Sunday, November 29, 2009

ဒြပ်တစ်ခု၏ပုံရိပ် ( အပိုင်း ၆)


မိမြ၏ မိဘများက သဘောမတူကြသော်လည်း ၀င်းတင် နှင့် မိမြတို့ အိမ်ထောင်ရေးမှာ သာယာလျှက်ပင်ရှိလေသည်။ တစ်ဦးနှင့် တစ်ဦး ၀တ္တရားမပျက် ကြည်နူးစရာအိမ်ထောင်ရေးတစ်ခုပင်ဖြစ်သည်။

 

"ကိုဝင်းတင် "

"ကျုပ်မှာ ကိုယ်ဝန်ရှိနေပြီတော့ .."

 

အဆက်အစပ်မရှိပြောလိုက်သော ဇနီးဖြစ်သူ၏ စကားကြောင့် ၀င်းတင်ခေတ္တခဏ အတွင်း ဘာပြန်ပြောရမှန်းမသိ။ ခဏနေမှ

 

"ဟာ .. ဟုတ်လား .. ကောင်းတယ်ဟေ့.. ငါက ကလေး လိုချင်နေတာ ကြာပြီဟ.. ကလေးအဖေ ဖြစ်တော့မယ်ဟေ့.."

 

( အလို စာရှုသူအဆွေ ၀င်းတင် တစ်ယောက် ထမခုန်လို့ မိမြတစ်ယောက် ကွေ့ဝိုက်မပြောလို့ အားမလို အားမရ ဖြစ်နေပါသလား .. ဒီလိုတွေ မလုပ် ကြလို့ သူတို့ တွေ မပျော်ဘူး ထင်လျှင် သင်မှားပါလိမ့်မည်။ သူတို့ပျော်ပါသည်။ သို့သော် ဘာဟန်ဆောင်မှုမှမပါ။ ပိတိ သက်သက် သာဖြစ်ပါသည်)

 

မိမြတစ်ယောက် ကိုယ်ဝန်ဆောင်ရပြီဆိုတာကို သိကတည်း က ၀င်းတင်ဟာ .. အလုပ်သွားရာမှာ .. လုပ်ငန်းခွင်ထဲမှာ .. သွား မြှောက်ကြွ ၊ မြှောက်ကြွ မျက်စိစပါးပင်မွေးစူးစရာဖြစ်နေပါတော့သည်။

 

"၀င်းတင်ရာ .."

 

"မင်းမလဲ နေမတတ် ၊ ထိုင်မတတ် ကို ဖြစ်နေတော့တာပဲ .."

 

"အေး .. ငါ့ဖာသာ နေတတ်သလိုနေတယ် .. ဘာဖြစ်လဲကွ.."

 

"မင်း ငါ့ လို ကလေး အဖေ ဖြစ်ဖို့ ကြိုးစားပါဦးကွာ .. အများကြီးလိုပါသေးတယ် .. ငပွရာ ..

ဟား ဟား ဟား "

 

"အေးပါ ပါးစပ်တစ်ပေါက် လွယ်မှတ်လို့ … မင်း … မကြာခင်သိပါလိမ့်မယ်.."

 

သူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များမည်မျှပင် ပြောစေကာမူ ၀င်းတင်မှာ ကိုယ့်စိတ်ကူးနှင့် ကိုယ် ခန္ဓာကိုယ် လေပေါ်မှာ မြောက်နေဘိအလား ပေါ့ပါး၍ နေလေ၏။

 

အလုပ်ပြန်ချိန်မှာ မိမြ မျက်နှာကို ကြည့်ရသည်မှာ ခါတိုင်းနှင့် မတူဘဲ ပိုပြီး အဓိပ္ပါယ်ရှိလာတယ် လို့ ၀င်းတင်ထင်မိသည်။ ၀င်းတင် ၏ မိဘ နှင့် ညီမ များမှာ လည်း မိမြကိုသာ အရိပ်တကြည့်ကြည့် နှင့် နေကြလေသည်။ ယောက္ခမ ဖြစ်သူမှာလည်း ကိုယ်ဝန်ဆောင် စဉ် အတွင်း မည်သို့နေထိုင် စားသောက်ရမည် ကို အလျင်း သင့်သလို ပြောဆို သင်ပြလေ့ရှိသည်။

