သူမကို စတွေ့တော့ စာသင်ခန်းထဲမှာ ထူးဆန်းနေတယ် ။ ထူးဆန်းနေတယ်ဆိုတာ ကျောင်းသူ ကျောင်းသားတွေ အားလုံး ထိုင်နေကြတဲ့ စာသင်ခန်းထဲမှာ ၊ အထူးသဖြင့် ကျောင်းသူ တွေ ကြားထဲမှာ သူမကို တွေ့လိုက်ရပုံက ထူးဆန်းနေပါတယ်။ ဆံပင်ပုံစံ အတိုအရှည် ၊ အတွန့် အလိပ် ၊ အဖြောင့် မျိုးစုံရဲ့ အလယ်မှာ သူ့မ ပုံစံက ထင်းကနဲ လင်းကနဲ ပေါ်လွင်နေပါတယ် ။ အတန်းတတန်းမှာ ကျောင်းသူ ၃ ယောက်ထိုင်ရတယ် ။ သူမ တို့ အတန်း မှာ ၃ ယောက် က အားလုံး ကတုံး ကလေးတွေ ။ စစ်ကိုင်း ချောင် မှာ သီလရှင် ၀တ်ထားတာ တဲ့ ။
အသားက ဖွေးဖွေး နဲ့ ဦးပြီး စိမ်းစိမ်း ကောင်မလေးကို ကျောင်းစ ဖွင့်တဲ့ နေ့ မှာ စပြီးသတိထားမိခဲ့ ရာကနေ ဒီကောင်မလေးရဲ့ အကြောင်း ကို စုံစမ်းပါတယ်( နာမည် ၊ လိပ်စာ ) ။ စုံစမ်းတယ်ဆိုတာ သိပ်တော့ မခက်ပါဘူး ။ ဒါပေမယ့် မလွယ်ဘူးနော် ။အတူနေတဲ့ သူငယ်ချင်းတွေ မရိပ်မိအောင်က လည်း ဟန်ဆောင်ရသေးတာ ။ ငယ်ငယ် ကဆို အဲဒီလို ကောင်မလေး တယောက် ကို စိတ်ဝင်စား တာကို သူများသိမှာ အရမ်း ရှက်တာကိုး ။ အတန်းပိုင် ဆရာက နာမည်စာရင်း ခေါ်တဲ့ အချိန်မှာ သူ့နာမည်ကို မှတ်ထားလိုက်တယ် ( ထားပါတော့ မိဝါ ) တဲ့။
နောက်တော့ ကျောင်းစာသင်နေချိန်မှာ ကောင်မလေးသိအောင် ၊ တခြားသူငယ်ချင်းတွေ နှင့် ဆရာ မသိအောင် ခိုးခိုးကြည့်ရတာပေါ့ ။ ဒီအရွယ် မှာ ကောင်မလေးတစ်ယောက်ကို စိုက် ပြီး ကြည့် နေလိုက်တာ ဟာ သူ့ကို စိတ်ဝင်စားတယ် ဆိုတာကို ပြတဲ့ signal ပေါ့ဗျ ။ ဒီလိုနဲ့ ထမင်း စားချိန်မှာ ထမင်း စား ကြရင် သူ့ ကို မြင်နိုင်မယ့် မျက်နှာချင်းဆိုင် နေရာ ခပ်လှမ်းလှမ်း ကနေ စိုက် ကြည့်နေတာပေါ့ ။
အချိန်တွေကြာလာ တော့ ကောင်မလေးက နည်းနည်း ရိပ်မိလာပါတော့တယ် ။ ကောင်မလေးတင်လား ဆိုတော့ မဟုတ်ပါဘူး ကောင်မလေး နဲ့ အတူနေတဲ့ ကတုံး နှစ်လုံးရော ၊ ကျွန်တော်နဲ့ အတူနေ သူငယ်ချင်းတွေ ရော အားလုံး က စ ကြပါတော့တယ်။
