Wednesday, November 19, 2008

လုပ်ခဲ့ဖူးသောအမှားများ


ဒီ post လေးကိုရေးမလို့စဉ်းစားထားတာကြာပြီ.. ဒါပေမယ့် မရေးဖြစ်ဘူး ..ရေးလိုက်ရင်ကျွန်တော်ကို နိုင်ငံရေး သမားလို့ထင်ခံရမှာစိုးလို့... ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ဒီ post မှာက နိုင်ငံရေးနဲ့ဆိုင်တာတွေပါလာနိုင်တာမို့ပါ။ ဒီစာလေးကိုမရေးခင် နိုင်ငံရေးအပေါ်မှာ ထားတဲ့ ကျွန်တော့်သဘောထား ကိုပြောပြချင်ပါတယ် .. ကျွန်တော်ကနိုင်ငံရေးသမားတစ်ယောက်မဟုတ်သလို ဖြစ်ချင်တဲ့ဆန္ဒလည်းမရှိတာအမှန်ပါ။ ဒါပေမယ့် ကျွန်တော်က မြန်မာနိုင်ငံသား မြန်မာနိုင်ငံကိုချစ်တယ် .. မြန်မာပြည်ကိုတိုးတက်စေချင်တယ်... မြန်မာတို့ရဲ့စိတ်ဓာတ်တွေကိုမြင့်မား စေချင်တယ်.. ဒီလိုပြောလိုက်လို့ မင်းကဘာကောင်လဲလို့မေးချင်မေးနိုင်ပါတယ်။ အဖြေကရှင်းပါတယ် ဘာကောင်မှမဟုတ်ပါဘူး... ဘယ်အစိုးရတက်တက် ..ကျွန်တော်ကတော့နိုင်ငံကိုချစ်တတ်သော သာမည နိုင်ငံသားတစ်ယောက်ထက် ဘာမှ ပိုလာမှာမဟုတ်ပါဘူး... ကျွန်တော်ဒီအကြောင်းအရာတွေကိုရေးတယ်ဆိုတာလဲ နားလည်လှလို့မဟုတ်ပါဘူး .. ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ တွေကို ကလေးတစ်ယောက် က ဖြစ်ချင်တာကိုပူ စာတဲ့သဘောတွေပါ.. ဖြစ်ချင်တာကိုပဲသိတာပါ .. ဖြစ်နိုင်တာ မဖြစ်နိုင်တာ တော့မသိပါဘူး.. ကျွန်တော် တို့နိုင်ငံမှာ ဘယ်အစိုးရတက်တက် ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့မဖြစ်မနေပြင်ဆင်ရ မယ့် စိတ်ဓာတ် ကတော့ လာဘ်ပေးလာဘ်ယူကိစ္စပါ... မြန်မာပြည်ကလာဘ်ပေးလာဘ်ယူကိစ္စတွေကို ပြောနေကြတာတွေအများကြီးပါ.. ဒါတွေပြောရင်မဆုံးတော့ဘူး.. ကျွန်တော်မသိတာတွေကတော့ မပြောချင်ဘူး ခုပြောချင်တာက.. ကျွန်တော်ကိုတိုင် လာဘ်ပေးလာဘ်ယူလုပ်ဖူးခဲ့တာလေးတွေကိုပြောတာပါ.. ဒီလိုပြောလို့ သက်ဆိုင်ရာဌာနတွေကို စော်ကားလိုစိတ်မရှိပါ ..
ကျွန်တော့်ဘ၀မှာ ပထမဆုံး တရားမ၀င်ပိုက်ဆံပေးဖူးတာက ပြည်သူ့ရဲကိုပါ
ကျွန်တော် ၁၀ တန်းအောင်တော့ ရေကြောင်းသိပ္ပံလျှောက်ဖို့ကြိုးစားပါတယ် .. အဲဒီမှာ ရဲစခန်းက ထောက်ခံစာလိုပါတယ်.. ဒါကြောင့် ရဲစခန်းကိုသွားတော့ ထောက်ခံစာရေးမပေးပါဘူး... ရဲသားတစ်ယောက်ကပြောပါတယ် .. ညီလေးနည်းနည်း ကြည့်လုပ်လိုက်ပါ ... တဲ့ .. ကျွန်တော်ပိုက်ဆံ ၁၀၀၀ ပေးလိုက်ပါတယ် ... ၅ မိနစ်အတွင်းပဲ ထောက်ခံစာရခဲ့ပါတယ်..
