Friday, September 4, 2009

လမ်းပေါ်မှ မြန်မာများ

ကျွန်တော် အညာကို အလုပ်ကိစ္စတစ်ခုနဲ့ ၂ လလောက် သွားနေလိုက်သေးတယ် ။ ကျွန်တော် က ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားနေရတာဆိုတော့ လမ်းပေါ်မှာပဲ အချိန်ကုန်တာများပါတယ် ။ ဒီလိုနဲ့ တနေ့တော့ ကျွန်တော် သွားနေကျလမ်းမကြီးပေါ်မှာ လင်မယားနှစ်ယောက် ဆိုင်ကယ်ဆီပြတ်နေတယ်။ သူတို့နဲ့ မဝေးတော့တဲ့ နေရာမှာ ဆီဆိုင်ရှိတာကိုကျွန်တော်သိပါတယ် ။ ဒါပေမယ့် ဖြတ်သွားဖြတ်လာ လုပ်သွားကြတဲ့ ကား ဆိုင်ကယ်မှန်သမျှတို့ ယောင်လို့တောင်မှ ဘာကူညီပေးရမလဲ မေးဖော်မရပါဘူး။
 
ကျွန်တော်မေးကြည့်ပါတယ်။ ဘာဖြစ်တာလဲဆိုတော့ ဆီပြတ်လို့ပါတဲ့ ။ ဦးလေးကြီး နဲ့ အဒေါ်ကြီး သနားစရာပါဗျာ ဘယ်က နေ ဘယ်လောက် လမ်းလျှောက် လာရတယ် မဆိုနိုင်ဘူး။ နှစ်ယောက်လုံး ချွေးတွေကိုရွှဲ ရွဲစိုနေတာပဲ။ ဆိုင်ကယ်ပေါ်မှာရော ၊ အဒေါ်ကြီး ခေါင်းပေါ်မှာရော အထုပ်တွေနဲ့ ကွမ်းသီးစိတ်တွေလို့ပြောပါတယ်။
 
ဒီလိုနဲ့ ကျွန်တော့် ဆိုင်ကယ်ထဲက ဆီကို ထုတ်ပေးမယ်ဆိုတော့ ထည့်စရာ ခွက် ကမပါဘူးဗျာ။ ကျွန်တော်လည်း ဒီနေ့မှ ရေသန့်ဗူးက ပါမလာဘူး ။ ခါတိုင်းဆိုရင်တော့ရေသန့်ဗူးတစ်ဗူးဆောင်ထားတတ်ပါတယ်။ ကဲဗျာ ဖြစ်သလိုလုပ်ကြတာပေါ့ဆို ပြီး လမ်းဘေးမှာ ရှိတဲ့ ပလပ်စတစ်အိပ် (ကွမ်းယာအိပ်) ကလေးတွေကို ဦးကြီးနဲ့ ကျွန်တော် လိုက်ကောက်ကြည့်ပါတယ်။ အပေါက်ကများပါတယ်။ ( မယုံ လိုက်ကောက်ကြည့်ဗျာ ဆီလုံတဲ့အိပ် ကိုမနည်းရှာရတယ် ) အဲနောက်တော့ ကျွန်တော် ကွမ်းယာအိတ် နဲ့ ၂ အိတ် သူတို့ကိုပေးပါတယ်။ ဖိတ်တာက တော့ ၂ အိတ်စာ က မယ်မထင်ပါဘူး။ ဒီ ဦးကြီး စုံတွဲဟာဆို ကျွန်တော့်ကိုကျေးဇူးတင်လိုက်တာဆိုတာ လွန်ပါရော။ ကျွန်တော့် ကို မြှောက်ပြောလိုက်တာ ကလည်း ကိုယ့်ကိုယ့် ကို သိကြားမင်း များလား ဆိုတဲ့ စိတ်ပေါက်လာအောင်ကို သူတို့ ပြောနိုင်ပါတယ်။
 