နောက် ကောင်မလေးကို လက်ဆောင်ဝယ်ပေးချင် တယ် ။ စာအုပ်လှလှ လေးတွေပေါ့ ။ ရုပ်ရှင် မင်းသမီး ပုံ လေးတွေပါတဲ့ စာအုပ် ကလေးတွေ ၀ယ်ပေးမလို့ ။ ဒါပေမယ့် ခက်တာက ရုပ်ရှင်မင်း သမီးတွေထည်းမှာ သူနဲ့ တူတဲ့ လူက မရှိဘူးဗျ ။ ငယ်ငယ်ရွယ်ရွယ် ရုပ်ရှင်မင်းသမီးမှ မရှိတာ ။ ဒါပေမဲ့ သူက ၀၀တုတ်တုတ် ကလေးဆိုတော့ စိုးမြတ်သူဇာ ပုံ လေးနဲ့ စာအုပ် ကလေး ကို သူ့ လွယ်အိပ်ထဲ ခိုးထည့်ပေးလိုက်တယ် ။ ဘာစာမှတော့ ရေးမထားဘူးဗျ ။ နောက်နေ့လည်းရောက်ရော စာအုပ်က ကျွန်တော့် ရှေ့ စာသင်ခုံပေါ် ပြန်ရောက်နေတယ်။ တခွန်းပဲ ပြောသွားတယ် မလိုချင်ဘူးတဲ့ ။
ကောင်မလေး ကို ရည်းစားစကား ပြောဖို့ မြှောက်ပေးကြပါတယ် ။ သူတို့ဘယ်လို မြှောက်ပေးပေး မပြောရဲပါ ။ ထို့ကြောင့် သူတို့တွေ အကြံ ၀ိုင်းပေးကြ ပြန်ပါတယ် ။ ကောင်မလေး ကို ရည်းစား စာ ပေးဖို့ ။ ဒါကတော့မဆိုးဘူး ။ ဒါပေမယ့် လူကိုယ်တိုင်လိုက်မပေးရဲ ဘူး ။ လွယ်အိပ်ထဲ က စာအုပ်ကြားမှာ ညှပ်ပေးမယ်ပေါ့ ။ မပေးဖြစ်ပါဘူး ။ မပေးရဲလို့ ။
ပြောင်လိုက် နောက်လိုက် ခိုးကြည့်လိုက်နဲ့ ဒီကောင်မလေးကို တိတ်တခိုး ကြိတ်ခိုက်နေတာ အရှိန် အပြင်းဆုံး ကတော့ စာသစ်နှစ်ကုန်ခါနီးပဲ ။ ကျွန်တော့ မိဘတွေ က နောက်နှစ် ရောက်ရင် ကျောင်းပြောင်းထားမယ်တဲ့ ။ ခံစားရတာပေါ့ ။ ကိုသိတဲ့ အသည်းကွဲ နည်းပေါင်းစုံ အကုန်ခံစားပစ်တာ ။ နောက်တော့ သူငယ်ချင်းက ပြောတယ် မင်း ရည်းစားစာ ပေးတော့တဲ့ အချိန်ရွေ့ ရက်ရွေ့လုပ် လာတာ စာမေးပွဲ ဖြေရတော့ မယ် တဲ့ နောက်နှစ်ဆိုရင် တွေ့ရမှာ မဟုတ်တော့ဘူး တဲ့ ။ ခုတည်းက ပြောစရာရှိတာ ပြောလိုက်တဲ့
ဒါနဲ့ ရည်းစားစာ ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ရည်းစားစာ ရေးတာ ဘယ်လိုမှ မအောင်မြင်ဘူး ဗျ ။ ကဗျာ ဆန်ဆန် ကလေးက လည်း ရေးချင်သေးတာကိုး ။ ဒါနဲ့ နောက် ဆုံး အစ်ကို ကြီး တွေ ( အတန်းကြီးသူတွေ) ကို ဆရာတင် ရတာပေါ့ ။ ရည်းစားစာ ရေးပေးစမ်းပါဗျာ ဘာညာပေါ့ ။ သူတို့ ကလည်း အင်တိုက်အားတိုက် ကို ကူညီကြပါတယ် ။ စားတာလည်း အင်တိုက်အားတိုက်ပါပဲ ။
