ဝင်းတင်တို့ ဇနီးမောင်နှံ မူးတူးရာမှ တခန်းရပ်ပြီး ပြန်ရောက်လာချိန်မှာ တောင်သူ တို့လုပ်ငန်းစ၀င်ချိန်နီးပြီဖြစ်သဖြင့် ဘယ်အလုပ်သမား က ဘယ်အလုပ်ရှင်အိမ်မှာ လုပ်မယ် ဆိုပြီး အလုပ်ရှင်နှင့် အလုပ်သမားသဘောတူပြီး ချိန်ဖြစ်နေလေသည်။ ထို့ကြောင့် ၀င်းတင် အရင်က အလုပ်လုပ် ခဲ့ဖူးသော ဦးသိန်းနှင့် သားဖြစ်သူ ကိုမြင့်တို့ အိမ်တွင်လည်း လိုအပ်သော အလုပ်သမားမှာငှားရမ်းပြီးဖြစ်လေသည်။ ထို့ကြောင့် ဒီရာသီ အတွက် ၀င်းတင်အဖို့ အလုပ်ဝင်ရန် အလုပ်ရှင် ရှာမရဖြစ်နေလေသည်။
ဝင်းတင်မှာ ခရီးမှ ပြန်လာပြီး မိဘ အိမ်သို့ သွားရောက်လည်ပတ်လေသည်။
ဝင်းတင်..
ဗျာ .. အဖေ ..
မင်းတို့ ပြန်လာတာတော့ဟုတ်ပါပြီ .. အခု မင်း ဘယ်အိမ်မှာ အလုပ်ဝင်ဖို့ ပြောထား ပြီးပြီလဲ ..
မပြောရသေးပါဘူး အဖေ .. ဦးသိန်းတို့ ကိုမြင့် တို့ အိမ်တွေက လည်း လူရှာထားပြီးသား ဖြစ်နေတယ် .. ဒါကြောင့် ဒီရာသီတော့ မမှီတော့ဘူးထင်တယ် အဖေ..
အေး.. မင်း စိတ်ဝင်စားရင် တစ်ခုတော့ ရှိတယ်ဗျ.. ဟိုဖက် ထန်းစင် ရွာ က ကိုဘသောင်း တို့ အိမ်မှာ အလုပ်သမားလိုလို့တဲ့ ငါ့ကို ပြောထားတာ မင်းစိတ်ဝင်စားရင် သွားတွေ့ပြီး ဈေးစကားပြောကြည့်ပါလား .. မင်းကြိုက်တော့ လုပ်ပေါ့ .. သူတို့ ကလည်း အလုပ်သမားမရလို့ လိုက်ရှာနေတာ ဆိုတော့ ဈေးတော့သိပ်နှိမ်မယ်မထင်ပါဘူး..
ဟုတ် ကဲ့ အဖေ .. ကျွန်တော် သွားကြည့်လိုက်ပါ့မယ်…
ဒီလိုနဲ့ပဲ ၀င်းတင်တစ်ယောက် အနီးနား က ရွာတစ်ရွာဖြစ်တဲ့ ထန်းစင်ရွာမှာ အလုပ် ရသွားပါတယ် ။
တောင်သူလုပ်ငန်းလုပ်ကိုင်ရာမှာတော့ ၀င်းတင် ဟာ ဘယ်လိုအခြေအနေဖြစ်ဖြစ် လုပ်နိင်ပါတယ် .. ငယ်စဉ် ကတည်း က သင်ပြခဲ့သော ဆရာများ၏ ကျေးဇူး နှင့် အမြဲမပြတ် လုပ်ကိုင်လာရသော လုပ်ငန်းဖြစ်ခြင်းတို့ကြောင့် ဖြစ်လေသည်။
ဝင်းတင်ရေ..
မင့်မိန်းမ ကိုမလွမ်းဘူးလား ကွ ..
လုပ်ဖော်ကိုင်ဖက်များ၏ အသံ ဖြစ်လေသည်။
မိန်းမတော့ မလွမ်းပါဘူးဗျာ .. သားနှစ်ယောက်ကိုတော့ လွမ်းတယ်ဗျ …
ဟား ဟ မင်းကလည်း ကွာ အချင်းချင်းတွေကို လုပ်မနေစမ်းပါနဲ့ .. ဒီစကားကြီးကရိုးနေပါပြီ .. ပြောင်းပြောကွာ ..
ဟာ ဗျာ .. ခင်ဗျား တို့ကလည်း .. မိန်းမပဲ ဗျ .. မလွမ်းဘဲ နေမလား ..ကိုယ်ချစ်လို့ ကိုယ်ယူထားတာ .. မိန်းမရော .. သား နှစ်ယောက်ရော လွမ်းသဗျို့ .. ကဲ .. ဘာဖြစ်လဲ …
ဘာမဖြစ်ပါဘူးဗျာ … ဒီလိုဝန်ခံတာ ကို လိုချင်လို့ စနေတာ ပါ .. ၀န်ခံတယ်ဆိုပြီးတာပါပဲ ....