 

ဝင်းတင် တို့ အလုပ်လုပ် ရာ ဦးသိန်း တို့ အိမ်တွင်လည်း အနည်းငယ် အပြောင်း အလဲ ရှိလေသည်။ ဦးသိန်း ၏ သားအကြီးဆုံး အိမ်ထောင် ကျသဖြင့် ဦးသိန်း က သားဖြစ်သူကို လယ်မြေ ဧက များစွာအပြင် ကျွမ်းကျင် အလုပ်သမားများကို ပါ လက်ဖွဲ့လေသည်။ သားဖြစ်သူ တအိုးတအိမ် စတင်တည်ထောင် ချိန်မှာ မိဘဖြစ်သူဘက် က အကောင်းဆုံးစီစဉ်ပေးသည့်သဘော။ ထို့ကြောင့်ပင် ၀င်းတင်မှာ ဦးသိန်း အလုပ်သမားဘ၀ မှ သည် ဦးသိန်း၏ သားဖြစ်သူ ကိုမြင့် ၏ အလုပ်သမားဘ၀ရောက်ရလေ၏။ ပိုင်ရှင် ပြောင်းသွားသော်လည်း ၀င်းတင် ၏ နေ့စဉ် အချိန်ဇယားနှင့် လုပ်ငန်းတို့မှာမူ အပြောင်းအလဲမရှိပေ။ လုပ်နေကျ အလုပ် ၊ ထွန်နေကျလယ်ယာမြေ ၊ ခြေရာချင်း ထပ်နေသော လယ်ယာမြေမှာ အခြေအနေမပျက် အလုပ်လုပ်ရုံသာ။

 

ဝင်းတင်တစ်ယောက်လည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်လေသည်။ မိမိမှာ ဇနီးမယား အပြင် သား လား သမီးလား မသိရသေးသည့် ရင်သွေး ပါ မိမိဘ ၀ အတွင်း ၀င်ရောက်လာတော့မည်ဖြစ်သောကြောင့် အလုပ်မရွေး အချိန်ရှိသ၍ အလုပ် ပြီး အလုပ် `၌သာ အချိန်ကုန်လေ၏။ ပင်ပန်းခြင်း ဆိုသည့် အရာကို ဘယ်လို မျိုးလဲ ၀င်းတင်မသိ။ ယခု ရောက်နေသော ၀င်းတင်၏ဘ၀တွင် ထိုခေါင်းစဉ်မရှိ။

 

ဒီလိုနှင့် နေ့စဉ်ဘ၀များကို ဖြတ်သန်းပြီး ၀င်းတင် နှင့် မိမြ တို့ရဲ့ ဘ၀ ထဲကို အူဝဲ .. ဆိုတဲ့ကျွေးကြော် သံနဲ့အတူ ၀င်ရောက်လာသူကတော့ သားယောက်ျားလေး တစ်ယောက် ။ အမည်နာမ အားဖြင့် သန်းစိုး ဟုကင်ပွန်းတပ်လိုက်ကြလေသည်။ ၀င်းတင် နဲ့မိမြတို့ရဲ့ အသည်းစွဲ ဖြစ်သည့် အပြင် အဖိုးအဖွား တို့ရဲ့ ရှူ မငြီးဖြစ်လေသည်။ သားဦး ၊ မြေးဦး ဖြစ်သည့်အလျှောက် အားလုံးသော ဆွေမျိုးတို့ ၏ အသည်းစွဲဖြစ်လေသည်။

 

