Friday, August 21, 2009

မိမိကိုယ်ကို ယုံကြည်ချက်နှင့် ပန်းတိုင်

ကျွန်တော်တို့ လျှောက်လှမ်းခဲ့ကြတဲ့ ဘ၀ခရီးတစ်လျှောက်မှာ ဆုံးဖြတ်ချက်ပေါင်းစုံချဖူးခဲ့ကြပါလိမ့်မည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်များစွာထဲမှ အနည်းငယ်သော ဆုံးဖြတ်ချက်များမှာ ကျွန်တော်တို့ ဘ၀ အတွက် တဆစ်ချိုး အကွေ့ကြီးများနှင့်ပင်တူနေလေတော့သည်။ ထိုအခါမျိုးမှာ ကျွန်ုပ်တို့တွေဝေနေတတ်ပါသည်။ မိမိဆုံးဖြတ်လိုက်သည်မှာ မှန်မှမှန်ကန်ပါ့မလားဆိုသည့် သံသယစိတ်က ၀င် ၀င်လာတတ်လေသည်။ ယင်း သံသယစိတ်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှူ အပေါ်မှာမူတည်ပါသည်။
 
မိမိကိုယ်ကိုယ်ယုံကြည်မှူ ( Self Confident ) ကို ပုံစံအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုး ရှိကောင်းရှိနိုင်ပါသည်။ ကျွန်တော့် ခံယူချက်မှာကား ဘယ်သူက ဘယ်လိုပြောထားထား အားလုံး ခြုံပြီး ကိုယ်ပိုင်မူ တစ်ခုဖြင့်နေထိုင်ရတာကို ကျေနပ်မိပါသည်။ ပြန်ကောက်ရမည်ဆိုလျှင် မိမိကိုယ်ကိုယ်ယုံကြည်ချက် ဆိုသည် ကို ဘယ်လိုမျိုးခံယူထားပါသနည်း ။
 
မိမိကိုယ်ကိုယ်ယုံကြည်ခြင်းဆိုသည်မှာ ငါပြောတာအမှန် ၊ ငါလုပ်တာ အဖြောင့် ၊ ငါမှမှန်တယ်ဆိုတယ် ငါ တလုံးစွဲကိုင်ထားတဲ့ လူကို မိမိကိုယ်ကိုယ်ယုံကြည်ချက်ပြည့်သောသူအဖြစ်သတ်မှတ်နိုင်ပါမည်လော။ ထိုသူသည် အတ္တကြီးမားလွန်းသော ငါသမားတစ်ယောက်သာ ဖြစ်နေပါလိမ့်မည်။ 
 
လူသားတို့၏ထုံးစံအတိုင်း အမှားများစွာကို ကျူးလွန်ကြသည်မှာ ဟိုးရှေးပဝေသဏီကပင်ဖြစ်လေသည်။ ယခုထက်တိုင်လည်း ကျူးလွန်နေဆဲဖြစ်ပြီး နောက်နောင်လူများလည်း ကျူးလွန်မြဲကျူးလွန်နေကြဦးမည်သာဖြစ်ပါသည်။ ထို့ကြောင့်ပင် လူမှူရေးဆိုင်ရာ ဥပဒေများ ၊ ဘာသာရေးဆိုင်ရာ ပညက်ချက်များ စသဖြင့် လူတို့ ကို ထိမ်းသိမ်းနိုင်ရန်စီမံထားရခြင်းဖြစ်ပေသည်။ 
 
မိမိကိုယ်ကိုယ်ယုံကြည်မှူရှိခြင်းနှင့် ဘယ်သူပြောပြော  ထည့်စဉ်းစား စရာမလိုဘဲ မိမိယုံကြည်ရာသာအမှန်ပဲ ဆိုသည့် ငါ စွဲ သမား မှာ တော်တော်လေးကို ဆင်တူသည်ဟုထင်ပါသည်။ ကျွန်ုပ်တို့ ဆက်ဆံရာပတ်ဝန်းကျင်တွင်လည်း ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးကို တွေ့ဖူးကြမည်မှာ ဧကန်မလွဲဖြစ်ပါသည်။ အဖွဲအစည်းတခုအကြား ၊ အသိုင်းအ၀ိုင်းတခု အကြားမှာ ဆိုလျှင် ပိုမိုသိသာထင်ရှားပါသည်။ ၄င်းတို့ အနေနှင့်ကား သူ့တို့ကိုယ်သူတို့ တော်တော် အစွမ်းအစ ရှိသူများ ဟုသွေးနားထင်ရောက်နေတတ်ပါသည်။
 