ရည်းစားစာ တစ်စောင် လက်ထဲ ရောက်လာတယ် ။ အချောပြန် ကူးရမယ် ။ ကိုယ့်လက်ရေးနဲ့ ။ အတတ်နိုင်ဆုံး အသေသပ်ဆုံးနဲ့ အလှပဆုံး ဖြစ်အောင် လက်ရေးကို ကြိုးစား ရေးပါတယ်။ နောက် အားလုံး ကူးပြီးပြီ ဆိုတော့ စာလုံးပေါင်း ပြန်စစ်တာ .. တသက်နဲ့တကိုယ် ဒီလောက် အချိန်ယူပြီး ကိုယ်ရေးတဲ့စာကို ကိုယ် ပြန်ပြီး ဘယ်စာမေးပွဲမှာမှ ပြန်မစစ်ခဲ့ဖူး ဘူး ။ ကျောင်းသွားတိုင်း ရည်းစားစာလေး ဆောင်လို့ပေါ့ဗျ။
ဒါပေမယ့် အရင်တခါ စာအုပ်ပေးတုန်းကလို ပြန်ပေးမှာ ကြောက်နေတယ်ဗျ ။ ကိုယ့်ကို ပြန်ပေးရင်တော်သေးတယ် မဟုတ်လို့ အတန်းပိုင် ဆရာ ကို သွားပေးလိုက် ရင် ဒီကောင် ဒုက္ခ လှလှ တွေ့ပြီ ။ ကြောက်တယ်ဗျ။ ဒါကြောင့်ပဲ အဆင်သင့်ဖြစ်နေပါသော ရည်းစားစာလေးသည် ၂ လ ကျော် ကြာသည့် တိုင်အောင် ကျွန်ုပ် ၏ ကွန်ပါဗူး ထဲမှာ သာ အိပ်စက်နေရပါသည်။
နောက်ဆုံး ကျွန်တော် အကြံ ကောင်းတစ်ခု ရလိုက်တယ် စာမေးပွဲနောက်ဆုံးနေ့မှ ရည်းစားစာကို ပေးလိုက်မယ် ။ ဒါဆိုရင် ဆရာကို ပြန်တိုင်လို့ မရတော့ဘူး ။ နွေရာသီ ကျောင်းပိတ်ရက် မှာ သူတို့ ရွာ ကို သွားလည် မယ် ။ ဆက်ကြိုးစား မယ် ပေါ့ ။ ကောင်းလိုက်တဲ့ အကြံအစည်ဗျာ ။
စာမေးပွဲတွေဖြေနေတယ် ။ နောက်ဆုံး ဖြေရတဲ့ စာမေးပွဲနောက်ဆုံးရက် ပေါ့ ။ စာမေးပွဲခန်း မ၀င်ခင် အချစ်ရဆုံး ငယ်သူငယ်ချင်း ငမှုံ က ကျွန်တော့ ရည်းစားစာ ကို ကိုင်ပြီး ကောင်မလေး ကို မျက်ခြေမပြတ် ကြည့်နေကြတာ ။ စာမေးပွဲ ခန်းဝင်ဖို့ ခေါင်းလောင်းထိုးတဲ့ အချိန်မှာ မိဝါ က သူ့လွယ်အိပ်ကို ကျောင်းခန်း အပြင်ဖက် မှာ ထားခဲ့ ပြီး စာမေးပွဲ ခန်းထဲ ၀င်သွားပါတယ် ။ ဒီအချိန်မှာ ငမှုံ က အပြေး အလွှား သွားပြီး ကျွန်တော့် ရည်းစားစာ ကို မိဝါ လွယ် အိပ်ထဲ သေသေ ချာချာ ထည့် လိုက်ပါတယ် ။ ဗလာ စာအုပ် ကလေး ကြားမှာ ညှပ်ပေးလိုက်တာပါ။ ပြီးတော့မှ နှစ်ယောက်သား စာမေးပွဲ ခန်းထဲ ကို ၀င်ကြပါတယ်။
စာမေးပွဲဖြေရင်း ဒီအကြောင်းပဲတွေးနေတာပါ ။ ဒီတစ်ခါတော့ ပေးဖြစ်သွားပြီ ။ ဘယ်လိုလာဦးမယ်မသိဘူးပေါ့ ။ ဆရာကို အတိုင်မခံ ရတာ ကတော့ သေချာတယ် ။ အကြံကောင်းတာကိုး...
