လက်ဖက်တွေမှာ ဆိုးဆေးပါလို့တဲ့ ။ စားရင် အန္တရာယ်ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းကြားတော့ အိမ်က ပို့ပေးထားတဲ့ လက်ဖက်လေး တွေ ကို မစားဘဲ နေရမှာ နှမြောလိုက်တာ။ အရင်ကလို ဆို အကောင်းသား ။ နေစိုးနိုင် က သိတတ်စ အရွယ် ကတည်း က လက်ဖက် မစားခဲ့ တာ လေ။ စားဖို့ ဆိုဝေးရော အနံ့တောင်မခံဘူး။ အိမ်မှာ ဆို နေစိုးနိုင် ရှိနေရင် လက်ဖက်ခွက် ချမထားဘူး။ ဆွေမျိုးတွေ အိမ် ကို သွားလည်ရင် နေစိုးနိုင် ထိုင်တဲ့ နားမှာ လက်ဖက်ခွက် လာမထားရဲဘူး ၊ ရှိနေရင်တောင် သိမ်း ပေးတယ်။
စိတ်ထဲမှာ ရွံကြောက်ကြီး ဖြစ်နေတာ ၊ အသားကို လက်ဖက်နဲ့ ထိသွားပြီ လို့ စိတ် ကူးမိတာနဲ့ ကြက်သီးမွှေးညှင်းတွေ ပေါ်လာတတ်တယ်။ အဲ ခက်တာက လက်ဖက်ခြောက် ကြတော့ ဘာမှမဖြစ်ဘူး။ ရေနွေးကြမ်း သောက်တယ်။
အရွယ်ရောက်လာတော့ စာလေးဘာလေးဖတ် ကြည့်တော့ ဒါဟာ စိတ်ရောဂါတစ်ခု ပါပဲ ။ အချို့တွေ က ၀ါဂွမ်း ကလေးတွေ ကို အသေအလည်း ကြောက်တယ် ၊ အချို့ က အမွှေး အမျှင်ကလေးတွေ ၊ အချို့ က မီးခြစ် စသဖြင့် ကြောက်ပုံ ချင်းမတူပေမယ့် ဒါမျိုးတွေ တွေ့ဖူးကြမှာပါ။
ဖျောက်ဖျက်ပစ်ဖို့ ကြိုးစား ကြည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၂၀၀၄ ခုနှစ် ဟားခါး ကို အလည်သွားတဲ့ အချိန် ၊ ကျွန်တော့် အသက် ၂၁ နှစ် မှာပေါ့။ ကျွန်တော့် သူငယ်ချင်း က ဟား ခါးမှာ လက်ဖက်ခြံကြီး ရှိတယ် ။ တနေ့ပေါ့ ဟားခါး ကသူငယ်ချင်းတွေ စုပြီး လက်ဖက်ခြံမှာ picnic သွားကြမယ်ပေါ့။ ဟိုကိုရောက်တော့ ဂစ်တာတီး သီချင်းဆိုကြ၊ ၀ိုင်သောက်ကြ လုပ်နေတဲ့ အချိန်မှာ ကောင်မလေးတွေ က လက်ဖက်သုပ် ပါတယ်။ ( ဒီမှာ လက်ဖက်ရွက်အစိမ်းကိုလည်း စားကြည့်သေးတယ် စားလို့ရတယ်)
လက်ဖက်စားလို့ ရပြီ ဆိုတဲ့ အချိန်မှာ ကျွန်တော် က မစားပါဘူး။ ၀ိုင် ပဲ သောက်နေတာပါ ။ ဒါကို သူတို့ သတိထားမိတော့ လက်ဖက်စားပါ ပေါ့ ။ ကျွန်တော် လည်း ဟုတ်ကဲ့ ပေါ့ ။ ဒါပေမယ့် မစားပါဘူး။ နောက်ပိုင်းမှာ သူငယ်ချင်းက လည်း သူ့ ခြံထွက် လက်ဖက် ဆိုတော့ ကြွားချင်နေတယ်ထင်ပါ့ ဗျာ ။ အတင်းစားခိုင်းကြတယ်။