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဆိုသည်မှာ အလုပ်တခု ၊ ဆုံးဖြတ်ချက်တခု ၊ စကား တခွန်း စာတစ်လုံး အထိ မလုပ်ခင် ၊ မပြောခင် မှ  ပြောဆဲ ၊ ပြုဆဲ ကာလအထိ ထိုမှတဖန် နောက်ဖြစ်လာမည့် အကျိုးဆက်များအားလုံးကို တာဝန်ယူဖြေရှင်းရဲသော သတ္တိနှင့် ရလဒ်ကို  လက်ခံရဲသည် စိတ်တို့သာ ဖြစ်သည်ဟုထင်မြင်မိပါသည်။
 
ကျွန်တော် အပါအ၀င် လူပုဂ္ဂိုလ်တော်တော်များများမှာ မိမိကိုယ်ယုံကြည်စိတ် ၊ တာဝန်ယူလိုစိတ်အနည်း နှင့် အများရှိကြပါသည်။ သို့သော် ထိုစိတ်ကလေးမှာ ရေရှည်မခိုင်မြဲတတ်ဘဲ ဖြစ်နေတတ်ပါသည်။ ကျွန်တော် သုံးသပ်မိသလောက် မလုပ်ခင် ၊ မဖြစ်ခင် နှင့် လက်ရှိ လုပ်ဆဲ ၊ ဖြစ်ဆဲ ကာလအထိ သာ ထိုစိတ်ကလေးကို သိသိသာသာ မြင်တွေ့နေရပါသည်။ နောက်ဖြစ်လာတဲ့ အကျိုးဆက်ကို လက်ခံရဲတဲ့သတ္တိကို လက်ခံရဲသောသူအဖြစ်ကတော့ အလွန်နည်းပါးသော ရာခိုင်နှုန်း တခုသာရှိနေပါလိမ့်မည်။
 
ထို့ကြောင့် ကျွန်တော်၏ အယူအဆမှာ မိမိကိုယ်ကိုယ် ယုံကြည်မှူ ရှိခြင်းဆိုသည်မှာ မိမိ အမြဲတမ်းအမှန်တွေချည်းပဲ ပြုလုပ်နေတာပဲ ဟု မိမိကိုယ်ကို ဇွတ်အတင်း level မြှင့်ယူချင်တဲ့ ( မရှိတဲ့ ဂုဏ်ကို လုပ်ယူချင်တဲ့ စိတ် ) စိတ် မျိုးမဟုတ်ဘဲ မိမိလုပ်မည့် အလုပ်တစ်ခု ၊ လုပ်နေတဲ့အလုပ်တစ်ခု ၊ လုပ်ပြီးလို့ ( ဆုံးဖြတ်ပြီးလို့) ဖြစ်လာတဲ့ အကောင်းအဆိုး ဆိုတဲ့ ရလဒ်ကို ရင်ဆိုင်ရဲသော သတ္တိကို သာ မိမိကိုယ်ကိုယုံကြည်သော သတ္တိဟု ထင်ပါသည်။
 
