
အသက်က ၉ နှစ် မူလတန်းကျောင်းသားဘ၀ မှာပေါ့ ...
သူငယ်ချင်းတွေနဲ့အတူ သရေကွင်း ပစ်တန်း ကစားနေကြတယ် .. ကျောင်းမတက်ခင်လေး ရတဲ့အချိန်မှာ ကစားတာပေါ့.. ကျောင်းတက်တော့ ဆရာကခေါ်တယ် အားလုံးကျောင်းထဲကို ၀င်ကြဖို့ (ကျောင်းမှာခေါင်းလောင်းထိုးဖို့ ခေါင်းလောင်းမရှိဘူး ) စာသင်ခန်းထဲရောက်တော့ ဆရာက နောက်နေ့ဆိုလျှင် ကျောင်းမှာ သရေကွင်းတွေယူမလာဖို့ သရေကွင်းနဲ့မကစားဖို့ ပြောပါတယ် .. မတော်တဆ မျက်လုံးထိမိပြီး ဒဏ်ရာရသွားမှာ စိုးရိမ်ကြောင်းပြောပါတယ်... ကလေးပဲဗျာ မကစာဘဲ ဘယ်နေနိုင်ပါ့မလဲ.. သရေပင်ပစ်တဲ့နေရာမှာလည်း ကျွန်တော်က လက်အတော်တည့်တာကိုးဗျ ..နိုင်ထားတဲ့သရေပင်တွေဆိုနည်းတာ မှတ်လို့ ... ငါးကွင်း ..ငါးကွင်း စုပြီးတွဲထားတာ အကွင်း၂၀၀ ကျော်တယ်.. မိန်းခလေးတွေကို ကြိုးခုန်ဖို့ငှားတယ်.. မုန့်စားရတယ်လေ..
နောက်နေ့လဲရောက်ရော ဆရာက အားလုံးရဲ့ လွယ်အိပ်ထဲမှာရှိတဲ့ သရေကွင်းတွေ ကိုသိမ်းပါလေရော .. ကျွန်တော်ရဲ့ သရေကွင်းတွေလဲအားလုံး ပါသွားတာပေါ့ ..
ကျွန်တော် ထင်တာက ကျောင်းဆင်းရင် ပြန်ပေးမယ် ပဲ ထင်နေတာပေါ့.. ကျောင်းဆင်းအောင် စောင့်တယ် ပြန်ပေးနိုး ပေးနိုး နဲ့ ပေါ့ ကျောင်းဆင်းသွားတယ် ပြန်မပေးဘူး ... နောက်နေ့ပြန်ပေးနိုး နဲ့ ဆရာနားလေးမှာ ရစ်သီ ရစ်သီလုပ်တာပေါ့ .. ဆရာက မပေးဘူး ..
ကျွန်တော်လည်း မနေနိုင်တော့ဘူး .. သူငယ်ချင်းတွေကို ပြောတယ် .. စည်းရုံးတာပေါ့ ..
"ငါတို့ဆရာက ငါတို့သရေကွင်းတွေယူပြီး ပြန်လည်း မပေးတော့ဘူး .. သူ့သားသမီးတွေကို ပေးလား မသိ ဘူး" ..ဘာညာ ပေါ့ .. အပြတ်စည်းရုံးတာ..
နောက်ဆုံး ကျောင်းရုံးခန်းထဲက ဘီရိုထဲ မှာ ရှိမရှိ ခိုးကြည့်မယ်ပေါ့
မရှိခဲ့ရင် သေချာတယ် .. ဆရာ သူ့သားသမီးတွေကို ပေးတာပဲပေါ့...
အဲဒီလိုနဲ့ ကျောင်းပိတ်ရက်ရောက်တော့ သူငယ်ချင်းငါးယောက် ကျောင်းရုံးခန်းကို ခိုးဝင်ပါတယ်
သစ်သားကျောင်းလေးဆိုတော့ ခေါင်မိုးအောက်ကနေ တိုးပြီး ၀င်ပါတယ်... ကလေးဆိုတော့ တိုးလို့ရတာပေါ့ .. ရုံးခန်းထဲရောက်တော့ ဘီရိုကို ဒုတ်နဲ့ကလန့်ပြီး ဖွင့်ပါတယ်... နောက်တော့ ... တွေ့ပါရော ကျွန်တော်တို့ သရေကွင်းတွေ ...
လာတုန်းကတော့ သရေကွင်းရှိမရှိ ကြည့်ဖို့ပါပဲ ... သရေကွင်းလည်းတွေ့ရော ပြန်ယူချင်စိတ်ကဖြစ်လာရော..
ဘာရမလဲပြန်ယူတာပေါ့....
