မြန်မာနိုင်ငံ ကို ခွဲခွာပြီး အခြားနိုင်ငံ တစ်ခုကို ရောက်လာတဲ့ အခါ .. ပထမ ဆုံး စဉ်းစားတာက အင်တာနက်ကို ဘယ်မှာ သွားသုံးရမလဲ ဆိုတာကို စတင်စုံစမ်းဖြစ်ပါတယ် ။
သူငယ်ချင်းတွေကို လည်း စာနှင့် တမျိုး email ဖြင့် တဖုံ အမျိုးမျိုး စုံအောင် ဆက်သွယ်ပါတယ်။
ဒါပေမယ့် သူတို့တွေ ကတော့ ပြန်မဆက်သွယ်ကြဘူး ဗျာ ။ ဒါ နဲ့ စိတ်ပေါက်လာ ပြီး စိတ်ထဲက ရှိတာတွေကို ချရေးပြီး သူတို့ ဆီကို ပို့ပေးခဲ့တယ် ။
ခုအဲဒီလိုပို့ပေးခဲ့ဖူးတာလေးကို ၀ိုးတိုးဝါးတားလေး ပဲ မှတ်မိတော့တဲ့ အချိန်မှာ ကိုဝေ က သူ့ဘလော့( http://www.yaytamar.blogspot.com/ ) မှာ ကျွန်တော် သူ့ဆီကို ရေးပေးဖူးတဲ့ စာလေးတွေကို ပြန်တင်ပေးလိုက်တော့မှ ကိုယ်ရေးထားတဲ့ ကိုယ် ပြန်ဖတ်ပြီး အမှတ်တရတခု အဖြစ် စိတ်ထဲမှာ ခံစားလာရတာ ကတကြောင်း ...
ခုတလော စာရေးဖို့ အကြောင်း အရာ ရှာမရတာကြောင့် တကြောင်း သူရေးထားတာလေးကို ပဲ ကော်ပီ လုပ်ပြီး တင်ဖို့ ဆုံးဖြတ်လိုက်တယ်..
ခုတလော ရေးချင်နေတာက ဒီမှာ ရောက်နေကြတဲ့ ရွှေမြန်မာ လိုလို ရွှံ့မြန်မာ လိုလို လူတွေ အကြောင်းပါ ။ ရေးချင်နေတယ် ။ ရေးလိုက်ရင် လည်း အတင်းတုပ် တယ်ပြောခံရမှာလည်းစိုးရိမ်နေသေးလို့ ( ဒါက ကြေငြာ ၀င်တာ ) ခုတော့ အရင် အချိန်က ကျွန်တော် ချစ်ရသော သူငယ်ချင်း တွေဆီကို ရေးပေးခဲ့ဖူးတဲ့ စာကို ပြန်လည် ဖော်ပြပေးလိုက်တယ် ..
သို့ NCC7 မောင်နှမများ
နေနိုင်သူကြီး လို့ပြောရင်... မနေနိုင်လို့ အသေမှိုင်နေတဲ့လူ လို့ပြောမှာမဟုတ်လား????
အစစ် ဆိုတာ ဘာမှထိတွေ့ခွင့် မရရှိတဲ့ ငါ့ ဆီကို မင်း စာမရေးတာ ဘာကြောင့်လဲ?