ထို့နောက် ပန်းတိုင် ( သို့) ရည်မှန်းချက် အကြောင်းဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ရွယ်စဉ် ကျောင်းသားဘ၀ မှပင် လူကြီး မိဘ ၊ ဆရာ ၊ ဆရာမ စသည့် သက်ကြီး ၀ါကြီး ပုဂ္ဂိုလ်တို့ထံမှ ရည်မှန်းချက် ပန်းတိုင်ထားရမည်ဖြစ်ကြောင်းနှင့် ရည်မှန်းချက် မရှိသောသူသည် မည်ကဲ့သို့ ဒုက္ခရောက်ကြရပုံကို ဥပမာပြု၍ ရေးသားထားသော စာပေ ၀တ္ထုတို့ ကိုကျွန်တော်ပြန်လည် တင်ပြနေဖို့လိုမည်မဟုတ်ဟု ယုံကြည်ပါသည်။ ( ကျွန်တော့်ဆိုက်ကို လက်ခံနိုင်တဲ့လူများသာ လာလေ့ရှိသည်) ထိုသို့ဆိုပါလျှင် ကျွန်တော်တို့တတွေ ပန်းတိုင်တခု သတ်မှတ်ပြီး လုပ်ဖူးပါလား ။ ကျွန်ုပ်ပြန်ဖြေပါမည် ။ လုပ်ဖူးပါသည် ပန်းတိုင်ပေါင်းများစွာ ထား၍ လုပ်ဖူးပါသည်။ ဆက်လက်မေးခွန်းတခုမှာ ကား အဘယ့်ကြောင့် ပန်းတိုင်ပေါင်းများစွာဖြစ်နေရပါသနည်း။
 
တောင်များပေါ်ကိုတက်ဖူးပါသလော ။ တောင်မတက်ခင် က အမြင့်ဆုံးဟုထင်ရသော တောင်ထိပ်ရောက်သောအခါ ၄င်းထက်မြင့်သော တောင် တခု အမြဲ ရှိနေကြောင်း သိဖူး ကြုံဖူးကြမည်ထင်ပါသည်။ ကျွန်ုပ်တို့ဘ၀ တွင် လည်း တောင်နှင့်တူသော အခက်အခဲ များ နှင့် တောင်ထိပ်နှင့် တူသော ပန်းတိုင်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါသည်။
 
ဘ၀တောင်တက်ခရီးမစမီမှာ ပန်းတိုင်ဆိုတဲ့ တောင်ထိပ်ကို ရောက်အောင်တက်မည်ဆိုသည့် စိတ်နှင့် ကျွန်ုပ်တို့တက်ခဲ့ကြသည်။ တောင်ထိပ်မရောက်မီမှာပဲ ဒီထက်မြင့်တဲ့တောင်ကို လှမ်းမြင်တဲ့ အခါ တောင်မတက်ခင် ထားခဲ့သည့် ပန်းတိုင်ဆိုသည့် တောင်ထိပ်အရောက် တက်မည်ဆိုသည့်စိတ်ကူးသည်လည်း ပျက်ပြယ်သွားက မြင့်ရာတောင်သို့ လမ်းတ၀က်မှ ကူးသွားကြသူများလည်းရှိသည်။ တောင်ထိပ်လည်းရောက်ပြီ မတက်မီက ချခဲ့တဲ့ပန်းတိုင်လည်း ရောက်ပြီ ၊ နောက်ထပ် ဒီထက်မြင့်တဲ့ တောင်ထိပ်တစ်ခုကိုလည်း မြင်နေရပြီ ။ ဆက်တက်ဖို့ အတွက် ပန်းတိုင်အသစ်သတ်မှတ်ပြီး အမြင့်ရောက်ဖို့ ကြိုးစားကြသူများလည်းရှိပေမည်။ ပန်းတိုင်ဖြစ်သော တောင်ထိပ်အရောက် နောက်ပန်းတိုင် မသက်မှတ်တော့ဘဲ ရောက်သလောက်နှင့် ကျေနပ်ကြမည့် အုပ်စု ကလည်း တပုံတပင်။ ထိုသူများကဲ့သို့ တောင်ထိပ်သို့ပင်ရောက်အောင်မတက်တော့ဘဲ ဒီတောင် ကကောင်းနိုးနိုး ဟိုတောင်က ပိုကောင်းနိုးနိုး နဲ့ တောင်တက်လမ်း တ၀က်မှာ လမ်းရွေးပြီး ကျန်နေခဲ့တဲ့ အုပ်စုကတော့ အားလုံးထဲမှာ အများဆုံးဖြစ်မည်ထင်ပါသည်။
 
