Saturday, October 9, 2010

chess :


ဘဝဆိုတဲ့ နှင်တံစေရာအတိုင်း ရုန်းကန်လှုပ်ရှားရင်း နဲ့ ….

လွမ်း…မိ…တယ် ။

ချစ်သူကို လွမ်းတယ်ဆိုရအောင်ကလည်း လက်ဆုပ်လက်ကိုင် ရည်စားမရှိ ။

အိမ်ကိုလွမ်းတယ်ဆိုရအောင်လည်း နှစ်ဆယ့်လေးနာရီ လမ်းသလားတတ်တဲ့ ကျွန်တော် ။

တစ်ခါတစ်ခါတော့ အလွမ်းမိုးမစွေသော်လည်း အလွမ်းအခိုးတွေတော့ ဝေတတ် ပါသည် ။ နှလုံးသားနှင့် လူသားပေကိုး ….

ရင်ကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ခဲ့ကြတဲ့ အပေါင်းအသင်းတွေ….

လေးနက်တဲ့ အတွေ့အကြုံတွေ မွေးဖွားပေးရာ အမိရွှေမြန်မာပြည်….

အမြဲမဟုတ်ပေမယ့် သတိရတိုင်း် တမ်းတမိတာ ပုထုဇဉ်မို့ပေလား….

အော် သူငယ်ချင်းအပေါင်းအသင်းတွေကို လွမ်းတယ်ဆိုတော့လည်း သူတို့နဲ့ပါတ်သက် ပျော်ဝင်ခဲ့ရာ အကြောင်းများကလည်း အောက်မေ့စရာတွေပဲပေါ့ ။

ဘုရားအတူတူသွားဖူးတယ် …

စာအတူတူကျက်ဖူးတယ်…သင်တန်းအတူတူတက်ဖူးတယ်…

ဘီယာတူတူသောက်ဖူးတယ်…

လုပ်ငန်းတူတူလုပ်ဖူးတယ်…

အတူတူ ကစားဖူးတယ်….

အဲသလို တူတူတွေ အားကြီးကို သတိရမိတတ်ပါတယ် ။

အဲသလိုအားကြီးထဲကမှ တစ်ခါတစ်ခါ chess (စစ်တုရင်) ကစားတာကိုလည်း တမ်းတမိ တတ်သေးရဲ့ ။ အရမ်းကြီး crazy ကျတာမဟုတ်ပေမယ့် chess ကစားတာကို အတော်လေး နှစ်ခြိုက်သဘောကျမိတယ် ။ ဒါပေသိ…

အချိန်ကို ရွှေလိုအဖိုးတန်နေတဲ့သူတစ်ယောက်က စေတနာကို ချက်ကစားတာကောင်းလား လို့ မေးခဲ့ရင် မကောင်းဖူး အချိန်ကုန်တယ်လို့ ပြန်ဖြေမှာပါ ။ တစ်ခါတစ်ခါ time pass တို့ အပျော်ပါ ဆိုတဲ့ဆင်ခြေစကားလုံးတွေက အရမ်းကြောက်ဖို့ကောင်းတာကလား ။

လူတိုင်းမှာ ဆင်ခြေရှိတတ်ကြပါတယ် ။ သူများကိုပေးတဲ့ဆင်ခြေထက် ကိုယ့်ကိုယ်ကိုပေးတဲ့ ဆင်ခြေက ပိုလို့ကြောက်ဖို့ကောင်းပါတယ် ။ အပူအပင်တွေ များလွန်းနဲ့လောကကြီးထဲမှာ အပူအပင်တွေ တဒင်္ဂ သက်သာပျောက်ကင်းစေဖို့ (အလဲ့ မိတယ်နော် .. ကိုယ့်ကိုယ်ကိုပေး တဲ့ ဆင်ခြေများကျတော့) ရာ စေတနာ chess ကစားခဲ့ပါတယ်ပေါ့ ။ အဲလိုအတွေးတွေနဲ့ မကောင်းတာ တော်တော်များများ စေတနာတစ်ယောက် အလိုအလျောက် ပိုင်ဆိုင်ခဲ့ပါပြီ ကောရယ်.. ။

တစ်ခုတော့ ကံကောင်းတယ် ဆိုရမယ် ။ chess ကစားရင်နဲ့ အတွေးအမြင်တစ်ချို့ စေတနာ
ရလာခဲ့ပါတယ် ။အရှုံးထဲက အမြတ်ဆိုရမယ်ပေါ့ ။ အဲဒီအတွေးလေးတွေကို မျှဝေ လိုခြင်းရယ်ပါ ။ chess ကစားရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းဖို့ ကြော်ငြာပေးခြင်းမဟုတ် ရကြောင်းပါခင်ဗျားးးးး ။