ဆိုလိုချင်တာက ကျွန်တော်ကူညီလိုက်တာ ဓာတ်ဆီ ကွမ်းယာအိတ် နဲ့ ၂ အိတ်ပါ ။ အချိန်အားဖြင့် နာရီဝက်လောက်တော့ ကြာပါလိမ့်မယ်။ ဒီလမ်းပေါ်မှာ ဖြတ်သွားကြတဲ့ လူတွေ ထဲမှာ ဓာတ်ဆီ ကွမ်းယာအိတ် ၂ အိတ် နဲ့ အချိန် နာရီဝက် တောင် မတတ်နိုင်တဲ့ လူဆိုတာ ကျွန်တော်တော့ တော် တော် ကို ရှားမယ်ထင်ပါတယ်။ ဒါပေမယ့် သူတို့ နှမြောတာ ပိုက်ဆံမဟုတ်ပါဘူး။ တကယ်ဆို သူတို့ လူဝတ္တရားဆိုတဲ့ အသိစိတ် ကလေး ပျောက်သွားတာပါ။ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက မြန်မာတွေဟာ ဒါမျိုးမဟုတ်ပါဘူး။
 
ငါနဲ့မှမသိတာ၊ ငါနဲ့မှမဆိုင်တာ ဆိုတဲ့ ကိုယ့်ကိုယ်ကို ဘောင်ထဲ ရောက်အောင် မိမိကိုယ်ကို ဘောင်တွေအထပ်ထပ် ခပ် အကျဉ်းအကျပ် ထဲရောက်အောင် ပို့နေကြတာပါ။ ငါမိသားစုနဲ့ဆိုင်မှ ငါနဲ့ဆိုင်တယ် ဆိုရင် အဲဒီလူဟာ အဲဒီမိသားစု လောက်ပဲ တန်ဖိုးရှိပါတော့တယ်။ ဆွေမျိုးအတွက် ၊ ရပ်ရွာအတွက် ၊ တိုင်ပြည် နိုင်ငံ အတွက် အစရှိသဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးတွေဖြတ်နေကြတယ်။
 
လမ်းမှာ ဒုက္ခရောက်နေသူတစ်ယောက် ကို ကူညီပေးဖို့ ဘယ်တော့မှ ၀န်မလေးမိပါစေနဲ့ ။ လမ်းမှာ ဒုက္ခရောက်ရင်ဘယ်လောက် သောက ရောက်ရတယ်ဆိုတာ ကြုံဖူးရင်သိပါတယ်။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ဆိုပြီးဆုပေးခဲ့ကြတာလားတော့မသိဘူး။
 
အဲ .. အဲဒီလို ကူညီချင်စိတ်ကလေး နည်းနည်း ရှိတဲ့ ကျွန်တော့် ကို ပညာ ပေးသွားတဲ့ အဖြစ်ကလေးကလည်းရိှပါသေးတယ်ဗျာ။ မဆိုင်ပေမယ့် လမ်းပေါ်မှာ ကူညီလို့ဖြစ်တဲ့စိတ်ချင်းတူနေလို့ပါ။
 
ဒီစာ အစမှာပြောခဲ့သလို ကျွန်တော် က လမ်းပေါ်မှာ အချိန်ကုန်တာဆိုတော့ တစ်နေ့တော့ ဘုန်းကြီးတစ်ပါး ကား တစ်စီး နဲ့ ကပ္ပိယ တစ်ယောက်ပါ
ကပ္ပိယ က ကား စက်ဖုံးကို ဖွင့်နှိုက်နေတယ်။ ဘုန်းကြီး ( သင်္ကန်းကိုခြုံထားသော ကတုံးနှင့်လူ)  က ကျွန်တော့်ကို တားပါတယ်။ တကာလေးဦးဇင်းတို့ ကားဆီပြတ်သွားလို့ အလှူငွေလေးထည့်ပါဦး ။ ဦးဇင်း တို့ က မန္တလေး မစိုးရိမ် တိုက် သစ်က ပါတဲ့။ ၀ါး.... မန္တလေး မစိုးရိမ်တိုက်သစ် ဆိုတာ ကျွန်တော် တော်တော် အားကျ တဲ့ ကျောင်းတစ်ကျောင်း ကိုးဗျ ။ ဒါနဲ့ လှူတယ် ၂၀၀၀ ညနေထိအေးဆေးပဲ။ အဲ... နောက်တစ်နေ့ .. ဒီဘုန်းကြီး နောက်နေရာတခုမှာ ကားပျက်တာ ကိုမြင်တော့ ကျွန်တော့်ကိုးတားနေတာကို မမြင်ချင်ယောင်ဆောင်ပြီး။
 