ထို့ကြောင့် ပန်းတိုင်မရောက်မှီ ပန်းတိုင်သစ်ပြောင်းလဲသတ်မှတ်သူများ
ပန်းတိုင်ရောက်ပြီး နောက်ထပ်ပန်းတိုင်သစ်အတွက်အားကုန်သွားသူများ
ပန်းတိုင်ကို ဟုတ်တိပတ်တိ မရောက်လိုက်ရဘဲ ဟိုလမ်း ဒီလမ်း ရွေးခြင်းနှင့် အချိန်ကုန်နေကြသူများ
ပန်းတိုင် တစ်ခုပြီး တစ်ခု အောင်မြင်အောင်ရှေ့ဆက်နေသူများ
 
စသည့် လူများထဲမှာ ကျွန်ုပ်တို့တတွေလည်း ပုံစံတမျိုးမျိုးဖြင့် ပါခဲ့ဖူးမည်မှာ ဧကန်မလွဲပင်ဖြစ်လေတော့သည်။
 
ထို့ကြောင့် ယခု မိမိသည် အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်နေ၍ ရှေ့ဆက် မည်ကဲ့သို ခရီးဆက်မည်ကို နေမ၀င်ခင် သတိပေးလိုခြင်းဖြစ်ပါသည်။ နေ၀င်လျှင် ကျွန်ုပ်တို့ ခရီးမတွင်နိုင်တော့သောကြောင့်ဖြစ်ပါသည်
 
လေးစားစွာဖြင့်
နေစိုးနိုင်
 
 
 

 

--
Nay Soe Naing
www.naysoenaing.com

3 comments:

flowerpoem said...

ပန်းတိုင် ကို ခြေလှမ်းမှန်၂နဲ့ အမြန်ဆုံး လှမ်းနိုင်အောင် ရေးသားဖော်ပြပေးတာကျေးဇူးပါ

Angel Shaper said...

မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဆိုသည်မှာ အလုပ်တခု ၊ ဆုံးဖြတ်ချက်တခု ၊ စကား တခွန်း စာတစ်လုံး အထိ မလုပ်ခင် ၊ မပြောခင် မှ ပြောဆဲ ၊ ပြုဆဲ ကာလအထိ ထိုမှတဖန် နောက်ဖြစ်လာမည့် အကျိုးဆက်များအားလုံးကို တာဝန်ယူဖြေရှင်းရဲသော သတ္တိနှင့် ရလဒ်ကို လက်ခံရဲသည် စိတ်တို့သာ ဖြစ်သည်ဟုထင်မြင်မိပါသည်။

မိမိလုပ်မည့် အလုပ်တစ်ခု ၊ လုပ်နေတဲ့အလုပ်တစ်ခု ၊ လုပ်ပြီးလို့ ( ဆုံးဖြတ်ပြီးလို့) ဖြစ်လာတဲ့ အကောင်းအဆိုး ဆိုတဲ့ ရလဒ်ကို ရင်ဆိုင်ရဲသော သတ္တိကို သာ မိမိကိုယ်ကိုယုံကြည်သော သတ္တိဟု ထင်ပါသည်။

ဒီအပိုဒ်လေးတွေက သမီးကို ဆုံးမထားတာလို့ မှတ်ယူထားတယ်။ ဒီလိုအရေးလေးတွေနဲ့ သမီးကို ကိုယ့်ကိုယ်ကို ယုံကြည်ရဲတဲ့ သတ္တိတွေ ရှိလာအောင်၊ စိတ်ဓာတ်ခွန်အားတွေ ဖြည့်ဆည်းပေးလို့  အတိုင်းထက်အလွန်ပါ။
နေမ၀င်ခင် ပန်းတိုင်ကို အမြင့်ဆုံးရောက်အောင် လှမ်းရမယ်။ ဒီလိုလေးတွေကြောင့် ပိုပြီးလေးစား ခင်မင်မိပါတယ်ဗျာ။။။

လင်းဦး(စိတ်ပညာ) said...

ယုံကြည်ချက်ဆိုတာ အလွန်ရေးကြီးပါတယ်....