Monday, January 26, 2009

လွန်လေပြီးသော ဘ၀ထဲမှ တရုတ်နှစ်သစ်ကူး


GONG XI FA CAI ... XIN NIAN KUAI LE ဆိုတဲ့ ဆုတောင်းသံလေးတွေ ၊ ဆုတောင်းထားတဲ့ ဆိုင်းဘုတ် ကလေးတွေကို မြင်တော့မှ အော် .. ဒီနေ့ တရုတ်နှစ်သစ်ကူး ပါလားဆိုပြီး သတိရ ပါတော့တယ်။ တရုတ်နှစ်သစ် ကူးမှာလည်း ချစ်သူငယ်ချင်း တွေကို ဆုတောင်းပေးချင်တာပေါ့ ။ ကိုယ့်သူငယ်ချင်းတွေကို ပျော်ရွှင်စေချင်တယ် ၊ အောင်မြင်စေချင်တယ်၊ ကြီးပွားတိုးတက်စေချင်တယ်။ နေ့စဉ်နေ့တိုင်း ဆုတောင်းမပေးဖြစ်ပေမယ့် တိုက်ဆိုင် လာတဲ့အခါမှာ ဆုတောင်းပေးတာ ကောင်းတယ်လို့ထင်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ် ကဆိုရင် ဒီအချိန် မှာ မန္တလေးမြို့ထဲမှာ နှစ်ကူးသီချင်းလိုက်ဆို နေပြီပေါ့ ။ ကျွန်တော့် အနေနဲ့ ပထမဦးဆုံး တရုတ်နှစ်သစ်ကူးကို လိုက်ပြီး သီချင်းဆိုဖူးတာက 2002 ခုနှစ် မှာပါ ။ 2000- 2002 မှာ ကျွန်တော်က တရုတ်စာ၊ စကား သင်ချင်လို့ တရုတ်ကျောင်းတက်နေတာ ။ မန္တလေး လမ်း ၃၀ က ဖူကျင်ကွမ်ရင်( FU QING GUAN YIN ) ဘုံကျောင်းမှာပါ။ နှစ်သစ်ကူးကို မရောက်ခင် ၁ လလောက် အလို ကတည်းက နှစ်သစ်ကူး အတွက် သီချင်း တွေ သင်ပေးနေပါပြီ ။ ယောက်ျားလေးတွေကို တော့ ဂစ်တာတီး သင်ပေးပါတယ် ။ ကျွန်တော် လည်း ဘယ်နေမလဲ ။ ( သိတယ်မို့လား ပါလေရာ လေ ) ဂစ်တာလိုက် တီးမယ်ပေါ့ ။

ဒီလိုနဲ့ သီချင်းတိုက်ကြ ၊ တီးကြ ၊ ဆိုကြနဲ့ နှစ်မကူး ခင် တရက် အလို ညမှာ ကျောင်းမှာ ရှိတဲ့ အတန်းတွေ အားလုံး ကိုယ့် အဖွဲ့ နှင့် ကိုယ် သီချင်းအဆိုပြိုင် ကြရပါတယ် ။ ကျွန်တော် တို့ ရှုံးပါတယ် ။ စုစုပေါင်း ၄ ဖွဲ့သွားမှာပါ ။ အနိုင်ရတဲ့အဖွဲ့ က ကျောင်း တံဆိပ်ပါတဲ့ အလံ ကလေးကို ကားမှာ ချိတ်ခွင့် ရပါတယ်။ ကျောင်းရဲ့ အကောင်းဆုံး ဆို ၊ တီး အဖွဲ့ ဆိုတဲ့ သင်္ကေတ ပေါ့ ။

ကျောင်းမှာ အတန်းတွေ အများကြီး ရှိပေမယ့် အဖွဲ့ ဖွဲ့တဲ့ အခါမှာ ၂ တန်း တဖွဲ့ ဖြစ်စေ ၊ ၃ တန်းပေါင်း တဖွဲ့ ဖြစ်စေ ဖွဲ့ပေးပါတယ်။ ကျွန်တော်တို့ အတန်းနာမည် က CHANG JIAN ချန်ကျန်း ပါ ၊ ကျွန်တော်တို့ နဲ့ ပေါင်းတဲ့ အတန်း ရဲ့အမည်က SEN LI စိန့်လိ ပါ ။ နှစ်တန်းပေါင်းတော့ ချန်ကျန်းစိန့်လိ ပေါ့ ဗျာ ။ ဟဲဟဲ