လူတွေရဲ့စိတ်ကို လောင်းကစားအတူလုပ်ရင် သိနိုင်တယ်လို့ ဆိုကြတယ် ။ ဒီအချိန်မှာ ဟန် ဆောင်မှုကင်းမဲ့တဲ့ အတ္တဆိုးဆိုးတွေ ချပြတတ်ကြလို့ပါပဲ ။ ဟုတ်ကဲ့ ။ chess ကစားခြင်းက တော့ အလောင်းမပါပဲ ကစားရင်းနဲ့ လူတွေရဲ့ စိတ်ကို သိနိုင်တယ်လို့ ပြောလို့ရပါတယ် ။ chess ကစားနေတဲ့အချိန်မှာ အနိုင်ရလိုဇောတွေနဲ့ ဟန်ဆောင်ဖို့ မေ့လျော့မိတတ်ကြလို့ပါ ပဲ ။ လူတွေရဲ့ အနိုင်ယူလိုမှုတွေ (မှန်မှန်ကန်ကန် အနိုင်ယူလိုချင်တာလား ။ ဒါမှမဟုတ် မမှန် မကန် အနိုင်လိုချင်တာလားပေါ့ ) ၊ စိတ်ရှည်သည်းခံနိုင်မှု အတိုင်းအတာတွေ ၊ အတွေးအခေါ် အယူအဆတွေ အများကြီးကွာခြားတတ်ပုံကို ချက်ကစားရင်းနဲ့ စေတနာတစ်ယောက် နည်း နည်းပါးပါး သဘောပေါက်ခဲ့တယ် ဆိုပါတော့ ။



ချက်ကစားရင်းနဲ့ ဘဝမှာ ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာလေးတွေ ကိုလည်း ဆင်ခြင် တွေးတောမိတယ် ။ ဟုတ်တယ် ။ချက်က ဘဝနဲ့ ဆင်တူပါတယ် ။

ကာလသုံးပါး
ချက်ကစားနည်းကို အပိုင်းလိုက်ခွဲရင် သုံးပိုင်းတွေ့ရမှာ ဖြစ်ပါတယ် ။ opening game,middle game, end game ဆိုပြီးခွဲခြား နားလည်မှ ချက်ကစားတတ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ Opening game ရဲ့တန်ဖိုးကို ကောင်းကောင်းသိတယ်ဆိုရင် မိုင်တစ်ထောင်ခရီးရဲ့ အစဖြစ် တဲ့ ပထမခြေလှမ်းရဲ့ အရေးကြီးပုံကို သတိထားဆင်ခြင်မိစေပါတယ် ။ အစကောင်းမှ အနှောင်းသေချာလို့ ဆုံးမခဲ့ကြမဟုတ်လားခင်ဗျာ ။ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ ရည်မှန်းချက် တွေ ၊ အဲဒီရည်မှန်းချက်တွေကို ချဉ်းကပ်တဲ့ နည်းလမ်းတွေကို စတင်ရွေးချယ်တော့မယ်ဆို ရင် အများကြီး အကျိုးအကြောင်း ဆင်ခြင်တွေးတော သင့်ပါတယ် ။ ဘဝပေါင်းများစွာနဲ့ဆိုင် တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ၊ အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ပေါ်ဖို့ စတင် ချဉ်းကပ်တော့မယ်ဆိုရင်တော့ ပိုလို့ဆန်းစစ်ဖို့လိုပါလိမ့်မယ် ။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ နောက်လိုက်ပေါင်းများစွာရဲ့ ဘဝဖြစ်တည်မှုတွေကို ဖန်တီးနိုင်စွမ်း ရှိနေလို့ပါပဲ ။

