မိမိတို့နေထိုင်ရာ ၊ ကျင်လည်ကျက်စား ရာ နေရာဒေသ အလိုက် အချိန် ကြာလာတာနှင့် အမျှ လိုက်လျှော ညီထွေ မှူ ရှိဖို့ ကြိုးစားရင်း ၊ ကြိုး စား ရင်း ကနေ မိမိတို့ ရဲ့ ပင်ကိုယ် ဗီဇ အကျင့် စရိုက်တွေ ပျောက် ကုန်တတ်ပါတယ်။ သို့မဟုတ် ဗီဇတွေ ငုပ်သွားတတ်ပါတယ်။
ပတ်ဝန်းကျင် အသစ်တစ်ခု ကို စရောက်လာတဲ့ အခါ အဆင်မပြေတတ်ပါဘူး ။ အနေအထိုင် ၊ အမူ အကျင့်တွေ မတူကြလို့ ပါ။ လိုအပ်တဲ့ အချိန် တခုရောက်မှ တဖြည်းဖြည်းချင်း ပြောင်းလဲမှန်းမသိ ပြောင်းလဲ သွားပြီး အဆင်ပြေပြေ နေတတ် ထိုင်တတ် ဖြစ်သွားတာပါ။
ကျွန်တော် ဒီကို ( ဒူဘိုင်း ) ကို ရောက်စ တုန်း က တွေ့ရတဲ့ ပြဿနာ က တော့ ကုလားတွေ ခေါင်းရမ်းတဲ့ ပြဿနာပါ။ အိန္ဒိယ ( အထူးသဖြင့် တောင်ပိုင်း ) ကုလားတွေ က စကားပြောရင် ခေါင်း တွေခါပြီး ပြောပါတယ်။ နောက်ပြီး ဟုတ်တယ် ( Yes ) လို့ ပြောလည်း ခေါင်းရမ်း ပြတယ် ။ တခုခုကို မဟုတ်ဘူး (No) ဆိုလည်း ခေါင်းရမ်း ပြန်ပါတယ်။ သူတို့ ခေါင်းရမ်းတာကို ရောက်ခါစ က ဘယ်လိုမှ အဓိပ္ပါယ်ဖော်လို့မရပါဘူး။
စကားပြောရင်း ခေါင်းရမ်း ပြောရင် ကျွန်တော် အရမ်းဒေါသထွက်ပါတယ် ။ ကျွန်တော်ကို လာနောက်နေတယ်လို့ ခံစားရတယ်။ နောက် ပြီး တော့ ကျွန်တော်တို့ နိုင်ငံမှာ တခုခုကို အရှိန်တားချင်လို့ ဖြည်းဖြည်း လုပ်ပါ လို့ ပြောချင်ရင် လက်ဝါးပြ ပြီး ပါးစပ်က ဖြေးဖြေး လို့ ပြောကြတာပါ။ ရပ်စေချင်ရင်လည်း လက်ဝါးပြတာပါပဲ။ အဲ.. ဒီမှာတော့ ဒီလိုမဟုတ်ဘူးဗျ ။ အရှိန်လျှော့ပါဆိုရင် လက်ချောင်းလေးတွေ စုပြီးချွန်ချွန်လေး (ကြာဖူးပုံ) လုပ်ပြတယ်။ လက်ဝါးပြတာကတော့ လုံးဝ ရပ် ဆိုတဲ့ သဘောပါ။ ဒါကို မသိခဲ့လို့ လက်ဝါး ပြနေလျှက် မရပ်မိတဲ့ ကျွန်တော် ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။
ဒီမှာနေလာတာ ကြာတော့ ဒါတွေကို ထူးဆန်းနေတယ်လို့ မထင်တော့ဘူး ကိုယ်တိုင် စကားပြောရင်းနဲ့ အမူအရာတွေ ကူးလာတာ ကို သတိထားမိတယ်။ ဟုတ်လားလို့ မေးရင် .. ဟုတ်တယ် ဆိုပြီး ခေါင်းရမ်းလိုက်တာမျိုး တွေဖြစ်လာတယ်။ ကျွန်တော် မုန်းခဲ့တဲ့ အမူအကျင့်တစ်ခု ကျွန်တော်ဆီကို ဖြည်းဖြည်းချင်း ရောက်လာတာနော်။ မသိလိုက်ဘူး ။
ပတ်ဝန်းကျင် နဲ့ လိုက်လျှောညီထွေ ဖြစ်အောင်နေထိုင်ရင်း နေထိုင် ရင်းနဲ့ ပင်ကိုယ်စရိုက်တွေ ပြောင်းသွားကြတယ်။(ဥပမာပြောပြမယ်)