နှစ်သစ်ကူးရက်ရောက်လာလို့ သီချင်းအဆို မထွက်ခင်မှာ ကျောင်းက ရှမ်းခေါက်ဆွဲ ကျွေးပါတယ် ။ မနက်စာ ရှမ်းခေါက်ဆွဲ စားအပြီးမှာ ကွမ်ရင်မယ်တော် ကို ကန်တော့၊ ဘုရားရှိခိုး လုပ်ပါတယ် ။ ကျွန်တော်လည်း ရောယောင် ကန်တော့ တာပေါ့။

မနက်စာ စားသောက်ပြီး သီချင်း အဆို စထွက်ပါတယ် ။ အရင်ကတော့ ဂစ်တာတီး ရမှာကို တွေးကြောက်နေတာ။ တကယ် သီးချင်းဆိုတော့ လူ ၄၀ လောက် ၀ိုင်းဆိုတဲ့ အသံကို ဂစ်တာလေး ၄ လုံးနဲ့ ဘယ်နိုင်မလဲ လူသံပဲကြားရတာ ။ ဆိုချင်တာဆို .. တီးချင်ရာတီး နဲ့ သူ့အရပ်နဲ့ သူ့ဇာတ် ကတော့ လိုက်ဖက်ကို ညီလို့ ။ ဆိုကြ ... စားကြပေါ့ ။

အိမ်ရှင်တွေကလည်း ကျွေးတယ်ဗျာ မုန့်တွေ ၊ သကြားလုံးတွေ ၊ သစ်သီးတွေ ၊ အစုံပါပဲ ။ အဲ .. ပြဿနာ တခုက သီချင်းဆိုနေရင်းနဲ့ မုန့်ထည့်ထားတဲ့ ပန်းခံပြား ကို စတွယ် ကြတော့တာပဲ ။ ကျွန်တော်တို့ အဖွဲ့မှာ အတန်းနှစ်တန်း ပါတော့ သူတို့အတန်းဖက် ကလူ က မုန့်ပန်းခံကို စကိုင်လိုက်ရင် ... အဲဒီမုန့် ကျွန်တော်တို့ အတန်းဖက် က မစားလိုက်ရဘူး ။ ကျွန်တော်တို့ ယူထားတဲ့ မုန့်လည်း သူတို့ဖက် မရောက်တော့ဘူး ။ ပိုဆိုးတာ က ဂစ်တာတီးနေတဲ့ ကျွန်တော်တို့ က ဘာမှမစား ရဘူး ။ လက်မအားဘူး လေ ။

နောက်တော့ ကျွန်တော် တို့အတန်းထဲက ကောင်မလေးတွေနဲ့ ညှိထား တယ် ။ သီချင်းဆို နေရင်း စပြီး မုန့် ပန်းခံ ကိုင်ပြီဆိုတာနဲ့ ကျွန်တော့် သူငယ်ချင်း မလေးတွေ က မုန့် အခြောက် တွေ ( ချိုချင် ၊ ဘီစကစ် ) ကို စပြီး ကိုင်လိုက်တယ် ။ ပြီး တော့ ကျွန်တော်တို့ ဂစ်တာတီး နေတဲ့ နားလာပြီး မုန့်တွေကို ဂစ်တာအိုးထဲကို လောင်းထည့်လိုက်တယ်။ အိမ်ရှင်တွေ မမြင်အောင်တော့ ၀ိုင်း ကာ ထားတာပေါ့ ။ ကားပေါ်ရောက်မှ ဂစ်တာထဲက မုန့်တွေကို ပြန်ထုတ် ။ ပြန်ပြောပြီး ရယ် ကြ ။ စား ကြ ။ ပြီးတော့ နောက်တစ်အိမ်ထပ်ကူး ပေါ့။