နောက်တစ်ခုကတော့ ယာဉ်ထိမ်းရဲကိုပါ.. ကျွန်တော်မန္တလေးကိုနေ တဲ့အချိန်ကပါ.. ကျောင်းတက်နေစဉ်ကပါ.. ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလို့ ရဲကဖမ်းပါရော... ညီလေး .. ရုံးရောက်ရင်ရှုပ်ကုန်လိမ့်မယ် တဲ့ ဒီမှတင်နားလည်မှူနဲ့လုပ်ပေးလိုက်မယ်တဲ့ .. ၅၀၀၀ ပေးတဲ့ နောက်ဆုံးတော့ ၃၀၀၀ နဲ့ပွဲသိမ်းသွားခဲ့ပါတယ်...
နောက်တစ်မှူကတော့ ၂၆ လမ်းပေါ်မှာ ကျွန်တော်ဆိုင်ကယ်တိုက်မှူဖြစ်ပါတယ် ... ဒီလိုပါပဲ ပိုက်ဆံပေးပြီးအဆုံး သတ်ခဲ့ကြပါတယ်
နောက်မှတ်မိတာတစ်ခုကတော့ မြန်မာ့မီးရထား လက်မှတ်ပါ .. မန္တလေးက နေရန်ကုန်ကို သွားဖို့အတွက် အကြိမ်အခါပေါင်းများစွာ တရားမ၀င် ပိုက်ဆံပေးပြီး လက်မှတ်ဝယ်ခဲ့ဖူးပါတယ်..
ရန်ကုန်ရောက်လာတော့ အလုပ်လျှောက်ဖို့အတွက် ရပ်ကွက်ထောက်ခံစာလိုပါတယ်.. ပြဿနာက ကျွန်တော်က ဘုန်ကြီးကျောင်းမှာ ကပ်နေရတာဗျာ ... ဘုန်းကြီးကျောင်းမှာနေတဲ့လူတွေကို ထောက်ခံမပေးဘူးတဲ့.. အလုပ်ကလည်းစာရွက်စာတမ်းအပြည့်အစုံပါမှ ရမှာတဲ့... ဘာတတ်နိုင်မှာလည်း .. နောက်ဆုံးတော့ တောင်းတောင်းပန်ပန်နဲ့ လာဘ်ထိုးခဲ့ရပြန်ရော..
အခုနောက်ဆုံးကြုံခဲ့ရတာကတော့ လေယာဉ်ကွင်းက အခွန်ဝန်ထမ်းနဲ့ လ၀က ပါ ... ကျွန်တော်နိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်လာတော့ လေယာဉ်ကွင်းမှာ လ၀က က ဒေါ်လာ ၁၀ တောင်းပါတယ်.. ကျွန်တော်မပါပါဘူး ဒါကြောင့်မပေးပါဘူး ... ဒါဆိုရင်.. မင်းတို့ကိုသွားခွင့်မပေးဘူးဘာညာပေါ့ ခြောက်ပါတယ်... နောက်ဆုံးတော့လေယာဉ်ထွက်ခါနီး ၁၀ မိနစ်လောက်အလိုမှာ မှ ကျွန်တော်တို့ကို ဆဲနည်းပေါင်းစုံအောင်ဆဲ ပြီးမှ တုံးထုပေးလိုက်ပါတယ်....
လောလောလတ်လတ်ကြုံခဲ့တာကတော့ ၂၀၀၈ ခုနစ် မတ်လ မှာ ကျွန်တော် ခွင့်နဲ့ မြန်မာပြည်ကို အလည်ပြန်ပါတယ်.. အင်းလမ်းတစ်လျှောက်အေးဆေးပါဘဲဗျာ... မြန်မာပြည်လေယာဉ်ကွင်းကိုရောက်တော့မှ.. လ၀က က ရစ်ပါရော.. ကျွန်တော်က အရင်ကသွားဖူးတဲ့လူတွေပြောထားလို့ လ၀ကကို ပေးဖို့ပိုက်ဆံကို သပ်သပ် ထည့်ပြီးပါလာပါတယ်..