မိတ်ဆွေ ကျီး ကို မြင်ဖူးတယ်မို့လား ( ကျီးကန်း ၊ ရွှေကျီး ၊ ရွှေကျီးညို ) အနက်ရောင်လေးလေ။ ကျွန်တော် တို့ အညာမှာတော့ ပေါ မှပေါ ။ အရမ်း အကင်းပါးတဲ့ သတ္တ၀ါလေ။ သတိ လည်း အရမ်းရှိတယ် ။ သူ့ကို တစ်ခုခုနဲ့ ရန်ရှာဖို့မဆိုးထားနဲ့ သူ့ကို ကြည့်ရုံပဲ ကြည့်လိုက်တယ် ဆိုရင်တောင် ဒီကောင်တွေက ပျံပြေးတတ်တာပါ။ လက်ထဲမှာ ဘာမှမပါတဲ့ လက်ဗလာ နဲ့ ချိန်လိုက်တယ် ဆိုရင်ပဲ ပျံပြေးတတ်တာပါ။ အရမ်းအကင်းပါးတဲ့ သတ္တ၀ါ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော် ရန်ကုန်ကို ရောက်လာတော့ အရမ်း အံသြ သွားတယ် ။ ရန်ကုန် က ကျီးတွေ က လူလည်းမကြောက်ဖူး၊ ကားလည်းမကြောက်ဖူး ၊ ခွေးလည်း မကြောက်ဖူး ... ကျွန်တော် သရက်တော ကျောင်းတိုက်ထဲမှာ နေတုန်းက ဆို ကျီးတွေကို လိုက်လှန့်ကြည့်ဖူးတယ်။ မကြောက်ဖူးဗျ ။ ပေစောင်းစောင်းနဲ့ တောင် ပြန်ကြည့်နေကြသေးတယ်။
ဒီကျီးတွေလည်း ပင်ကိုဗီဇ အရ အရမ်း အကင်းပါး ကြပါတယ်။ သတိ အရမ်းရှိကြပါတယ်။ သို့သော် ၄င်းတို့ ရောက်ရှိ နေထိုင်ရာ ပတ်ဝန်းကျင် နှင့် လိုက်လျှော ညီထွေ ဖြစ်ဖို့ ကြိုးစားရင်း ၊ ကြိုးစားရင်း နဲ့ ၄င်းတို့ရဲ့ ပင်ကို ဗီဇတွေ လုံးဝ ပျောက်သွားတာပါ။ ရန်ကုန်မှာ ပေါက်တဲ့ ကျီး ပေါက်ကလေးတွေ ကတော့ ကျီးဆိုတာ ဘယ်လို သတ္တ၀ါ ဆိုတာ သူတို့တွေ သိတော့မှာ မဟုတ်ပါဘူး။
ရန်ကုန်က ကျီး ကို နယ်ပို့လိုက်ရင် အသက်နဲ့ ခန္ဓာ အိုးစားကွဲ သွားပါမယ်။ နယ်က ကျီးကို ရန်ကုန်ပို့လိုက်ရင်လည်း ငတ်သေ ပါလိမ့်မယ်။ ဒါပေမယ့် ကျီး ဖြစ်ပြီးတော့ ကျီးစိတ် မရှိတော့ တဲ့ အဖြစ်ထက်စာရင် သေတာက ၊ ငတ်တာက ပိုကောင်းပါတယ်။
ခုလူတွေပြောကြတယ် ကမ္ဘာအနှံ့ မြန်မာ ပျံ့နေပြီတဲ့ ။ ကောင်းသောပျံ့ခြင်း မျိုး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။ မိမိတို့ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင်ကြိုးစားရင်း ကြိုးစားရင်း မူရင်း မြန်မာ တို့ရဲ့ဗီဇတွေ ပျောက်ကုန်မှာတော့ စိုးရိမ်မိသဗျာ။
ခေတ်မီတယ် လို့ ထင်ထားကြတဲ့ လူတန်စား တွေ ပြောတာရှိတယ်။ ကိုယ့်နိုင်ငံမှ ၊ ကိုယ့်လူမျိုးမှ ၊ ကိုယ့် ဘာသာ မှ ဆိုတဲ့ အမြင်တွေက သေးသိမ်တယ်တဲ့ ။ ကမ္ဘာကြီး ဟာ ရွာကြီး ဖြစ်တယ်ဆိုတဲ့ အတိုင်း အားလုံးဟာ အတူတူ ပဲတဲ့ ။ ဒါမျိုးစိတ်ထားနိုင်မှ civilized ဖြစ်တယ်တဲ့။ ဒါမျိုးဆိုရင်တော့ တောသားဖြစ်တဲ့နေစိုးနိုင် တယောက် ခေတ်မမှီချင်တော့ပါဘူး။ ခေတ်နောက်မှာပဲ နေခဲ့ပါရစေတော့။