ဘယ်လိုအခြေအနေမျိုးမှာ ရှိနေပါစေ မိမိကိုယ်ကိုသော်လည်းကောင်း ၊ မိမိမိသားစုပတ်ဝန်း ကျင် အသိုင်းအဝိုင်းအတွက်သော်လည်းကောင်း အကောင်းဆုံး အမွန်ဆုံးလမ်းကို ဖန်တီး တည်ဆောက်ရမယ်ဆိုတာကိုတော့ middle game က ပြဆိုပါတယ် ။ အကြောင်းအကြောင်း ကြောင့် မိမိဘဝအခြေအနေ နိမ့်ပါးနေလင့်ကစား အမြင့်ကိုသာ မျှော်မှန်းအားထုတ်တတ်သူ တို့သာ middle game ကိုကောင်းကောင်းကစားနိုင်မှာ ဖြစ်ပါတယ် ။ မိမိအခြေအနေအပေါ် စိတ်ပျက်အားလျော့တတ်သူတွေ ၊ မိမိဘဝကို အားရကျေနပ်ပြီး သတိကင်းမဲ့သူတွေအတွက် middle game က အများကြီး သင်ခန်းစာပေးတတ်ပါတယ် ။ စွန့်စားဖန်တီးလိုသူတွေအတွက် middle game က သည်းခြေကြိုက်ပေါ့ ။ လက်ရှိဘဝကိုလည်း အလှပဆုံး ဖန်တီးတတ်ကြသူ တွေပေါ့လေ ။

လူတိုင်းလူတိုင်းဟာ မိမိဘဝရဲ့ dicision maker များပဲ ဖြစ်ကြပါတယ် ။ ဘဝရဲ့ လမ်းအချိုး အကွေ့တိုင်းမှာ မိမိဘဝအနာဂတ်လှပဖို့ ဘယ်လိုများ ဖန်တီးဆုံးဖြတ်ရမလဲ ။ အစလည်း ကောင်းခဲ့ပါရဲ့ ။ အလယ်မှာလည်း လုံ့လတွေ ဝီရိယတွေ ပြီးပြည့်စုံစွာ အားထုတ်ခဲ့ပါရဲ့ ။ ဒါနဲ့များ မိမိလိုချင်တဲ့ ပန်းတိုင်နဲ့ ဘာလို့များ အလွဲလွဲ အချော်ချော် ဖြစ်တာပါလိမ့် ။ ပန်းတိုင် ဆိုတာကလည်း မိမိတစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ ပန်းတိုင်ကော ၊ အများအကျိုးနဲ့ဆိုင်တဲ့ မျှော်လင့်ချက်ပန်းတိုင်တွေကော ဆိုလိုပါတယ် ။ အဲဒါတွေ မပြည့်စုံရတာ ကံဇာတ်ဆရာ အလိုကျများလေလား …။ ဒါမှမဟုတ် … ။

Chess ပွဲတစ်ပွဲမှာ end game ရောက်လာပြီဆိုတာနဲ့ ပွဲအဆုံးသတ်ဖို့အတွက် ရွေးချယ်မှု တွေ ၊ စွန့်စားမှုတွေ စတင်လာပါတယ် ။ ဒါပေမယ့် ရွေးချယ်ချင်သလို ရွေးချယ်ပြီး စွန့်စားမှု လုပ်တယ်ဆိုရုံမျှနဲ့လည်း chess ကစားသမားတစ်ယောက်ဖြစ်မလာ နိုင်ပါဖူး ။ အတွေ့အကြုံ လို့ခေါ်ဆိုရမယ့် end game's formulas and strategies တွေ လိုအပ်ပါတယ် ။အတွေ့အကြုံဆိုရာမှာ ကိုယ်ကိုယ်တိုင် ကြုံတွေ့တာရော ၊ အများတကာရဲ့ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်သင်ခန်း စာယူရမှာ ဖြစ်ပါတယ် ။end game မှာ စွန့်စားမှုတွေလုပ်ရတော့မယ်ဆိုရင်လည်း အများကြီး ဆန်းစစ်ဖို့ လိုပါတယ် ။ စွန့်စားမှုကနေ အရှုံးဆိုတဲ့ နစ်နာမှုအသွင်ပြောင်းသွားတတ်လို့ပါပဲ။ chess ဆိုတဲ့ကစားပွဲတစ်ပွဲကို တောင်မှ ဒီလောက် စဉ်းစားတွေးခေါ်ပြင်ဆင်နေရရင် ကျွန်တော်တို့ ဘဝတွေအတွက် end game dicision တွေများ ကိုယ်တိုင်ချမှတ်ရတော့မယ် ဆိုရင်ဖြင့် အများ ၊ အများကြီးကို ကြိုတင် ပြင်ဆင်၊လေ့လာ၊တွေးခေါ်သင့်ကြတယ် မဟုတ်ပါလားခင်ဗျာ ။