နှစ်တွေရှည်ကြာလာသည့်အလျှောက် မိမြ ၏ မိဘများ ၏ တင်းမာနေသော ဒေါသများလည်း တဖြည်းဖြည်း ပြေလျော့လာလေ၏။ မြေးဖြစ်သူကို မသိအောင် ခေါ်ခိုင်းခြင်း။ မြေးဖြစ်သူ အတွက် အ၀တ်အစားများကို တဖက်လှည့်ဖြင့် ပေးပို့ခြင်း စသည်တို့ကိုပါလုပ်လာသည်။ သူတို့ ထင်ထား ၊သူတို့ စိုးရိမ်ထားသလို ၀င်းတင် ဟာလည်း အရက်သမားသား ၊ အရက်သမား ဖြစ်မည့်ပုံမပေါ် သားမယားအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ကိုင်ကျွေးမွေးသူ၊ အလောင်းကစား မရှိ ၊ အသောက် အစားမရှိ ။ ထိုထို သောအကြောင်း အချက်တို့ကြောင့် မိမြ ၏ အမိအဖတို့ သဘောထားများမှာလည်း အရည်ပျော်ရလေပြီ။

 

အခါကြီး ရက်ကြီး အဖြစ်သတ်မှတ်လက်ခံထားကြတဲ့ ၀ါဝင် ၊၀ါထွက်(သီတင်းကျွတ်) သင်္ကြန် အစရှိတဲ့ ရက်တွေမှာ ၀င်းတင်တို့ မိသားစု ၃ ယောက် နှစ်ဖက် မိဘများကို ကန်တော့တဲ့အခါမှာ မိမြ ရဲ့မိဘတွေ ဘာမှမပြောကြတော့ အေးဆေးစွာ ကန်တော့ခံလေသည်။ ၀င်းတင် ကိုလည်း ခေါ်ခေါ်ပြောပြောဖြစ်လာသည်။ ၀င်းတင် ကလည်း တချိန်က ငါနဲ့ သဘောမတူခဲ့ကြတဲ့ အသိုင်းအ၀ိုင်း ဆိုတဲ့ စိတ်ထားမျိုးလုံးဝ မရှိ ။ မိန်းမ ရဲ့ မိဘ ဖြစ်သော်လည်း လေးလေးစားစား ပင်ပြောဆို ဆက်ဆံ၏။ ထို့ကြောင့် မိမြ ၏ မိဘများမျက်စိထဲတွင် ၀င်းတင် အမှတ်များရနေလေသည်။

 

ဝင်းတင် မိဘများမှာ စီးပွားရှိသူများမဟုတ်သည့်အလျှောက် နေအိမ်မှာ ကျယ်ကျယ်ပြန့်ပြန့်မရှိ ။ ထို့ကြောင့် ကလေးတစ်ယောက် ၀င်လာပြီဖြစ်သော ၀င်းတင်တို့ မိသားစု ပါပေါင်းပြီး နေအိမ်လေးမှာ မနေလောက် ထို့ကြောင့်ပင် ၀င်းတင်မှာ အိမ်ခွဲနေဖို့စဉ်းစားရလေပြီ။

 

" အဖေ .. ကျွန်တော်တို့ အိမ်ခွဲမလားလို့ စဉ်းစားထားတယ် "

 

" ဘာလို့လဲကွ

အဖေ .. တို့ အိမ်မှာနေရတာ အဆင်မပြေလို့လား .."

 

"မဟုတ်ပါဘူးအဖေ ကျွန်တော်တို့လည်း အခု ကလေးပါရလာပြီဆိုတော့ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်မှသင့်မယ်ထင်လို့ပါ ။ ကျွန်တော့် နှမလေးနှစ်ယောက် ကလည်း အရွယ်ရောက်လာ ကျွန်တော့်မှာလည်း သားသမီးရလာပြီဆိုတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေချင်လို့ပါ။"

 

"အေး… မင်း ဘယ်မှာနေမယ်လို့စိတ်ကူးလဲ "..