ဒါပေမယ့် ဒီလိုပြောတဲ့လူတွေ ကို တစ်ခုတော့ မေးချင်တယ် ... " မင့် ညီမ ကို ကုလားနဲ့ ( လူမျိုးခြား) ပေးစားမလား " လို့ ။ ဒီလိုဆိုရင်တော့ နေစိုးနိုင်တစ်ယောက် အသတ်ခံရမှာသေချာတယ်။
ကျွန်တော် ဒီလိုရေးတာဟာ တခြားလူမျိုးတွေ၊ ဘာသာတွေ ကို စော်ကားလို တဲ့စိတ်မျိုး မရှိဘူး ။ ဒါပေမယ့် ဗမာ ဆိုတာ ဒါ ပါ လို့ ပြောလို့ရတဲ့ ရပ်တည်ချက်မျိုးဖြစ်သင့်တယ်။ အားလုံးတူညီဖို့ အတွက် ကြိုးစားနေခြင်း မဟုတ်ဘဲ မိမိရပ်တည်ချက် ခိုင်မာအောင် ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။
ကမ္ဘာအနှံ့ မြန်မာပျံ့နေပြီ တဲ့လား
ကမ္ဘာပျံ့တဲ့ မြန်မာတွေ .... ရန်ကုန်ရောက်တဲ့ ကျီးတွေလို များ ဖြစ်ကုန်လေမလား....
ကမ္ဘာပျံ့တဲ့ မြန်မာတွေ က မွေးတဲ့ မြန်မာလေးတွေ ကရော ရန်ကုန်မှာ ပေါက်တဲ့ ကျီးလေးတွေ လို မူရင်းဗီဇ မရှိကြ သူလေးတွေများ ဖြစ်ကုန်လေမလား
နောင်တစ်ချိန်မှာ လူကြီးတွေ က မြန်မာလူမျိုး အကြောင်းကို ရှေးစကား တစ်ခု အဖြစ်များပြောကြလေမလား
( ဟိုး... တချိန်က ဒီနေရာ ဒီတိုင်းပြည်မှာ မြန်မာ ဆိုတဲ့ လူမျိုး တွေ နေထိုင်သွားကြတယ် ဆိုပြီးလေ)
ငါကိုယ်တိုင်ရော ဘယ်လို ကျီး မျိုး ဖြစ်နေပြီလဲ.....
မိတ်ဆွေရော .....???????????
(ဆရာအတ္တကျော်ရဲ့ စကားကို သုံးခွင့်ပြုပါ)
တွေးဆ ဆင်ခြင်နိုင်ကြပါစေ
လေးစားစွာဖြင့်
နေစိုးနိုင်

14 comments:
ုကိုနေစိုးနိုင်...ကျွန်တော်ကတော. အဒီလို ကျီး မဖြစ်ချင်ဘာ ဘူး...အဒီလို မျိုး တခါမှ မတွေး မိဘူး။
ရေလိုက် ငါးလိုက် ဆိုပြီး နေ နေတာဗျ။
ကျေးဇူး ဗျာ ၊အတွေး တွေပေးတဲ.အတွက်။
သိပ်ကောင်းတဲ့ အတွေးနဲ့ အရေးဗျာ။ ရပ်တည်ချက်တွေခိုင်မာစေပါတယ်။
သက်ရှိတွေရဲ့ Basic Instinct အရ မိမိ အသက်ရှင်ရပ်တည်နိုင်မှု အတွက် ပတ်ဝန်းကျင်နဲ့  လိုက်လျောညီထွေ အောင် ပြောင်းလည်းလာတတ်ကြတာ သဘာဝကျပါတယ် နေစိုးနိုင်..ဒါပေမယ့် …ကျီးသိုက်ကိုတက်နှိုက် ရင်…အနားမှာရှိသမျှကျီးတွေ.. ဝိုင်းအာပြီး..ရန်သူကို စည်းစည်းလုံးလုံး တိုက်ခိုက်တတ်ကြတဲ့ ကျီးတွေရဲ့ ..လေးစားစရာ မျိုးချစ်ဗီဇ ကတော့ ရန်ကုန်က ကျီးတွေဆီမှာလည်း ရှိတာပါပဲ…တို့ မြန်မာတွေမှာရော အဲဒီလ ကိုယ့် အမျိုးကိုချစ်တဲ့ ဗီဇမျိုးမရှိမဟုတ်.. ရှိကြပါတယ် (စုံးပြူးတစ်ချို မှာ့တော့လည်းမရှိချင်မရှိဘူးပေါ့ ) ခက်တာက…တို့ ဆီမှာ..ကျီးတွေထက်ဆိုးတဲ့ အတ္တတွေ…တစ်လွဲမာနတွေ…ကြောက်စိတ်တွေ… (လူသားတွေအလျောက်) ရှိနေကြတယ်… အချိန်နဲ့ အမျှ အဲဒီအရာတွေက တို့ ရဲ့ မျိုးချစ်ဗီဇအပေါ်.. သန့် ရှင်းမှုမလုပ်ဖြစ်တဲ့ မှန်တစ်ချပ်ပေါ် ဖုန်တွေတက်သလို…တက်ပြီး ဝေဝေဝါးဝါး ဖြစ်လာကြတာပါ…အဲဒီဖုန်တွေကို ဝိုင်းသုတ်ပေးကြဖို့ … မင်းတို့ ငါတို့  မြန်မာတွေအားလုံးမှာ..တာဝန်ကြီးစွာ.. ရှိနေကြတယ်… ဒီ post လေး မင်းတင်ပေးလိုက်တာကို ငါအရမ်းကျေးဇူးတင်ပါတယ်… အမှန်တော့  မင်းဖုန်ဝင်သုတ်ပေးလိုက်တာပါပဲ…
(လွင်မင်းခန့် )
Ko Nay Soe Naing,
Congradulation par byar.
Really nice story and excellent thoughts.
Best Regards,
Nyi Nyi KLO
လွင်မင်းခန့် နှင့် သူငယ်ချင်းတို့ရေ
ကြိုးစားကြမယ်
အရမ်းကို ပညာသားဆန်လွန်းလှတဲ့ တွေးချက်နဲ့ ။။ရေးချက် အစ်ကို ။ လေးစားရပါတယ်။
ဒါကိုဖတ်နေရင်းနဲ့  ငါကကော ဘယ်လို ကျီးမလေး
ပါလိမ့်လို့ စဉ်းစားနေရင်း......:)
ညီမက....မြန်မပြည်က ကျီးမဲလေးပါ။နေရာတွေ...နိုင်ငံ
တွေ..ဘယ်လိုပြောင်းပြောင်း အမျိုးကို ချစ်တဲ့စိတ်နဲ့ 
အမြဲရှင်သန်နေမဲ့...မြန်မပြည်က ကျီးမလေးပါ။ :)
ကျီးမ ကလေး တွေက နေ ကြီးမိုက် ကလေးတွေ ဖြစ်မသွားကြဘဲ
ကျီးမိုက် ကလေးတွေ ကနေ ကျီးမ ကလေးတွေ ဖြစ်လာနိုင်ကြပါစေ
လိမ္မာတဲ့ ကျီးမလေးရေ...
ကိုတို့ နဲ့ အတူ..ဖုန်ဝိုင်းသုတ်ပေးဦးနော်....
မင်းမှာ အားကောင်းတဲ့ လက်တွေရှိတာ ကိုတို့ သိတယ်..
LMK
:)...ဟုတ်ကဲ့ပါရှင့်....:)....
OMG........It was hit to the point......."MARVELOUS".
Proud of You!!!
ကိုနေစိုးနိုင်ရေ...
ဒီပိုစ့်လေး ဖတ်ရတာ တော်တော်ကို အတွေးသစ် အမြင်သစ်ရစေပါတယ်ရှင်...
နှင်းဆီတို့တွေလို အဝေးရောက်နေရတဲ့ သူတွေ တော်တော်များများဟာ ရောမရောက်ရင် ရောမလိုကျင့်နေကျတာပါရှင်...
အဲ့ထဲမှာမှ တချို့က ရောမလိုတင်မကပဲ ရောမစိတ်ပါပြောင်းသွားကြတဲ့သူတွေရှိသလို..
ရောမအကျင့်လောက်နဲ့ပဲ ရေလိုက် ငါးလိုက်နေနေကြတဲ့သူတွေလည်းရှိပါတယ်.....
ဒါပေမဲ့ နှင်းဆီထင်ပါတယ်ရှင်...
နှင်းဆီတို့တတွေ အဝေးရောက်နေကြတဲ့သူတွေရဲ့ရင်ထဲမှာတော့ အရေးကြုံရင် ပုံရိပ်ထင်အောင် ပြချင်တဲ့ မြန်မာဆိုတဲ့ ငါဟာမြန်မာလူမျိုးပါဆိုတဲ့ အ၇ိပ်ကတော့ ရှိနေကြပါတယ်ရှင်....
အခြေအနေ အချိန်အခါအရ ငုပ်လျှိုးနေကြရတာပါလေ....
ဘယ်လောက်ကြီးပဲ သူများနိုင်ငံသားခံယူသွားကြတဲ့ သူတွေဖြစ်ပါစေ မြန်မာဆိုတဲ့ စကား၊ အသံ၊ စာကို မြင်လိုက်တာနဲ့ တချက်လောက်လေးတော့ သူတို့ လှည့်ကြည့် နားစွင့် ချင်မိကျတာပါပဲရှင်...
နာမည်နဲ့ အမျိုးကိုတာ ပြောင်းပြစ်လိုက်လို့ရမယ် မြန်မာဆိုတဲ့သွေးကိုတော့ သူတို့တွေ ဖောက်ထုတ်လို့ရမယ်မထင်ပါဘူးရှင်....
နှင်းဆီကတော့ ဘယ်လောက်ပဲအခွင့်အရေးရရ အခြေအနေပေးပေး မြန်မာပြည်မှာ မွေး...မြန်မာပြည်မှာဖွားတဲ့ ရွှေကျီးပဲဖြစ်နေမှာပါရှင်....
အဲ့အတွက်လည်း အမြဲပဲ ဂုဏ်ယူနေအုံးမှာပါ...
အခွင့်အရေးရခဲ့ရင်လည်း မြန်မာဆိုတာ ဒီလိုပါလားဆိုတာကိုလည်း လူမျိုးခြားတွေ အသိအမှတ်ပြုလို့ရအောင်ကို ပြချင်ပါသေးတယ်ရှင်....
ကောင်းသော ကျော်ဇောမူနဲ့ပါ...
ဒီစာလေးအတွက် ကျေးဇူးတင်ပါတယ်ရှင်....
ပန်းနှင်းဆီ
ရေး ပြသွားတဲ့ စာကတော့အရန်း ကို ကောင်း ပါ တယ်ခင်ဗျာမေ့မေ့
လျှော့လျှော့နေနေတတ်စိတ်ကို နှိုးဆွသတိပေးလိုက် သလိုပါ ပဲ အခြေအနေရလှုတ်ရှား လို့ ပြောင်းလဲ နေကြပေမယ်မြန်မာဆိုတဲ့ အသိတရားကတော့ မေ့မသွားခဲ့ပါဘူးတစ်ချို့တစ်လေမှာတော့ ရှိကောင်းရှိမယ်ပေါ့ ဒီလိုတွေရှိလာတာကလဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆင်းရဲ့မွဲတွေလွန်းတဲ့ ပြီးအရာမရောက်တဲ့
အုပ်ချုပ်မှုကနေရာတိုင်း မှာဂုဏ်ငယ်ခဲ့ ရ တာကို ဒါတွေကလူတွေရဲ့စိတ် ကိုပိုပြီး ပြောင်းလဲ စေနိုင်ခဲ့တာပါပဲ တောမီးလောင်လို့ တောပြောင်းသွားကြတာပါ တောကျီးကန်းကမြိုကို မသွားခြင်ပဲ လှန်းခဲ့ ရ တာပါ....ဘယ်သူတွေဘယ်လိုပြောင်းလို့ဘယ်လောက် ဆင်းရဲပစေကျွန်တော်တို့ က တော့လုံးဝမပြောင်းလဲပဲဂုဏ်ယူဝင်ကြွားစွာနဲ့နက်သထက်နက်တဲ့
တဲ့ တွင်းကို ဆင်းရင်း..............မြန်မာဆိုတဲ့ အသံမြန်မာဆိုတဲ့ ဟန်ကိုတော့
ကျန်အောင်ချန်ထားခဲ့ မှာပါ သူငယ်ချင်းရေ........ဒီစာလေးအတွက် ကျေးဇူးတင် မိပါ တယ်သူငယ်ချင်း .......
နေ၀င်ထွန်း
Post a Comment