ဒီမှာပဲ ကျွန်တော် ပြောပါတယ် ။ ငါလက်ဖက် မစားဘူးလို့ ၊ ငယ်ကတည်း က မစားလာတာလို့ ။ပြောတော့ မယုံကြဘူး။ သေချာပြောပြ မှ ယုံတယ်။ ဒါပေမယ့် ဘာပြောတယ်ထင်လဲ မင်းက psychosis ပဲတဲ့။ ဂေါက်ပေါ့ဗျာ။ ဒါကိုကျွန်တော်လည်းသိတယ် ။ ဒါပေမယ့် ခု ရွယ်တူကောင်မလေး တွေ က ပြောတာဆိုတော့ ရှက်တာပေါ့ဗျ။ ဒါနဲ့ ကျွန်တော် စားရကောင်းမလား မစားရကောင်းမလား စဉ်းစားတာ ကျွန်တော့်ဘ၀ မှာ ယခု အချိန်အထိ စိတ်အလှုပ်အရှားဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့ အချိန်ပါ။ ကျွန်တော် တစ်ကိုယ်လုံးကို တုန် နေအောင်ကို ဝေခွဲမရဖြစ်ခဲ့ရတာပါ။
နောက်တော့ ပြောတယ်။ နင်တို့ ခွံ့ကျွေးရင် စားမယ်လို့ ။ ကျွန်တော် ထင်တာ သူတို့ မကျွေးလောက်ဖူးပေါ့။ ဒါပေမယ့် သူတို့ က တိုင်းရင်းသူလေးတွေ လေ ။ ရိုးသားပွင့်လင်းတယ်။ ဒါကို ကျွန်တော်မေ့သွားတာ ။ ၃ ယောက် လာ ခွံမယ်ပေါ့။ ကျွန်တော် ၀ိုင်တစ်ခွက်ကို လက်က ကိုင် မျက်စိမှိတ် ပြီး ပါးစပ် ဟ ထားပေးပါတယ်။ သူတို့ ကလည်း ဇွန်း နဲ့ အပြည့် လောင်းထည့်ပေးပါတယ်ဗျာ။ နည်းနည်း ချင်းကျွေးမယ် မထင်ပါနဲ့။ ပါးစပ်ထဲ ကို လက်ဖက် တွေရောက်လာ လာချင်း မ၀ါးပဲ ၀ိုင် နှင့် မျှော ချ လိုက်ပါတယ်။
ကျွန်တော် အောင်မြင်သွားပါတယ် ။ ဒီအချိန် ဒီ နေ့ က စလို့ နေစိုးနိုင် လက်ဖက် စ စားခဲ့ပါတယ်။ ခု လက်ဖက်မှာ ဆိုးဆေးတွေ တွေ့တယ် တဲ့ ။ နေစိုးနိုင် က တော့ သူများထက် ရာခိုင်နှုန်းနည်း မှာသေချာတယ်။
ဟားခါး သာ မသွားခဲ့ ရင် ၁၀၀ ရာနှုန်း လက်ဖက် ကင်းတယ်လို့တောင်ပြောလို့ရတယ်။
မိမိ စိတ်ကို ပြန်လည်တိုက်ခိုက်ရတာ အခက်ခဲဆုံးပါပဲ. . .
လေးစားစွာဖြင့်
နေစိုးနိုင်

4 comments:
ကိုယ့်စိတ်ကို တိုက်ခိုက်နေတာ မအောင်မြင်သေးဘူး
ကိုနေစိုးနိုင်ရဲ့ စိတ်အောင်မြင်သွားတာပေါ့
ကိုနိုင်ကြီး...
ကိုယ့်စိတ်ကို တိုက်ခိုက်တာမလွယ်ဘူးဆိုတာ မှန်တယ်... ဒါပေမယ့် ကြိုးစားပြီး တိုက်ခိုက်နေပါ့မယ်.....
အကိုကတော့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်....
ဟုတ်တယ်ဟုတ်....
အကုန်လုံးကို မဟုတ်ပေမယ့်
ဒီတခါ အောင်ဘူးတယ်
Post a Comment