နွေရာသီကျောင်းပိတ်ရက်မှာတော့ သူတို့ ဆီကို သွားလည်ပါတယ် ။ သူတို့ အိမ်ရှေ့ကနေ သူ့ ကို ချောင်းတာပေါ့ ။ ကျွန်တော့် ကို မြင်လည်း သူက မထူးခြားသလိုပဲ ။ စိတ်ဆိုးတဲ့ပုံလည်းမဟုတ် ။ ပြန်ကြိုက်တဲ့ ပုံလည်းမဟုတ်နဲ့ ပါ ။ တခုခုတော့ လွဲနေပြီ ။ မေးလည်း မမေးရဲပဲ ကို ဗျ။
ကျောင်းပြန်ဖွင့် တော့ ကျွန်တော် တခြားကျောင်းကို ပြောင်း တက် ရတယ် ။ သူတို့ နဲ့ မတွေ့ ရတော့ဘူး ။
ကျွန်တော် ရှစ်တန်း နှစ် ရောက်တော့ ကျွန်တော်တို့ ရွာမှာ ဘုရားပွဲ ရှိလို့ သူတို့လာလည်ကြပါတယ် ။ ကျွန်တော်တို့ အိမ်ကို လာပြီး မုန့်လာစားကြရင်း ငယ်ငယ် က အကြောင်းတွေ ပြန်ပြော ကြ၊ ရယ် ကြ ပေါ့ ဗျာ ။ အဲဒီမှာပဲ မိဝါ က ဟဲ့ နေစိုးနိုင် နင်ပေးတဲ့ ရည်းစားစာ ကို ငါ တနစ်ကျော် ကြာမှတွေ့တာတဲ့ ။ပြောပြီး ရယ်တယ် ဗျ ။ ဘယ်လိုကြောင့်လဲ လို့မေးတော့ ။
အတန်းတင် စာမေးပွဲ ဖြေပြန်လာတဲ့ ကျောင်းသူ ၊ကျောင်းသား က အိမ်ရောက်ရင် စာရေးထားတဲ့ ဗလာစာအုပ် ကို ပြန်ဖတ် ကြည့်ရိုးထုံးစံ မှ မရှိပဲ။ ဖြစ်ချင်တော့ စာမေးပွဲ နောက် ဆုံး ဖြေတဲ့ ဘာသာ ။ ပိုဆိုးရော ။ အိမ်ရောက်တာနဲ့ လွယ်အိပ် ပစ် ပြီး ထားလိုက်တော့တာတဲ့ ။ နောက် နှစ် ရောက်တော့ မှ သင်္ချာ တွက် လျှင် အကြမ်းတွက် ဖို့ အတွက် စာအုပ် အဟောင်းတွေ ထဲ က စာရွက် အလွတ်တွေ လိုက် စု ရင်း မှ ကျွန်တော့် စာကို တွေ့တာ ဆိုပဲ ။
နင် ငါ့ကို ကြိုက်သေးလားတဲ့ ။ ကျွန်တော်လည်း ရယ်နေလိုက်ပါတယ် ။ နောက်မှ မကြိုက်တော့ဘူးလို့ ။ အားလုံးဝိုင်းပြီး ဟားတိုက် ရယ်မောလိုက် ပါတယ် ။
ကျွန်တော် ပေးဖူးတဲ့ ပထမဆုံး နဲ့ နောက် ဆုံး ရည်းစား စာကို မှတ်မိသလောက် ပြန်ရေးပေးလိုက်ပါတယ် ။ ကျွန်တော်ရေးတာ မဟုတ်ဘူးနော် ။ ကျွန်တော် ကူးတာ ။
သို့
ခင်မင်ယုယ သမုဒယ နှင့် ရင်မှာ မြတ်နိုး တိတ်တခိုး ချစ် ရတဲ့ မိဝါ ရေ ။
နင်တော့သိမလားမသိဘူး ငါနင့်ကို ချစ်နေတယ်ဆိုတာလေ
နင်ဘက်က မသိပေမယ့် ငါ့ဘက် ကတော့ သေချာတယ်
ငါနင့်ကို လူကိုယ်တိုင် မပြောရဲလို့ စာပေးတာ ကို နားလည်ပေးပါ ။
နင့်ကို ငါချစ်တယ်
နင့်ဆီက ပြန်စာကို မျှော်နေမယ်
မှ
နေစိုးနိုင်
( မှတ်မိသလောက် ပြန်စဉ်းစားထားတာ အားလုံးတော့ မမှတ်မိတော့ဘူး )
ရည်းစားစာ ပေးဖို့ အခက်အခဲ ရှိနေတဲ့ သူငယ်ချင်းတွေ အကြံဉာဏ် ကောင်းတွေလိုချင်ရင် ဆက်သွယ်လို့ရတယ် နော်
ဘ၀မှာ ပထမဆုံး ပေးခဲ့ဖူးတဲ့ ရည်းစားစာ ဖြစ်ပါတယ်
အချိန်ကတော့ ကျွန်တော် ၆တန်း ကျောင်းသား ဘ၀မှာ ဖြစ်ပါတယ်။

1 comment:
ဖတ်လို့အရမ်းကောင်းတယ်
Post a Comment