 

"မသိသေးပါဘူးအဖေ.."

 

"အေးကွာ အိမ်ထောင်ရယ်ကျလာမှ တော့ တနေ့ ခွဲကြရတာပဲ .. မင်းတို့ နေလို့ထိုင်လို့ ရအောင် အဖေ စီစဉ်ပေးပါ့မယ်.. ခဏတော့စောင့်ကွာ.."

 

"ဟုတ်ကဲ့"

 

ဒီလိုနဲ့ပဲ ၀င်းတင် အဖေရဲ့ စီစဉ်ပေးမှုနဲ့ အိုးအိမ် ခွဲနေဖြစ်ပါတယ်။ အိမ်ကို ၀င်းတင်တို့ အဖေ က စီစဉ်ပေးတယ်ဆိုပေမယ့် အပိုင် ၀ယ်ပေးနိုင်တာမျိုးမဟုတ်ပါဘူး။ နေစရာမရှိလို့ ခဏပေးနေတဲ့ သဘောပါပဲ။ ဒါပေမယ့် ၀င်းတင် နဲ့ မိမြကျေနပ်ကြပါတယ်။.

 

ဒီလိုနဲ့ပဲ ၀င်းတင် ဟာ အိမ်ခွဲပြီး သားနှင့် မယားနှင့် အိုးသစ်အိမ်သစ် တစ်ခုကို ခွဲနေပြီး အိမ်ထောင် ဦးစီးဆိုတဲ့ တာဝန်ကို ရာခိုင်နှုန်း အပြည့် စတင်ထမ်း ဆောင် ပါတော့တယ်။

 

အလုပ်ကြမ်းနဲ့ စခန်းသွားနေရပေမဲ့ တချက်ကလေး မျက်နှာမပျက် ၊ မျက်နှာမညှိုး .. ၀င်းတင် အတွေးထဲမှာ အချိန်ပြည့် သားအတွက် .. ပြီးရင် .. သား အတွက် .. ပြီးတော့လည်း …သား အတွက် ပဲ …ဖြစ်နေလေတော့သည်။

 

"ကိုဝင်းတင် ..

ကျုပ် .. ဈေးရောင်းချင်တယ်တော် .."

 

"ဘာလို့လဲ မိမြရဲ့ အခုလည်း အဆင်ပြေနေတာပဲမဟုတ်လား .."

 

"အဆင်တော့ ပြေပါတယ် … ဒါပေမယ့် .. အခု တော့် လုပ်အားခ ကိုယူယူသုံးနေရတော့ တစ်နှစ် တစ်နှစ် ကုန်သွားပေမယ့် ငွေက မစုမိဘူးတော့ … တော်ကလည်း အလုပ်ရှင်အိမ်မှာ ထမင်းစားတာဆိုတော့ ကျုပ် ဈေးရောင်းပြီး ကျုပ် တို့ သားမိနှစ်ယောက် ရဲ့ စားစရိတ်ရအောင် ရှာပါရစေတော်.."

 

"မလုပ်စမ်းပါနဲ့ ကွာ .. အခုတိုင်းလဲ အဆင်ပြေနေတာပါပဲ.. ငါကြိုးစားပါ့မယ်.."

 

သေချာစဉ်းစားပါဦး ကိုဝင်းတင်ရယ် .. အခုဆို သား တစ်ယောက် ရပြီ .. ကျုပ်တို့ ကလေး အတွက်လည်း စဉ်းစားရတော့မယ်တော့ စား နေရယုံနဲ့ မဖြစ်တော့ဘူး .. နောက်သားသမီး ကလည်း ထပ်ရဦးမှာ ဆိုတော့ ခုကတည်းက တတ်နိုင်သလောက် ချို့ခြံပြီး ခြွေတာ စုဆောင်းထားနိုင်မှတော့ ..