ကလေးဆိုးကြီးတစ်ယောက်လို သံဃာတော်တွေကိုတောင် အကြည်ညိုပျက်ပြီး ။ ဒေါမနသ တွေ ပွားနေမိပါတော့တယ်။ နောက်မှ ဦးဆန်းလွင် ( အရှင် အာဒိစ္စရံသီ ) ဟောတဲ့တရားလို
ဘုရား ကို အုတ်ပုံ ကွယ်တယ်
တရားကို စာအုပ်ကွယ်တယ်
သံဃာကို ဘုန်းကြီး ကွယ် တယ် ဆိုတဲ့ တရားဟန် နဲ့ စကားသံတွေကိုပြန်နှလုံးသွင်းပြီးမှ ငါ ဒါတွေကို ကျော်ကြည့်နိုင်မှသာ စစ်မှန်တဲ့ အရာ တစ်ခုကို တွေ့ရမှာပါလား ။ အုန်းသီးမမြင်ဖူးတဲ့လူတွေ အုန်းသီးကို ကောက်ချက်ချသလိုဖြစ်တော့မယ်။
 
အုန်းသီးမမြင်ဖူးတဲ့ တိုင်းရင်းသား တွေက စဉ်းစားတယ်ပေါ့ ဒီဗမာ တွေ နေရာတကာ ဒီအသီးကြီးကို ထည့်တယ်။ တော်တော် ကောင်းပုံရတယ် ပေါ့။ ဘုရားပွဲ ၊ နတ်ပွဲ ၊မင်္ဂလာဆောင် ဘာပွဲ .. ညာ ပွဲ ..အုန်းသီးက ပါတာပဲကိုး .. ဒါနဲ့မရရအောင်တောင်းသွားတာပေါ့။ အဲသူတို့ဆီရောက်တော့ သူ့ထက် မသိတဲ့သူတွေကို အားရပါးရ ပြောပြတာပေါ့ ။ အုန်းသီး ချီးမွမ်းခန်းဖွင့် အပြီး  ပါးစပ်နဲ့ ကိုက်ကြည့်တယ်။ အုန်းခွံပဲဗျာ ဖွာတာတာ နဲ့ ဘာအရသာရှိမှာတုန်း ..  ကိုက် ရင်း ကိုက်ရင်း နဲ့ အုန်းမုတ် ရောက်တော့ .. ဗမာတွေ အုန်း သီးက လည်း ကွာ ကောင်းနိုးကောင်းနိုးနဲ့ ဖွဲတွေလိုပါပဲ အစေ့ကြီး ကတော့ဖြင့် မာ ကမာ ကြီးက ကြီးသနဲ့ ...ဖွီး... ဘာမှမကောင်းဘူး... ဆိုပြီး ကောက်ချက်ချဆိုပဲ။
 
ကျွန်တော်လည်း အုန်းသီးမမြင်ဖူးလို့ ကောက်ချက်အချမှားသလို .. အကာ သင်္ကန်း ကို သာ တွေ့ပြီး အနှစ်သံဃာ ကို စော်ကားမိတော့မလို့ သီသီလေးလိုသွားပါတယ်။
 
ဒါကြောင့် ..
မြန်မာတွေရဲ့ ချစ်စရာကောင်းပြီး သူများတွေထက် သာတဲ့ အချက် ဟာ အချင်းချင်းကူညီရိုင်းပင်းချင်းဖြစ်ပါတယ်။ ဒါကို အဝေးမှာနေဖူးတဲ့ ရွှေမြန်မာတွေ ပိုသိပါတယ်။ ကျွန်တော်တို့ရဲ့ဒီစိတ်ဓာတ်ကလေးတွေပျောက်သွားမှာကိုတော့ စိုးရိမ်မိပါရဲ့...
တိုးတက်လာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကြားမှာ
ထိုးဖောက်လာတဲ့ ကမ္ဘာအရပ်ရပ်က ယဉ်ကျေးမှုတွေကြားမှာ
လွမ်းရေးထက် ၀မ်းရေးခက် နေကြရတဲ့ ဘ၀တွေကြားမှာ
သာသနာထက် အစာရှာဖို့ ထွက် နေကြတဲ့ ဘ၀တွေကြားမှာ
ဘယ်သူကို ဆရာတင် .. ငါမြင် ငါမှန် နေကြတဲ့ဘ၀တွေကြားမှာ
 