ပါဝါပိုင်ဆိုင်မှုအနေအထား နှင့် မိသားစုသဘော
Chess ကစားရာမှာ ကစားရုပ်ကလေးတွေဟာ သူ့ပါဝါနဲ့သူ ရှိနေကြပါတယ် ။ ကစားရုပ်လေး တွေ တစ်ရုပ်နဲ့တစ်ရုပ် ပါဝါ နှင့် အသုံးဝင်မှုတူပင်မတူသော်ငြား အရုပ်တိုင်းဟာ တစ်ရုပ်နဲ့ တစ်ရုပ် ချိတ်ဆက် ၊ ဖေးကူ ၊ အားဖြည့်ထားရပါတယ် ။ အရုပ်တိုင်းဟာ သူ့ဂုဏ်သတ္တိနဲ့ သူ တန်ဖိုး ရှိနေကြပါတယ် ။ ကျွန်တော်တို့ဘဝတွေရဲ့ မိသားစုအတွင်းမှာလည်း အဲသလို သူ့ဂုဏ်နဲ့သူ ရှိနေတာကို သိဖို့ ၊ အဲဒီတန်ဖိုးတွေကို မှန်ကန်စွာ အသုံးချတတ်ဖို့ ၊ အတတ် နိုင်ဆုံး တစ်ဦးနဲ့တစ်ဦး အားဖြည့်ထောက်ကူဖို့သာ စဉ်းစားကြမယ်ဆိုရင် အရမ်းကြည်နူးစရာ ကောင်းမှာပဲလို့ တွေးနေမိသေးတယ် ။

ပါဝါ အနည်း၊အများသီအိုရီ
Chess ကစားရင် တစ်ဖက်နဲ့တစ်ဖက် ပါဝါ အနည်း၊အများတွက်ချက်ပြီးတော့လည်း ကစား တတ်ကြပါတယ် ။ မိမိတတ်နိုင်သလောက် ပါဝါများအောင် ကြိုးစားရပါတယ် ။ ရေများရေနိုင် ၊ မီးများ မီးနိုင်လို့ ဆိုထားမဟုတ်ပါလား ။ ဒီသီအိုရီဟာ chess ကစားရမှာ ပုံသေသတ်မှတ်လို့ မရနိုင်ဖူးဆိုပေမယ့် အနိုင်အရှုံး ရာခိုင်နှုန်းတော်တော်များကို သေချာစေနိုင်ပါတယ် ။ မိမိပါဝါ နည်းလင့်ကစား အနိုင်ကစားလို့ ရတယ်ဆိုပေမယ့် ပုံမှန်တွေးခေါ်မှုထက် အားပိုစိုက်ဖို့လို လာပါပြီ ။ နည်းနေတဲ့ပါဝါလေး ထပ်ဆုံးရှုံးစေမယ့် တွေးခေါ်မှုမျိုးဆိုရင်ဖြင့် ရန်သူကို ကျည်ရောင်းသလို ဖြစ်သွားမှာ မဟုတ်ပါလားခင်ဗျာ ။

ကွက်ကျော်မြင်တတ်ခြင်း
Chess ကစားတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကွက်ကျော်ဘယ်လောက်မြင်နိုင်သလဲ ဆန်းစစ် ခြင်းပါပဲ ။ နောက်.. မိမိက ကွက်ကျော်ပိုမြင်တယ်ဆိုလျှင်သော်မှ နုတ်ဆိတ်စွာ နဲ့ တည်တည် ငြိမ်ငြိမ် ကစားတတ်ဖို့လည်း လိုပါသေးတယ် ။ စေတနာ chess ကစားရင်း တစ်ဖက်သားကို ဘာအကွက်ရွှေ့ပြီး ဘာဖြစ်မယ် ဆိုတဲ့ ကိုယ်ကွက်ကျော်မြင်တာလေးကို ပြောမိလို့ ၊ နိုင်ပြီဆို ပြီး စိတ်လွတ်သွားလို့ ရှုံးနိမ့်သွားတာမျိုး ကြုံဖူးခဲ့တာကိုး ။

အင်း….chess---chess--- အမြတ်တွေလည်း မနည်းခဲ့ပါဖူး ။ တစ်ခါတစ်ခါ အိမ့်မက်ထဲမှာ တောင်မှ ….
စီ…..အိတ်ခ်ျ…..အီး….အက်စ်….အက်စ်….
Chess နေမိတတ်ပါသေးရဲ့ဗျာ ။


စေတနာ
09း10း2010(11း56)

2 comments:

may16 said...

Chess တော့မကစားတတ်ဘူး ရှင့်
ကိုနေစိုးနိုင်တို့ စာမရေးတာ တော်၂ ကြာပြီနော်..
ခင်မင်စွာဖြင့်

Unknown said...

ဝိုင်းပြောကြပါဦးဗျာ..