

ာ

မိဝေးဖဝေး အရပ်ဒေသ မှာ မိမိကိုယ်ကိုယ် ကြိုးစား ရပ်တည်နေရင်း အဖြစ်ဆိုးနှင့်ကြုံခဲ့ရသော သူငယ်ချင်းအတွက် ကျန်ရစ်ခဲ့တဲ့ သူငယ်ချင်းများ အနေနှင့် မိမိတတ်နိုင်သည့်ဖက် မှ သွားလေသူ သူငယ်ချင်းအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။
သွားလေသူ သူငယ်ချင်း၏ မိသားစု အတွက် တတ်နိုင်သလောက် အကူငွေလိုက်လံကောက်ခံခြင်း ၊ သူငယ်ချင်း ၏ အမှူမှန်ပေါ်ရေးအတွက် အလုပ်ချိန် ပြီးတာနှင့် ရဲစခန်းသွားကြရခြင်း စသော ကိစ္စများအပြင် သွားလေသူ သူငယ်ချင်းအတွက် ဗုဒ္ဓဘာသာဝင်တို့ အတွက် သေသူအား နောက်ဆုံးပေးနိုင်သော လက်ဆောင်ဖြစ်သော အလှူအတန်းလုပ်၍ အမျှပေးဝေ ခြင်းစသော ကြိုးစား အားထုတ်မှူများကို တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။
အမိမြေမှာ ဘုန်းကြီးတပါး အား ဆွမ်းကပ်ပြီး တရားနာဖို့ ဆိုသည်မှာ ပါးစပ်က ပြော စာနှင့် ရေး တာမှ ကြာပါသေးသည်။ အိမ်ရှေ့မှာထွက်ပြီး တွေ့သော သံဃာကို အကူအညီတောင်း၍ ရနိုင်လေသည်။ သို့သော်
ယခု ဒူဘိုင်းမြို့တွင် ဘုန်းကြီးကျောင်းမရှိ ၊ ဘုန်းကြီးမရှိနှင့် ဘာသာရေးဒုက္ခ နှင့် ရင်ဆိုင်ကြရပါတော့သည်။
ယခုလို တိုးတက်နေသော ခေတ်ကြီးတွင် ခေတ်ပညာတတ် ရဟန်းတော် များစွာ သာဿနာ ပြုလျှက်ရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သေတာတောင် ဘုန်းကြီးမရှိလို့တရားမနာလိုက် ရဘူး ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အဖို့ သာဿနာပြု ရဟန်းတော်တို့ အဖို့ အရှက်ရစရာပင်။
ရအောင်လုပ်မည် ဆိုသော ယုံကြည်ချက်တစ်ခုဖြင့် ကြိုးစားခဲ့ရာ အဆုံးတွင် မေတ္တာ ၊ ကရုဏာကြီးမားလှသော သံဃာတော်တို့၏ အကျိုးကျေးဇူးကြောင့် ဖြစ်ချင်နေသောဆန္ဒတစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
သူငယ်ချင်းအတွက် တနေကုန် ကမ္ဘာပတ်ပြီး ဘုန်းကြီးပင့်ခဲ့ရာ ဘုန်းဘုန်း ၂ ပါးရအောင်ပင့်နိုင်ခဲ့ပါသည်။ သေသူအတွက် ပူဆွေးသောကရောက်နေကြသော သူငယ်ချင်းများ၏ အပူမီးကို ဆရာတော်နှစ်ပါးတို့၏ မေတ္တာတရားဖြင့်ညှိမ်းသတ်နိုင်ခဲ့ပေပြီ။
သွားလေသူ သူငယ်ချင်း အတွက် အလှူလုပ်၍ အမျှအတမ်းဝေနိုင်ရန် ဆရာတော် ဦးလောကနာထ ( www.lknt.org , Sanfransisco ) နှင့် ဆရာတော် ဦးပုညသီရိ ( သီရိလင်္ကာ ) တို့မှ တရားဓမ္မများကို မေတ္တာအပြည့်ဖြင့် ဟောကြားပေးခဲ့ပါသည်။ ဆရာတော် ဦးပုညသီရိ သည် Gtalk မှတဆင့် Online တရားဟောပြောပေးခဲ့ပါသည်။ ဆရာတော်၏ ဟောပြောချက်များကို အသံသွင်းထားပါသည်။ ဆရာတော် ဦးလောကနာထ သည် အဝေးရောက်ဒကာ တစ်ယောက်၏ အလှူ အား ကွယ်လွန်သွားသူ အတွက် အမျှပေးဝေ တရားဟော ပေးပြီး MP3 ဖြင့် အသံသွင်းပေးပို့ခဲ့ပါသည်။
ဆရာတော်တို့၏တရားတော်များကို ရိုသေစွာနာယူရင်း သွားလေသူ သူငယ်ချင်း အတွက် အမျှပေးဝေ သာဓုခေါ်နိုင်ခဲ့ကြပါသည်။ အမျှပေးဝေပွဲကို ကျင်းပရာတွင် မိန်းခလေးအဆောင် အတွင်းသို့ ယောက်ျားလေးများ ၀င်ရောက်နိုင်ရန် မလွယ်ကူသောကြောင့် မိမိတို့နေထိုင်ရာ အဆောင်တွင်းမှာ အဆင်ပြေသလို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြပါသည်။ ( တချို့မှာ ညဆိုင်းမှာ အလုပ်လုပ်သောကြောင့် အလုပ်ပြန်ချိန် မနက်ပိုင်းမှာ ၊ တချို့မှာ နားရက်တူသူတွေစု၍ သင့်တော်သော အချိန်မှာ ပြုလုပ်ခဲ့ကြပါသည် )
ယခု ဓာတ်ပုံများမှာ ကွယ်လွန်သူ နေထိုင်ခဲ့သော အဆောင်အတွင်းမှာ ကျင်းပကြပုံများဖြစ်ပါသည်။
ယခုလိုမှတ်တမ်းတင်ထားခြင်းမှာ ကျွန်တော်တို့ ကဲ့သို့ ဘာသာရေးဒုက္ခ ရောက်နေကြသော အဝေးရောက် မြန်မာတို့ အတွက် အကြံဉာဏ်မျှဝေခြင်းဖြစ်ပါသည်။
ဆရာတော် ဦးပုညသီရိ ၏ အားလုံးအတွက်ဆုံးမ စကားမှာ အမိမြေမှ ခွဲခွာနေကြချိန်တွင် အားလုံးစည်းစည်းလုံးလုံး နှင့် မိမိတို့အတွက် လိုအပ်သော စီးပွားကို ကြိုးစား ရှာဖွေဖို့နှင့် မြန်မာအချင်းချင်း ညီရင်းအစ်ကို ၊ မောင်ရင်းနှမ ကဲ့သို့ စောင့်ရှောက်ကြဖို့ ၊ ဘာသာရေး ကို မမေ့လျှော့ကြဖို့ ဆုံးမ သြ၀ါဒ ပေးသွားခဲ့ပါသည်။
ယခုကဲ့သို့ကွယ်လွန်သူအတွက် ကြိုးစား ဆောင်ရွက်ရာတွင် စိတ်တူကိုယ်တူ ပါဝင်ခဲ့ကြသော သူငယ်ချင်းများ
ကရုဏာတရားကြီးမားစွာ ဖြင့် တရားဓမ္မများ ဟောကြားပေးခဲ့သော ဆရာတော်များ
အသံသာကြားရ၍ ရုပ်မမြင်ရသော စေတရှင် အလှူ ရှင် နှင့်
ကျွန်တော် ၏ ခံစားချက်များကို တူညီစွာခံစားပေးကြသော ONLINE သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါသည်။
ကျွန်တော်အနေနှင့် အဝေးရောက်မြန်မာ အစ်ကို ၊ အစ်မ ၊ နှင့် ညီ ၊ နှမ တို့အား ပန်ကြားလိုသည်မှာ ယခု ကွယ်လွန်သူ အတွက် ပူဆွေးသောက ရောက်ကြခြင်း ဟူသော ခံစား မှူအပြင်။ ၄င်း၏ သေဆုံးမှူမှ သင်ခန်းစာ ယူနိုင်ကြစေချင်ပါသည်။ ဤကဲ့သို့ သင်ခန်းစာ ယူနိုင် မှသာလျှင် ဘ၀တပါးပြောင်းသွားသော ကျွန်ုပ်တို့၏ အမျိုးကောင်းသမီးလေး၏ သေဆုံးခြင်းမှာ အဓိပ္ပါယ်ရှိလာပါမည်။
ယခု အဖြစ်အပျက်ကလေး အား သင်ခန်းစာယူ၍ နောက်နောင်မှာ ဒါမျိုးမဖြစ်အောင် မိမိဖက်မှ ပြင်ဆင်သင့် သည်များကို ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။
လေးစားစွာဖြင့်
နေစိုးနိုင်
3 comments:
ခုလိုမိသားစုစိတ်ဓါတ်နဲ့ဆောင်ရွက်ခဲ့တဲ့ကိုနိုင်တို့ကိုလေးစားပါတယ်။နောင်ဒီလိုအဖြစ်မျိုးပေါ်ပေါက်မလာပါစေနဲ့လို့လည်းဆုတောင်းပါတယ်
အခုလိုမျိုး ၀ိုင်းဝန်းကူညီကြတာ တွေ့ ရတဲ့အတွက် သာဓု ၃ ကြိမ် ခေါ်ပါတယ်ဗျာ..
သာဓုခေါ်ပါတယ် ဘ၀တပါးရောက်သူလဲ ကောင်းမွန်ရာသို့ရောက်ပါစေ
Post a Comment