ကျုပ်သား ကြီးလာရင်တော့ .. တော်တို့ ကျုပ်တို့လို မဟုတ်ဘဲ .. ပညာတတ်ကြီး ဖြစ်စေချင်လိုက်တာတော်…"

 

မိမြတစ်ယောက် အလုပ်လုပ်ချင်တယ် ပြောလေတိုင်း အပြင်းအထန် ကန့်ကွက်တတ်တဲ့ ၀င်းတင်တစ်ယောက် သားရဲ့ရှေ့ရေး ဆိုတဲ့ မိမြ ပါးစပ်က ထွက် လာတဲ့ စကားလုံးအောက်မှာ မလူးသာ မလွန့်သာဖြစ်သွားရလေသည်။ မိမိဘ၀ ဟာ ဒီသားသမီး အတွက် ပဲ ဆိုပြီး ဆုံးဖြတ်ထားသူမို့လား။ ၀င်းတင် နည်းတူ သား၏မိခင် ဖြစ်သူ မိမြ မှာလဲ သား အတွက် ရည်မှန်းချက်ကြီးမားကြောင်း သိရတော့ ၀င်းတင် ပိတိဖြစ်မိပါသည်။

 

အေး .. ဟ ..

နင်ပြောသလိုပဲ .. ငါလေ စိတ်ကူးယဉ်လေတိုင်း ငါ့သား ကြီးကို .. ငါ့လို ပုံစံမျိုးဘယ်လိုမှ စိတ်ကူးလို့မရဘူးဗျ.. ပညာတတ်ကြီးတစ်ယောက် အဖြစ်ပဲ .. မြင်တယ် .. ငါ ဘာတွေပဲ လုပ်ရလုပ်ရ .. ငါ့ဘ၀ ဘယ်လိုဖြစ်နေနေ ငါ့သား ကြီးလာရင် ငါ့လိုမျိုးသူများ အိမ်မှာ သူများခိုင်းတာ လုပ်ရတဲ့ အလုပ်သမား မဖြစ်စေရဘူးကွာ.. ပညာတတ်ကြီးပဲဖြစ်စေရမယ်..

 

တော် .. သားအပေါ်ဘယ်လောက် စေတနာထားတယ်ဆိုတာ ကျုပ်သိပါသတော် .. ဒါပေမယ့် .. အဲလိုဖြစ်ဖို့ဆိုရင် ကျုပ်တို့ လင်မယား နှစ်ယောက် တက်ညီလက်ညီ ကြိုးစားမှ ရမယ်တော့ ဒါကြောင့် ကျုပ်က ဈေးရောင်းပြီး မီးဖိုချောင်စရိတ်ရှာ .. လောက်အောင်သုံးပြီး .. တော့် လုပ် အားခကလေးကို စုမိအောင် စုထားချင်တာပါ …

 

အေး ..လေ .. ဒီလိုဆိုလည်း လိုအပ်တာတွေ စီစဉ်ကြတာပေါ့…

 

ဒီလိုနဲ့ ပဲ ခါတိုင်း မိမြ အလုပ်လုပ်မယ် ပြောတိုင်း အပြင်းအထန် ကန့်ကွက်တတ်တဲ့ ၀င်းတင် တစ်ယောက် ဟာ .. သား အတွက် .. ဆိုတဲ့ ခေါင်းစဉ်အောက် က တောင်းဆိုမှုကို လိုက်လျောပြီး ..မိမြတစ်ယောက် ရာသီပေါ် မုန့်မျိုးစုံ ကို လုပ်ရောင်းပါတော့တယ်.. မုန့်ပြားသလက်.. မုန့်ဖက်ထုပ် .. မုန့်ရည် ( အညာတွင် မုန့်ကြာလိပ် ဟုလည်း ခေါ်လေသည် ) . စသည့် မုန့်မျိုးစုံကို ရာသီအလိုက် လုပ်ပြီး ရောင်းလေသည်။ ထို့အပြင် .. ဆေးလိပ် လိပ်ရောင်း လိုက်သေးသည်။

 