ခံစားမှုကို လစ်လျူ ရှူ ပြီး ဦးနှောက်ရဲ့ စေစားရာ အတိုင်း လှုပ်ရှားနေရတဲ့ ငါ့ ခန္ဓာကိုယ်အတွက် အားဆေးဟာ မေးလ်ဘောက်စ်(Mail Box ) ကိုဖွင့်ကြည့်တာပါပဲ။ ပန်ဒိုရာ ဘောက်စ် ( Pandora Box )ထဲမှာ မျှော်လင့်
ချက်တစ်ခု ကျန်နေပေမယ့် ငါ့ မေးဘောက်စ် ကတော့ ဗလာနတ္တိ။
မျှော်လင့်ချက်နဲ့ ကြည့်လိုက်တိုင်း မျှော်လင့်သလို ဖြစ်မလာတဲ့အခါ မျှော်လင့်ရတာ ကို ကြောက်လာတယ်။ ဒီမျှော်လင့်ခြင်းသာမရှိတော့လျှင်လည်း ငါဟာလူစင်စစ်က စက်ရုပ် ဖြစ်သွားပြီ။
မျှော်လင့်ချက် ပေးတဲ့လူ နဲ့ မျှော်လင့်တဲ့ လူ ဘယ်သူ ပိုပင်ပန်းလဲ။
ပန်းသီချင်း တူတာတောင် တံဆိပ်ကပ်ထားတဲ့ ပန်းသီးမှ စားချင်ကြတဲ့ လူတွေ ကြားထဲမှာ နေရတာ ပျင်းတယ်။ ကြမ်းပိုးကို လက်နဲ့ ပွတ်သတ် ပြီးလျှင် နံမှန်းသိလျှက် နှင့် နမ်းကြည့်တတ် သလို မျှော်လင့် သလို ဖြစ်မလာမှာမှန်း သိလျှက်နှင့် မျှော်လင့်မိတာ ငါမှားသလား ကွာ။
ဟိုး......ကောင်းကင်မှာသာနေတဲ့ လမင်း နဲ့ လမ်းဘေးမှာ ထွန်းထားတဲ့ မီးရောင် ခပ်ဆင်ဆင် တူပေမယ့် သူတို့အမျိုး မတော်တာ ငါသိတယ်။ ဇီးကွက်မျက်လုံးပြူးတာ ဘာလို့လဲလို့ငါမသိဘူး။
နှင်းဆီပန်းလို့ပြောလိုက်လျှင် မျက်စိထဲမှာ အနီရောင်ပဲ တွေ့တတ်သလို သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ် အောက်ရောက်လာရင် NCC 7 က မောင်နှမတွေ အကြောင်းပဲ တွေးမိတာ ပါပဲ။
စကားလုံးတွေ နဲ့ ကိုယ်စားမပြုနိုင်တဲ့ ခံစားချက်တွေကို ဘာနဲ့ပို့ပေးရမှလဲ?
ဒီလောက်အထိ သတိမရရင်ငါ့အတွက် ကောင်းမှန်း ငါသိပါတယ်ကွာ။ ဒါပေမယ့် လူဆိုတာ ကောင်းမှ ကြိုက်တာ မဟုတ်ဘူး မကောင်းတဲ့ဟာကိုလဲ ကြိုက်တတ်တာပဲလေ။ စိတ်မဆင်းရဲပေမယ့် စိတ်မပျော်ဘူးကွာ။
ရွှေးချယ်ခွင့် မရှိတဲ့အရာတွေရဲ့ ဒဏ်ချက်တွေကို အလူးအလိမ့်ခံနေကြရတဲ့ ငါတို့ရဲ့ ဘ၀တွေလို ငါတို့မျိုးဆက်တွေ မခံစားစေချင်ဘူးကွာ။ မြန်မာပြည်က သူငယ်ချင်းတွေက ပဲနေနိုင်တာလား၊ ဗမာပြည်မှာ စက္ကူနဲ့ ဘောပင်ပဲ မရှိတော့တာ လား မသိဘူး။ဘယ်သူ့ဆီက မှ စာမလာဘူးကွ။
မလာလေမျှော်လေ။ မျှော်လေပိုပင်ပန်းလေပဲ။
မှ နေစိုးနိုင်
သူငယ်ချင်းတွေဆီကို ပေးဖူးတဲ့စာကို တစိတ်တပိုင်း မှတ်တမ်းတင်ထားတာပါ ..

2 comments:
NCC 7 မောင်နှမတွေကျန်းမာ ချမ်းသာပါစေ
ပေးတဲ့ဆုနဲ့ပြည့်ပါစေကွာ
Post a Comment