ဒီလိုနဲ့ နေ့လည်စာ စားချိန် ရောက်တော့ ကျောင်း ရန်ပုံငွေနဲ့ ထမင်းကျွေးပါတယ် ။ မန္တလေး က ကိန်ကြည် စားသောက်ဆိုင် မှာ ၀င်စား လိုက်ကြပါတယ် ။ စားလိုက် ။ သီချင်းဆိုလိုက် ။ နဲ့ တနေကုန်အောင် နှစ်သစ်ကူးသီချင်း လိုက်ဆိုရပါတယ်။ ကျောင်းက သတ်မှတ်ပေးလိုက်တာက အိမ်တစ်အိမ် ကို သီချင်း ၄ ပုဒ်ပါ။
အစပိုင်းမှာ အဖွင့်သီချင်း တစ် ပုဒ်၊ နောက် ကြိုက်ရာ နှစ်ပုဒ် နှင့် နှုတ်ဆက်သီချင်း တစ်ပုဒ် ပါ။ မနက်ပိုင်းမှာ တအိမ်ကို ၄ ပုဒ်ဆိုပါတယ် ။ နေ့လည်စာ စားပြီး တော့ ၃ ပုဒ်ပဲဆိုပါတယ် ။ နောက်ပိုင်း ရောက်တော့ ဆုတောင်းတွေကို ချုံ့ပါတယ်။ နောက်ဆုံးတော့ အဖွင့်သီချင်းက အစ တစ်ပိုဒ် ဆိုတယ် ... မုန့်စားတယ် .. ဆုတောင်းတယ် ... အပိတ်သီချင်းက တစ်ပိုဒ် ဆိုတယ် .. ပြီးရော။

အားလုံးပြီးလို့ ကျောင်းကို ပြန်ရောက်တဲ့ အချိန်မှာ ကျောင်းအုပ်ကြီး က အိမ်ပြန် ရေချိုးပြီး ကျောင်း ကို ပြန်လာ ကြဖို့ပြောပါတယ် ။

ညပိုင်း ကျောင်း ပြန်ရောက်တဲ့ အချိန်မှာ ဖူကျင့် ကျောင်းက ခန်းမဆောင် တခု လုံး စားပွဲများ ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ပြည့်နေပါတယ်။ အားလုံး ဆုတောင်းကြ ၊ သီချင်းဆို ကြ ပါတယ် ။ နောက်တော့ ညနေစာကို စပါယ်ရှယ် ကျွေးပါတယ်။ အဲဒီလောက်များတဲ့ ဟင်းပုဂံ တွေနဲ့ထမင်း ၀ိုင်းကို လူဝတ်နဲ့ ပထမဆုံး စားဖူးခြင်းပါ( ကိုရင်ဝတ် တုန်းက တော့ သိတယ် မို့လား ) ဟင်းတွေကြီးပဲ ထိုင်စားတာတောင် ကုန်အောင်မစားနိုင် တော့တဲ့ အထိပါပဲ။

ဘ၀ရဲ့ တစိတ် တဒေသ ကို တရုတ်နှစ်သစ် ကူး ဆိုတဲ့ အထိမ်းအမှတ်နေ့မှာ ပါဝင်ခဲ့ဖူးလေတော့ ။ တရုတ်နှစ်သစ် ကူးကို ရောက်တိုင်း အတိတ်က ပါဝင် ခွင့် ရခဲ့တဲ့ ဘ၀ရဲ့ တစိတ်တဒေသကို ပြန်လည်တမ်းတရင်း သူငယ်ချင်း ၊ မိတ်ဆွေအပေါင်းအသင်း တွေကို နှစ်ကူး ဆုတောင်း တောင်း ပေးလိုက်ပါတယ်။

XIN NIAN KUAI LE နှစ်သစ်မှာပျော်ရွှင်ပါစေ

SHEN TI JIAN KAN ကျန်းမာပါစေ

GONG XI FA CAI ကြီးပွားတိုးတက်ပါစေ

WAN SHI RU YI အစစအရာရာ အဆင်ပြေပါစေ

JIA MING (ခ) နေစိုးနိုင်

1 comment:

Anonymous said...

အဲဒီအတွေ့အကြုံမရလိုက်ဘူးကိုနိုင်ရာ.....
anyway.........xia nian kuai le