လွမ်းခြင်း ၊ဆွေးခြင်းမရှိမဟုတ် ၀င်းတင် လွမ်းတတ်သည် ။ ဆွေးတတ်သည် သို့သော် ၀င်းတင် ရွေးစရာ လမ်းမရှိ သားသမီး တစ်ယောက်မှ နှစ်ယောက် ဖြစ်လာ သည့်တိုင် အောင် ၀င်းတင်တို့မှာ မယ်မယ်ရရ စုမိစောင်းမိ တာဘာမှမရှိသေးချေ။ ထို့ကြောင့် ၀င်းတင် တစ်ယောက် မိသားစု ကို လွမ်းသည် ဟု ဆို ခြင်း ထက် မိသားစု ရှေ့ရေး အတွက် ရင်လေးနေခြင်းဖြစ်သည် ဟု ဆိုပါ က ပိုမိုသင့်တော်ပေမည်။
ဝင်းတင် အလုပ်လုပ်နေကျ လယ်မြေများ မဟုတ်သည့် အတွက် အစစ အရာရာ ဂရုစိုက် ရလေသည်။ အပေါင်း အသင်း မှ အစ လုပ်ငန်းခွင် အဆုံး အားလုံး သော အရာ တွေမှာ ၀င်းတင်အတွက် မဆန်းပေမယ့် သစ်နေလေသည်။ ထို့ကြောင့် ၀င်းတင် အလုပ်လုပ် ရသည်မှာ စိတ်ပန်းလူပန်း ပင်ပန်းလွန်းလှပေသည်။
တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး လက်တွဲဖော်နွား များ နှင့် အတူ ရွာ ကိုပြန်အ၀င် လမ်းမှာ နေညိုချိန် ဖြစ်သည့်အလျှောက် တစ်နေလုံး အစွမ်း ကုန် ထွန်းလင်းခဲ့သမျှ ပင်ပန်းသွား၍ ထင့် နေမင်း၏ အရောင် နှင့် အတူ အပူရှိန်လည်း ကျစပြုလာပေပြီ ။ လယ်ကန်သင်းရိုး တစ်လျှောက် လမ်းလျှောက် ရင်း ပုစဉ်းရင်ကွဲ အော်သံ ၊ အိပ်တန်းဝင် ကျေးငှက်တို့၏ ဘာသာဘာဝ အော်သံ တို့မှာ စိတ်ချောက်ခြားစရာ တွေးလျှင် စိတ်ချောက်ခြား စရာဖြစ်ပြီး အလွမ်းဓာတ်ခံက လေးနှင့် ဆိုလျှင် လွမ်းချင်စရာ လေးပင် ဖြစ်ပါတော့သည်။
ကိုဝင်းတင် အလုပ်သိမ်းတာ နောက်ကျလှပါလား ဗျ
ရှေ့တူရူမှ လာနေကြသော ရွာခံတူဝရီး နှစ်ယောက် ၏ နုတ်ခွန်းဆက်သံ ကြားမှ ၀င်းတင် ပစ္စုပ္ပန် ကို စိတ်ပြန်ကပ်လာသည်။
ဟုတ်တယ်ဗျာ .. အလုပ် လက်စသတ်ရင်းနဲ့ ပဲ မိုးချုပ်သွားတာဗျ .. မိုးချုပ်တာလည်း တယ်မြန်ပါ့ဗျာ နေစောင်းပြီဟေ့ ဆိုတာနဲ့ တန်းကို မှောင်တော့တာပဲဗျနော် ..
အင်း .. ဖိုးဝင်းတင် ရေ မင်းတို့ လို နေ့ လုပ်ရတဲ့ အလုပ်သမား များ ကျပြန်တော့ နေ၀င်တာ မြန်တယ် ပြောသလို ငါတိုလို ညသမား များ ကြပြန်တော့ လည်း နေမြန်မြန်ဝင် ပါစေ လို့ဆုတောင်းရတယ်မောင်ရေ …
လူ့အလို နတ်မလိုက်နိုင်ဆိုတယ်မို့လား မောင်ရ …
သူပြောမှဝင်းတင်လည်း သတိရတော့တယ် … ဟုတ်ပေသား ပဲ အခု သူနဲ့ စကား ရပ်ပြော နေတာ က ညဖက် မှာမှ အလုပ်လုပ်ကြတဲ့ ညမုဆိုး တွေပဲ .. ညမုဆိုး ဆိုလို့ သူခိုးလို့ လည်း မထင်လိုက်ပါနဲ့ဦး .. ကျားပစ် … ဆင်ပစ် မုဆိုးတွေလား ဆိုပြန်တော့ .. မဟုတ် ရေးချာ ဟထိုး လုံးကြီးတင်ဆံခပ် မဟုတ် ပါ။ ညဖက် ငါးကျင်းထောင် ၊ ဖားရိုက် ၊ အိပ် တန်းဝင် ငှက် ချောင်း အစရှိသည့် သတ္တ၀ါပေါင်းစုံ ကို ပစ်မှတ်ထားသည့် ညဖက် အလုပ်လုပ် သော သူများကို ဆိုလိုရင်းပါ။
ကဲ .. ကျုပ်လည်း ရွာထဲမြန်မြန်ရောက်အောင်သွားလိုက်ဦးမယ် ဗျာ ခင်ဗျား တို့ အဆင်ပြေပါစေ ဆုတောင်းပေးရင် သတ္တ၀ါတွေအပေါ် မသနားရာကျဦးမယ် .. အဆင်မ ပြေပါနဲ့ ဆုတောင်းပေးပြန်ရင်လည်း မကောင်းပြန်ဘူး .. ကိုယ့်ကံ သူ့ကံပေါ့ဗျာ ..
အေးအေး … သွားပြီဟေ့
ဟုဆိုကာ ကန်သင်းရိုး တစ်လျှောက် တူဝရီးနှစ်ယောက်ချီတက်သွားကြလေ၏။( သတိ ။ ။ ဘယ်ညာ… ဘယ်… ညာ .. လို့တော့ ပြောဟန်မတူပါ …)
ဝင်းတင်လမ်းဆက်လျှောက်လာတော့ တောတဲ ကလေးတစ်ခုကို တွေ့လေသည်။ ၄င်းတောတဲ မှာ နေသူမှာ သဘောကောင်း၏။ ၀င်းတင် အလုပ်သွား အလုပ်ပြန် တခါတရံ ရေနွေးကြမ်းသောက်ရင်း စကား ပြောဖြစ်ချင်ပြောဖြစ်တတ်၏ ။ လေပေါက်ကလည်း တည့် လိုက်သည့်ဖြစ်ခြင်း သူ့ပြော ကိုယ်ထောက်ခံ ၊ ကိုယ်ပြောသူထောက်ခံနှင့် ပနံရ လှပေ သည်။
ဗျိုး .. ကိုလှ .. အိပ်ပြီလားဗျ.. အစောကြီးရှိသေး .. မိန်းမနား ကပ်နေပြီထင်တယ်…
ဘယ်က လား ၀င်းတင်ရာ မိန်းမနား မကပ်နိုင်သေးပါဘူး.. ရေနွေးခပ်နေရင်း မို့ဟေ့.. မင်း ဟိုတူဝရီးနဲ့ စကား ပြောနေတာ တွေ့ပါတယ်ကွ.. ဘာတွေရပ်ပြောနေကြတာတုန်း ..
ဒီလိုပါပဲဗျာ ရောက်တတ်ရာရာ လျှောက်ပြောရင်း ခင်ဗျား တို့ အတွက်တော့ ဆုမတောင်း တတ်အောင်ပါပဲ လို့ပြောနေရင်း လေရှည်နေတာ …
ဘာတွေများ မင်း က ဆုမတောင်း တတ်နေရတာလဲကွ .. ပြောစမ်းပါဦး …
သူတို့ တူဝရီး ကြည့်ပြီး ကျုပ်ကြားဖူးတဲ့ ပုံပြင်သတိရလို့ပါဗျာ..
အလဲ .. ကိုယ့်လူက ပုံတွေ ပတ်တွေ နဲ့ပါလားကွ .. အချိန်ရရင်ပြောပါဦးကွ…
နောက်နေ့မှပြောတော့မယ်ဗျာ .. မိုးချုပ်တော့မယ်ဗျ.. ဗိုက်လည်းဆာပြီ..
ဝင်းတင်ရာ စကားစတုန်းက စပြီး ပြောစမ်းပါကွ …
အတိုချုပ်ပြောမယ်ဗျာ ..
ရှေးတုန်းက လူတစ်ယောက်လမ်းလျှောက်လာရင်းနဲ့ မြွေတစ်ကောင် က ဖားတစ်ကောင် ကို လိုက်ကိုက်နေတာကို တွေ့တော့ သူက ဖားကိုကယ်မယ်ဆိုပြီး မြွေကို လှန့်ဖို့ပြင် တယ် .. ဒါပေမယ့် မလှန့်ခင်မှာ သူအတွေးဝင်တာက ငါမြွေကိုလှန့်လိုက်ရင် သူ့ အစာ ကို ဟန့်ရာကျတော့မယ်.. မလှန့်ပြန်ရင်လည်း ကြောက်လန့်တကြား ပြေးနေတဲ့ ဖားကို မသနားရာရောက်တော့မယ်…
အဲဒီပုံပြင်ပါဗျာ..
