြေ ။    ။ တုန်း ချင်လို့ ကို တုန်း ပါသည်

 

 

ထက်တဲ့ ဓါး အဖြစ် သွေး နိုင် ကြတဲ့ သူများ ဖြစ်ကြပါစေ . . .

 

လေးစားစွာဖြင့်

နေစိုးနိုင်



--
Nay Soe Naing
www.naysoenaing.com

7 comments:

leomark said...

ကိုနေစိုးနိုင်ရေ... ဘယ်လို မန့်ရမှန်းတောင် မသိတော့ဘူးဗျာ။ စဉ်းစားလိုက်အုံးမယ်။
ထပ်ပြီး မန့်မယ်ဗျာ ။

Beauty Studio USA Branded Store said...

ကိုနေစိုးနိုင်ရေ စာလာဖတ်သွားတယ်ဗျာ။

ရေတမာ said...

ကိုနိုင်ရေ အသုံးမကျလို့ တုန်းပါသည်။ ထက်အောင်တော့ သွေးနေဦးမှာပါ။

Angel Shaper said...

ကိုနိုင်ကြီးရေ....
ရာတမေ ပြောသလိုပဲ... အသုံးမကျလို့ကို တုန်းနေတာပါ။ ထက်အောင်သွေးဖို့ကြိုးစားနေတုန်းပါ။
အရမ်းကောင်းတယ် ကိုနိုင်ကြီးရယ်။

နှင်းနဲ့မာယာ said...

ကိုနေစိုးနိုင်ရေ
ပထမက ဓါးသွေးချိန်မရ
ဒုတိယက ဓါးကိုသွေးဖို့ အတွက် ဓါးသွေးကျောက်ဖိုးမတတ်နိုင်..
တတိယအချက်က ဓါးမသွေးနိုင်အောင် တစုံတယောက်က တားဆီးပိတ်ပင်ထားတာ..
စတုတ္ထအချက်က တခါတရံမှာ ဓါးသွေးရမယ့် အချိန်ကို မေ့လျှော့နေခဲ့ကြတာ...
ပဉ္စမအချက်ကတော့ ကိုယ့်မှာ ဓါးရှိတယ်ဆိုတာ ထုတ်ဖော်ပြောခွင့်မရတာ....
ဆဌမ အချက်က ကိုယ့်ဓါးကို ကိုယ်မပိုင်တာ....
သတ္တမ အချက်က ကိုယ့်ဓါးကိုထုတ်ပီးခုတ်ရမယ့်အချိန်မှာ ဓါးမထုတ်ပဲသူများဆီက ပုဆိန်ကို လှမ်းငေးနေမိတာ....

ဒါတွေကြောင့်ပဲ ဓါးတွေက တုန်းပီးရင်းတုန်း ဆုံးပီးရင်းဆုံးကုန်တာ...

နှင်း

နေစိုးနိုင် said...

အခုလို အားပါးတရ လာရောက်မန့်သွားကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား

Anonymous said...

ညီမငယ် နှင်းနဲ့ မာယာ မန့် သွားတာ မှတ်သားဖို့  ကောင်းပါတယ်... အခန့် သင့်လို့  ဝင်ဆွေးနွေးရရင် ဓါးတစ်ချောင်း ထက်ဖို့ အတွက် အကြောင်း ၃ ပါးနဲ့  ပြည့်စုံဖို့  လိုတယ်လို့  တွေးမိပါတယ်..အဲဒါတွေကတော့..(၁) ဓါးကောင်းတစ်လက်ဖြစ်ရမယ်..(သံကောင်းရမယ်...ဒီဇိုင်းမှန်ရမယ် ဆိုပါတော့. ) (၂) ပြုပြင်ထိမ်းမှုကောင်းရမယ်... (နည်းလမ်းတစ်ကျ သွေးရမယ်..စနစ်တစ်ကျ သိမ်းဆည်းရမယ်..စသဖြင့်ပေါ့)..(၃) နည်းမှန်လမ်းမှန် သုံးစွဲရမယ် ( misuse မဖြစ်ရဘူး..ဥပမာ မာလွန်းတဲ့ဟာတွေ မစူးစမ်းဘဲ လျှောက် ခုတ်တာမျိုးပေါ့)...ဒီတော့ကာ.. ငါ့ဓါးဘာကြောင့် တုန်းသနည်း..ဆိုရင်..ပြောခဲ့တဲ့ အကြောင်း ၃ ခုထဲက အနည်းဆုံး တစ်ခုခု ချို့ ယွင်းနေလို့  ပဲလို့  ဖြေရမယ်ထင်ပါတယ်....ဘယ်အချက်တွေက ဘာတွေကြောင့် ချို့ ယွင်းခဲ့ရသလဲ ဆိုတာကတော့ နောက်တစ်ဆင့် ထပ်ပြီးအဖြေရှာရမယ့် အပိုင်းပါပဲ... ပြီးတော့မှ အရင်းခံ အကြောင်းတရား (Root Causes) တွေတစ်ခုချင်းဆီကို ကြိုးစားဖြေရှင်းရင် ဓါးတွေပြန်ထက်လာမယ်လို့  ထင်မြင်မိပါကြောင်း..

ခင်မင်စွာဖြင့်

LMK