ဆေးလိပ်လိပ် ရောင်းဖြစ်သည်မှာ ၀င်းတင် က ဆေးလိပ် အလွန်ကြိုက်သူ .. ထို့ကြောင့် ပြောင်းဖူးဖက် ဆေးလိပ် ( ဆေးရိုး … ဆေးရွက်ကြီး စသည်ကို ကိုယ်တိုင်စပ်ပြီး ပြောင်းဖူးဖက်ဖြင့် လိပ်ထားသောဆေးလိပ် ) ကို ၀င်းတင်အတွက် လိပ်ပေးရင်းမှ .. ငါ့ အတွက် ပိုလိပ်ပေးပါဦး ဆိုသည့် နီးစပ်ရာ တို့ ၏ ကမ်းလှမ်းမှု မှတဆင့် လိပ်ပြီးရောင်းသည့် အဆင့်ထိ ရောက်လေသည်။

 

မိမြတို့မျှော်မှန်းထားသည့်အတိုင်း မီးဖိုချောင်စရိတ်ကို မိမြတစ်ယောက် ဈေးရောင်း၍ ရှာနိုင်ယုံတင်မက အနည်းငယ်ပင်ပိုလျှံသေးသည်။ အဘယ့်ကြောင့်ဆိုသော် သားကြီး ဖြစ်သူ မှာ မိမိတို့ အိမ်တွင်း စားသည်မရှိဘဲ .. နှစ်ဖက်အဖိုးအဖွားများအိမ်တွင်သာ ထမင်းစားလေ့ရှိသောကြောင့်တည်း။

ထို့ကြောင့်ပင် ၀င်းတင် နှင့် မိမြတို့မှာ စပါးစ ၊ ဆန်စ ကလေးများ စတင်စုမိသည့် အခြေအနေသို့ရောက်လာလေသည်။

 

အရွယ်ကလည်းကောင်း သားသမီးဇောနှင့် လင်မယားနှစ်ယောက်ကြိုးစားပန်းစား ကြိုးစားနေကြသည်မှာ နှစ်ထောင်းအားရစရာ ကောင်းလှ ပေတော့ သည်။


ဆက်လက်ဖော်ပြပါမည်

လေးစားစွာဖြင့်

နေစိုးနိုင်

 



--
Nay Soe Naing
www.naysoenaing.com

4 comments:

Beauty Studio USA Branded Store said...

ဝင်းတင်နှင့် မိမြတို့ရဲ့ မိဘမေတ္တာလေးဖွဲ့ထားတာ ကောင်းတယ်ဗျာ။ဆက်ရန်မျှော်နေဦးမယ်။

ကောင်းကင်ပြာ said...

သားအပေါ် ချစ်တဲ့ အချစ်ကို ပေါ်လွင်အောင် မေတ္တာတွေ ပြနိုင်တဲ့ မိဘ နှစ်ပါး ပါပဲ..
ဆက်ရန် စောင့်နေတယ် နော်..

leomark said...

ကိုသန်းစိုး ကြီးအရမ်းကံကောင်းတယ်ဗျာ။ မိဘတွေရဲ့ ရည်မှန်းချက် ၊ မျှော်မှန်းချက် ၊ အချစ်တော် ၊ ဆိုတဲ့ စံ အထားခံရတာ နည်းနည်းနော်နော် ကုသိုလ်ကံ မဟုတ်ဘူးလို့ ပြောရမှာပေါ့။ မိဘ တွေရဲ့ အချစ်မေတ္တာတွေကို သိမ်းကျုံးယူသွားနိုင်တယ်နော်။ သားဦး မို့လို့ဖြစ်လိမ့်မယ်ဗျ။ သားဦးတွေက အဲလိုပါပဲဗျာ။း)

နေစိုးနိုင် said...

ကိုLeo ရေ

သိမ်းကျုံးတဲ့အထဲမှာ .. သား အငယ်တွေလည်းပါမှာပါဗျာ