Wednesday, August 26, 2009

စုန်ရေ နှင့် ဆန်ရေ

ထ ပါဦး ထ ပါဦး ဒီမှာ ကလေး က ဘာဖြစ်နေတာလဲ မသိဘူး

ဆိုတဲ့ အသံကြောင့် တစ်နေကုန်လယ်ထဲမှာ ပင်ပန်းလွန်းလို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတဲ့ သူတယောက် အိပ်မှုန်စုံဝါး နဲ့ထလာတယ်။ ကြည့်လိုက်တော့ ကလေး ကနှာခေါင်းပိတ်ပြီး အသက်ရှူရခက်နေတာကိုး ။ တောရွာကလေးဖြစ်တဲ့ အလျှောက် ဘယ်ဒေါက်တာမှလည်း မရှိဘူးလေ။ အကောင်းဆုံးကတော့ ကလေးနှာခေါင်းထဲက နှပ်ပုပ်တွေကို ပါးစပ်နဲ့စုပ်ပစ်လိုက်တာပါပဲ။ အင်း .. ကလေး ကတော့ ပြန်အိပ်ပျော်သွားပြီ သူသက်သာသွားလို့ထင်ပါရဲ့ .. အတွေးနယ်ချဲ့ရင်း အိပ်မပျော် လင်းကြက်မအော်ခင် လယ်ခွင်ဆင်းဖို့ပြင်ခဲ့တဲ့ရက်တွေပေါင်း များလှပေါ့….

 

ဦးလေးဝင်း .. ဦးလေးဝင်း နိုင်နိုင် ဘောလုံးကန်ရင်း လက်ကျိုးလို့ ဆိုပြီး ကလေးတွေ ပြေးလာပြောတော့ လုပ်လက်စ အလုပ်တွေ ပစ်ပြီး ကလေးတွေ ဘောလုံးကွင်းရှိရာပြေးကြည့်လိုက်တော့ လား .. လား ငိုနေတဲ့ ကလေးတစ်ယောက် လက်ကလေးကကောက်လို့ .. မိုးရွာထဲဘောလုံးကန်ရင်းချော်လဲလို့ နောက်ကလေးတစ်ယောက်ကတက်နင်းမိတာလေ။ အရေး အကြောင်းဆို ကျေးလက်နေရသူတွေအဖို့အခက်ပါ။ အခုကြည့်လေ ကလေး ကလက်ကျိုးနေပြီ ဆေးခန်းမရှိ ၊ ဆရာဝန်မရှိ နဲ့ ဆေးခန်းနဲ့ ဆရာဝန်ရှိတဲ့နေရာသွားရအောင်ကလည်း မိုးကမစဲအောင်ရွာနေ .. ကဲ ..ဘယ့်နှယ့်လုပ်ကြပါ့ ။ ဘာတတ်နိုင်မှာလဲ မိုးရွာထဲမှာ ကလေးကို မိုးကာ ပလပ်စတစ်ကလေးခြုံပေးပြီး ဆရာဝန်ရှိတဲ့ ရွာဆီ ခြေလျှင်ပြေးရုံမှတပါး အခြားမရှိ .. မိုးရွာထဲမှာ ချွေးတွေများထွက်ခဲ့လေမလား …

 

ကျောင်းသားဘ၀ တလျှောက် မုန့်ဖိုး မရှိလို့ မပေးလိုက်နိုင်ဘူးဆိုတာ မရှိစေရ ။ မရ ရအောင်ပေးရမယ်ဆိုတဲ့ အမိန့်နဲ့ တစ်အိမ်လုံးကို မှာထားပြီး ကျောင်းသူကျောင်းသားတွေ အလယ် မျက်နှာမငယ်ဖို့ ထမင်းချိုင့်မှာ ဟင်းကောင်းကောင်း ကို များများ ထည့်ပေးဖို့ အမြဲသတိပေးခဲ့တဲ့ အချိန်တွေ ဆိုတာ နည်းနည်းနောနောမှတ်လို့

 