ရောက်တယ်ဆိုရင်ပဲ ရစ်တာဗျ .. ဒါနဲ့ကျွန်တော်လည်းရစ်ခံရမယ့်အတူတူကတော့ ပိုက်ဆံပေးမနေတော့ဘူး ဆိုပြီးမပေးဘူးဗျ.. မင်းက ရွှေဘိုကဆိုတော့ အညာက ပေါ့...ငါလည်း အညာကပဲတဲ့ ... ဘာလက်ဆောင်ပါလဲ တဲ့ . ဘာမှမပါဘူးဆိုတော့ ဆေးလိပ်ဘူးပါလားဆိုတော့ ... ပါတယ်ပေါ့ .. ပေးလိုက်တယ် .. မင်းကနောက်နေတာလားသောက်ပြီးသားဆေးလိပ်ဗူး ကို ပေးလို့တဲ့ ကျွန်တော်လည်းပါတာပေးတာပါဗျာ ဆိုတော့ မင်းပိုက်ဆံပါတယ်မို့လားတဲ့ အတန်ကြီးဆိုလည်း ဖျက်ပေးမယ်တဲ့ .. ကျွန်တော့ပိုက်ဆံအိပ်ကို ပြပါတယ်.. ဒီမှာ ယူအေးအီးက ပိုက် ဆံ နည်းနည်းပါတယ် .. အိမ်ရောက်ရင် မိသားစုကို ပြဖို့ နောက်ပြန်လာရင် Taxi ခ အတွက်ထည့်လာတာလေးတွေပါ.. ဒီပိုက်ဆံလေးတွေတွေ့တော့ အဲဒါ uae က ပိုက်ဆံလားတဲ့ ဟုတ်တယ် ဆိုတော့ .. ဘေးက သူ့ လုပ်ဖော်ကိုင်ဖက်ကို မေးပါတယ် ... မြန်မာပြည်မှာ uae ကပိုက်ဆံရောင်းလို့ရလားတဲ့ ... ဒီမှာ ကျွန်တော်လည်း ဒေါသနဲ့ ပြောပါတယ် .... အစ်ကို .. ဒီပိုက်ဆံကို ယူလာတယ်ဆိုတာ ပြန်ရင် ကားခ ရအောင်လို့ပါ .. အစ်ကို ကို ပေးရင်ကျွန်တော်ဘာနဲ့ပြန်ရမှာလည်း ဆိုတော့ .. မင်းကလည်းအညာသားအချင်းချင်းကို ကွာ .. တဲ့ .. နောက်တော့ ခြောက်ပါတယ် မင်းပြန်လာရင် တွေ့မယ် တဲ့ ကျွန်တော်ကလည်း.. ဒီလေယဉ်ကွင်းပဲရှိတာပဲဗျာ ..လို့ပြောပါတယ် .. ဒီအချိန်မှာ ကျွန်တော်မကြောက်တော့ဘူး စိတ်ထဲမှာလည်းခံပျင်းဒေါသဖြစ်နေပြီ ... နိုင်ငံသားတစ်ယောက်နိုင်ငံကိုပြန်လာတာ .. ကြိုဆိုပုံက မနွေးထွေးဘူးဗျ.. နောက်ဆုံးမှာတော့ ဆဲဆိုပြီး မှတုံးထုပေးပါတယ်... ယုံလားတော့မသိဘူး ... လေယာဉ်တစ်စင်းလုံးမှာ ပါလာတဲ့လူတွေနည်းတာမှတ်လို့ လေယာဉ်ကွင်းက ထွက်တာတော့ ကျွန်တော်နောက်ဆုံးပဲဗျ... လာကြိုတဲ့လူတွေနေရာမှာလည်း နယ်ကတက်လာရှာကြတဲ့ ကျွန်တော့် မိသားစုပဲကျန်တော့တာ...

ဒါကတော့ကျွန်တော်လုပ်ဖူးတဲ့ လာဘ်ပေးခြင်း အမှူတွေပါ... ဒီတရားမ၀င် ပိုက်ဆံပေးခြင်း ပိုက်ဆံယူခြင်း ကိစ္စ ဟာ တရားဝင်လို ဖြစ်နေတာမကောင်းပါဘူးဗျာ... ဒီလိုဝန်ထမ်းတွေ .. ကျွန်တော့်လို ပြည်သူတွေရှိနေသမျှ ဒီနိုင်ငံမှာ ဘာအစိုးရတက်တက် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး...
စိတ်ဓာတ်တွေကို ပြင်ကြပါစို့ဗျာ...
သင်ရောလာဘ်ထိုးဖူးပါသလား.......
သင်ရောလာဘ်ယူဖူးပါသလား.......
သင်စိတ်ဓာတ်ကိုရောပြုပြင်ချင်စိတ်ရှိလား...
ပြုပြင်ဖို့လိုတယ်လို့ရောမထင်မိဘူးလား....
မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသောဆန္ဒ မရှိပါ...
နိုင်ငံကိုချစ်သော... လူမျိုးကို ချစ်သော .. သာမာန် နိုင်ငံသားတစ်ယောက်မျှသာဖြစ်ပါကြောင်း....

No comments: