Thursday, January 15, 2009

နှလုံးသား ၏ စာကျက်သံ

အိပ်တ၀က် နိုးတ၀က် နဲ့ သံခုတင် ညောင်စောင်းထက်မှာ ၊ အိပ်စက်ခါ စဉ်းစားနေတုန်း .. . ဗြုန်း .. ခနဲ ဆို အသံကြား ဘာလဲလို့နားစွင့်လိုက်တယ် ။
သြော် ... ဘာသံလေလဲ ဘာသံလဲလို့ ...
ငါ့နှလုံးသားရဲ့စာကျက်သံပါလား
နှလုံးသား က ခုမှ မူကြို ပဲ ရှိသေးတော့ စာကျက်သံကလေးက ကလေးဆန်နေတယ် .. နားဆင်ကြည့်ပါလား

ကျွန်တော်သည် ရင်ဘတ်၏ ဘယ်ဘက်ခြမ်းတွင်ရှိပါသည် . . .
ကျွန်တော်၏ အိမ် နီးချင်းများ မှာ အသည်း ၊ အဆုပ် နှင့် အစာအိမ်တို့ဖြစ်ပါသည်
ကျွန်တော် ၏ အလုပ် သည် နေ့မအား ညမနား လုပ် ရပါသည် နားချိန် မရှိပါ ။
ကျွန်တော်သည် အလုပ်လုပ်သည့် နေ့မှ တချိန်သာ အလုပ်နားပါမည်
အလုပ်နားပြီးလျှင် ပြန်လုပ်တော့မည်မဟုတ်ပါ ။
ကျွန်တော် နေထိုင်သော ခန္ဓာ ကိုယ် ကြီး အား
အခြား ခန္ဓာ ကိုယ် ကြီး များ က နေစိုးနိုင် ဟုခေါ်ပါသည်
နေစိုးနိုင်သည် သူချစ်သော ကောင်မလေး တစ်ယောက်အား
ထိမ်းသိမ်းထားပေးရန် ကျွန်တော့်အား တာဝန်ပေးထားပါသည် ။ ထို့ကြောင့် ဒီကောင်မလေးနှင့် ပတ်သက်လာလျှင် ကျွန်တော် တော်တော် ကို အလုပ်ရှုပ်ပါ သည် ။
နေစိုးနိုင် သည် မကြာခဏ ဒီကောင်မလေး အကြောင်း ကို တွေးနေလေ့ ရှိပါသည် ။ သူတွေးတာအရေးမကြီးပါ ကျွန်တော်မှာ ခုန်လိုက်ရတာ မရပ်မနား ဖြစ်ပါသည် . . . နှလုံးသား အိုလံပစ် ဆိုတာသာ ရှိခဲ့ရင် ကျွန်တော်တော့ ခုန်တဲ့ နေရာမှာ ရွှေတံဆိပ် ရမည်ဟု ယုံကြည်ပါသည် ။

နေစိုးနိုင် တွေးတွေးနေသော ကောင်မလေး မှာ ဆံပင် ကောက်ကောက်ကလေးနှင့် (မွေးရာပါ အကြေကောက်) ကလေး နှင့် ဖြစ်ပါသည်။ ၄င်း ၏ ရှေ့သွားလေးနှစ်ချောင်းမှာ ထပ်နေပါသည် ။ ပိန်ပိန် ပါးပါး လေးဖြစ်ပါသည် (ပိန်သည်မှာ ခန္ဓာကိုယ် ဖြစ်၍ ပါးသည် မှာ ဆံပင် ဟုမှတ်စေလိုပါသည် ) ။ ကောင်မလေး ၏ လက် ခလယ် မှာ နေစိုးနိုင်၏ လက်သန်း နှင့် အရွယ်တူ ဖြစ်ပါသည် ။

နေစိုးနိုင် ၏ လက်ညှိုး နှင့် လက်မ အ၀ိုင်းပုံ ပြု၍ ထိ လိုက်သော အတိုင်း အတာ မှာ ဒီကောင်မလေး ၏ လက်ကောက်ဝတ် အတိုင်းအတာနှင့်တူပါသည်။

နေစိုးနိုင် ၏ လက်ညှိုး နှင့် လက်မ အား အ၀ိုင်း ပုံ ပြုလုပ်၍ ၂ လက်မ ခန့် ဟ ထား လျှင် ဒီကောင်မလေး ၏ ခြေချင်း ၀တ် နှင့် အတိုင်း အတာ ချင်း တူပါသည် ။

ကျွန်တော် အား နေစိုးနိုင်သည် ဒီကောင်မလေး နှင့် ပတ်သတ် ၍ တာဝန် အရှိဆုံး အဖြစ်သတ်မှတ်ပေးထားပါသည် ။
သို့သော် ဒီကောင်မလေးနှင့် ပတ်သက်သော အကြောင်းအရာများ မှာ အရမ်းကို အရေး ကြီးသောကြောင့် ကျွန်တော့် အား အကူအညီရရှိရန် ကူဖော်လောင်ဖက် တစ်ယောက်ပေးထားပါသည်။

ကျွန်တော့် ကူဖော်လောင် ဖက် ၏ အမည်မှာ ဦးနှောက်ဖြစ်ပါသည် ။

ဦးနှောက်နှင့် ကျွန်တော် သည် ဒီကောင်မလေးနှင့် ပတ်သက်ပြီး သဘောထားခြင်း တိုက်ဆိုက် လိုက် မတိုက်ဆိုင် လိုက်ဖြစ်ပါသည် ။ တခါတလေ နေစိုးနိုင် နှင့် သူ့ ချစ်သော ဒီကောင်မလေး ကောင်းစားဖို့ အတွက် ကျွန်တော်နှင့် ဦးနှောက်တို့ အကြိတ်အနယ် တိုက်ခိုက်ကြရပါ သည်။ ထိုအခါမျိုးတွင် တန်ပြန်ဒဏ်ခတ်သော အားဖြင့် ကျွန်တော်တို့သည် နေစိုးနိုင်အား အိပ်စက်ခွင့် ကို မပေးတတ်ကြပါ။

ကျွန်တော်တို့ အိပ်စက်ခွင့် မပေးသော ရက်တိုင်း နေစိုးနိုင်သည် ကွန်ပျူတာရှေ့တွင်ထိုင် ၍ စာရေးနေလေ့ ရှိပါသည်။

ယခု ကျွန်တော် စာကျက်နေစဉ်အတွင်းမှာပဲ နေစိုးနိုင်သည် သူချစ်သော မွေးရာပါ အကြေကောက် ကလေး အကြောင်း ကို စ တင် တွေးတောနေပြီ ဖြစ် သောကြောင့် ကျွန်တော် ပုံမှန်ထက် ခုန် ရပါတော့ မည်။

... ..........
..............
ူ...............

အောင်မာ ဒီကောင်က ငါ့ခန္ဓာ ကိုယ် ထဲမှာလည်းနေသေးတယ် ။ ငါ့ အကြောင်း ဖောက်သည်ချ နေတယ် ..
ငါ့ဖာသာ တွေးတာဘာဖြစ်လဲ ဟေ့ ..
စကားမများနဲ့ ခုန်ချင် ခုန် ... မခုန်ချင် ရပ်လိုက် ....
လုပ်ချင်သလိုလုပ် ကြောက်မယ်တော့ မထင်နဲ့
တွေးတာတော့မရပ်နိုင်ဘူး......

နေစိုးနိုင်

2 comments:

Anonymous said...

ငါ့သမီးစာကျက်နေသည်

လင်းဦး(စိတ်ပညာ) said...

ကူလောင် ကူဖက် = ဦးနှောက်

မှန်လိုက်လေ...

အဆင်ပြေပါစေ :)