အေးကွ.. မင်း ပြောပြတာမဆိုးဘူး အဖြေတော့ဘယ်လိုဖြစ်သွားလဲကွဟင်…
ကျုပ် လည်းမသိပါဘူးဗျာ ..
ခင်ဗျား သူ့နေရာဝင်ကြည့်ပေါ့ ခင်ဗျား ဆိုရင် ဘာလုပ်မှာလဲလို့ .. ကဲ .. သွား ပြီဗျာ ..
ကိုလှ တဲနှင့် အနည်းငယ် အကွာအဝေးသို့ရောက်သည့်အခါ မိုးချုပ်စ ညီအစ်ကို မသဲ မကွဲ အချိန်ဖြစ်ပြန် လက်ထဲမှာ နွားနှစ်ကောင် ကိုချည်ထားသော ကြိုးနှစ်စ ကို ကိုင်ထားရပြန် ၊ ကန်သင်းရိုးတစ်လျှောက် ခြေထောက်ကို မှန်းပြီး ရမ်းသမ်း နင်းနေရလေသည်။
မြက်ဖုတ်များ ၊ သမန်းငုတ်များ ၊ လယ်ကွင်းပြင် မှ အငွေ့ပြန်လာသောရေခိုးရေငွေ့ကြားမှ ခြေလှမ်းများ ..
လှမ်းရင်း .. လှမ်းရင်း .. လှမ်းနေရင်းမှာ ပဲ ၀င်းတင် ညာခြေဖမိုး ဖိနပ်သည်းကြိုး အစပ်မှ ပူခနဲ ဖြစ်သွားပြီး များလုံး နှစ်လုံး အတွင်း မှ ၀င်း ခနဲ ဖြစ်သွားလေသည်။ ၀င်းတင် သိလိုက်ပြီ .. သူ့ခြေထောက်ကို အဆိပ်ပြင်းသော သတ္တ၀ါ အကိုက်ခံရပြီဖြစ်သည်။ ပထမ အကြိမ် မြွေကိုက်ခံရဖူးပြီးခဲ့ပြီကိုး ။ ယခုအချိန် တွင်လည်း တခြားသတ္တ၀ါထက် မြွေဖြစ်ဖို့ ၇ာခိုင်နှုန်းမှာ အများဆုံးဖြစ်လေသည်။ အဘယ်ကြောင့်နည်း ဒီအချိန် ၊ ဒီနေရာ မျိုးမှာ ဒါပဲ ဖြစ်ဖို့များပါသည်။ ၀င်းတင် အနီးအနား ရှိမျက်ပင်များ ကို ဂရုစိုက်ကြည့်လိုက်တော့ ရိုးတိုး ရိတ်တိပ် လှုပ်သွားသော မြက်ပင်များ အကြားမှ ရှည်မြောမြော သ`ဏ္ဍန် တစ်ခု သေချာပြီ သူပိုးထိပြန်ပြီ ( မြွေကိုက်ခံရပြန်ပြီ ) သူ လက်တစ်ဖက် ဖြင့် နွားကို ချည်ထားသောကြိုး ကို ဖြုတ် သူ့ ခြေသလုံးအား တုပ် ဖို့ကြိုးစားရင်း ခေါင်းထဲမှ မိုက် ခနဲဖြစ်လာသည်။ ထို့ကြောင့် ရှိသမျှအား နှင့် ကိုလှကို အော်ခေါ်သည် ။ ကိုလှရောက်လာသည်။ သူ့ခြေထောက်ကို ကြိုးတုပ်သည် ။ ဆေးရုံကို ပို့ပေးရန် လှည်းဖြင့် မသွားမီ ကိုလှ သူ့ မိန်းမ ကို လှမ်းအော်လိုက်၏ …
ငါ .. အခု ၀င်းတင်ကို ဆေးရုံသွားပို့မယ် .. နင် .. ၀င်းတင်တို့ရွာကိုသွား .. သူ့မိန်းမကို ပြောပြလိုက် .. ပြီးရင် ဆေးရုံကို လိုက်ခဲ့လို့ .. သွား ..
--
Nay Soe Naing
www.naysoenaing.com
3 comments:
မေ့တောင်မေ့နေပြီ ဆက်ရန်ကို မျှော်နေပါတယ် ..
မဖတ်ဖြစ်လိုက်တဲ့ လွတ်သွားတဲ့ အပိုင်းတွေကိုပါ ပြန်ဖတ်ဖြစ်တယ်။
ဆက်ပါအုံးဗျ
နှစ်ခါ တောင် မြွေကိုက်ခံရတယ်။ သိဘူးဗျ။ ကံကောင်းတယ်လို့ပဲပြောရမှာပေါ့ဗျာ။
Post a Comment