ငါကိုယ်တိုင် စာမတတ်ပေမယ့် သားတွေကို စာတတ် လူရာဝင်စေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကြိုးစားခဲ့ ၊ သူများ အိမ်မှာ စာရင်းငှား ( အလုပ်သမား ) အဖြစ် မြွေပွေး ၂ ခါ မြွေဟောက်တခါ အကိုက်ခံ ခဲ့ရတာကို မသေခဲ့တာဟာ သားတွေအပေါ်ထားတဲ့ စိတ်ဓတ်တွေမြင့်မားလွန်းနေခဲ့လို့များလား …

 

သားကြီးဘွဲ့ရတော့ ဘွဲ့နှင်းသဘင် ခမ်းမ ကို တက်ရတာကိုများ သူ့ကိုယ်သူ နန်းသိမ်းပွဲတက်နေတဲ့ ရှင်ဘုရင်ကြီး တယောက်လို အောက်မေ့နေတတ်သူပေါ့။ သားအငယ်ဆုံး က အဝေးရောက်ဘွဲ့ယူမယ်ဆိုတော့ သိပ်တောင်သဘောမကျချင်ခဲ့ပါဘူး. . .

သားတွေအတွက် ဆို အရာရာထက် ဦးစားပေးခဲ့တဲ့ အဖေပါ

ဘယ်အရာမှ ကျွန်တော်တို့ထက် ပို အရေးပေးခံရတယ်ဆိုတာ မှတ်မိသလောက်မရှိခဲ့ဘူးပါ ။

 

ကဲ .. ညီဆီကို ဖုန်းဆက်လိုက်တယ် ..

နိုင်နိုင် တို့ အဖေ ဆေးရုံတင်ထားရတယ်တဲ့ ..

…..

…..

ဘယ်တော့မှ ဒီသား ကို ခွင့်မလွှတ်ပါနဲ့အဖေ ။ အဖေ ကျန်းမာပါစေ

 

လေးစားစွာဖြင့်

နေစိုးနိုင်



--
Nay Soe Naing
www.naysoenaing.com

6 comments:

ကိုရေတမာ said...

ဦးလေး အမြန်ဆုံးကျန်းမာပါစေ....... အမြန်ဆုံးသက်သာပါစေ.....

Angel Shaper said...

ကိုနိုင်ကြီး အဖေ မြန်မြန်နေကောင်းပါစေ။
ဆုတောင်းတိုင်း သတိတရ ဆုတောင်းပေးပါတယ်။
ခံစားရတဲ့ ရောဂါဝေဒနာများ သက်သာပျောက်ကင်းပါစေ။
ကျန်းမာရွှင်လန်းစွာနဲ့ သားသမီးမြေးမြစ်များနှင့် အသက်ရှည် နိုင်ပါစေ။

နေစိုးနိုင် said...

အခုလိုဆုတောင်းပေးကြတဲ့ ညီ ၊ ညီမ တို့ကိုကျေးဇူးတင်ပါတယ်

နှင်းနဲ့မာယာ said...

ကိုနေစိုးနိုင်ရေ
အဖေဆိုတာ အမေတွေလို စကားချိုချင်မှချိုမယ်
အမေတွေလို တယုတယ မနေရင်သာရှိမယ်..
သားသမီးတွေကို အမြင့်ဆုံးကိုပို့ပေးချင်တဲ့ သူတွေ..
သားသမီးတွေအတွက် အများအလည်မှာ ဂုဏ်ယူဝင့်ကြွင်္ားချင်သူတွေ..
အဖေတွေအားလုံးကို အရမ်းလေးစားပါတယ်..
အကို့ အဖေ အမြန်နေကောင်းပါစေ...

နှင်း

flowerpoem said...

ကိုနေစိုးနိုင်အဖေလား
အမြန်ဆုံးကျန်းမာပါစေ..

leomark said...

အင်းဗျာ...တခါတလေ ... ဘယ်လိုမှ ပြန်ဆန်လို့မရတဲ့ အခြေနေ ကြုံလာရင် ဆုတောင်းပေးရုံမှတပါး....