အနာဂတ်မြန်မာဆိုတာ ဘယ်လိုများဖြစ်လာမှာလဲ ...
 
အင်း ဒီအချိန်မှာ တိုးတိုးလေး ညည်းနေမိတဲ့ သီချင်းလေး က ကိုယ်ဘာစတေးရမလဲ ... တဲ့
 
လေးစားစွာဖြင့်

--
Nay Soe Naing
www.naysoenaing.com

6 comments:

ရေတမာ said...

အရင်ဆုံး သာဓုခေါ်ပါတယ် အကို။ လေးစားပါတယ်။ ကူညီချင်တဲ့စိတ် အမြဲပဲမွေးပါမယ်။

မေဇင် said...

ဒီပိုစ့်လေး အတွက် ကျေးဇူးတင်ပါတယ်...။ လေးစားမိပါတယ် ။ တတ်နိုင်သလောက်တော့ ကူညီခဲ့ဖူးပါတယ် ရှင်...။

Waing said...

ကိုယ်နဲ့လက်လှမ်းမီသလောက် ကူညီနိုင်တာကတော့ အမြတ်ဆုံး ဒါနတစ်မျိုးပါပဲ။ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းကူညီတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲလေ။

Angel Shaper said...

ကိုနိုင်ကြီးကို သာဓုခေါ်ရင်း ပိုပြီး လေးစားချစ်ခင်ရပါတယ်။
လူ့ ဝတ္တရားဆိုတဲ့ အသိစိတ်ကလေးနဲ့ လူတွေကို တတ်နိုင်သလောက် ကူညီနိုင်အောင် အမြဲ ကြိုးစားပါ့မယ်။ ကျေးဇူးတင်တယ်နော်။

kyalkalay said...

ကောင်းလိုက်တဲ့ post

ကျေကျေနပ်နပ် ခံယူသွားပါတယ်
အမှန်ကိုပြပေးတဲ့အတွက်ကျေးဇူးပါ

မြတ်နိုး said...

'ငါနဲ့မှမသိတာ၊ ငါနဲ့မှမဆိုင်တာ ဆိုတဲ့ ကိုယ့်ကိုယ်ကို ဘောင်ထဲ ရောက်အောင် မိမိကိုယ်ကို ဘောင်တွေအထပ်ထပ် ခပ် အကျဉ်းအကျပ် ထဲရောက်အောင် ပို့နေကြတာပါ။ ငါမိသားစုနဲ့ဆိုင်မှ ငါနဲ့ဆိုင်တယ် ဆိုရင် အဲဒီလူဟာ အဲဒီမိသားစု လောက်ပဲ တန်ဖိုးရှိပါတော့တယ်။ ဆွေမျိုးအတွက် ၊ ရပ်ရွာအတွက် ၊ တိုင်ပြည် နိုင်ငံ အတွက် အစရှိသဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးတွေဖြတ်နေကြတယ်။'

မှန်လိုက်တာဗျာ..။ မိသားစုဆိုတာတောင်မှ ဝေးနေတဲ့အခါ ကြွားဖို့လောက်နဲ့ဂုဏ်ယူဖို့အတွက်ပဲ ဆိုင်တာပါဗျာ..။ ကိုယ်တွေ့ပါ..။

ဟုတ်တယ်ဗျ..ကျနော်ဆိုလဲ ဘုန်းကြီးဆို တော်ရုံ မကြည်ညိုပဲ မလှူချင်ဘူး လှူလဲ မလှူဘူး။ တကယ်လိုနေတဲ့နေရာ ကိုပဲ လှူလိုက်တာ..။