ကျောင်းပြန်ဖွင့်တဲ့ရက်ရောက်တော့ ကျောင်းမှာ ရုတ်ရုတ်သဲသဲပေါ့ ရွာက လူကြီးတွေရော ( ကျောင်းကော်မတီ) တွေရော ...
ခက်ပြီ
ကျွန်တော်တို့လည်းခုမှ ကြောက်တော့တာကိုးဗျ .. ပြန်ယူတုန်းကတော့..
ငါတို့သရေကွင်းကို ငါတို့ပြန်ယူတာ ဘာဖြစ်လဲပေါ့ .
နောက်တော့ ကျွန်တော်တို့မိဘတွေ ကျောင်းကို လာပါရော .. သေပြီ .. ဒါကျွန်တော်တို့လက်ချက်ဆိုတာ သိသွားကြပြီ...
အဖေရဲ့ မျက်နှာရော ..အစ်မေရဲ့မျက်နှာပါ အရမ်းကို ခက်ထန် နေတာပါ .. အဖေက ကျောင်းက ပျက်စီးသွားသမျှ တာဝန်ယူကြောင်း .. ကျွန်တော်ကို သူတို့ကိုယ်တိုင် (မိဘ) ဆုံးမ မယ်ပေါ့
အိမ်ကို ပြန်ခေါ်သွားပါတယ် .. အား လား လား အိမ်မှာ တဆွေလုံး တမျိုးလုံး ရောက်နေကြပါလား .. ပြောလိုက်ကြတာဗျာ တစ်ယောက်တစ်မျိုး .. "ငါတို့အမျိုးထဲမှာ ဒါမျိုး မရှိဘူး ဒီကောင့်ကျမှ ဘယ်ကပါလာရတာလည်း နောက် မလုပ်ရဲအောင် နာနာ ရိုက်" ဆိုတဲ့ လူတွေကြီးပဲဗျ...
ကျွန်တော့် မိဘရယ် ၊ ကျွန်တော့် အစ်ကိုတွေရယ်ကတော့ တချက်မှမရိုက်ဖူးဗျ ..
ဒီမှာ ကျွန်တော့် အစ်ကို ကြီးက "လာ မင်းငါနဲ့လိုက်ခဲ့ အိမ်မှာဆို အမေတို့စိတ်ဆင်းရဲရမယ် မင်းငါ့ကြောင်းသိမယ်" ဆိုပြီး လယ်တောထဲ ကို ခေါ်သွားပါတယ် ... လမ်းမှာလည်း စကားတစ်ခွန်းမှ မပြောဘူးဗျ..
ကျွန်တော်တို့လယ် တောထဲကိုယောက်တော့
"မင်းဟိုတိုင်မှာဖက်ထား"... တဲ့
ဖက်ထားတာပေါ့ ... သူဒုတ်လိုက်ရှာပါတယ်... ကျွန်တော့်ကိုရိုက်ဖို့ ..
ဒုတ်တော့ယူလာတယ်
မရိုက်ဖူးဗျ .. ပြီးတော့အစ်ကိုကြီးကငိုတယ်ဗျ ..." မင်းကွာ .. မင်းကွာ" ...နဲ့ပြောပြီး
နောက်တော့မေးပါတယ် .. "နောက်တခါဒါမျိုးလုပ်ဦးမှာလား "... မလုပ်တော့ဘူး ဆိုတော့ .. လာပြန်မယ်
အိမ်ရောက်လို့သူများတွေမေးရင် မင်းကိုငါမရိုက်ဘူး လို့မပြောနဲ့ တဲ့
အဲဒီလို ကျွန်တော် ငယ်ငယ် က သူခိုးလုပ်ခဲ့ဖူးပါတယ် ...
ဒါပေမယ့် ကျွန်တော်ဖက်က တော့ကျွန်တော်မှန်နေတာပဲ ...
သူတို့ဖက်ကကြည့်တော့လည်း ဟုတ်တာပဲ...
အင်း နေစိုးနိုင် က ကိုယ်ရစရာ ကို မရရင် ငယ်ငယ်လေးကတည်းက ခိုးယူတတ်တဲ့ အကျင့် က ရှိနေတယ်...
စဉ်းစားလိုက်တယ် .. ငါ ဘာရစရာရှိနေလည်း ....
အခွင့်ရေး..... အခွင့်ရေး ...
ငါ့ BLOG လေးကို BANNED ထားတယ်ဆိုပါလား....
အင်း .... ငါ .. သူခိုး ထပ်လုပ်ရတော့မှာပေါ့လေ.....
2 comments:
ကိုယ့်ဘက်က ကြည့်တော့ ကိုယ်မှန်နေတယ် မဟုတ်လား... ဘာမှစဉ်းစားမနေနဲ့... ဆက်လုပ်..
ko htin yar ko lote nay kya dar "lu. Ba wa"
Post a Comment