Sunday, January 4, 2009

လွတ်လပ်ခြင်း နှင် လွတ်...လပ်ခြင်း


ဟိုတချိန်က မြန်မာတွေက ကိုယ့်ထီး ကိုယ့် နန်းနဲ့ နေခဲ့ကြတယ် လို့ ပြောတာ ၊ ရေးတာ တွေကို ကြားဖူး ၊ ဖတ်ဖူး ခဲ့ပါတယ်။

ဟိုတချိန်က မြန်မာတွေဟာ တိုင်းတပါးသားတို့ သိမ်းပိုက်ခြင်းခံခဲ့ရတယ် လို့ ပြောတာ ၊ ရေးတာ တွေကို ကြာဖူး ၊ ဖတ်ဖူး ခဲ့ပါတယ်။

ဟိုတချိန်က မြန်မာတွေဟာ လိုချင်တဲ့လွတ်လပ်ရေးကို အသက်ပေးပြီး တိုက်ခိုက် ယူ ကြတယ် လို့ ပြောတာ ၊ ရေးတာတွေကို ကြားဖူး ဖတ်ဖူးခဲ့ ပါတယ်။

ဟိုတချိန်က မြန်မာတွေဟာ ကမ္ဘာမှာ မြန်မာ ကွ လို့ အော်ပြီး နာမည်ကျော်ခဲ့ဖူးတယ် လို့ ပြောတာ ၊ ရေးတာ တွေကို ကြားဖူး ၊ ဖတ်ဖူးခဲ့ပါတယ်။

တခုမှ ကိုယ်တိုင်မကြုံခဲ့ ဘူးလေတော့ ယုံဖို့တော့ ခတ် ခက်ခက်ပဲဗျ...

ကျွန်တော်သိနေတာက...

ယခု မြန်မာပြည်ကို စစ်တပ်က ပိုင်ပါ၏ ။

ယခု မြန်မာနိုင်ငံ သားများ က မြန်မာနိုင်ငံသားများ ကို သိမ်းပိုက်ထားပါ၏။

ယခု မြန်မာတွေက လိုချင်တဲ့လွတ်လပ်ရေးအတွက် ထောင်နန်းစံနေကြပါ၏။

ယခု မြန်မာတွေဟာ နိုင်ငံခြားမှာ ကျွန်ခံဖို့ အတွက် တန်းစီနေကြပါ၏။
( ပညာရှိသူ က ပညာဖြင့် ကျွန်ခံပါ၏ ၊ ခွန်အားရှိသူက ခွန်အားဖြင့် ကျွန်ခံပါ၏။ ပညာရော ၊ ခွန်အားပါ မရှိသော မိန်းခလေး အချို့မှာ တော့ ရှိတာလေးနှင့် ×ာ ခံပါ၏ )

ဒီလို လွတ်လပ်ရေးဆိုတဲ့ လှောင်ချိုင့် ကြီးထဲက လွတ် ပြီး လပ် နေခဲ့ တဲ့ နိုင်ငံ ကြီး ကို ချစ် ခင် နေမိတာ ကျွန်တော့် အပြစ် လို့ ဆိုလျှင် ဆို နိုင်ပေသည်။

နေစိုးနိုင်သည် အသက်ရှိနေသ၍ ... မြန်မာနိုင်ငံသားအဖြစ်မှ မည်သည့်နိုင်ငံ သား အဖြစ် သို့ ပြောင်းမည် မဟုတ်ပါ။

နေစိုးနိုင် သည် အသက်ရှိနေသ၍ ... Refugee အဖြစ် မခံပါ။

နေစိုးနိုင် သည် အသက်ရှိနေသ၍ မည်သည့် နိုင်ငံရေးသမား ၏ အသုံးတော်ခံ အဖြစ်မခံပါ ။

နေစိုးနိုင် သည် အသက်ရှိနေသ၍ ဗုဒ္ဓဘာသာဝင် အဖြစ် မှ အခြား မည်သည့် ဘာသာ သို့မှ ပြောင်းလဲမည်မဟုတ်ပါ။

သာမည လူတန်းစား တွင် မွေးဖွားလာသော .. နေစိုးနိုင်သည် နိုင်ငံ ၊ လူမျိုး ၊ ဘာသာ ကို ချစ် သော သာမန် နိုင်ငံသားတစ် ယောက်မျှသာ ဖြစ်လိုပါကြောင်း.....

လွတ် ပြီး လပ် နေတဲ့ နိုင်ငံအဖြစ် က လွတ်မြောက်တဲ့ တနေ့....
လွတ်လပ်ခြင်းဆိုတဲ့ သံဇကာ အပြင် ဘက် ကို ပျံသန်းခွင့်ရတဲ့ တနေ့...
ပေးဆပ်ခြင်း ... ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လွတ်လွတ် လပ်လပ် စာတွေရေးချင် သေးတယ် ..

ခုတော့ လွတ်လပ်ခြင်း ဆို တာ ဘာကို ခေါ်မှန်း လူမှန်းသိတတ်စ ကတည်းက မခံစားခဲ့ဖူး လေတော့ လွတ်လပ်ရေးနေ့ ဆိုပြီး ဘာမှ ရေးစရာလည်းမရှိတော့ဘူး။

ဘယ်တုန်း က ၊ ဘယ်သူတွေက ၊ ဘယ်လို ကြိုးစားခဲ့ကြတာ ဆိုတာတွေ က လည်းလူတိုင်းသိ နေကြတာဆို တော့ ပြန် မပြောချင်တော့ဘူး ။ ရှက်လို့။

အရင်တုန်းက ဗမာ နဲ့ ခု မြန်မာ ဘာကွာကုန်သလဲ..(စာလုံးပေါင်းလား)
စဉ်းစားလို့ကိုမရဘူးဗျာ...

လွှတ်လပ်ရေးမြန်မြန်ရပြီး ...
ကျွန်ုပ် ချစ် သော မြန်မာပြည်ကြီး သည် ကမ္ဘာ့ အလည်၌ လွတ် ပြီး လပ် နေသော အဖြစ်မှ မြန်မြန် လွတ်မြောက် ပါစေ..

ကျွန် တန်းစားပေါင်းစုံလည်း ...အိမ်ပြန်ပြီး ... သခင် အဖြစ် မြန်မြန်ပြန်နေနိုင်ပါစေ လို့
လွတ်လပ်ရေးဆုတောင်းတောင်းပေးလိုက်ပါတယ် ဗျာ ။ ။


နေစိုးနိုင်

2 comments:

ATN said...

ညီရေ့ လွတ်လပ်ရေးဆုတောင်းကို အတူတကွ ၀င်ရောက်ဆုတောင်းသွားကြောင်းပါ...

ဟန်လင်းထွန်း said...

အတူလာရောက်ဆုတောင်းသွားတယ် အကို